Sunday, June 15, 2014

ဇရပ် စကားကို အရပ်တရားမလုပ်နဲ့ (Maung Than Swe)

ရွာဦးရွာထိပ်တွေမှာ လမ်းဆုံလမ်းခွတွေနဲ့ သင်္ချိုင်းကုန်းလို နေရာမျိုးတွေမှာ ဇရပ်တွေဆောက်လေ့ရှိတာ၊ ဗမာတွေရဲ့  လူမှုစရိုက်တခု ဖြစ်တယ်။ ရပ်ရွာမှာ သာရေးနာရေး ကိစ္စတွေပေါ်တဲ့အခါ သုံးဖို့၊ ခရီးသွား အာဂန္တုများ ခေတ္တခဏနားနေနိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ဆောက်ကြတာ ဖြစ်တယ်။

ဇရပ်ဆိုမှတော့ လူစုံတာပေါ့။ ဘုန်းကြီး ၊ ရဟန်း ၊ လမ်းဘေးက ကလေကချေ ၊ ဝရမ်းပြေး ၊ ဒမြတွေနဲ့ ဖါသည်ကအစ ဘုရားတကာ ကျောင်းအစ်မ အဆုံး ကြုံတဲ့သူတိုင်း သုံးခွင့်ရှိတယ်ဆိုတာ လူတိုင်းသိတယ် ။ ဒီအခြေအနေကို ဥပမာပေးပြီး  သွားလေသူ သခင်စိုးကြီးကတောင် “ဝရမ်းပြေးနဲ့ ဖါသည်မတို့ အခါကြီးရက်ကြီးဖြစ်တဲ့ ဝါဆိုလပြည့်ညမှာ
ဇရပ်ပေါ်ညားမွေးတဲ့သားဟာ ဒီကနေ့ တပ်မတော်လို့ခေါ်နေတဲ့ စစ်တပ်ဖြစ်တယ်” လို့တောင် တင်စားပြီး ပြောခဲ့သေးတယ်မဟုတ်လား။

ထားပါတော့ဗျာ..ဒီအကြောင်းတွေပြန်ပြောနေရင် တော်တော်ကြာ ပေါ့ဇတစ် မသင့်ကင်းဘူးလို့ ပြောနေကြဦးမယ်။ ဟဲဟဲ.. နဲနဲတော့ကြောက်သား။

လိုရင်းကို ပြန်ပြီးဦးတည်ရရင် အပေါ်မှာပြောခဲ့တဲ့ ဇရပ်ဆိုတဲ့နေရာမှာ ခေတ္တခဏဆုံကြ သူတွေခြင်း ပဋိသန္ဓာရ ၊ အလ္လာပသလ္လာပ ပြောကြတဲ့စကားကို အရပ်ထဲမှာနိစ္စဓူဝသုံးတဲ့တရား လို့ ထင်ယောင်ထင်မှားဖြစ်အောင် မသုံးသင့် မပြော သင့်ဘူးလို့ ဆိုချင်တာက လိုရင်းပါ။ ခုလိုပြောရတာကလည်း ဇရပ်ပေါ်က စကားကို ကိုယ်လိုသလို ဝိဂြိုဟ်ပြုပြီး အရပ်ထဲမှာ တရားအဖြစ်နဲ့ လှည့်ဟောနေတာတွေ တွေ့ရဖန်များ လာတော့ ရွံလာလို့ပဲ…။

မဟန ရဲ့  သင်္ကန်းခြုံပုလိတ်တွေနဲ့ ယူနီဖေါင်းခြုံ ပုလိပ်တွေရယ်၊ ဘုရားစင်အောက်မှာ ဖါခန်းဖွင့်စားတဲ့အဖွဲ့လို့ နာမည်ကြီးနေတဲ့ သာသနာရေးဦးစီးဆိုတဲ့အဖွဲ့က အံ့မောင်နဲ့ အပေါင်းပါတွေရယ် နတ်ချောင်းမှာ အချိန်မတော်ကြီး ဘုန်းကြီးကျောင်းဝင်လုတဲ့ သတင်းက အခုတလော အတော်ကလေးပွဲဆူနေတယ်..။ ပွဲက ဆူမယ့်သာဆူနေတာပါ၊ သိပ်ပြီး ထူးဆန်း လှတာတော့ မဟုတ်ဘူး ဗျ…။ ခနဆို မေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ့် ကိစ္စဆိုတာလည်း ဘောင်းဘီချွတ်တွေရော၊ လိုင်စင်ရ နိဗ္ဗာန်ပိုင်ရှင်တွေရော အားလုံးကသိနေကြတာ။

ပခုက္ကူမှာ ကောင်းဘွိုင်တွေ နွားဖမ်းသလို ကြိုးကွင်းပစ်ပြီးဖမ်းခဲ့တာ၊ ဓါတ်တိုင်မှာ ကြိုးနဲ့တုပ်ပြီး ကတုံးကို သေနတ်ဒင်နဲ့ထုခဲ့တာ၊ ခုလိုပဲ မဟန ထိပ်သီး ဒေသခံ ကိုယ်တော်ကြီးက သင်္ကန်းကြီးတဖါးဖါးနဲ့ ဟိုကောင့်ဖမ်းပါဟ၊ ဒီကောင့်ဆီးပါဟနဲ့ နိဗ္ဗာန်ရောက်ကြောင်းတရားပြခဲ့တာတွေ၊ အခုမှတ်မိကြသေးရဲ့ လား။ ငွေကြာယံဝင်စီးပြီး ဘုန်းကြီးတွေဆီက အပြာခွေတွေတွေ့တဲ့အကြောင်း ကမ္ဘာကိုမောင်းခတ်ခဲ့တာ၊ ပုစွန်တောင်ချောင်းထဲက ဖူးယောင်ညိုမဲနေတဲ့ဒဏ်ရာတွေနဲ့ ပေါ်နေတဲ့အလောင်းဟာ ထိုးကွင်းမှင်ကြောင်ထိုးပြီး ကတုံးတုံးထားတဲ့ သာမန်လူတဦးရဲ့ အလောင်းသာဖြစ်ပါကြောင်း မှင်မောင်းအပြည့်နဲ့ ပြောခဲ့တာတွေ၊ အားလုံးမေ့ကုန်ကြပြီ မဟုတ်လား။

မနေ့တနေ့ကမှ ကပ်ခဲ့တဲ့ မီးခိုးဗုံး (မီးလောင်ဗုံးလို့ ဗုံးနဲ့ထုခဲ့သူတွေရဲ့  ဂုဏ်သိက္ခာကိုထိခိုက်အောင် စိတ်နဲ့တောင် ပစ်မှားပြီးမခေါ်ရဘူးဆိုတာ) နဲ့ လယ်တီသိမ်စေတီဟာအတုကြီး၊ အဲဒီအောက်မှာရှိတဲ့ ကြေးနီသိုက်ကြီးက အစစ်ကြီး ဆိုတာကအစ သိပ်မကြာသေးခင်ကအကြောင်းတွေမို့ သတိကောင်းကောင်းမရ၊ မမှတ်မိတတ်ကြတာက ကျုပ်တို့လူမျိုးတွေလေ။ ဒါကြောင့်လည်း နတ်ချောင်းက အဖြစ်အပျက်ဟာ သိပ်မထူးဆန်းလှဘူးလို့ ဆိုခဲ့တာ။ မင်းသိင်္ခရဲ့  ပုရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား စကားကို ငှားပြီး နည်းနည်းလေးကွန့်ပြောရရင် ပြီးတော့လည်းပြီး သွားတာပါပဲဗျာ .. ဟုတ်ဖူးလား .. ဟဲဟဲ ။

အဲ.. မပြီးတာကတော့ နိုင်ငံတော်ကအားကိုးလောက်တဲ့ အတွေးအခေါ်ပိုင်ရှင် ဇရပ်ဖွားပညာရှင်တို့်ရဲ့  ဇရပ်စကားနဲ့ ဇရပ်တရားပါပဲ။
နိုင်ငံတော်ကအားကိုးလောက်တဲ့ အတွေးအခေါ်ပိုင်ရှင် ဆိုတာက သူ့ရဲ့ ဘဝင် ၊ ဇရပ်ထဲမှာ ကြားခဲ့တဲ့စကားကို ငါ့စကားလုပ်ပြီး၊ ငါ့စကား နွားရ အရပ်ထဲမှာ တရားတတ်ပုဂ္ဂိုလ်လို ဟောတတ်တာက သူ့ရဲ့ ဘဝ ၊ အဲဒီ ဘဝင်နဲ့ ဘဝ နှစ်ခုပေါင်းပြီး ကျလာတာက အောက်ကလိအာဆရာကြီး ဝါဒပဲ။ အဲဒီဝါဒရဲ့  သင်ကြားချက်က အစိုးရဆိုတာ ရေမြေ့ရှင်၊ ပြည်သူလူထုဆိုတာ အစိုးရရဲ့  ကျေးကျွန်၊ ပညာရှင်ဆို တာ .. ငါ ၊ ငါမှတပါး အခြားမရှိ ဆိုတာပဲဖြစ်တယ်။

အဲဒီတော့ မိုးကျရွှေကိုယ်အစိုးရက ဒီတိုင်းပြည်ကိုပိုင်ပြီး ပြည်သူသန်းခြောက်ဆယ်က လုံးလုံးမဆိုင်ဘူးတို့၊ အစိုးရက သူပိုင်တာသူရောင်းတာ၊ ဘယ်သူမှကန့်ကွက်ပိုင်ခွင့် မရှိဘူးတို့၊ အစိုးရပိုင်တဲ့မြေပေါ်မှာ အစိုးရကခွင့်ပြုသမျှအချိန်အထိပဲ နေခွင့်ရှိတယ်၊ ဖယ်ခိုင်းရင်ဖယ်ပေးရမှာပဲ၊ ဒါဟာ လောကပါလတရားအရ နိုင်ငံတကာ့အမှန်တရားတို့ ဘာတို့..စတဲ့ အရူးချီးပန်းစကားတွေကို ရှက်ရကောင်းမှန်းကိုမသိဘဲ လူတောထဲမှာ မျက်နှာပြောင်တိုက်ပြီး ပြောလာတော့တာပေါ့။ အကောင်းမြင်၊ အကောင်းတွေးဆိုတဲ့ အကျိုးရှိစွာတွေးတောပါ ဆိုတာလည်း သင်သေးသဗျ။ အဲဒါကတော့ ခပ်ရှင်းရှင်းနား လည်နိုင်အောင်ချုံ့  ရေးပြရရင် လက်ရှိအာဏာရအစိုးရကို မငြိုငြင်ပါစေနဲ့ ဖင်ပေး၍ ပေါင်းပါ လို့ပြောတာပါပဲ။

အဲဒီ.. ဇရပ်စကားတွေကို အရပ်ထဲမှာ တရားလုပ်နေသမျှတော့ ဝေါ့ကီတော့ကီကိုင် သင်္ကန်းခြုံစွမ်းအားရှင်တွေရဲ့  ကြည်ညိုသပ္ပါယ်စရာကောင်းလှတဲ့ “ဒကာမလေး .. ညိုပြာညက် .. ဂိုယာရမ်” တို့ ဘာတို့နဲ့ တက်ဘုန်းကြီးတို့ခေတ်ဆန်းချိန်ကို သေချာပေါက်မြင်ကြရတော့မယ်ဆိုတာ အတတ်ဟောလိုက်ပါရဲ့  … ။

Maung Than Swe

No comments: