“သတင်းစာ၊ ဂျာနယ်တွေ ပလူပျံအောင် ထုတ်နေကြပေမယ့် ထုတ်ဝေခွင့်ကဒ်ပြားရတဲ့သူတွေဟာ တကယ်တန်းကျတော့ စစ်ဗိုလ်နဲ့ ပတ်သက်တဲ့သူတွေချည်းသာ ဖြစ်တယ်”
သူရိယအလင်းပြဿနာနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်စနစ်အောက်မှာ ဒီလို မတော်မတရား အဖြစ်အပျက်တွေ တပုံတပင်ရှိနေတာကို အားလုံး သိကြပြီးသားမို့ မပြောတော့ဘူးလို့ပဲ။ အခုပုဆိုးခြုံထားတဲ့ စစ်အာဏာရှင်စနစ်ကရော ဘာမို့လဲ။ စစ်အာဏာရှင် သားသမီးမြေးမြစ်တွေကို ကြောက်မြဲကြောက်ရတာပဲပေါ့။ ဒါ့ကြောင့်
အထူးတလည် ပြောစရာ မလိုဘူးထင်လို့ မပြောတော့ဘဲ နေတော့မလို့ပါပဲ။ ဒါပေမဲ့ အာဏာအား၊ ငွေအားနဲ့ ဖိပြီး အဖြစ်မှန်ကို ဖုံးဖိဖို့လုပ်နေကြတာ မြင်လာရလို့ နည်းနည်းဝင်ပြောပါရစေ။
တချို့က မျက်စိလည်လာကြပုံရတယ်။ မျက်စိမလည်ကြပါနဲ့။ အဖြစ်မှန်ကို ကျနော်သိသလောက် ရှင်းပြမယ်။
မူလအဖြစ်မှန်က မိုးစက်ဝိုင် ဆောင်းပါးကို မကျေနပ်လို့ ဖိုးလပြည့်ခေါ် နေရွှေသွေးအောင် က ဂျာနယ်တိုက်ကို ဝင်စီးပြီး ကွန်ပြူတာ system unit ၁၄ လုံးကို မတရားဝင်သိမ်းသွားတာပါပဲ။
နောက်ပိုင်းမှာ ဒါကို ရှယ်ယာရှင်အချင်းချင်း အရှုပ်အထွေးပြဿနာလို့ထင်လာအောင် ပုံဖျက်ပုံဖော်ဖို့ ကြိုးစားလာတာပါ။
ရှယ်ယာရှင် အချင်းချင်းပြဿနာဆိုတာကို လုပ်လာတာက ဒီလိုပါ။
လူ့ဘောင်သစ် ကိုမိုးဟိန်းက ဂျာနယ်ရဲ့ တကယ့်ပိုင်ရှင်။ ရှယ်ယာ ၉၀ ရာနှုန်းပိုင်တယ်။ ဒါပေမဲ့ မြန်မာပြည်ထုံးစံအတိုင်း သိတဲ့အတိုင်း ဂျာနယ်၊ သတင်းစာ ထုတ်ဝေခွင့်ကဒ်ပြား ရတဲ့လူတွေက အစိုးရနဲ့ ပတ်သက်တဲ့လူတွေချည်းပဲ။ စစ်ဗိုလ်၊ ဝန်ကြီး နဲ့ မပတ်သက်ဘဲ ဂျာနယ် ၊ သတင်းစာ ထုတ်ဝေခွင့် ရတဲ့သူအရေအတွက်ဟာ လက်တဖက်စာ မပြည့်ဘူး။
ကိုမိုးဟိန်းက ပိုင်ရှင်ဆိုတော့ သူက သူရေးချင်တာတွေ ရေးတယ်။ ကိုမိုးဟိန်းဆိုတာက ဘယ်လိုလူလဲဆိုတာ တော်တော်များများ သိကြပါတယ်။ သူ့ထုံးစံ အတိုင်း ဖွတယ်။ ခပ်ကြမ်းကြမ်း ရေးတယ်။ ခပ်ရမ်းရမ်းလည်း ရေးတယ်။ ပရော်ဖက်ရှင်နယ် ဂျာနယ်လစ်စံနဲ့ တိုင်းရင် မကိုက်ညီဘူး။ ကန်ပိန်း ဂျာနယ်လစ်ဇင် သဘောမျိုးရေးသားတယ်။ ဒါလည်း သူ့ယုံကြည်ချက်နဲ့သူ လုပ်ခွင့်တော့ ရှိရမှာပဲ။ ကန်ပိန်းဂျာနယ်လစ်ဇင်ကို အာအက်ဖ်အေတို့ ဒီဘီဗီတို့တောင် ကျင့်သုံးကြသေးတာပဲ။ ဥပဒေဘောင်ကို ကျော်လာရင်သာ ဥပဒေနည်းနဲ့ အရေးယူဖို့ရှိတယ်။ လူဆိုးလူမိုက်လုပ်နည်းမျိုး၊ ပဒေသရာဇ် အာဏာရှင်နည်းမျိုးနဲ့ လုပ်စရာအကြောင်း ဘာမှ မရှိဘူး။
ဒါပေမဲ့ ကိုမိုးဟိန်း အခုလိုရေးတာမျိုးတွေကို ထုတ်ဝေသူက မကြိုက်ဘူး။ မကြိုက်ရတဲ့ အကြောင်းကို တိုတိုပြောရရင် ကြောက်လို့ပဲ။ အယ်ဒီတာ အဖွဲ့ကလည်း အလားတူပဲ၊ ကြောက်တယ်။ ကိုမိုးဟိန်းရေးတာတွေကြောင့် ပြဿနာတက်ရင် သူတို့ အယ်ဒီတာ အဖွဲ့ပါ ထောင်ကျမှာ ကြောက်တယ်။ ဒါပေမဲ့ တကယ့်ပိုင်ရှင်က ကိုမိုးဟိန်းဆိုတော့ သူတို့ ဘာမှ မတတ်နိုင်ဘူး။ မြန်မာပြည်စီးပွားရေး လုပ်ငန်းတွေရဲ့ ပုံစံအတိုင်းပဲ၊ ပိုင်ရှင်ကို ဘယ်အလုပ်သမားကမှ ပြန်မပြောရဲဘူး။ မကျေနပ်ရင်ထွက်၊ ဒါပဲ။
နောက်ဆုံးကိုမိုးဟိန်းက နေရွှေသွေးအောင်ကို ထိတဲ့ ဆောင်းပါးရေးတော့ နေရွှေသွေးအောင်နဲ့ သူရိန်ဝင်းမြင့်က တိုက်ကို ဝင်ပြီး အနုကြမ်းစီးတယ်။ အဲဒါကို နဂိုရ်ကတည်းက သူရိန်ဝင်းမြင့်ကို ကြောက်တဲ့ ဂျာနယ် ထုတ်ဝေသူက ဂျာနယ်တိုက်ကို လိုက်ပြီး ဖွင့်ပေးလိုက်တယ်။ ဖွင့်ပေးရတာကလည်း သူ့ကိုပါ နေရွှေသွေးအောင်နဲ့ သူရိန်ဝင်းမြင့်က ငြိုးမှာ ကြောက်တာက အကြောင်းတကြောင်း ဖြစ်သလို နောက်တကြောင်းက ဂျာနယ်တိုက်တတိုက်လုံး ပျက်စီးသွားလည်း တကယ်တန်းက သူ့ငွေတပြားမှ မနစ်နာဘူး။ အဲဒါကြောင့် ဖွင့်ပေးလိုက်တာပဲ။ အခု ပြဿနာကို တိုင်းသိပြည်သိ ကမ္ဘာသိဖြစ်အောင် ကိုမိုးဟိန်းက ဖွင့်ချတော့ ထုတ်ဝေသူက နေရွှေသွေးအောင်ဘက်ကနေ လိုက်ကာပေးတယ်။ တကယ်တော့ တကယ့်ပြဿနာက မိုးစက်ဝိုင်နဲ့ ဖိုးလပြည့်ဆောင်းပါး ပြဿနာပဲ။ ဘာရှယ်ယာပြဿနာမှ မဟုတ်ဘူး။ ဘာမှ အချင်းချင်းပြဿနာမဟုတ် ဘူး။ နေရွှေသွေးအောင်ခေါ် ဖိုးလပြည့်က မကျေနပ်လို့ သူနဲ့ လက်ရှိဝန်ကြီးရဲ့သား သူရိန်ဝင်းမြင့်တို့က စိတ်ကြိုက်ရမ်းကားပြီးမှ ပြဿနာကို ရှယ်ယာပိုင်ရှင်ချင်းပြဿနာဖြစ်အောင် ပုံပြောင်း သရုပ်ဖော်နေတာ။ အာဏာနဲ့ လိုက်ဖုံးနေတာပဲ။
ဖြစ်စဉ်အမှန်က ဒါပဲ။ ဒီဖြစ်စဉ်မှာ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး စိုးရိမ်စရာကောင်းတဲ့ အချက် ၂ ချက်ကို တွေ့ရတယ်။ ပထမတချက်က ဒီနေ့ သတင်းစာ၊ ဂျာနယ်တွေ ပလူပျံအောင် ထုတ်နေကြပေမဲ့ ထုတ်ဝေခွင့်ကဒ်ပြားရတဲ့သူတွေဟာ တကယ်တန်းကျတော့ စစ်ဗိုလ်နဲ့ ပတ်သက်တဲ့သူတွေချည်းသာ ဖြစ်တယ်။ ဘယ်ဂျာနယ်၊ ဘယ်သတင်းစာမှ အတိုက်အခံသတင်းစာ မဟုတ်ကြဘူး။ ပြည်သူ့ခေတ်လို၊ ဒီလှိုင်းလို စစ်ဗိုလ်နဲ့ မပတ်သက်ဘဲ ထုတ်ဝေခွင့်ကဒ်ရထားတဲ့သူ အရေအတွက်ဟာ လက်ချိုးရေကြည့်ရင် လက်တဘက်စာ မရှိဘူး။ ဒီအချက်ဟာ စာနယ်ဇင်း လွတ်လပ်ခွင့် အစစ်အမှန်မရှိတာကို ဖော်ပြတဲ့အချက်ဖြစ်လို့ စိုးရိမ်စရာကောင်းတယ်။
ဒုတိယတချက်က နေရွှေသွေးအောင် သူခိုးဂျပိုးအလုပ်လုပ်တာ၊ မာဖီးယားဆန်ဆန်လုပ်တာ အဖြစ်မှန်ပဲ။ အဲဒီအဖြစ်မှန်က စိုးရိမ်စရာကောင်းတယ်။ ငါတကောကောနေတုန်း။ စစ်အာဏာရှင်စနစ်က ကြီးကြီးမားမား ရှိနေတုန်း။ ဒါကို အားလုံးက မပြောရဲ မဆိုရဲ ဖြစ်ပြီး ကြောက်နေကြတုန်းပဲ။ အဲဒါ အဆိုးဆုံး အချက်ပဲ။
ဖိုးလပြည့်၊ Ecstasy မူးယစ်ဆေးနဲ့ မောင်ဝိတ်ပြဿနာ၊ ဖိုးလပြည့်က သီဟသူရ တင်အောင်မြင့်ဦးရဲ့သား ဆိုင်ကို ဝင်ရောက်သောင်းကျန်းဖျက်ဆီးတဲ့ ပြဿနာ၊ ဖိုးလပြည့်နဲ့ ဝတ်မှုန်ရွှေရည် ပြဿနာ၊ ဖိုးလပြည့်နဲ့ မော်တော်ပီကယ် ပြဿနာ၊ ဒါတွေကိုလည်း အားလုံးမှတ်မိကြဦးမယ် ထင်ပါတယ်။ ဖိုးလပြည့် ဘယ်လိုလူဆိုတာ အထူးပြောစရာ မလိုဘူးထင်ပါတယ်။
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
No comments:
Post a Comment