Tuesday, December 10, 2013

သပိတ်စခန်းကို သွားရောက်အားပေးခဲ့တဲ့ မိုးသီးဇွန် နှင့် ...


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မြေနေရာများ ပြန်လည်ရရှိရေးအတွက် ဆန္ဒပြသူတွေကို ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) လက်အောက်ခံ တပ်စည်ပင် ဝန်ထမ်းကဒ်ပြားတွေ ချိတ်ဆွဲထားပြီး ဝေ့စကုတ်အနက်ဝတ် နံပတ်ဒုတ်ကိုင် လူအုပ်စုက ဝင်ရောက်အကြမ်းဖက် ရိုက်နှက်ခဲ့တဲ့တာကြောင့် ဆန္ဒပြသူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီ သပိတ်စခန်းကို ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်း မိုးသီးဇွန် မှ ဒီဇင်ဘာလ ၈ ရက်နေ့က ဆန္ဒပြနေသူတွေကို သွားရောက်အားပေးခဲ့တဲ့အတွက် သူ့ကို သပိတ်စခန်းအခြေအနေ၊ အကြမ်းဖက်ခံရမှုအခြေအနေကို မေးကြည့်ဖြစ်ခဲ့ပါတယ်။

အခု သပိတ်စခန်းအခြေအနေဘယ်လိုရှိပါသလဲ

ဆန္ဒပြနေကြတာ အမျိုးသမီးတွေ အများစုဖြစ်တာတွေ့ရပြီး အမေအရွယ် အဖွားအရွယ်တွေထိ ပါဝင်ကြတာတွေ့ရတယ်။ တခုက သူတို့ အိပ်တဲ့ နေရာထိုင်ခင်းက မကောင်းဘူး ကျန်းမာရေးအထွက် အထူးစိုးရိမ်ရတယ်။ သူတို့ကတော့ ဇွဲကြီးကြီးနဲ့ ဆန္ဒပြသွားမယ် သဘောကိုတွေ့နေရတယ်။ ဟိုနေ့က အကြမ်းဖက်ခံရလို့ ဒဏ်ရာရတဲ့လူနာတွေကို အားပေးခဲ့ပါတယ်။ နောက်တခုက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ကြဖို့ကိုလဲ အကြံပေးခဲ့တယ်။

မိကျောင်းကန်က မြေသိမ်းတာနဲ့ အကြမ်းဖက်ခံရတာ ဘာပြောချင်လဲ

မြေတွေကိုသိမ်းလို့ နိုင်ငံတော်အတွက် အကျိုးရှိတယ်ဆိုရင် သိမ်းပါ။ နိုင်ငံတော်ကို လှူဒါန်းကြဖို့ နားချပေးမယ်။ စည်းရုံးပေးမယ်။ အခုဟာက နိုင်ငံတော်နာမည်ကို အသုံးချပြီး ကိုယ်ကျိုးရှာနေတဲ့သူတွေက မြေတွေကို လေဘာဇောတိုက် သိမ်းနေတာ။ ဒီလို မတရားမြေသိမ်းတာတွေကို လက်မခံနိုင်ဘူး။

နစ်နာနေတဲ့လူတွေဘက် တောင်းဆိုမှုတွေကို အကြမ်းဖက်နည်းတွေနဲ့ ဖြေရှင်းနေမယ်ဆိုရင် ဘယ်အခြေအနေကို ရောက်သွားနိုင်ပါသလဲ

အကြမ်းဖက် ဖြေရှင်းရင်တော့ လက်ရှိအပြောင်းလဲလို့ ဆိုတာဟာကို ထိခိုက်လာနိုင်စရာရှိတယ်။
နိုင်ငံတကာမှာ မြန်မာအစိုးရရဲ့ ပုံရိပ်ပျက်နိုင်တာပေါ့။ ပုံရိပ်ပျက်သွားမယ်ဆိုရင် ဦးသန်းရွှေခေတ်ကလို ဆိုးကျိုးသက်ရောက်မှုတွေ ခံလာရနိုင်တယ်။

မိကျောင်းကန် သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထားပြီး ဖယ်ပေးဖို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနဲ့ တပ်မြို့စည်ပင်တို့မှ ဒီဇင်ဘာ ၇ ရက် ညပိုင်းက အမိန့်ထုတ်ပြန်ခဲ့ကြောင် သိရှိရပါတယ်။ (Photo by Mg Ko)

No comments: