Sunday, January 19, 2014

ပြည်တွင်းစစ်ဆိုတာ စစ်အစိုးရအတွက် လက်လွတ်မခံနိုင်တဲ့ စားပေါက်ကြီး

စစ်အာဏာရှင်စနစ်ဟာ ပြည်တွင်းစစ်နဲ့ တလျှောက်လုံး လုပ်စားလာခဲ့တယ်လို့ ပြောတာ တချို့က သိပ်သဘော မပေါက်ကြဘူး။

တချို့ကလဲ အခု ပြည်တွင်းငြိမ်းချမ်းရေးစင်တာကို နိုင်ငံခြားက အထောက်အကူ ငွေတွေ ပုံပေးတဲ့ မျက်မှောက် အခြေအနေမှာ ဒီငွေအပေါ်က ကိုယ်ကျိုးရှာ အမြတ်ထုတ်နေတာကို အကြီးဆုံး စားပေါက်ရယ်လို့ ထင်နေကြတယ်။ ဒီစားပေါက်က
နှိုက်စားနေကြတာကိုပဲ မြင်နေကြတယ်။

ဟော... အခုကြည့်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် တပ်မတော် စီမံကိန်း ဘတ်ဂျက်က ၂၂၈၂ ဘီလျံကျပ်။ တပ်မတော်ရဲ့ လစာနဲ့ စရိတ်က ၈၃ ဘီလျံကျပ် ။ စုစုပေါင်း တပ်မတော်ရဲ့ ဘတ်ဂျက်ခွဲတမ်းက စုစုပေါင်း ၂၃၆၅ ဘီလျံကျပ်။ ဒီတော့ ပညာရေးနဲ့ ကျန်းမာရေး ဘတ်ဂျက်အသုံးစရိတ် လျာထားငွေက စစ်သုံးစရိတ် လျာထားငွေရဲ့ အရိုးအရင်းလေးလောက်သာ ရတယ်ဆိုတာ အထင်းသား တွေ့မြင်နိုင်တယ်။ ပြည်တွင်းစစ် ရှိနေတာကို အကြောင်းပြပြီး စစ်တပ်အသုံးစရိတ်ကို ကြီးမားတဲ့ ပမာဏနဲ့ ရယူနိုင်ကြတာပါ။ တပ်မတော်စီမံကိန်း ဘတ်ဂျက်ဆိုတဲ့ စစ်သုံးစရိတ်ကို ငြိမ်းချမ်းရေး လေထု ပြင်းထန်နေချိန် မဆိုစလောက်လေး လျှော့ယူတယ်။ ပြည်တွင်းစစ်ပွဲ ပြင်းထန်ရင် ပိုတိုးယူမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်တွင်းစစ် တိုက်နေရသမျှ စစ်သုံးစရိတ်ငွေက ဖောချင်းသောချင်း ယူလို့ ကောင်းနေမှာ ဖြစ်တယ်။ ဒီလိုယူလာတာလဲ ရာစုနှစ် တဝက်ကျော်လာခဲ့ပြီ။ စားလာခဲ့တာ အံခွနေပြီ။ ဒီအရသာကိုလဲ ဘိန်းစွဲသလို စွဲနေပြီ။ ဒါကြောင့် စစ်အာဏာရှင်စနစ် ရှိနေသမျှ အစစ်အမှန် ပြည်တွင်းငြိမ်းချမ်းရေး ရမှာ မဟုတ်သေးဘူး၊ ပြည်တွင်းစစ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို မျက်လှည့်ပြသလို လှည့်စားပြီး ကစားနေလိမ့်မယ်လို့ ပြောဆိုရတာ ဖြစ်တယ်။

ခုတလော ပြည်တွင်းငြိမ်းချမ်းရေးစင်တာအတွက်သာမက စစ်ဘေးဒုက္ခသည်တွေအတွက်ဆိုပြီး ဂျပန်အစိုးရက မြန်မာအစိုးရလက်ထဲ ကူငွေတချို့ထည့်ပေးလိုက်ပြန်တယ်။ မထွေးလေးကို သနားလို့ ဆိုပြီး မထွေးလေးကို နှိပ်စက်နေတဲ့ မိထွေးလက်ထဲ ထောက်ပံ့ငွေ ထည့်ပေးလိုက်တဲ့ အဖြစ်မျိုးပါပဲ။

ပြည်တွင်းစစ်ထဲမှာကို စားပေါက်တွေက အများကြီးပါ။ တချို့ ပြည်တွင်းစစ်တိုက်နေတဲ့ အခိုင်အမာ ထိပ်ပိုင်း တပ်မှူးတွေက ရကြပါတယ်။ ဒီစားပေါက်ကိုလည်း စစ်အုပ်စု အာဏာပိုင်တွေကို ဖွင့်ပေးထားကြတာ ဖြစ်ပါတယ်။ ဘိန်းကုန်သည်တွေနဲ့ လက်ဝါးချင်းရိုက်ပြီး ခွဲဝေစားကြတာမျိုး၊ တပ်သားဦးရေ စာရင်းပိုပြပြီး စားကြတာမျိုး၊ အထမ်းသမားစရိတ်အပါအ၀င် စစ်ဆင်ရေးစရိတ် ပိုပြပြီး စားကြတာမျိုး၊ စသဖြင့် နည်းလမ်းပေါင်းစုံနဲ့ စားပေါက်ထွင်ပြီး ပြည်တွင်းစစ်တိုက်ရင်းနဲ့ ခေတ်အဆက်ဆက် စစ်တပ်ရဲ့ တပ်မှူးတွေ ပွပေါက်တိုးခဲ့ကြတာပါ။ ဒါဟာ သူတို့တပ်ရဲ့ အစဉ်အလာ ဖြစ်နေပါပြီ။ ဒီစားပေါက်ကို စစ်တပ်ထိပ်ပိုင်းအရာရှိတွေပဲ ရယူခံစားနေကြတာပါ။ ဒီတော့ ဒီအခွင့်အရေးမျိုး မရဘဲ ဆင်းရဲချို့တဲ့နေကြတဲ့ အောက်ခြေတပ်သားတွေက စစ်မြေပြင်မှာ လူထုဆီက လုယက်ဓားပြတိုက်တာကိုပဲ သူတို့ရဲ့ အခွင့်အလမ်းအဖြစ် ရယူသုံးစွဲကြတော့တာပါပဲ။  လယ်သမားတွေရဲ့ လယ်တွေကို မတရားသိမ်း၊ လယ်သမားတွေကို မြေကျွန်တွေလို ခိုင်းစားနေတဲ့ စစ်အစိုးရ စစ်တပ်ရဲ့ စားပေါက်အခွင့်အလမ်းတခုကတော့ မျက်မှောက်ကာလမှာ ပိုပြီး ဆိုးဝါး၊ ပိုပြီး ဗြောင်ကျနေကြောင်း လူတိုင်း သိမြင်နေကြပါပြီ။  

ရွှေကြာ

No comments: