Monday, April 21, 2014
အမှောင်ခေတ်ကြီးတခုလုံးကို စိမ်ခေါ်ခဲ့သူ ကွယ်လွန်ခြင်း ဂုဏ်ပြုကဗျာ
ငါတို့ခေတ်မှာ
သူလိုလူတယောက် ရှိနေခဲ့တာကိုက
ငါတို့ခေတ်ရဲ့ မာန်မာနကိုပြတဲ့ မဟာသင်္ကေတပါပဲ။
သူဟာ
ဘယ်လောက်အထိ အသက်ရှင် နေထိုင်နိုင်မလည်း
သူဟာ
မသေခင်ကတည်းက မသေဆေးကို စားနိုင်ခဲ့တယ်
သေဆုံးသွားသည့်တိုင်
အမတကို ပိုင်ဆိုင်သွားနိုင်ခဲ့တယ်။
တချို့က
ခေတ်ကြီးတခုကို ပါးစပ်နဲ့
တချို့ကတော့ လက်နဲ့
တချို့ကတော့ ခေါင်းနဲ့
တချို့ကတော့ ခြေထောက်နဲ့
သူကတော့ နှလုံးသားနဲ့ တည်ဆောက်ခဲ့။
သူ ရှိနေသရွေ့
နေ ဘယ်တော့မှ မကွယ်ဘူး
သူ ရှိနေသရွေ့
လ ဘယ်တော့မှ မ၀င်ဘူး
ငါတို့ တခေတ်လုံး
ငါတို့ ကောင်းကင်တခုလုံး
သူ့ နှလုံးသားနဲ့ ထိန်ထိန်လင်းအောင် ထွန်းညှိပေးခဲ့သူ
ဒါကို ဘယ်သူမှ မငြင်းနိုင်ဘူး။
လူတချို့က
သူ့ကို
အမှောင်ထုကို ကိုယ်စားပြု ပြီးချာင်းကြည့်နေခဲ့ကြတယ်
လူတချို့က
သူ့ကို
အမှောင်ထုကို ကိုယ်စားပြုပြီး ထိတ်လန့်နေကြတယ်။
လူတချို့က
သူ့ကို
အမှောင်ထုကို ကိုယ်စားပြု ပြီး ထုချေဖို့ တချိန်လုံး ကြိုးစားကြတယ်။
လူတချို့ဟာ
သက်ရှိထင်ရှား ရှိနေစဉ်မှာပဲ
အမှောင်ထဲက ထွက်မပြရဲကြဘူး။
လူတချို့က
သက်ရှိထင်ရှား ရှိနေစဉ်မှာပဲ
အမှောင်ထဲမှာ ပျောက်ကွယ်နေကြတယ်။
လူတချို့က
သက်ရှိထင်ရှား ရှိနေစဉ်မှာပဲ
အမှောင်ထဲမှာ နိဂုံးချုပ်သွားကြတယ်။
လူတချို့က
သက်ရှိထင်ရှား ရှိနေစဉ်မှာပဲ
အမှောင်ထဲမှာ သေဆုံးသွားကြရတယ်။
အို ငါတို့ရဲ့ ကြီးမြတ်တဲ့ မဟာလူသားကြီး
သင် ပေးဆပ်ခဲ့တဲ့ အလင်းဓါတ်ဟာ
ငါတို့ရဲ့ကြောကို အခိုင်မာဆုံး ရပ်တည်ပြစေနိုင်ခဲ့တယ်။
သင် ပေးဆပ်ခဲ့တဲ့
အနိုင်မခံ အရှုံးမရှိ
ကြီးမြတ်လေးနက်တဲ့ အလင်းရောင်က
အမှောင်လူသားအားလုံးကို
တိုက်စားသွားလိမ့်မယ်ဆိုတာ ငါတို့ ယုံကြည်တယ်။
ငါ သိနေတယ်
ဒီကနေ့မှာ
သင့်ရဲ့ အသက်ရှုရပ်တန့်သွားခြင်းအပေါ်
လူတချို့က
အမှောင်ထုကြားမှတဆင့်
ခြောင်းမြောင်းနားစွင့်ရင်း
တုန်လှုပ် နေကြပါလိမ့်မယ်။
ငါ
အကြွင်းမဲ့ ယုံကြည်တယ်
သင်ဟာ
ငါတို့ခေတ်ရဲ့ အလင်းရောင်
ငါတို့ခေတ်ရဲ့ ရှေ့ဆောင်
ငါတို့ခေတ်ရဲ့ ကြီးမြတ်တဲ့ မဟာခေါင်းဆောင်ကြီးပါပဲ။
ငြိမ်းဝေ (ကဗျာ့အိုးဝေ)
၇:၁၅
၂၀၊ ၄၊ ၂၀၁၄
ကျနော်တို့ရဲ့ ကြီးမြတ်တဲ့ မဟာလူသားကြီး ဆရာကြီး ဦးဝင်းတင် ဒီကနေ့မနက် ၆ နာရီ ၃၀ မှာ ကွယ်လွန်ခဲ့ပါပြီ။ ကိုငြိမ်းဝေ ကဗျာ့အိုးဝေ ရဲ့ ဂုဏ်သိက္ခာကို ဆက်ပြီးထိန်းပါလို့ ဆုံးမခဲ့သူကြီး။ အခုတော့ ကျနော်တို့ ကြေကွဲရပြီပေါ့။
(ကိုငြိမ်းဝေ ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြပါတယ်)
Labels:
၂၀၁၄,
ကဗျာ,
ဟံသာဝတီ,
ဦးဝင်းတင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment