Monday, October 21, 2013

ယုံကြည်ချင်စရာမရှိတဲ့ ဗုံး သတင်းစာရှင်းပွဲ

အစိုးရက ဗြောက်အိုးဖောက်တာ မကြိုက်ဘူး၊ ဗုံးဖောက်တာကိုပဲ ကြိုက်တယ်၊ ယုံကြည်ချင်စရာမရှိတဲ့ ဗုံး သတင်းစာရှင်းပွဲ၊ KNU မှာ တာဝန်ရှိတယ်လို့ ပြောတဲ့ KNU ကိုယ်စားလှယ်၊ ဗုံးကိုအကြောင်းပြ တပ်နေရာတွေတိုးချ

နိုင်ငံအနှံ့ ဗုံးပေါက်ကွဲခြင်း၊ ဗုံး သတင်းစာရှင်းလင်းပွဲ ကျင်းပပုံတွေနဲ့ပတ်သက်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှုးချုပ် တီမိုသီကို ရွှေဟင်္သာက ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။ (၂၀ အောက်တိုဘာ ၂၀၁၃)

မေး။ အစိုးရ သတင်းစာရှင်းပွဲအပေါ် မေးခွန်းထုတ်လိုတာက
ဘယ်အပိုင်းကို ပြောတာပါလဲ။

ဖြေ။ ကောင်းပါပြီး။ အခု ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရဘက်ကနေ နိုင်ငံခြားသားတွေ၊ နိုင်ငံတကာ သတင်းစာတွေ၊ ပြည်တွင်း သတင်းစာတွေ ရှေ့မှာ သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့တာနော်။ ဖမ်းမိတဲ့သူရဲ့ အရှေ့နာမည်က (စော) တပ်ပြီး အဲဒီလူက ဘယ်သူလဲဆိုတာကိုလည်း အများသိအောင် လူကိုထုတ်ပြပေးသင့်ပါတယ်။ အခုတော့ အစိုးရဘက်က ဖမ်းမိတဲ့သူက ဘယ်သူဘယ်ဝါဆိုတာကို သတင်းစာရှင်းလင်းပွဲမှာခေါ်ပြ တာမျိုးလည်း မလုပ်ဘူး။ နာမည်ကိုပဲထုတ်ပြပြီး လူကိုမထုတ်ပြတော့ နာမည်ရှိပြီး လူမရှိဘူး ဖြစ်နေတယ်။ အစိုးရသတင်းစာရှင်းလင်းပွဲကို စောင့်ကြည့် နေကြတာ တရားခံလို့စွပ်စွဲခံရသူကို သိချင်နေတာပါ။ အခုဟာက နဂိုကတည်းက အစိုးရကို ယုံတာ မဟုတ်ဘူး။ ထပ်ပြီး ဒီလို အခြေအမြစ်မရှိတဲ့ ကိစ္စမျိုး ပါလာတော့ အယုံအကြည် မရှိတာကို ပိုပြီး အားသစ်ဖြစ်စေတယ်။ နောက်ထပ် လုပ်ရပ်တခုက ဗုံးပေါက်ကွဲမှုကို အကြောင်းပြပြီးတော့ အစိုးရတပ်တွေက KNU နဲ့ တခြားတိုင်းရင်းသားနယ်မြေထဲမှာ တိုးပြီးနေရာယူလာကြတာကို တွေ့ရပါတယ်။ တချိန်ထဲမှာ ပြည်သူလူထုတွေကိုလည်း ဧည့်စာရင်းတိုင်ရမယ်လို့ စစ်လား မြန်းလား လုပ်လာတယ်။ အဲဒါကို ကြည့်ခြင်း အားဖြင့် KNU/KNLA-PC အမြင်ကတော့ ဒီလိုမျိုးလုပ်ချင်လို့ ဗုံးပေါက်ကွဲမှု ဖြစ်လာတဲ့ သဘောလား သက်ရောက်နေပါတယ်။

သဘောကတော့ လူတစုကနေပြီးတော့ ကြံဖန်ပြီး မြန်မာနိုင်ငံ အခြေနေကို နောက်ကြောင်းပြန်ဆွဲဖို့ လုပ်နေတယ်လို့ မြင်တယ်။ ဒီကိစ္စ တိုင်းရင်းသားတွေက တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးဘူးဆိုတာနဲ့ ပတ်သက်နေရင် အဲဒီ တိုင်းရင်းသား လက်နက်ကိုင်တွေကိုပဲ ပြောပါလား။ အခုလိုမျိုး ပြည်သူလူထုကို ဒုက္ခရောက်စေတဲ့ လုပ်ရပ်မျိုးကို မလုပ်သင့်ဘူး။ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လာရင် အရင်တုန်းကလည်း KNU ကို အကြိမ်ကြိမ် စွပ်စွဲခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း အကြိမ်တိုင်းမှာ လိမ်နေမှန်း ကာယကံရှင်တွေက သိတာပေါ့ ။ ဒါကြောင့် အခု သတင်းစာရှင်းလင်းပွဲကို စောင့်ကြည့်နေတာပါ။ ဒီတော့ လုပ်ချက်က ပိုပြီးအယုံအကြည် မရှိဘူး။ တကယ်လုပ်သင့်တာက အစိုးရလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဟာ တရားမျှတမှု ရှိတယ်ဆိုရင် ဒီအချိန်ဟာ အပစ်ရပ်တဲ့အချိန်ဖြစ်တော့ ဖမ်းထားတဲ့လက်သည်လို့ စွပ်စွဲသူကို တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးကိုခေါ်လေ။ အဲဒီ လူကိုခေါ်ပြပေါ့။ ဒါမှ ဒီလူက ဘယ်သူ့လူ၊ ဘယ်သူ့ လက်အောက်ခံကလဲ အဲဒီလူကို စစ်ဆေးရမယ်ပေါ့၊ အခုဟာက သတင်းစာရှင်းလင်းပွဲလုပ်ပြီး လူကိုလည်း ခေါ်မပြဘဲ ဗုံးဖေါက်ခွဲတဲ့သူ (စော) နာမည်တပ်ပြီး ကရင်လူမျိုးကို ရှုတ်ချနေတာလား မေးစရာ ဖြစ်လာတယ်။ အစိုးရက ၀ါဒဖြန့်တယ်လို့ပဲ မြင်တယ်။

ကျနော်တို့ ကရင်တွေမှာ ကြမ်းတမ်းရက်စက်တဲ့ လူမဆန်တဲ့အလုပ်မျိုး လုပ်ဖို့မရှိဘူး။ ဒီလို လူမဆန်တဲ့ လုပ်ရပ်မျိုးက အစိုးရဘက်မှာပဲ ရှိတယ်။ ဒီတော့ အခု ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲက အစိုးရဖက်က အကြောင်းပြပြီး ၀ါဒဖြန့်တယ်လို့ပဲ ကျနော် မြင်တယ်။ တပ်လှန့်တာလည်း ဖြစ်မယ်။ ဆီးဂိမ်း လုံခြုံ ရေးလည်း ဖြစ်နိုင်မယ်။ ဒါမှ မဟုတ်ရင် နောက်ဖြစ်နိုင်ခြေရှိတာက ...
(၁) တိုင်းရင်းသားတွေက တပြည်လုံး အပစ်ရပ်ရေး၊ လက်မှတ်ထိုးမထိုးဆိုတာကို လိုင်ဇာမှာ အစည်းဝေး လုပ်နေမယ်။
(၂) ဒီအခြေအနေအပေါ်မှာ စစ်တပ်တွေက တိုင်းရင်းသား နယ်မြေမှာနေရာဝင်ယူပြီး အင်အားတိုးချဲ့နေကြတယ်။
(၃) အိမ်ထောင်စုစာရင်းတို့ ဧည့်စာရင်းတိုင်ရမယ်တို့ စစ်အုပ်ချုပ်မှုပုံစံစနစ်ကို အစိုးရဘက်က မသိမသာ လုပ်လာကြတယ်။
(၄) အစိုးရ စစ်တပ်တွေက ကရင်ဒေသတွေမှာ နေရာအနှံ့ တပ်ချထားနေကြတာတို့ ပြည်သူလူထုကြားမှာသွားပြီး နေရာယူတာတို့ လုပ်လာနေကြတာကို ကြည့်ရင် အကြောင်းပြကောင်းအောင်လို့ သူတို့ဘဲ ဗုံးဖေါက်ခွဲလိုက်တာ ဖြစ်နိုင်တယ်။ တကယ် ငြိမ်းချမ်းရေး အစစ်အမှန် လိုလားတယ်ဆိုရင် အဲဒီလိုမျိုး ၀ါဒမဖြန့်သင့်ဘူး။ စစ်တပ်လည်း တိုးချဲ့နေစရာလည်း မလိုဘူးလေ။ အဲဒါကို အခွင့်ကောင်းယူပြီး ပြည်သူလူထုကို အစိုးရကလိမ်နေတာ ဖြစ်တယ်။ အခြေ အနေမှန်ကို မသိကြတဲ့ ပြည်သူများခင်ဗျာ အသက်အန္တရာယ်ကို စိုးရိမ်နေရလို့ ကျနော်တို့အပေါ် အထင်လွဲအောင် ကြံဆောင်တာ ဖြစ်တယ်။

ဒါကြောင့် အခုလို ငြိမ်းချမ်းရေးတွေ အားသွန်ခွန်စိုက်ကြိုးစားနေတဲ့ အချိန်မျိုးမှာ ဘာကြောင့် ဒီလို စွပ်စွဲရသလဲဆိုတာကို ကျနော် မေးခွန်းထုတ်စရာ ဖြစ်လာတယ်။

မေး။ ဆရာ ပြောတာက တမျိုးပေါ့လေ။ ဒါပေမဲ့ KNU အလုပ်အမှုဆောင်တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်ကတော့ ဒီဗုံးပေါက် ကွဲမှုမှာ KNU မှာလည်း တာဝန် ရှိတယ်လို့ ပြည်တွင်းမီဒီယာတွေနဲ့ ပြောဆိုခဲ့ပါတယ်။ အဲဒီ အပေါ်မှာရော ဆရာ ဘယ်လိုသဘောရလဲ။

ဖြေ။ KNU အလုပ်အမှုဆောင် တဦးက အစိုးရလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီဗုံးဖေါက်ခွဲမှုနဲ့ပတ်သတ်ပြီး KNU မှာ တာဝန်ရှိတယ်လို့ KNU ကိုယ်စားလှယ်က ပြောလိုက်တဲ့အပေါ်မှာ ကျနော် သုံးသပ်ရမယ်ဆိုရင် KNU ကိုယ်စားလှယ်က အစိုးရလူဖြစ်နေပါပြီ။ သူက လိုက်ရှာပေးမယ် ဘာပေးမယ် ပြောနေရအောင် ဗုံးဖေါက်ခွဲတဲ့လူက သူကစီစဉ်ထားလို့လား။ သူဟာ အစိုးရထောက်လှမ်းရေး ဖြစ်နေပြီလား။ ဖြစ်သင့်တာက ကျနော်တို့လွှတ်တဲ့ ကိုယ်စားလှယ်ဟာ အဖြစ်မှန်ကို လူသိရှင်ကြား ဖေါ်ထုတ်ဖို့ ဖြစ်တယ်။ လက်တွေ့ဆန်တဲ့သဘောမျိုး ပြသနိုင်ရမယ်လေ။ အဲဒီ ကိုယ်စားလှယ်ကတော့ အယုံအကြည် မရှိဘူး။ ကရင်အမျိုးသား ပြည်သူလူထုအတွက် အကာကွယ်ပေးဖို့၊ အခွင့်အရေးတန်းတူရဖို့၊ ဖိနှိပ်ခံဘ၀မှ လွတ်မြောက်ဖို့အတွက် ပြောဖို့ နေပြည်တော်ကိုလွှတ်ခဲ့တာ သူဘာပြောခဲ့သလဲ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်လို့မရဘူးလို့ ထုတ်ပြောခဲ့တဲ့ လူလေ။ ၂၀၀၈ ဥပဒေက ပြည်သူအတွက် အကာအကွယ်ပေးထားတာ ဘာမှမရှိသလို စစ်ဥပဒေလည်း ဖြစ်တယ်။ အစိုးရ ဥပဒေက ပြည်သူ လူထုတွေအတွက် မျက်ရည်ကျခဲ့တဲ့ လယ်သိမ်း ယာသိမ်း ဥပဒေတွေ ဖြစ်တယ်။ သူနားမလည်ဘူးလား။ ဒီတော့ အဲဒီလို ကိုယ်စားလှယ်မျိုးကိုမှလွှတ်တာ စဉ်းစားစရာ ဖြစ်နေတယ်။ ဒီတော့ မန်းငြိမ်းမောင်ဟာ အစိုးရခရိုနီ ဖြစ်သွားတဲ့သဘော သက်ရောက်နေပါတယ်။

မေး။ ခုန ပြောလိုက်ပါတယ်။ ဗုံးပေါက်ကွဲမှု မဖြစ်ခင်ကတည်းက ကရင်နယ်မြေထဲမှာ စစ်တပ်တွေတိုးပြီးချတယ်။ လှုပ်ရှားလာတယ်လို့ သဘောရတာ ပေါ့နော်။ ဒီတော့ ဘယ်နေရာမှာ ဘယ်လိုမျိုး လှုပ်ရှားလာပါလဲ။

ဖြေ။ ဗုံးဖေါက်ခွဲမှု ဖြစ်လာတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီးတော့ လက်ရှိမှာ KNU နယ်မြေနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်နေတဲ့ အခြေအနေက လူထုတွေကြားမှာ ကားအောက် ကားပေါ် ကားဘေး လူထု ကိုယ်ပေါ် အိတ်ပေါ်မှာတို့ စစ်လား မြန်းလား ပိုလုပ်လာတယ်။ ဒါဟာ ဆီးဂိမ်းလုံခြုံရေးနဲ့လည်း ပတ်သက်နိုင်တယ်။ ဒီတော့ အခွင့်ကောင်းလို့ ပြောရရင်တော့ ဖြစ်တာက တနေရာ ပေါက်ကရလုပ်နေတာက တနေရာ ဖြစ်နေတယ်။ ဗုံးပေါက်အောင် မလုပ်ခဲ့ရင် ဒီလိုမျိုး အကြောင်းပြချက်မဲ့ ကိုင်တွယ်ရခက်တယ်လေ။ မဟုတ်ပါလား။ ပြီးတော့ သိတဲ့အတိုင်းပါပဲ အခွင့်ကောင်းကို အကြောင်းပြပြီးတော့ ရဲနဲ့ စစ်တပ်တွေက ခရီးသွားပြည်သူတွေကို ခြိမ်းခြောက်မယ်။ သွားလာနေတဲ့ ပြည်သူလူထုကို ပုံစံအမျိုးမျိုးနဲ့ စစ်ဆေးတယ်။ တိုင်းရင်းသားနယ်မြေမှာ အရင်က စစ်တပ်မရှိဖူးတဲ့ နေရာမှာ စစ်တပ်ကနေရာဝင်ယူလာနေတယ်။ ဒါတွေက ဘာသဘောလဲဗျာ။ အကြောင်းသိတွေမို့ ပြောနေရတာပါ။ တကယ်ဆိုရင်တော့ ဗုံးပေါက်ခွဲမှုတွေဟာ အချိန်ယူပြီး စုံစမ်းစစ်ဆေးရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် (၂) ရက်ထဲနဲ့ စောအမည်တပ်ပြီး ဖော်ထုတ်နိုင်တယ်ဆိုတာက မေးခွန်းမေးစရာ ဖြစ်လာတယ်။

ကျနော်တို့ လူထုတွေအမြင်ကို ကျနော်တို့ လိုက်မေးကြည့်တော့ လူထုအမြင်ကလည်း အစိုးရတွေကပဲ ဖေါက်တယ်လို့ပဲ မြင်ကြပါတယ်။ လူထု တယောက်က ကျနော်ကို ဘာပြောလဲဆိုတော့ “အစိုးရက ဗြောက်အိုး ဖောက်တာ မကြိုက်ဘူး၊ ဗုံးဖောက်တာကိုပဲ ကြိုက်တယ်” လို့ ကျနော်ကို ပြောခဲ့တယ်။ အစိုးရကို အကြံပေးချင်ပါတယ်။ ရိုးနေတဲ့ လုပ်ဇတ်ဟောင်းတွေနဲ့ မပြုလုပ်သင့်တော့ပါဘူး။ ဘေးကကြည့်ရင် ပိုပြီး မြင်သာပါတယ်။ ပေါက်ကွဲပုံတွေ၊ ထုတ်ပြန်ပုံတွေ ခရိုနီမီဒီယာတွေရဲ့ ၀ါဒဖြန့် လှုပ်ရှားပုံတွေဟာ မြင်သာကြီးပါ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်သင့်ပါတယ်။ ပြည်တွင်းလုံခြုံရေးကိုလည်း အခုလိုမျိုး လုပ်ဇတ်ခင်းမယ့်အစား ၀ိုင်းဝန်းတာဝန်ယူဖို့ ဖြစ်ပါတယ်။ နေရာတကာ၊ လူတကာကို သံသယမျက်စိနဲ့သာ တိုင်းတာနေသမျှတော့ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ပါဘူး။ ကိုယ့်အရိပ် ကိုယ်လန့်နေမှာ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် မလိမ်ကြစတမ်း ရိုးသားကြပါ။ ပွင့်လင်းကြဖို့နဲ့ မျှတမှုကို ဦးစားပေးကြမယ်ဆိုရင် မြန်မာပြည်ကြီး အေးချမ်းကြမှာ ဧကန်မလွဲ ဖြစ်ပါတယ်။

ရွှေဟင်္သာ

No comments: