Wednesday, February 19, 2014

“ကြောင်ဖြူဖြူ၊ နက်နက် အသားစားတတ်တာတော့ အတူတူဘဲ” (ခမ်းဝင်း)

၁၉၅၈ ခုနှစ် စစ်ဘက်အာဏာသိမ်းပွဲ ကျင်းပချိန်မှ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီ အစိုးရအဖြစ် မပေါ်ပေါက်မီအချိန်အထိ ဗိုလ်နေ၀င်းရဲ့ ပြောပေါက်တွေနဲ့ ပြည်သူလူထုအပေါ် ဆက်ဆံခဲ့ကြတာ ရှင်းပါတယ်။ အထူးသဖြင့် စစ်အစိုးရ
အဆက်ဆက် ပြန်ကြားရေးဌာနက ၀ါဒဖြန့် ချိရေး သတင်းထုတ်ပြန်ချက်တွေမှာ အထင်အရှားဖြစ်တယ်။ လက်တွေ့ မှာလည်း ဒီပြောလုံးအတိုင်း ကျင့်သုံးခဲ့ကြတာပဲ။

သို့သော် ၂၀၁၀ ခုနှစ် အစိုးရအပြောင်းအလဲပုံစံသစ် ပေါ်ပေါက်လာတဲ့အခါကျတော့ ကိုယ်နှုတ်အမူအယာတွေ၊ လုပ်ဟန်တွေ ပျော့ပြောင်းလာတာတွေ့ ရတယ်။ လွတ်လပ်ခွင့်တချို့  ပေးလာတာ တွေ့ ရတယ်။ တလျှောက်လုံး
လူထုအဖွဲ့ အစည်းများနဲ့ ကင်းကင်းကွာကွာနေခဲ့တဲ့
စစ်အုပ်စုဟာ ရောထွေးယှက်တင်လုပ်လာတာ တွေ့ ရတယ်။ ပြည်တွင်းစစ် စဖြစ်ချိန်ကစပြီး အစိုးရအဆက်ဆက်က လက်နက်ကိုင်အင်အားစုများနဲ့  စကားပြောဖို့ကို
ခါးခါးသီးသီး ငြင်းပယ်ခဲ့တယ်။ ရှစ်လေးလုံးအလွန်ကစပြီး လက်နက်ကိုင် နိုင်ငံရေးပါတီများနဲ့  စကားစပြောတယ်။ အပစ်ရပ်ရေးဆိုတာ လုပ်တယ်။ ၂၀၁၀ နောက်ပိုင်းမှာတော့ လက်နက်ကိုင်ပါတီများနဲ့ ချောင်းပေါက်အောင်
သွားရောက်တွေ့ ဆုံဆွေးနွေးတယ်။ ဒီမိုကရေစီအင်အားစုများနဲ့လည်း ရောထွေးယှက်တင် ဆက်ဆံလာတယ်။ ထူးခြားတာ တခုပဲရှိတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာမလုပ်ဘူး။
သတိကြီးကြီးနဲ့ ရှောင်ရှားတာတွေ့ရတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ပျော့ပြောင်းမှု နိုင်ငံရေးလုပ်ဟန်တချို့  လက်တွေ့ ပြလာခဲ့တယ်။ ဦးသိန်းစိန်အစိုးရဟာ ယခင်စစ်အစိုးရဟောင်းများနဲ့ မတူဘဲ ကိုယ်နှုတ်အမူအယာ အပြောင်းအလဲတချို့ 
တွေ့ လာရတယ်။ သို့သော် နှလုံးသားကတော့ သွေးမည်းများနဲ့ လျှံနေတာပါ။

ကြောင်ဆိုတဲ့သတ္တ၀ါဟာ အားလုံးသိတော်မူတဲ့အတိုင်း မောဟဖုံးလွှမ်းတဲ့ အဟိတ်တိရစ္ဆာန် မဟုတ်ပါလား။ လူသားတို့ စောင့်ထိန်းအပ်တဲ့ သီလတပါးဖြစ်တဲ့ သူ့ အသက် မသတ်အပ်ဆိုတဲ့ ပါဏာတိပါတကံကို ကြောင်ဆိုတဲ့ အဟိတ်တိရစ္ဆာန်က စောင့်ထိန်းရကောင်းမှန်း မသိနိုင်ပါဘူး။ ဒါကြောင့် အင်မတန်ဖြူဖွေးလှပတဲ့ ကြောင်ဘဲဖြစ်ဖြစ်၊ အကျည်းတန်အရုပ်ဆိုးတဲ့ အနက်ရောင်ကြောင်ဘဲဖြစ်ဖြစ် သူ့ ရှေ့ မှာတွေ့ နေတဲ့ ကြွက်ဆိုတဲ့သတ္တ၀ါကို အလွတ်ပေးရိုးထုံးစံမရှိပါ။ ကိုက်ဖြတ်စားသောက်တတ်တယ် မဟုတ်ပါလား။

ဗမာပြည်လွတ်လပ်ရေးဆိုတာ ရပြီးကတည်းက ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ် ကာလတလျှောက်မှာ ကျေးလက်ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ အနိုင်ကျင့်၊ ဗိုလ်ကျ၊ ရွာမီးရှို့ ၊ ပစ္စည်းယူ၊ လူသတ်ပြီး လူ့ အခွင့်အရေးချိုးဖောက်တယ်လို့  စွပ်စွဲခံရတဲ့စစ်တပ်ဟာ နိုင်ငံ့အာဏာ သိမ်းပိုက်အုပ်ချုပ်တော့လည်း ဒီမိုကရေစီအင်အားစုနဲ့ ပြည်သူလူထုအပေါ် ဒီမိုကရေစီဆန့်ကျင် ပြည်သူ့ဆန့်ကျင်ရေး၊ ကွန်မြူနစ်ဆန့် ကျင်ရေးပေါ်လစီကို လှိုင်လှိုင်ကျင့်သုံးခဲ့တာပဲ။ ဒါဟာ စစ်အုပ်စုရဲ့  အရင်းခံ ပင်ကိုယ် လက္ခဏာရပ်ပဲ။ သို့ သော်
ကျင့်သုံးတဲ့အခါမှာ နည်းပရိယာယ် နှစ်သွယ်ကို ကျင့်သုံးတာပဲ။ ရက်စက်ကြမ်းတမ်းတဲ့ “ဖမ်းဟယ်၊ ဆီးဟယ်၊ သတ်ဟယ်၊ ဖြတ်ဟယ်” ဆိုပြီး ကျင့်သုံးသလို (ဒါက ကြောင်နက်ကလေး အသွင်ပေါ့) တဖက်မှာ ၂၀၁၀ ခုနှစ် နောက်ပိုင်း တစုံတရာလျော့ပေါ့မှု၊ လူထုအဖွဲ့ များ နိုင်ငံရေးအင်အားစုများနဲ့ ရောထွေးယှက်တင်မှု၊ ငြိမ်းချမ်းရေးလုပ်ဟန်ပြများ ပေါ်လာမှု စတဲ့ နှစ်လိုဖွယ်အသွင်တချို့ ဆောင်ပြမှုများ (ဒါက ချစ်စဖွယ်ကြောင်ဖြူကလေး
အသွင်ပေါ့)တွေ့လာနေရတယ်။

ကြောင်သတ္တ၀ါဟာ နက်သည်ဖြစ်စေ၊ ဖြူသည်ဖြစ်စေ မောဟဖုံးလွှမ်းတဲ့ သားစားသတ္တ၀ါ အမျိုးအစားဖြစ်တယ်ဆိုတာ သတိပြုရမှာပါ။ ပါဏာတိပါတကံ ကျူးလွန်ဖို့  စက္ကန့်နဲ့အမျှ စိတ်ကူးနေတာ သတိပြုရပါမယ်။ ဒီသဘောထားဟာ နိုင်ငံရေးသဘောတရားတခု ဖြစ်တယ်။

မဆလ ဗိုလ်နေ၀င်းစစ်အုပ်စုကြီးစိုးစဉ်က ကမ္ဘာမှာခေတ်စားနေတဲ့ ဆိုရှယ်လစ်စနစ် ကျင့်သုံးမယ်ဆိုပြီး ကမ္ဘာနဲ့ ဗမာကို လိမ်တဲ့အလံ လွှင့်ထူပြတယ်။ လူတွေကြားထဲ မှိုင်းသွင်းလိုက်တာပါ။ လူထုကလည်း ဆယ်နှစ်ဆယ်မိုး ဖဆပလ
ဆိုရှယ်လစ်အောက်မှာ ခံစားရတဲ့ဒုက္ခကို လွတ်မလားလို့  မျှော်ကြည့်မိကြပါတယ်။ အင်္ဂလိပ်အောက်ကလွတ်ပြီး ဂျပန်ဖက်ဆစ်အောက် ရောက်သလိုပါပဲ။ ပိုမိုဆိုးဝါးတာဘဲ ထူးတယ်။ ဒါကြောင့်လည်း သူ့ရဲ့လယ်သမားအပေါ် လိမ်ညာခဲ့တဲ့ ခပေါင်း၊ ဒူးယား နှီးနှောဖလှယ်ပွဲကြီးများ ဆိုတာတွေ၊ တောင်သူလယ်သမားများအတွက် သီးစားခဖျက်သိမ်းရေးဥပဒေတို့ ဆိုတာတွေဟာ နောက်ဆုံးတော့ တောင်သူလယ်သမားတွေရဲ့ စပါးတွေကို အဓမ္မလုယက်မှုတွေကြောင့် အလိမ်တွေ ပေါ်ကုန်တော့တာပါပဲ။ “ဦးကြီးတို့  ဦးကြီးတို့ ” ဆိုပြီး လယ်သမားတွေကို
လိမ်ခေါ်ခဲ့တဲ့ ဗိုလ်နေ၀င်းဟာ လယ်သမားတွေ ရှစ်လေးလုံးမှာ ဆန္ဒပြတော့
ကျည်ဆံကို တည့်တည့်ပစ်ခိုင်းပြီး စစ်အာဏာရှင်သရုပ်ကို ဖော်ပြခဲ့တာပဲ မဟုတ်လား။

ဒီလိုပါပဲ။ အလုပ်သမားအစည်းအရုံးဆိုတာတွေ ဌာနတိုင်း၊ စက်ရုံတိုင်းမှာ ဖွဲ့ ပြီး ဆိုရှယ်လစ်စနစ် အကောင်အထည်ဖော်သယောင် ဆောင်ခဲ့ပေမယ့် ၇၄၊ ၇၅ ခုနှစ် မေ၊ ဇွန် အလုပ်သမားသပိတ်တွေကျတော့ သွေးချောင်းစီး သတ်ဖြတ်ဖြိုခွဲခဲ့တာဘဲ မဟုတ်လား။ “မောင်အလုပ်သမားဆိုရင် မေကပင် စတင်ချစ်ချင်” လို့ ဆိုတဲ့
တေးသီချင်းတွေနဲ့  မှိုင်းတိုက်ခဲ့တာတွေ၊ မေ ဇွန် အလုပ်သမား အရေးအခင်းမှာ မျက်နှာဖုံးမှိုင်းပြယ်ပြီး ဘီလူးဖက်ဆစ်ရုပ် ပေါ်ခဲ့ရတာဘဲ မဟုတ်လား။ ရှစ်လေးလုံး အထွေထွေသပိတ်ပေါင်းစုံတိုက်ပွဲကို ဘယ်လိုချေမှုန်းခဲ့သလဲ။ နိုင်ငံရေးလိမ်ဆင်တွေအားလုံး ဘူးပေါ်သလို ပေါ်ခဲ့တာပဲ မဟုတ်လား။

ဒီနေ့ ၂၀၁၀ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနဲ့ ပေါ်ပေါက်လာတဲ့ လွှတ်တော်တို့ ၊ ၂၀၀၈ ဖွဲ့ စည်းပုံအရ ပေါ်ပေါက်လာတဲ့ ပြည်နယ်တို့ တိုင်းဒေသကြီးတို့ ၊ ရွေးကောက်တင်မြှောက်ခံအစိုးရတို့ ၊ ဒီမိုကရေစီလမ်းပေါ်
လျှောက်နေပြီတို့ ၊ ပွင့်လင်းလူ့ အဖွဲ့ အစည်းတို့ ၊ အပစ်ရပ်ရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတို့ ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလိုက်ရင် တိုင်းပြည်ကြီး ရွှေမိုးငွေမိုး ရွာတော့မယောင်တို့ ၊ နိုင်ငံခြားက အစိုးရအဖွဲ့ ဝင်များ တသောသော လာရောက်နေတာတို့ ၊ အနောက်အုပ်စုကလည်း ဗမာ့တပ်မတော်ကို စစ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ မြှင့်တင်ပေးမယ်တို့ ၊ ငြိမ်းချမ်းရေးပိသုကာကြီးအဖြစ် သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေးနိုဗယ်ဆုကြီးပေးတော့မယောင် လေသံလွှင့်နေတာတွေ အားလုံးအားလုံးကို တခွန်းတည်းမေးမယ်။ ဒါတွေဟာ ပြည်သူ့ အကျိုးစီးပွားကိုဆောင်တဲ့ အခင်းအကျင်းတွေလား ဆိုတာပါပဲ။

ကနေ့ လူမျိုးစုံပြည်သူလူထုရဲ့ သရုပ်မှန်က ဘာလဲ။ စစ်တပ်က လူမျိုးစုပြည်သူများအပေါ် ထိုးစစ် တိုက်စစ်တွေ အပြီးအပြတ် မရပ်သေးဘူး။ စစ်ပြေးဒုက္ခသည်တွေ မိမိရွာ မိမိမပြန်နိုင်သေးဘူး။ စက်မှုဇုန်လုပ်သားတွေ ထမင်းနပ်မှန်မှန်စားရဖို့  ပင်ပန်းကြီးစွာ သပိတ်တိုက်ပွဲ ဆင်နွှဲနေရတယ်။ အစိုးရနဲ့ အလုပ်ရှင်ပေါင်းပြီး
ဖိနှိပ်တာ ခံနေရဆဲ ဖြစ်တယ်။ နိုင်ငံထုတ်ကုန်လုပ်ငန်းရဲ့ အခြေခံရိက္ခာထုတ်လုပ်တဲ့ လယ်ယာမြေတွေ စစ်တပ်၊ အစိုးရနဲ့ ဗျူရိုကရက်အရင်းရှင်တွေက အဓမ္မသိမ်းပိုက်ခံနေရတဲ့အတွက် နိုင်ငံထုတ်ကုန်စွမ်းအားစုကို ဖျက်ဆီးရာ ရောက်နေတယ်။ လယ်သမားထုဘ၀ ကြီးစွာသောဒုက္ခ ရင်စည်းခံနေရတယ်။ လူသားတွေဟာ
နားနေအိပ်စက်ဖို့ ၊ မိုးဒဏ် လေဒဏ် နေဒဏ်မှ ကာကွယ်ဖို့ နေအိမ်အဆောက်အဦ ရှိရပါမယ်။ ဒီအတွက် အိမ်ယာဆောက်ပြီးနေထိုင်တဲ့ မိသားစုတွေကို ကျူးကျော်ရပ်ကွက်ဆိုကာ စစ်တပ်၊ ရဲနဲ့  လူဆိုးလူမိုက်တွေ ငှားယမ်းပြီး
အဓမ္မ၀င်ဖျက်နေတဲ့သတင်းတွေ အလျှံပယ်ကြားနေရတယ်။ အဲဒီနေရာတွေမှာ အစိုးရအာဏာပိုင်နဲ့ ခွဲဝေစီးပွားရှာတဲ့ ခရိုနီလို့ လူသိများတဲ့ စီးပွားရေးအုပ်စုတွေက ခြယ်လှယ်ခွင့်ရနေတယ်။ လူထုတွေဟာ မိမိတို့ ဘ၀ခံစားချက်တွေ လွတ်လပ်စွာ စုဝေးဖော်ထုတ်၊ ပြောဆို၊ ရေးသားခွင့်ဆိုတာ အခြေခံဒီမိုကရေစီ အခွင့်အရေးပဲ။ ဒီအခွင့်အရေးဟာ အနောက်ကလာတာလည်းမဟုတ်၊ အရှေ့ ကဖန်တီးတာလည်းမဟုတ်၊ လူသားသဘာဝ လိုအပ်ချက်ဖြစ်တယ်။ ဒါကို ပုဒ်မ ၁၈ အပါအ၀င် အခြား ဖိနှိပ်ရေးပုဒ်မတွေနဲ့  တရားဥပဒေစိုးမိုးရေးဆိုပြီး မတရားဖိနှိပ်နေတာ ကမ္ဘာသိ မဟုတ်လား။

ဒီနေ့ ကြံ့ဖွံ့အစိုးရဟာ နိုင်ငံတကာ နယ်ချဲ့ သမားနဲ့ အပြိုင် နိုင်ငံဖောက်ပြန်ရေး သမားတွေရဲ့ ကျင့်ထုံး၊ လွတ်လပ်ရေးခေတ် ဖောက်ပြန်ရေးအစိုးရအဆက်ဆက် ဖောက်ပြန်ရေးကျင့်ထုံးဖြစ်တဲ့ ပျော့ပြောင်းတဲ့လုပ်ဟန်မျိုး၊ ပွင့်လင်းတဲ့လုပ်ဟန်မျိုး၊ တဖက်က တိုက်ရင်း တဖက်က နောက်ဆုံးပေါ် သမီးကလေးကျေးရွာ လုပ်ရပ်လို ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုလုပ်ရပ်များကို ကိုင်ဆွဲထားတယ်ဆိုတာ ထင်ရှားတယ်။ ဒီလုပ်ဟန်နှစ်ခုစလုံးဟာ ဘာလဲ။ ကြောင်ဟာ ဖြူသည်ဖြစ်စေ၊ နက်သည်ဖြစ်စေ မူရင်းက အသားစားသတ္တ၀ါပဲ ဆိုတာပဲ။ မောဟတရားဖုံးလွှမ်းပြီး
အ၀ိဇ္ဇာဦးနှောက်သာရှိတဲ့ သတ္တ၀ါလိုဘဲ။ လူ့ နယ်ပယ်မှာလည်း စစ်အာဏာရှင်ရဲ့  မောဟနဲ့ အ၀ိဇ္ဇာဦးနှောက်ဖုံးနေတဲ့ ဦးသိန်းစိန်အစိုးရရဲ့  အပျော့နည်းနဲ့ အမာနည်း (ခေတ်စားနေတဲ့ သိုးဆောင်းစကားနဲ့ ဆိုရင် Soft Ware နဲ့ Hard Ware ပေါ့ဗျာ) သုံးနေတာရဲ့  တစ်ခုတည်းသော အရင်းအမြစ်ဟာ စစ်အာဏာရှင်စနစ် ဖြစ်နေသေးတယ်ဆိုတာ ထင်ရှားတယ်။ ဒါရဲ့ ရှေ့တန်းရောက် ပုံသဏ္ဌာန်ဟာ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဘဲဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်သိပြီး
ပြုပြင်တာတို့ဆိုတဲ့ စကားလုံးနဲ့  ဖုံးမနေဘဲ ပွင့်လင်းစွာပဲ စစ်အာဏာ အငုတ်အတက်ထုတ်ပြီး ဒီမိုကရေစီကျသော ပြည်ထောင်စုဖွဲ့စည်းပုံသစ် ရေးဆွဲ၍ ထိုဖွဲ့ စည်းပုံအသစ်နှင့်အတူ ဒီမိုကရေစီ အစိုးရသစ်ဖော်ထုတ်ရေးသာ ၀ိဇ္ဇာအမြင်
ဖြစ်နိုင်ကြောင်းပါဗျား။

ခမ်းဝင်း

(အလင်းခေတ် ဂျာနယ် အတွဲ ၁ အမှတ် ၇ တွင် ပါရှိသော ခမ်းဝင်း ၏ “ကြောင်ဖြူဖြူ၊ နက်နက် အသားစားတတ်တာတော့ အတူတူပဲ” မှ ထုတ်နုတ်ဖော်ပြပါသည်)

No comments: