Tuesday, August 26, 2014

ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေစက်ရုံမှ ထုတ်လွှတ်သော ဆာလ်ဖာဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ဆိုင်ရာ ပြသနာများနှင့်

August 25, 2014 | Zay Htet

    ကျောက်မီးသွေးမှ ဓါတ်အား အမြောက်အများထုတ်လိုသူများနှင့်လက် ရှိမြန်မာပြည်အတွင်းတွင်ကျောက်မီးသွေးနှင့် ဓါတ်အားထုတ်ပေးနေသူများ ဖတ်သင့်ပါသည်။ ကျောက်မီးသွေးမှာပါသော နှစ်ဒါဇင်ထက်မနည်းသော အဆိပ်ပေါင်းများစွာအနက်မှ SO2 တခုထဲကိုပင် တော်တော် ခက်ရာခဲဆစ်လုပ်၍ ဖြေရှင်းနိုင်အောင် သက်သာအောင် မည်မျှကြိုးပမ်းရသလဲဆိုတာကို တွေ့ရပါမည်။

ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေစက်ရုံမှ ထုတ်လွှတ်သော ဆာလ်ဖာဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ဆိုင်ရာ ပြသနာများနှင့်
ထိမ်းချုပ်မှုနည်းလမ်းများ (ထိုင်းနိုင်ငံဥပမာ)

(၁)

    တကယ်တော့ ဒီစာစုလေးကိုရေးဖို့ တွန်းအားဖြစ်စေခဲ့တာကတော့ Facebook ပေါ်ကဆရာ Hlaing Oo ရဲ့ ကျောက်မီးသွေးစက်ရုံဆိုင်ရာ စာတွေကိုဖတ်ပြီးကတည်းက ပါပဲ။ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံတွေ တည်ထောင်လည်ပတ်ကြရာမှာ ပါတ်ဝန်းကျင်ဆိုင်ရာနဲ့ လူထုကျန်းမာရေးဆိုင်ရာ ပြသနာတွေဖြစ်ခဲ့ကြရတဲ့ဖြစ်ရပ်တွေ ရှိနေကြတဲ့အတွက် ကန့်ကွက်မှုတွေ ကြုံကြရတတ်ပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံအသီးသီးရဲ့ အစိုးရအသီးသီးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ တည်ဆောက်ခြင်းကို ရွေးချယ်ရလေ့ရှိပါတယ်။ ကြုံတွေ့လာရမယ့်အခက်အခဲတွေကို ခန့်မှန်းပြီးကြိုတင်ပြင်ဆင်ကြဖို့ဆိုတာ ပါဝင်ပါတ်သက်သူတိုင်းလိုလို တွေးထားအကောင်အထည်ဖော်ထားရမယ့် သဘောရှိပါတယ်။ အများသူငါကြုံတွေ့ခဲ့ဖူးတဲ့ ပြသနာတွေကို လေ့လာပြီးပြင်ဆင်ကြရမှာပါ။
     အိမ်နီးချင်းနိုင်ငံတခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာ တည်ရှိတဲ့ အကြီးဆုံး ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတခုမှာ ဖြစ်ပေါ်ခဲ့တဲ့ လေထုညစ်ညမ်းမှုဆိုင်ရာ ပြသနာတွေနဲ့ သူတို့ဘယ်လိုဖြေရှင်းခဲ့ကြတယ်ဆိုတာကို ဖတ်ရှုခဲ့ရတာကို ပြန်လည်ဖောက်သည်ချတဲ့အနေနဲ့ တင်ပြပေးဖို့ဆန္ဒရှိတာနဲ့ ဒီစာကိုရေးလိုက်ရတာပါ။ ဆက်လက်ဆောင်ရွက်ကြမယ့် ကျောက်မီးသွေးဓါတ်အားပေးစက် ရုံစီမံကိန်းများရဲ့ တာဝန်ရှိသူများအနေနဲ့ကော ပတ်ဝန်းကျင်မှာနေထိုင်ကြရမယ့် ပြည်သူများအနေနဲ့ကော သိသင့်တာလေးတွေကို တီးမိခေါက်မိရှိသွားအောင်လို့ပါ။

    Mae Moh ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံဟာ ထိုင်းနိုင်ငံ လန်ပန်းခရိုင်မှာတည်ရှိပြီး ရှေးဟောင်းဘုရားစေတီတွေရှိရာ လန်ပန်းမြို့နဲ့ မလှမ်းမကမ်းမှာတည်ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးကျောက်မီး သွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှု အများဆုံး အရင်းအမြစ်တနေရာ ဖြစ်ပါတယ်။ တပ်ဆင်ထားတဲ့စက်တွေကနေ စုစုပေါင်းထုတ်လုပ် နိုင်စွမ်း 2625 မဂ္ဂါဝပ်ရှိပြီး လစ်ဂနိုက်ကျောက်မီးသွေးကို အသုံးပြုပြီး ထုတ်လုပ်မှုယူနစ် 13 ခုကနေထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။ ပထမထုတ်လုပ်မှုယူနစ် 3 ခုဟာ 75 မဂ္ဂါဝပ် စီထုတ်လုပ်ခဲ့ပြီး တစ်ခုစီရဲ့အမြင့်ဟာ 80 မီတာရှိ ပါတယ်။ ထုတ်လုပ်မှုယူနစ် 4 ကနေ 7 နဲ့ 8 ကနေ 13 ထိမှာတော့ 150 မဂ္ဂါဝပ်နဲ့ 300 မဂ္ဂါဝပ်တွေအသီးသီး ထုတ်လုပ်နိုင်ဖို့တပ်ဆင်ထားပါတယ်။ အမြင့် 150 မီတာစီရှိပါတယ်။ စက်ရုံမှာလောင်စာအဖြစ်သုံးစွဲမယ့် လစ်ဂနိုက်အရည်အသွေးရှိ ကျောက်မီးသွေးတွေကိုတော့ ဒီဓါတ်အားပေး စက်ရုံတွေနဲ့ ကပ်လျက်မှာရှိတဲ့ Mae Moh ကျောက်မီးသွေးတွင်းတွေကနေပဲ ထုတ်ယူသုံးစွဲပါတယ်။ နေ့စဉ်နေ့စဉ် ကျောက်မီးသွေးတန်ချိန် ၅ သောင်းကို ဓါတ်အားပေးစက်ရုံတွေအတွက် သုံးစွဲလျက်ရှိပါတယ်။ ဒီကျောက်မီးသွေးတွင်းကရရှိတဲ့ ကျောက်မီးသွေးထဲမှာ ဆာလ်ဖာပါဝင်မှုကတော့ ၃ ရာခိုင်နှုန်း (Weight % on Dry Basis) ရှိပါတယ်။ ဒီစက်ရုံတွေကို လည်ပတ်သုံးစွဲလာခဲ့ရာမှာ ၁၉၉၂ ခုနှစ်နဲ့ ၁၉၉၈ ခုနှစ်တွေမှာ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ထုတ် လွှတ်မှုတွေနဲ့ပတ်သက်တဲ့ ထူးခြားဖြစ်စဉ် နှစ်ခုပေါ်ပေါက်ခဲ့ပါတယ်။

(၂)

    ၁၉၉၂ ခုနှစ်ရဲ့ အောက်တိုဘာလဆန်း မိုးရာသီကုန်ဆုံးပြီး ဆောင်းရာသီကိုကူးပြောင်းစအခါသမယမှာ ဒီစက်ရုံကြီးရဲ့ ပထမဆုံး ဆာလ်ဖာဒိုင်အောက်ဆိုဒ်ဖြစ်စဉ်တခုကို စတင်သတိထားမိကြပါတယ်။ ပုံမှန်ပျမ်းမျှစံနှုန်းအား ဖြင့် 780 µg/m3 ရှိရမယ့်နေရာမှာ မြေလွှာအထက်ဝန်းကျင်ရှိ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ပါဝင်မှုနှုန်းက 3418 အထိပါဝင်နေတာကို တွေ့ရှိခဲ့ကြရပါတယ်။ အဲဒီအချိန်တုန်းက ထုတ်လုပ်မှုယူနစ် 11 ခုကနေပဲ ဓါတ်အားမဂ္ဂါဝပ် ပေါင်း 2025 ကိုပဲထုတ်လုပ်နိုင်သေးချိန်ပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပေါ်တာကလည်း ထုတ်လုပ်မှုစွမ်းအား 300 မဂ္ဂါဝပ်စီရှိတဲ့ ယူနစ် 10 နဲ့ 11 ကိုတပ်ဆင်ပြီး ၁၉၉၂ နှစ်ဦးပိုင်းမှာ စတင်လည်ပတ်ပြီး မူလထက်ထပ်တိုးလာတဲ့ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု တနှစ်ကို ၁ သိန်း ၆ သောင်းတန် ထုတ်လုပ်မှုဖြစ်တဲ့ နောက်ပိုင်းမှာ ပါပဲ။

