Thursday, October 17, 2013

စစ်အုပ်စု အကြီးအကျယ်ထပ်မှား သွားမှာပေါ့ (ရဲဘော် သံဒုတ်)

လက်ရှိအခြေအနေက စစ်အုပ်စုက မထိန်းနိုင်တော့တဲ့ ပြဿနာလို့ ရဲရဲမြင်ဖို့လိုတယ်။

တချို့ က နောက်ပြန်လှဲ့သွားမလားလို့ စိုးရိမ်တယ်။ စစ်အုပ်စုအာဏာသိမ်းပြီးရှိဆဲ စစ်အုပ်စုပေးစာ ကမ်းစာလေး မဲ့သွားမှာ စိုးရိမ်တယ်။ ထပ်ပြီး စစ်အုပ်စုက အာဏာပြန်သိမ်းမှာလား တွေးပူတယ်။

လူထုဘ၀အခြေအနေက မဆလ၊ န၀တ၊ နအဖ၊ တမတ်သား စစ်ပါလီမန်ခေတ်တွေကို ဖြတ်သန်းရင်း
အခြေအနေတွေ ပိုဆိုးလာတာပဲရှိတယ်။ တိုးတက်တဲ့ အရိပ်အရောင်မတွေ့ရသေးပါဘူး။

ဒီနေ့ခေတ်က စစ်အာဏာရှင်ခေတ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်ဖို့ လိုတယ်။

ဒီနေ့ ဗမာပြည်မှာဖြစ်နေတဲ့ အလုပ်သမားလယ်သမားတိုက်ပွဲတွေဟာ တရားဝင် နိုင်ငံရေးပါတီတွေ ဦးဆောင်မှုနဲ့ တိုက်နေတာလို့ မမြင်သေးဘူး။ ဘ၀ပေးအသိနဲ့ လူတန်းစားနိုင်ငံရေးအသိ၊ အခြေအနေနဲ့ အချိန်အခါကို ခွဲခြားသိမြင်မှုနဲ့ တိုက်နေကြတဲ့ တိုက်ပွဲတွေလို့ မြင်မိတယ်။ ဒါက ဗမာပြည် လူထုလူတန်းစား နိုင်ငံရေး ရေခံမြေခံ အားကောင်းတာလို့ မြင်မိပါတယ်။

အခြေအနေနဲ့ အချိန်အခါက တောင်းဆိုလာပြီသိလို့ အလုပ်သမား၊ လယ်သမားတွေ၊ ပြည်သူတွေဟာ ကိုယ့်အသိစိတ်ဓါတ်နဲ့ကို ထွက်တိုက်လာကြတာလို့ မြင်မိတယ်။

နိုင်ငံရေး အခြေအနေတခုကနေ နောက်အခြေအနေတခုကို တွန်းမတင်နိုင်ရင်တော့ နိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုဟာ နောက်ဆုပ်သွားမှာကတော့ အသေအခြာပါပဲ။

စစ်အုပ်စုက န၀တ၊ နအဖနဲ့ ထိန်းချုပ်လို့မရတော့လို့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ စစ်အုပ်ချုပ်ရေး ပုံသဏ္ဌာန် ပြောင်းကြည့်တာ။ ဒီပုံစံနဲ့ မရရင် အခြားပုံသဲဏ္ဌာန်ပြောင်းမှာပဲ။ ဒါက ဗမာပြည် စစ်အုပ်စု လုပ်ရိုးလုပ်စဉ်ပဲ။ ထူးခြားတဲ့ကိစ္စမဟုတ်ဘူး။

တချို့ က အတွေးဝိရောဒိ ဖြစ်နေတယ်။ သဘောတရား အရှုပ်အရှင်း ကိုယ့်ဖာသာကိုယ် ဖြစ်နေကြတယ်။ ဒီမိုကရေစီမရသေးဘူးလဲ ပြောတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးလဲ ပြောတယ်။ စစ်အုပ်စုကို မယုံဘူးလို့လဲ ပြောပြန်တယ်။ သမတကြီးကို ယုံတယ်လို့လဲဆိုပြန်တယ်။ ပြုပြင်ပြောင်းလဲရေးလုပ်နေတယ်လို့ ပြောပြန်တယ်။

တချက်ပဲ မေးစရာကျန်တယ်။ ခင်ဗျားတို့ ပြောတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ထဲမှာ စစ်အုပ်စုက ပါသလား။ စစ်အုပ်စုက အဲဒီလုပ်ငန်းစဉ်တွေကို လုပ်တယ်ဆိုရင်ကော ဂုဏ်သိက္ခာရှိစွာ လူရာသွင်းသလားဆိုတဲ့ မေးခွန်းပဲ မေးရတော့မယ်။

ဒီနေ့ ဗမာပြည်ရဲ့  ပြဿနာက စစ်အုပ်စုအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံနဲ့လည်း ဖြေရှင်းလို့မရဘူး။ စစ်အာဏာသိမ်းပြီးလဲ ဖြေရှင်းလို့ရတဲ့ ပြသနာမဟုတ်ဘူး။ စစ်အုပ်စုက လူထုရဲ့နိုင်ငံရေးမှာ ပူးပေါင်းပါဝင်လာမှု၊ နိုင်ငံရေးနိုးကြားမှု၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကို ထိန်းလို့မရတော့တဲ့ ပြဿနာသာ ဖြစ်တယ်။

စစ်အာဏာသိမ်းရင် စစ်အုပ်စု အကြီးအကျယ်ထပ်မှားသွားမှာပေါ့။ စစ်အာဏာသိမ်တဲ့ အခြေအနေရှိသလား၊ မရှိဘူးလား၊ သူတို့တွက်ပါစေ။ တွက်မှာပါ။ နေ့စဉ် စဉ်းစားနေမှာပါ။ စစ်အုပ်စုအတွက် သွားမပူပါနဲ့။

အဓိကနောက်ဆုံး ပြောချင်တာက စစ်အုပ်စု နိုင်ငံရေးပြဿနာတွေကို လူထုပါဝင်လာလေ မထိန်းနိုင်လေးဖြစ်မှာပါ။ သူတို့လဲ သိပုံရပါတယ်။

ရဲဘော် သံဒုတ်

No comments: