27 Jan 2014 | ကေမြိုင် ၊ နေ့သစ်
ထိုင်းမြန်မာနယ်စပ် မြဝတီမြို့နယ်ထဲရှိ ကျေးရွာတွေက ကျောင်းသားကျောင်းသူတွေအတွက် ရန်ကုန်မြို့ရှိ ဘေထုပ်လုပ်ငန်းရှင်တချို့ ကျပ်ငွေ ၄၆ သိန်းနီးပါး တန်ဘိုးရှိတဲ့ အဝတ်အစားတွေကို ဒီကနေ့ လာရောက်လှူဒါန်းခဲ့တယ်လို့ သတင်းရရှိပါတယ်။
အလှူရှင်တွေဖြစ်တဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် သစ်ဆိမ့်ကုန်း
ဧရာဝတီလမ်းနေ ဘေထုပ်အဝတ်အစားလုပ်ငန်းရှင် ဦးတင် မိသားစုနဲ့
လုပ်ငန်းတူအဖွဲ့သားတွေ ဖြစ်ကြပြီး မြဝတီမြို့နယ်အတွင်းက
မဲ့ဝါးခီး ကျေးရွာ
အထက်တန်းကျောင်း၊ ဖလူးကြီးကျေးရွာ အထက်တန်းကျောင်းနှင့် ဖလူးလေး ကျေးရွာ
မူလတန်းကျောင်းစတဲ့ ကျောင်းတွေကို အလှူရှင်တွေကိုယ်တိုင်
လိုက်ပါလှူဒါန်းခဲ့ကြောင်းနဲ့ အခု အဝတ်အစားလှူတဲ့ ခရီးစဉ်မှာ DKAB
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်မှ ဗိုလ်မှူးကြီး စောဆန်းအောင် နဲ့
တပ်ဖွဲ့ဝင်တွေပါ လိုက်ပါကူညီခဲ့တယ်လို့ သိရှိရပါတယ်။
ထိုင်းမြန်မာနယ်စပ်ရွာတွေက ကျောင်းသားကျောင်းသူတွေအတွက် အဝတ်အစားလှူတဲ့
ခရီးစဉ်မှာလိုက်ပါကူညီခဲ့တဲ့ ဗိုလ်မှူးကြီး စောဆန်းအောင် က လှူချင်တဲ့
အလှူရှင်တွေနဲ့ အဆက်အသွယ်ရပြီး အကောင်းအထည် ပေါ်လာတဲ့အကြောင်းကို
ပြောပြတာကတော့ ...
“ဒီလုပ်ငန်းရှင်တွေဟာ သူတို့လုပ်ငန်းကရတဲ့
အကျိုးအမြတ်ထဲက အဝတ်အစားတွေကို ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေဆီ
လှူချင်တဲ့ဆန္ဒရှိနေတယ်ဆိုတာ ကျနော်တို့ကို ဆက်သွယ်ပြောပြလာတယ်။
ကျနော်တို့အဖွဲ့က မြဝတီမှာ ဖွင့်ထားတဲ့ နယ်စပ်ပန်း ပညာဒါနကျောင်းနဲ့
စာကြည့်တိုက်ရှိတယ်လေ၊ အဲဒီကို ဆက်သွယ်လာတယ်၊ အဲဒါ ဒီနေ့ပဲ သူတို့ကို
ကျေးရွာတွေက လှူချင်းတဲ့ နေရာတွေကို ကူညီပြီး လိုက်ပို့ပေးလိုက်တယ်။
အလှူရှင်တွေအနေနဲ့လည်း ဒီလို့ တိုက်ရိုက်လှူလိုက်ရတော့
စိတ်ချမ်းသာတာပေါ့နော်” လို့ ရှင်းပြပါတယ်။
အလှူရှင်တွေဟာ
ဖလူးကြီးကျေးရွာ ၊ ဖလူးလေးကျေးရွာ၊ မဲ့ဝါးခီး ကျေးရွာတွေက ကျောင်းတွေအတွက်
ကျပ်ငွေ ၁၄ သိန်းနီးပါး တန်ဘိုးရှိတဲ့ အဝတ်အစား ၆ ထုပ်ကို ပေးလှူခဲ့ပြီး၊
မြဝတီအုပ်ချုပ်ရေးမှူးမှ ထပ်ဆင်လှူဒါန်းပေးဖို့ ကျပ်ငွေ သိန်း ၂၀ ကျော်
တန်ဘိုးရှိတဲ့ အဝတ်အစား ၉ ထုပ်ကို ခရိုင်ဦးစီးမှူး ဦးသိုက်စိုးမိုး ထံ
ပေးအပ်ခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့ အဝတ်အစားထုပ်တွေကို လာမယ့် ဖေဖော်ဝါရီလ ၁၃
ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မှာ
ဆက်လက်လှူဒါန်းသွားမှာဖြစ်ပြီး အခုလို လှူရတဲ့အကြောင်းကို အလှူရှင်တွေက
ဆက်လက်ပြီး ရှင်းပြတာက ..
“ကျနော်တို့ကတော့ အခုလို
ကိုယ်တိုင်သွားလှူရတာ သိပ်ကျေနပ်တယ်။ လူတွေ ဆင်းရဲနွမ်းပါးတယ်ဆိုတာကိုလည်
လက်တွေ့မြင်လိုက်ရတယ်၊ စိတ်မကောင်းဘူး၊ ဒီထက်ပိုလှူနိုင်အောင်
ထပ်ကြိုးစားမယ်လို့ စိတ်တွေပေါ်လာတယ်။ ကျနော်တို့က လှူရမယ့်နေရာတွေကို
ကူညီပြီး လိုက်ပို့ပေးတဲ့ ဗိုလ်မှူးကြီး စောဆန်းအောင် တို့ကိုလဲ
ကျေးဇူးတင်တယ်။ ကျနော်တို့ ထပ်လာလှူအုံးမယ်။ ဒီလောက်ပါပဲ” လို့
ရှင်းပြသွားပါတယ်။
အခု လာရောက်လှူဒါန်းသွားခဲ့တဲ့ နေရာတွေဟာ မြဝတီ - ဝေါ်လေ ကားလမ်းပေါ်က ကျေးရွာတွေ ဖြစ်ပါတယ်။
No comments:
Post a Comment