ဒီ Mae Moh တောင်ကြားဒေသကို ဆောင်းတွင်းအခါ ဖိအားမြင့်အခြေအနေက လွှမ်းမိုးလားတဲ့အချိန်မှာ ညအချိန်မြေမျက်နှာပြင်မှာ အခြေအနေအပြောင်းအလဲက ဒီဖြစ်စဉ်ကို ပိုမိုဆိုးရွားလာစေတယ်လို့ ဆိုပါတယ်။ နေ၀င်ပြီးချိန်မှာ ဒီတောင်ကြားဒေသတလျှောက် အထက်ကတည်ငြိမ် မျက်နှာပြင်ဖလှယ်မှုအလွှာမှာ ဒီဓါတ်အား ပေးစက်ရုံတွေက ထုတ်လွှတ်လိုက်တဲ့ ဆာလ်ဖာဒိုင်အောက်ဆိုဒ်တွေကို တညလုံးစုစည်းထုတ်ပိုးထားသလို ဖြစ်နေတတ်ပါတယ်။ မနက်နေထွက်လို့ အပူရှိန်ရလာပြီဆိုမှ တဖြည်းဖြည်းချင်းပဲ ဒီအလွှာဟာ တဖြည်းဖြည်းပေါက် ကွဲထွက်လာပါတယ်။ တဆက်တည်းဆိုသလိုပဲ စုစည်းထားတဲ့ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့တွေဟာ မြေပြင်လေထုအလွှာတည်းကိုရောက်ရှိလာပြီး ဆာလ်ဖာဒိုင်အောက်ဆိုဒ်ပါဝင်မှုတွေ ရုတ်တရက်မြင့်တက်လာမှုတွေ ဖြစ်လာတော့တာပါပဲ။ အထူးသဖြင့်တော့ နေ့အချိန် ၁၀ နာရီနဲ့ ၂ နာရီကြားမှာ ဆာလ်ဖာဒိုင်အောက်ဆိုဒ် ပါဝင်မှုအမြင့်ဆုံးအချိန်ကို ရောက်လာပါတော့တယ်။

    ဒီဖြစ်စဉ်ကြောင့် စက်ရုံဆီကနေ လေသင့်ရာလမ်းကြောင်းပေါ်မှာ နေထိုင်ကြတဲ့ ကျေးလက်အသီးသီးက ဒေသခံတွေဟာနှာခေါင်း၊ လည်ချောင်း ယားယံခြင်း၊ စူးအောင့်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ကြပ်ရောဂါ လက္ခဏာများခံစားရခြင်း၊ နှာစေးခြင်း၊ အော့အန်ခြင်း၊ အိပ်ငိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ရံဖန်ရံခါ သလိပ်ကပ်သံဖြင့် အသက်ရှူနေရခြင်းနှင့် အသက်ရှူမြန်ခြင်း စတာတွေကို ခံစားလာကြရပါတယ်။ သေဆုံးပျက်စီးမှုအထိတော့ မရောက်ရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒီလိုကျန်းမာရေးထိခိုက်မှုတွေအပြင် အပင်တွေနဲ့ သတ္တ၀ါတွေအတွက်လဲ ထိုခိုက်မှုတွေ ဖြစ်ခဲ့ရပါတယ်။ သစ်ပင် သီးပင် စားပင်တွေရဲ့အရွက်တွေဟာ ညအချိန်မှာ ကြွေကျကုန်ကြရပါတယ်။ သတ္တ၀ါတွေမှာလဲ နာမကျန်းဆုံးရှုံးမှုတွေ ဖြစ်ခဲ့ကြရပါတယ်။ ဒီဖြစ်စဉ်တွေဖြစ်ပေါ်ရတဲ့အတွက် ဒီလုပ်ငန်းကြီးကနေ နစ်နာဆုံးရှုံးရတဲ့ ပြည်သူတွေအတွက်နစ်နာကြေးအဖြစ် ဘတ်ငွေ ၈ သန်းကျော်ပေးလျှော်ခဲ့ရပါတယ်။

(၃)

    ဒုတိယမြောက်ဖြစ်စဉ်ကတော့ ပထမဖြစ်စဉ်အပြီးနောက်ပိုင်း ၆ နှစ်ကျော်အကြာ ၁၉၉၈ ခု သြဂုတ်လမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီတခါဖြစ်စဉ် ဖြစ်ပွားရတဲ့အကြောင်းကတော့ ပုံမှန်မဟုတ်တဲ့ စက်ရုံလည်ပတ်မှုအခြေအနေနဲ့အတူ လေထုထဲမှာ ဆာလ်ဖာဒိုင်အောက်ဆိုဒ်တွေ ညအချိန်မှာအလွန်အမင်းများပြားလာတာတွေပေါင်းပြီး ဖြစ်ပွားခဲ့ရတယ်လို့ ဆိုပါတယ်။ 300 မဂ္ဂါဝပ်ထုတ်ပေးနေတဲ့စက်ရုံရဲ့ FGD လို့ခေါ်တဲ့ မီးခိုးခေါင်းတိုင်ကထွက်လာမယ့် အငွေ့တွေထဲက ဆာလ်ဖာပါဝင်မှုလျှော့ချစေတဲ့ အစိတ်အပိုင်းကို ပြင်ဆင်ဖို့အတွက် ခေတ္တပိတ်ထားပေမယ့် လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့စက်ရုံကိုတော့ ဒီအစိတ်အပိုင်းမသုံးဘဲ ဆက်လက်လည်ပတ်စေခဲ့ပါတယ်။ နောက် တနေ့ရဲ့ နံနက်ပိုင်းမှာတော့ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ပါဝင်မှုဟာ တနာရီအတွင်းမှာ 2308 µg/m3 ကိုရောက် ရှိနေတာကို တိုင်းတာရရှိခဲ့ပါတယ်။ စက်ရုံအနီးက အပင်တွေ သတ္တ၀ါတွေနဲ့ လူတွေအပေါ်မှာ ဆိုးကျိုးသက်ရောက်မှုတွေ တဖန်ပြန်ပြီးခံစားလာကြရပါတယ်။

    ဒီတခါမှာတော့ ဒီစက်ရုံကြီးကနေ လျှော်ကြေးငွေ ဘတ် သန်း ၃၀ ကျော်ပေးလိုက်ရပြန်ပါတော့တယ်။

    အမျိုးမျိုးသော ကျန်းမာရေးအတွက်ဆိုးကျိုးသက်ရောက်မှုဆိုင်ရာ လေ့လာတွေ့ရှိချက်တွေအရ ပန်းနာရင်ကြပ်ရှိတဲ့သူတွေကလွဲရင် သာမန် ကျန်းမာရေးကောင်းသူတွေအတွက်ကတော့ လေထုထဲမှာ ဆာလ်ဖာဒိုင်အောက်ဆိုဒ် ပါဝင်မှု 1300 µg/m3 မကျော်သေးသရွေ့ ပြသနာမရှိသေးဘူးလို့ သိရပါတယ်။ ဒီ Mae Moh မှာ ၁၉၉၂ မှာဖြစ် ပျက်ခဲ့တာတွေအရလဲ ဒီပမာဏအောက်မှာ ရှိနေသေးသရွေ့ ပြသနာတစုံတရာ မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ပန်းနာရင်ကြပ်ရှိသူတွေအတွက်လဲ လေထုထဲမှာ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ပမာဏ 780 µg/m3 အောက်မှာ ရှိနေသေးသရွေ့ ပြသနာမဖြစ်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့်မို့ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ကြောင့် Mae Moh တောင်ကြားတလျှောက် ရုတ်တရက်ထိခိုက်လာတဲ့ ကျန်းမာရေးဆိုင်ရာ ရိုက်ခတ်မှုတွေကို လျော့ကျသက်သာစေဖို့အတွက် ညစ်ညမ်းမှုထိမ်းသိမ်းရေးဌာန (Pollution Control Department-PCD) ဟာ ရုတ်ချည်း ပတ်ဝန်းကျင်လေထု အရည်အသွေးစံနှုန်းအဖြစ်နဲ့ 1300 µg/m3 ကို လက်ခံသတ်မှတ်ခဲ့ပါတယ်။ ရေရှည်အတွက်တော့ 780 µg/m3 ကို စံနှုန်းအဖြစ် ထပ်မံထည့်သွင်း သတ်မှတ်ခဲ့ပါတယ်။ လိုအပ်တဲ့စံနှုန်းမှာ လေထုအရည်အသွေးရှိနေစေဖို့အတွက် ချက်ချင်းတုန့်ပြန်ရမယ့် သက်သာစေမယ့်အစီအစဉ်တွေ၊ ရေတို၊ ရေရှည်နဲ့ ထပ်ဆောင်းအစီအစဉ်တွေကိုပါ ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

    အခြေခံအားဖြင့် ဒီစက်ရုံကြီးမှာ ထုတ်လုပ်မှုယူနစ် 1 ကနေ 3 ကလွဲရင်ကျန်တဲ့ယူနစ်တွေမှာ FGD တွေတပ်ဖို့စီစဉ်ခဲ့ ပါတယ်။ (ဒီယူနစ်တွေကလဲ အလွန်ကိုအိုဟောင်းနေပြီဖြစ်ပြီး တပ်ဆင်ခဲ့ရင်လဲ စီးပွားရေးအရ တွက်ခြေမကိုက်ပါဘူးလို့သိရပါတယ်)။ ပထမဖြစ်စဉ်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကို ထိမ်းသိမ်းဖို့အတွက် သိပ်ပြီးများများစားစား ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဘဲ ဆာလ်ဖာဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနည်းအောင် ဓါတ်အားထုတ်လုပ်နိုင်စွမ်း ၄၀ % လောက် လျှော့ချထုတ်လုပ်ခြင်းအားဖြင့် လစ်ဂနိုက်ကျောက်မီးသွေးသုံးစွဲမှုကို လျှော့ချခဲ့ပါတယ်။ အထူးသဖြင့်တော့ မနက်လင်းအားကြီးပိုင်းကနေ မွန်းမတည့်မီအချိန်တွေမှာ လျှော့ချခဲ့တာပါ။ ဒါ့အပြင် ဆာလ်ဖာဒိုင်အောက်ဆိုဒ် ပမာဏမြင့်လာပြီလို့ ယူဆရချိန်မှာ လစ်ဂနိုက်ကျောက်မီးသွေးတွေအစား ဆာလ်ဖာပါဝင်မှုနည်းတဲ့ ဒီဇယ်တွေ အစားထိုးသုံးစွဲပြီး ဓါတ်အားထုတ်ယူခဲ့တယ်လို့ သိရပါတယ်။ နောက်တမျိုးကတော့ ဆာလ်ဖာပါဝင်မှုနည်းတဲ့ (Weight % 2) လောက်ပဲရှိတဲ့ အရည်အသွေးရှိ ကျောက်မီးသွေးကို Mae Moh ကျောက်မီးသွေးတွင်းကနေသီး သန့်ထုတ်ယူသုံးစွဲခဲ့တယ်လို့ သိရပါတယ်။ ဒီအခြေအနေတွေအတွက်လဲ ပတ်ဝန်းကျင်မှာ ဆာလ်ဖာဒိုင်အောက်ဆိုဒ် ပါဝင်မှုစဉ်ဆက်မပြတ်စောင့်ကြည့်ပြီး ဓါတ်အားထုတ်လုပ်မှုကို ထိမ်းချုပ်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

(၄)

    ရေရှည်စီမံချက်နဲ့ ဆောင်ရွက်မှုမပြည့်စုံသေးချိန်မှာတော့ အမျိုးမျိုးသော ရေတိုစီမံချက်တွေနဲ့ နှစ်စဉ် အထူးသဖြင့် ဆောင်းရာသီတိုင်းမှာ ဆောင်ရွက်ခဲ့ကြရတယ်လို့လဲ ဆိုပါတယ်။ ဒါတွေကတော့ လန်ပန်းခရိုင်ထဲမှာရှိတဲ့ အခြားသော ပုဂ္ဂလိကပိုင်ကျောက်မီးသွေးတွင်းတွေက ဆာလ်ဖာပါဝင်မှုနှုန်း ၁ % ရှိတဲ့ ကျောက်မီးသွေးတွေ ၀ယ်ယူသုံးစွဲတာ၊ အာရုံတက်လောက်ကနေ မွန်းမတည့်ခင်ထိ လျှပ်စစ်ထုတ်ယူမှုလျှော့ချတာ၊ ဆာလ်ဖာပါဝင်မှုနည်းတဲ့ ဒီဇယ်တွေကိုလောင်စာအဖြစ် သုံးစွဲတာ၊ ဆောင်းရာသီမှာ ပုံမှန်နှစ်စဉ်ထုတ်လုပ်မှုရပ်ပြီး ပြင်ဆင်ထိမ်းသိမ်းမှုတွေ လုပ်ဆောင်တာ၊ တနာရီချင်းစီကို ဒီဒေသကြီးတလျှောက်က နေရာအသီးသီးက ပါတ်ဝန်းကျင်မှာ ဆာလ်ဖာဒိုင်အောက်ဆိုဒ် ပါဝင်မှုကို စောင့်ကြည့်ပြီး ရလာတဲ့အချက်အလက်တွေကိုသုံးပြီး သတိပေးခြင်းနဲ့ စက်ရုံလည်ပတ် မှုကိုထိမ်းကြောင်းတာ၊ ထိုင်းနိုင်ငံမြောက်ပိုင်း မိုးလေ၀သဌာနက တရက်ချင်းစီရဲ့ မိုးလေ၀သခန့်မှန်းချက်တွေ ရယူပြီး အပေါ်ပိုင်းလေထုအခြေအနေကို စောင့်ကြည့်တာ၊ လှည့်လည်ဆေးကုသစောင့်ရှောက်ရေး အဖွဲ့တွေနေ့ စဉ်လှည့်ပတ်ပြီး ကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးစေတာ၊

    ဒုတိယဖြစ်စဉ် (၁၉၉၈) အပြီးမှာ ယူနစ် 1 ကနေ 7 ထိကိုစုစုပေါင်း 410 မဂ္ဂါဝပ်ထက်ပိုထုတ်ခွင့်မပေးတော့ဘဲ တနာရီကို ဆာလ်ဖာဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ၁၅ တန်ထက်မများအောင် ထိမ်းသိမ်းပြီး ဆောင်းရာသီမှာ မနက်ပိုင်းတွေမှာ တနာရီ ၇ တန် ထက်မများအောင် ထိမ်းသိမ်းစေတာတွေပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီ Mae Moh ကျောက်မီးသွေးတွင်းမှာကလဲ ဆာလ်ဖာပါဝင်မှုနည်းတဲ့ ကျောက်မီးသွေးဆိုတာကလည်း အကန့်အသတ်နဲ့သာရှိပြီး ဒီအရည်အသွေးရှိကျောက်မီးသွေးကိုသုံးပြီး ဆာလ်ဖာဒိုင်အောက်ဆိုဒ်ပါဝင်မှု လျှော့ချဖို့ဆိုတာကလည်း ရေရှည်မှာမဖြစ်နိုင်ပါဘူး။

    ၁၉၉၃ မှာတော့ PCD နဲ့ ဓါတ်အားပေးစက်ရုံက တာဝန်ရှိသူတွေဟာ လေထုညစ်ညမ်းမှုအခြေအနေတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ ဒီပြသနာတွေကိုလျော့ပါးစေမယ့် ကုန်ကျစရိတ်အသက်သာဆုံး နည်းလမ်းတွေကို ဖော်ထုတ်ဖို့ စတင်လုပ်ဆောင်ကြရပါတော့တယ်။ စက်ရုံကနေ ဆာလ်ဖာဒိုင်အောက်ဆိုဒ် ထုတ်လွှတ်တဲ့နှုန်းနဲ့ မြေလွှာဝန်းကျင်က ဆာလ်ဖာဒိုင်အောက်ဆိုဒ်ပါဝင်မှု နှိုင်းယှဉ်နိုင်ဖို့ လေထအခြေအနေအမျိုးမျိုးမှာ ဒီစက်ရုံကထုတ်လွှတ်တဲ့ ဆာလ်ဖာဒိုင်အောက်ဆိုဒ် ပျံ့နှံ့မှု မိုဒယ်တွေ ပြုလုပ်ပြီး စမ်းသပ်စစ်ဆေးခဲ့ကြပါတယ်။ ဒီဒေသရဲ့ မြေလွှာဝန်းကျင်မှာရှိရမယ့် ဆာလ်ဖာဒိုင်အောက်ဆိုဒ် ပမာဏကို 780 µg/m3 အောက်မှာတနာရီချင်းစီပျမ်းမျှရှိနေဖို့အတွက် စက်ရုံကထုတ်လွှတ်မယ့်ခွင့်ပြုနိုင်တဲ့ ထုတ်လွှတ်မှုပမာဏကိုတိုင်းတာသတ်မှတ်ခဲ့ကြပါတယ်။

    လိုအပ်တဲ့ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု လျှော့ချခြင်းအတွက် တိုင်းတာသတ်မှတ်ခဲ့ကြပါတယ်။

FGD လို၊

လစ်ဂနိုက်ကျောက်မီးသွေး ဆေးကြောသန့်စင် ခြင်းလို၊

ဓါတ်အားထုတ်လုပ်မှုလျှော့ချခြင်းလို၊ ခေါင်းတိုင်တွေ ပိုမြင့်အောင်ဆောက်လုပ်ခြင်းတို့လို၊

စက်ရုံခေတ္တ ပိတ်သိမ်းပြီး ပြန်လည်ကြံ့ခိုင်ရေးလုပ်ခြင်းတို့လို

စရိတ်စက သက်သာပြီး ထိရောက်မယ့် ဆာလ်ဖာဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုထိန်းချုပ်ခြင်း နည်းစဉ်တွေကို သုံးသပ် အကောင်အထည်ဖော်ကြပါတယ်။ ဒီထက်ပိုပြီးကုန်ကျစရိတ် အသက်သာဆုံးနည်းလမ်းတွေကိုလည်း ရှာဖွေသုံးသပ်ကြပါတယ်။ ဒီမှာတွေ့ရှိရတာကတော့ ထုတ်လုပ်မှုယူနစ် 4 ကနေ 11 ထိကို ဆာလ်ဖာဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ၉၈% ထိ လျှော့ချဖို့ပါပဲ။

    ထုံးကျောက် စိုစွတ်နေတာကိုသုံးစွဲတဲ့ FGD စနစ်ဟာ ဒီဓါတ်အားပေးစက်ရုံတွေအတွက် စရိတ် အသက်သာဆုံး ထိန်ချုပ်မှုစနစ်တခု ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ရတဲ့အတွက် ဒါကိုသုံးစွဲခဲ့ပါတယ်။

    ယူနစ် 12 နဲ့ 13 ကတော့၁၉၉၅ ခုမှာ တည်ဆောက်ပြီးစီးစဉ်ကတည်းက ဒီစနစ်ကို တပါတည်းတပ်ဆင်ခဲ့တဲ့အတွက် ဆာလ်ဖာဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို ၉၅ % ထိလျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ ဘုတ်အဖွဲ့ (National Environmental Board) ကတော့ အနာဂတ်မှာ လိုအပ်လာရင် ဆာလ်ဖာဒိုင်အောက်ဆိုဒ် ၉၅% လျှော့ချနိုင်တာထက် ၉၈%ထိလျှော့ချနိုင်စွမ်းရှိအောင် နည်းပညာတိုးမြှင့်ဖို့ လိုလားခဲ့ပါတယ်။

    ယူနစ် 1 ကနေ 3 တို့ကတော့ လျှပ်စစ်ထုတ်လုပ်နိုင်မှု စွမ်းအားလျော့နည်းပြီး လည်ပတ်လာခဲ့တာလည်း နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီဖြစ်လို့ FGD တပ်ဆင်နည်းပညာမြှင့်မယ်ဆိုရင်တောင်မှ တွက်ခြေမကိုက်တဲ့အတွက် ဆာလ်ဖာပါဝင်မှု ၁% ထက်နည်းတဲ့ ကျောက်မီးသွေးသုံးပြီး လည်ပတ်ရင်လည်ပတ် မဟုတ်ရင်တော့ အပြီးတိုင်ရပ်နားလိုက်ဖို့ပဲ ဖြစ်ပါတယ်။

    ဒါ့အပြင် ထပ်ဆောင်းလုပ်ဆောင်မှုတွေအနေနဲ့ ပတ်ဝန်းကျင်လေထု စောင့်ကြည့်တိုင်းတာရေး ကွန်ယက်ကို Mae Moh တောင်ကြားဒေသမှာ ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။

    PCD ဟာ ဆောင်းအခါမှာ လစဉ်လေ ထုအရည်အသွေး ကိုက်ညီမှုရှိမရှိ စစ်ဆေးပြီး ကျန်ကာလတွေမှာတော့ ၂ လ တကြိမ် စစ်ဆေးမှုများ ပုံမှန်ပြုလုပ်ခဲ့ကြပါတယ်။ ဓါတ်အားထုတ်လုပ်မှု ယူနစ်တခုချင်းစီကထုတ်လွှတ်တဲ့ ဆာလ်ဖာဒိုင်အောက်ဆိုဒ် ထုတ်လွှတ်ပမာဏကို စဉ်ဆက်မပြတ်ထုတ်လွှတ်မှု စောင့်ကြည့်ရေးစနစ် (Continuous Emission Monitering System – CEMS) ကို အသုံးပြုစောင့်ကြည့်ပါတယ်။ ၁၉၉၉ ကနေစပြီး ဒီစောင့်ကြည့်ရာကရလာတဲ့ စက်ရုံတွေက ထုတ်တာကော ပတ်ဝန်းကျင်လေထုမှရှိတာကော ဆာလ်ဖာဒိုင်အောက်ဆိုဒ်ပါဝင်မှု အချက်အလက်တွေကို PCD နဲ့ Mae Moh ဆေးရုံဆီကို အွန်လိုင်းကနေတဆင့် အဆက်မပြတ် သတင်းပို့ခဲ့ကြပါတယ်။

    ကျန်းမာရေးဆိုင် ရာရိုက်ခတ်မှုဆိုင်ရာနဲ့ပတ်သက်ပြီး လေ့လာနိုင်ဖို့အတွက် ၁၉၉၆ ကနေ ၂၀၀၁ အထိ ၆ နှစ်တာကာလအတွင်း ရောဂါဖြစ်ပွားခြင်း ကာကွယ်ခြင်းနဲ့ဆိုင်တဲ့ စစ်တမ်းကောက်ယူမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ပတ်ဝန်းကျင်ရှိ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ပါဝင်မှုနှုန်းကို ကြိုတင်ခန့်မှန်းတဲ့မိုဒယ်ဖော်ထုတ်နိုင်ဖို့ စက်ရုံကနေထုတ်လွှတ်တဲ့ ဆာလ်ဖာဒိုင်အောက်ဆိုဒ်တွေ လေထုထဲမှာသယ်ဆောင်ပျံ့နှံ့မှုကို ပိုမိုကောင်းစွာ သိရှိနားလည်နိုင်မယ့် များပြားလှစွာသော လေ့လာသုတေသနပြုမှုတွေ လုပ်ကိုင်ခဲ့ကြပါတယ်။ အပင်တွေနဲ့သတ္တ၀ါတွေအပေါ်မှာ ဆိုးကျိုးသက် ရောက်မှုတွေနဲ့ပတ်သက်ပြီးတော့လည်း လေ့လာသုတေသနပြုခဲ့ကြပါတယ်။ လူမှုဘ၀အရည်အသွေးတိုးတက် ရေးဆိုင်ရာ ရန်ပုံငွေတရပ်ကို စက်ရုံကနေတည်ထောင်ပေးခဲ့ပြီး ပြည်သူလူထုက စီမံခန့်ခွဲလုပ်ဆောင်စေခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် မတ်လကနေစပြီး ဆာလ်ဖာဒိုင်အောက်ဆိုဒ်လွှတ်ထုတ်မှုကို တနာရီလျင် ၁၁ တန်ထက်ပိုပြီး မထုတ်လုပ်အောင်တားဆီးနိုင်ခဲ့ပြီး FGD မပါရှိပဲနဲ့ ဓါတ်အားထုတ်လုပ်မှု လုံးဝမလုပ်ခဲ့တော့ပါဘူးလို့ သိရပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ ၁၉၉၂ က ဆာလ်ဖာဒိုင်အောက်ဆိုဒ်ပါဝင်မှု 3481 µg/m3 ရှိရာကနေ 500 µg/m3 ကို လျှော့ချထိမ်းထားနိုင်ခဲ့ပါတယ်။ ဒီလိုပဲ တနာရီကို ၁၉၉၂ က ၁၅၀ တန်ထုတ်လွှတ်နေရာကနေ ၇ တန်ထိကို လျှော့ချထိမ်းသိမ်းနိုင်ခဲ့ပါတယ်။

    ကဲ သူတို့ဆီက ဥပမာတွေကိုဖတ်ပြီးချိန်မှာတော့ ကိုယ်တွေဆီက ဆရာသမားတွေဒီလိုကော လိုက်လုပ်နိုင်ပါ့မလားရယ်လို့ စိတ်ပူမိပါတယ်။

    ချက်ချင်းတုန့်ပြန်ရေးအစီအမံတွေ၊ ရေတိုရေရှည်အစီအမံတွေ၊ ထပ်ဆောင်းအစီအမံတွေနဲ့ ချိန်ခါမလပ်စောင့်ကြည့်ရေး အသိပေးရေးစနစ်တွေနဲ့ ကူညီကယ်ဆယ်ရေးအစီအမံ တွေပါလုပ်ဆောင်ခဲ့ကြတာဟာ ဒီစက်ရုံကြီးတခုလုံးဟာ အစိုးရတပိုင်း အဖွဲ့အစည်းကြီးတခုအနေနဲ့သာလုပ် ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။

    မြန်မာပြည်လို ပုဂ္ဂလိကလုပ်ပိုင်ခွင့်တွေ ချပေးထားပြီး ပုဂ္ဂလိကအဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့စည်းတွေ ပေါင်းစည်းလုပ်ဆောင်နိုင်စွမ်း အားနည်းတဲ့တိုင်းပြည်မျိုးမှာ ဒီအစီအမံတွေရှိနေစေအုံးတောင်မှ တကယ်အကောင်အထည် ဖော်နိုင်ပါ့မလားဆိုတာ သံသယ ဖြစ်မိပါတယ်။
...........................................................................

https://www.facebook.com/notes/hlaing-oo/%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%80%E1%80%B9%E1%80%99%E1%80%AE%E1%80%B8%E1%80%B1%E1%80%9E%E1%80%BC%E1%80%B8%E1%80%B1%E1%80%9C%E1%80%AC%E1%80%84%E1%80%B9%E1%80%85%E1%80%AC%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%9C%E1%80%BD%E1%80%BA%E1%80%95%E1%80%B9%E1%80%85%E1%80%85%E1%80%B9%E1%80%93%E1%80%AB%E1%80%90%E1%80%B9%E1%80%A1%E1%80%AC%E1%80%B8%E1%80%B1%E1%80%95%E1%80%85%E1%80%80%E1%80%B9%E1%80%9B%E1%80%B6%E1%80%AF%E1%80%99%E1%80%BD%E1%80%91%E1%80%AF%E1%80%90%E1%80%B9%E1%80%9C%E1%82%8A%E1%80%90%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC%E1%80%86%E1%80%AC%E1%80%9C%E1%80%B9%E1%80%96%E1%80%AC%E1%80%92%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B1%E1%80%A1%E1%80%AC%E1%80%80%E1%80%B9%E1%80%86%E1%80%AD%E1%80%AF%E1%80%92/692834350791211

No comments: