၁၉၉၂ ခုနှစ် ကျနော် အင်းစိန် သီးသန့်ထောင်မှာတုန်းကပါ။ ကျနော်က ၁ တိုက် နောက်ခြမ်း တိုက်ခန်းနံပတ် ၂၀ မှာပေါ့။ အင်းစိန်သီးသန့်ထောင်ရဲ့ တိုက်တွေပုံစံကို ပြောရရင် ရှေ့အခြမ်းမှာ ၁၂ ခန်း နောက်အခြမ်းမှာ ၁၂ ခန်းနဲ့ အလည်က အုတ်နံရံခြားပြီး ကျောကပ်တိုက်လို့ (ထောင်အခေါ်အရ) ခေါ်ပါတယ်။ ထောင်ထဲကိုရောက်တုန်းက ညအိပ်နေတဲ့အချိန် ခြေရင်းက နံရံကနေ တောက် တောက် ဆိုတဲ့ တခုခုက ကျနော့်အခန်းကို ခေါက်နေတဲ့အခါ သရဲခြောက်တယ်လို့ ထင်ခဲ့မိဖူးတယ်။ ဒီအကြောင်းကို သတ်သတ်ရေးပါ့မယ်။
၁၉၉၂ ခုနှစ် ဆဲဗင်းဂျုလိုင်နေ့မှာ ရေချိုးပြီး ၁၅ မိနစ် လမ်းလျှောက်ခွင့်ပြီးလို့ တိုက်ထဲပြန်ဝင်တယ်ဆိုရင်ပဲ ဆေးပေါ့လိပ်ဖင်ဆီခံ စာရွက်ပေါ်မှာ မှင်နဲ့ရေးထားတဲ့ စာလေးတစောင် ကျနော့် အိပ်ယာဘေးမှာတွေ့ပါတယ်။ ဖတ်ကြည့်လိုက်တော့ ဒီည ဆဲဗင်းဂျူလိုင်ညမှာ ကမ္ဘာမကျေဘူးသီချင်းကို သံပြိုင်ဆိုရင်း ဆဲဗင်းဂျုလိုင်ရဲ့ ကျဆုံးရဲဘော်တွေကို အလေးပြုရအောင်လို့ ရေးထားတယ်၊ သဘောတူရင် ည ၇ နာရီမထိုးခင်မှာ ကိုယ့်တိုက်ခန်းရှေ့က သံတိုင်ကို အသံမည်အောင်ရိုက်ပြီး ကိုယ့်အခန်းနံပတ်နဲ့ သဘောတူကြောင်း အော်ဖို့ပါ။
ကျနော်လဲ ညနေစာ ထမင်းစားပြီး အခန်း ၂၀ က ရာဇာ သဘောတူတယ်ဟေ့လို့ အော်ပြောလိုက်တယ်။ ဒီမှာပဲ ဆဲဗင်းဂျုလိုင် ကျဆုံးရဲဘော်အလေးပြုပွဲ ထောင်တွင်းတိုက်ပွဲက စခဲ့ပါပြီ။ ည ၇ နာရီထိုးလို့ မိန်းဂျေးလ်လို့ခေါ်တဲ့ ထောင်ရုံးက သံချောင်းခေါက်သံ ၇ ချက် တီးလိုက်တယ်ဆိုရင်ပဲ ကျနော်တို့ရဲ့ သီးသန့်ထောင် ၁ တိုက် နောက်ခြမ်းက သီချင်းသံတွေက စတင်ထွက်ပေါ်ခဲ့ပါတယ်။
(ကမ္ဘာ မကျေ ဘူး .. ငါတို့ သွေးနဲ့ ရေးခဲ့ရတဲ့ မော်ကွန်းတွေ ..
ေ တာ် လှ န်ေ ရး .. ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ..
ေ အာ် .. သူရဲကောင်းတို့ရေ .. အာဇာနည်တွေ နေတဲ့တိုင်းပြည်
ရဲ ရဲ တောက် ဒို့ဗမာပြည်)
ဒီလိုသီချင်းကို သံပြိုင်ဆိုနေတုန်း သိပ်မကြာခင်မှာပဲ ရွှီး ရွှီး ဆိုတဲ့ ၀ီစီမှုတ်သံတွေနဲ့အတူ သံတိုင်တွေကို နံပတ်တုတ်တွေနဲ့ ရိုက်သံတွေကြားရပြီး ခေါင်းတွေချထား ခေါင်းတွေချထား ဆိုတဲ့ အော်သံတွေ ထွက်ပေါ်လာပါတော့တယ်။ ကျနော်ကတော့ သီချင်းကို ဆက်ဆိုနေတုန်းပဲ။
စိတ်ထဲမှာတော့ ကျနော် မြန်မာပြည်ရဲ့ ရန်ကုန်လမ်းမတနေရာမှာ ဟစ်ကြွေးသလိုလဲ ခံစားနေမိတယ်။ ဒီလိုနဲ့ ကျနော်တို့ရဲ့ ၁ တိုက် နောက်ခြမ်းကို ဘီလူး သူရဲစီးနေတဲ့ ထောင်အာဏာပိုင်တွေ ရောက်လာတဲ့အချိန်မှာ အားလုံးရဲ့သီချင်းဆိုသံက တိတ်ဆိတ်သွားခဲ့ပါတယ်။ ကျနော် မျက်ရည်တွေလဲကျနေတယ်၊ ဘာလို့ ဒီလိုတိတ်သွားကြတာလဲ၊ တိုက်ပွဲရပ်မယ့်ကာလကို (ဥပမာအားဖြင့် ၁၀ မိနစ် ဆိုမယ်) သို့မဟုတ် (အာဏာပိုင်တွေတားရင် ရပ်မယ်) ဒါမျိုးမပါဘဲ တိုက်ပွဲဖေါ်ပြီး ခုကြမှ အားလုံးရပ်သွားတဲ့အခါ ကျနော်တယောက်ထဲ ဆက်ဆိုနေတယ်။
၁ တိုက်တတိုက်လုံးက ငြိမ်သက်သွားကြပြီ။ အပ်ကျသံတောင်မကြားရတဲ့ ၁ တိုက် တတိုက်လုံးမှာ ကျနော့် သီချင်းဆိုသံပဲရှိတယ်။ ကျနော်လဲမနေနိုင်တာနဲ့ ထအော်တယ် ဆက်ဆိုကြလေ ဘာလုပ်နေကြတာတုန်းလို့ အော်ပြီး၊ ကျနော် ဆက်ဆိုနေတယ်။ အဲဒီအချိန်မှာပဲ ကျနော်တို့ ၁ တိုက် အဆောင်မှူး ထောင်မှူး ဦးဘို ရောက်လာခဲ့ပြီး ဟေ့ကောင် မင်းပါးစပ်ကိုပိတ်ထားစမ်းတဲ့ ကျနော်ကတော့ ကမ္ဘာမကြေဘူးကို အကျယ်ကြီးပဲ တယောက်ထဲပဲ ဆက်ဆိုဆဲပဲ။ ဒီမှာတင် ဦးဘိုက အေး မင်းမနက် ထောင်ဖွင့်ရင် တွေ့ကြသေးတာလို့ပြောပြီး ထွက်သွားတယ်။
ည ၁၁ နာရီလောက်ထိ ကျနော်တယောက်ထဲ ဆိုနေပြီး မောသွားတာနဲ့ ရေသောက်၊ ကျနော့် အိပ်ယာလိပ်ကို ကျနော် ခေါက်လိုက်တယ်။ ဒီအတိုင်းပဲ ကြမ်းပြင်ပေါ်မှာ ခေါက်ပြီးသား အိပ်ယာလိပ်ကို ခေါင်းအုံးလုပ်ပြီး လှဲနေလိုက်တယ်။ ကျနော် သိနေပြီပဲ။ မနက်မိုးလင်းတာနဲ့ ကျနော် ဘာဖြစ်တော့မယ်ဆိုတာ အိပ်ယာလိပ်ပေါ်မှာ အိပ်တော့ရော အများဆုံးအိပ်ရ နောက်ထပ် ၅ နာရီပဲလေ။
ဒီလိုနဲ့ ကျနော်မှေးကနဲ ဖြစ်သွားတုန်းမှာပဲ အသံတွေကြားရပြီး ကျနော်လန့်နိုးလာတယ်။ အရင်တုန်းက ထောင်ဖွင့်သံချောင်းခေါက်ပြီးရင် ပုံစံထိုင်ထားလို့ ပြောတာပဲကြားရတယ်။ အဲဒီနေ့ မနက်ကတော့ ထူးထူးခြားခြား အားလုံးခေါင်းတွေချထား ဆိုတဲ့အသံကို အရင်ဆုံး ကြားလိုက်ရတာပါပဲ။ ကျနော် သိလိုက်ပါပြီ။ သိပ်မကြာခင်မှပဲ စစ်ဖိနပ်အသံတွေ တဖြောင်းဖြောင်းနဲ့ ကျနော့်တိုက်ခန်းရှေ့ကို ရောက်လာကြပါတယ်။
ဟေ့ကောင် မင်းခေါင်းကို မြေကြီးနဲ့ကပ်ထား ဆိုတဲ့ အသံအဆုံး ကျနော့် တိုက်ခန်းကိုသော့ဖွင်သံကြားရပြီး ကျနော့်ကို ခေါင်းစွပ်စွပ်လိုက်ပါတယ်။ ပြီးတော့ ထုံးစံအတိုင်း နောက်ပြန်လက်ထိပ်ခတ်လျက် ဗဟိုရုံးခန်းမိန်းဂျေးလ်ရုံးကို ခေါ်လာပါတယ်။ မိန်းဂျေးနဲ့ကပ်လျက်မှာ ထမင်းချက်တဲ့ မီးဖိုအဆောက်အဦတခု ရှိပါတယ်။ အဲဒီတုန်းက ထမင်းတော့ မချက်တော့ပါဘူး။
ကျနော့်ကို လက်ထိပ်ခတ်လျက်သားနဲ့ သံဒေါက်ခြေချင်းကိုခတ်အပြီးမှာတော့ မင်းလားကွ ကမ္ဘာမကြေချင်ဦး လို့ ဆဲဆိုသံတွေနဲ့အတူ ကျနော့်ကိုယ်ပေါ်ကို နံပတ်ဒုတ်တွေ ရောက်ရှိလာပါတော့တယ်။ ခင်ဗျားတို့ စဉ်းစားကြည့်ကြပါ လက်ကို လက်နောက်ပြန် လက်ထိပ်ခတ်ထားတယ်။ ခြေထောက်ကို ဒေါက်သံခြေချင်းတပ်ထားတဲ့ လူတယောက် လှုပ်လို့မရတဲ့ လူတယောက်ကို တုတ်ကိုင်ထားတဲ့ လူခြောက်ယောက်လောက်က ၀ိုင်းရိုက်နေတာ။ ကျနော်လည်း သတိမေ့တော့မယ်ဆိုတာ ကိုယ့်ကိုယ်ကိုသိနေတယ်။ ထူးခြားတာက ဆက်တိုက်ရိုက်လာတော့ မနာတော့ပဲ လူက ထုံသွားတယ် ထင်တယ်။
ကျနော်မှတ်မိတာတချက်က မင်းတို့စစ်အစိုးရကို ငါမုန်းတယ်လို့ အော်လိုက်တာကို ကျနော် မှတ်မိလိုက်တယ်။ ပြီးတော့ ကျနော် ဘာမှမသိတော့ဘူး။ ကျနော်သတိပြန်ရတော့ လူက သွေးအစက်စက်နဲ့ ဘာအခင်းမှမရှိတဲ့ သံမံတလင်းပေါ်မှာ။ ခြေထောက်မှာ ဒေါက်ခြေချင်း၊ လက်မှာ နောက်ပြန်လက်ထိပ် ခတ်လျက်သားနဲ့ပါပဲ။ ကျနော့် နှာခေါင်းထဲကရော ပါးစပ်ထဲကရော သွေးတွေက တောက်လျှောက်ကျနေပါပြီ။
၁၉၉၂ ခုနှစ် ဆဲဗင်းဂျူလိုင် အမှတ်တရထောင်တွင်းတိုက်ပွဲ
လေးစားစွာဖြင့်
ထက်ရာဇာ (ခေတ္တ) အမေရိက
No comments:
Post a Comment