Wednesday, November 12, 2014

ကိုပါကြီး ကိစ္စ စုံစမ်းဖော်ထုတ်ရာတွင် သက်သေအဖြစ် ဆောင်ရွက်ပေးသူတွေကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဖိအားပေးဆင့်ခေါ်မှုများရှိနေ

10 Nov 2014 | Yamounnar

ကိုပါကြီး ကိစ္စနဲ့ပတ်သက်ပြီး လူပျောက်အမှုဖွင့်ရာမှာ ကာယကံရှင်ဘက်က သက်သေအဖြစ် လိုက်ပါဆောင်ရွက်ပေးတဲ့ ဘားအံသတင်းထောက် ကိုအောင်ပ အား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ဆင့်ခေါ်စာထဲတွင် ဖိအားပေးမှုတွေ ပါဝင်နေတာ တွေ့ရှိရတယ်။

ကိုပါကြီ ကိစ္စ စုံစမ်းစစ်ဆေးရန်အတွက် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ကိုအောင်ပ ကို ဆင်ခေါ်တဲ့ နိုဝင်ဘာ ၇ ရက် ရက်စွဲတပ်ထားတဲ့ စာထဲမှာ ပုဒ်မ ၃၅ အရ
စုံစမ်းစစ်ဆေးရေးပတ်သက်လို့ သတင်းအချက်အလက်ပေးနိုင်မည်ဟု ထင်ရသည့် မည်သူ့ကိုမဆို သတ်မှတ်ထားသည့်အချိန်နေရာတွင် လာရောက်သက်သေခံရန် ဆင့်ဆိုခြင်း ကတိသစ္စာပြုခြင်း၊ စစ်မေးမြန်းခြင်းနှင့် ထွက်ဆိုချက်မှာ လက်မှတ်ထိုးခြင်းတွေ ပြုလုပ်ရမှာ ဖြစ်တယ်။ ဆင့်ခေါ်ခြင်းကို အကြောင်းမဲ့ပျက်ကွက်ပါက ဥပဒေနဲ့အညီ အရေးယူသွားမယ် ဖြစ်တယ်လို့ ဆင့်ခေါ်စာမှာ ပါရှိတယ်။

ကိုပါကြီး နဲ့ပတ်သတ်ပြီး ကျိုက်မရောရဲစခန်းမှာ အောက်တိုဘာ ၁၉ ရက်နေ့က လူပျောက်မှုဖွင့်ခဲ့တယ်။ အဲဒီ အမှုဖွင့်ခဲ့တဲ့ ကိစ္စမှာ ကိုအောင်ပ ဟာ သက်သေတဦးအနေနဲ့ ပါဝင်ခဲ့ပါတယ်။ အခု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဆင့်ခေါ်တာနဲ့ပတ်သက်လို့ ဘားအံအခြေစိုက် အလွတ်သတင်းထောက် ကိုအောင်ပ ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ ...

“ကိုပါကြီးအလောင်းကို မော်လမြိုင်ရင်ခွဲရုံရောက်ပြီး နောက်တနေ့မနက် ကျနော်ဆီ ဖုန်းဆက်ခေါ်တယ်။ လူ့အခွင့်အရေးကော်မရှင်က ကျနော်ကို တွေ့ချင်တယ်တဲ့
ကျနော်က အားရင်လာမယ်ပြောလိုက်တယ်။ ခရိုင်ထွေအုပ်ဆီက နေ့လည် ၂ နာရီဖုန်းထပ်ဆက်တယ်။ ကျနော်က နော်အုံးလှတို့နဲ့ တိုင်ပင်ပြီး ကျနော်က တရားဝင်စာထုတ်ခေါ်မှ လာနိုင်မယ်လို့ ဖုန်းနဲ့ အကြောင်းပြန်တယ်။ နောက်တချက်က ခေါ်စရာအကြောင်း မရှိဘူး။ ဒီကိစ္စက မသန္တာတာနဲ့ဆိုင်တာ သူ့ကို ဘာမှမမေးဘဲနဲ့ ကျနော့်ကို ဘာကြောင့် ကျနော့်ကိုခေါ်ရတာလဲ။ ခေါ်လို့သွားတယ်ပဲထားအုံး လမ်းစရိတ် စားစရိတ် နေစရိတ် ဘယ်သူပေးမှာလဲ။ အမှန်သူတို့လုပ်ပိုင်ခွင့်ဘောင်ကျော်တယ်။ တရားရုံးမှာ မထွက်ရသေးဘဲနဲ့ သူတို့ကိုမပြောနိုင်ဘူး။ သူတို့သိချင်ရင် ရဲစခန်းမှာ သက်သေအစစ်ခံချက်ရှိတယ် ကျနော် သိတာတွေကို ပြောထားတာဘဲ။”

ကျိုက်မရော ရဲစခန်းမှာ သက်သေအဖြစ် လက်မှတ်ထိုးခဲ့တုန်းက နိုင်စိုးမြင့် ၊ နော်အုံးလှ ကိုအောင်ပတို့ သုံးဦး မသန္တာဘက်က ပါဝင်လက်မှတ်ထိုးခဲ့ကြပြီး အခု လူ့အခွင့်အရေးကော်မရှင်က ကိုအောင်ပ တဦးတည်းကိုသာ ဆင့်ခေါ်ထားပါတယ်။ ရဲတွေက ကိုအောင်ပ အိမ်ကို စာလာပို့တာကြောင့် ကိုအောင်ပရဲ့ မိခင်နဲ့ အမျိုးသမီးလည်း စိုးရိမ်နေကြတယ်။ ယခု ဆင့်ခေါ်စာနဲ့ပတ်သက်ပြီ ကိုအောင်ပ ရဲ့အခွင့်အရေးကို ချိုးဖောက်တယ်၊ ခြိမ်းခြောက်ခံနေရတယ်လို့ တဆက်တည်း ပြောပြတယ်။

ကိုအောင်ပ ဟာ ကရင်ပြည်နယ် ဘားအံမြို့မှာ အလွတ်သတင်းထောက်အဖြစ် ရပ်တည်နေထိုင်သူတဦး ဖြစ်ပါတယ်။ လက်ရှိမှာ Tomorrow ဂျာနယ်နဲ့ Healthcare ကျန်းမာရေးဂျာနယ်တွေမှာ ရေးသားနေတဲ့ အလွတ်သတင်းထောက်တဦး ဖြစ်ပါတယ်။
ကိုပါကြီး ရုပ်အလောင်းကို ရန်ကုန်ရောက်တဲ့အထိ သယ်ယူပို့ဆောင်ရေးမှာ ပါဝင်ကူညီခဲ့သူ တဦး ပြောပြတာက

“သက်သေသုံးဦးရှိတယ် နော်အုံးလှ၊ နိုင်စိုးမြင့်၊ ကိုအောင်ပ အဲဒီ သုံးဦးထဲက ကိုအောင်ပ ဆီကို ရွေးပြီး ဆင့်ခေါ်တာကိုက စဉ်းစားစရာဖြစ်တယ်။ ကိုအောင်ပက ဘားအံမှာ နေတယ် မော်လမြိုင်သား၊ ကိုပါကြီး သေဆုံးမှုဖြစ်တဲ့ နယ်မြေနဲ့နီးစပ်တယ်၊ ထိစပ်တယ်။ အဲဒီလိုလူမျိုးကိုမှာ ဘာဖြစ်လို့ ရွေးပြီး ဆင့်ခေါ်တာလဲ ဆင့်ခေါ်စာကလည်း ဖိအားပေးခေါ်တဲ့ပုံစံမျိုးဖြစ်နေတယ်၊ ဥပဒေတွေနဲ့ ခြောက်ထားတယ်၊ အမှုဖြစ်ခဲ့တဲ့ နယ်မြေက သက်သေတွေကို ကြောက်လန့်သွားအောင် သက်သေမထွက်ရဲအောင် ခြောက်ထုတ်နေတယ်လို့ပဲမြင်တယ်။ နောက်ပြီး သမ္မတ က အဖြစ်မှန်ကို အမြန်သိချင်လို့ လူ့အခွင့်အရေးကော်မရှင်ကို စုံစမ်းဖို့ တာဝန်ပေးလိုက်ကာမှပဲ ဥပဒေကြိမ်းလုံးကို ကောက်ကိုင်ရမ်းတော့တာ့ပဲ အဲလိုဖြစ်တယ်။ ဒီပုံအတိုင်းဆိုရင်တော့ အဖြစ်မှန်နဲ့တော့ ဝေးနေအုံမှာပဲ” လို့ ပြောပြသွားတယ်။

ကိုပါကြီး သေဆုံးမှုနဲ့ပတ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က သမ္မတရုံးကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာ အလျင်အမြန်တင်ပြရန် အောက်တိုဘာလ ၃၀ ရက်နေ့က နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့က ထုပ်ပြန်ချက်အမှတ် ၇/၂၀၁၄ ကို ထုတ်ပြန်ခဲ့တယ်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင်းမှာ စက်တင်ဘာ ၂၆ ရက်နေ့က ဒီကေဘီအေနဲ့ အစိုးရစစ်တပ်တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲသတင်းကို သွားယူပြီး ကျိုက်မရောမြို့ပေါ် ပြန်လာတဲ့ အလွတ်သတင်းထောက် ကိုပါကြီး ကို စက်တင်ဘာ ၃၀ ရက်နေ့ ကျိုက်မရောမြို့ပေါ်မှာ ဖမ်းဆီးခဲ့ပြီး တိုက်ပွဲအတွင်း အစိုးရဘက်က ဒီကေဘီအေတပ်တွေ ရှိတဲ့နေရာကိုပြဖို့ လမ်းပြအဖြစ် ပြန်လည်းခေါ်ဆောင်သွားခဲ့ရမှ သတင်းစအအန ပျောက်ဆုံးခဲ့တယ်။

ကိုပါကြီး ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံထဲ ရန်ကုန် မန္တလေးအပါအဝင် မြို့ကြီးတွေမှာ အမှုမှန်ဖော်ထုတ်ပေးဖို့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တယ်။ အမေရိကန် အင်္ဂလန်အပါဝင် RSF CPJ လို့ အဖွဲ့အစည်းမျိုးတွေက အမှုမှန်ပေါ်ပေါက်ရေးအတွက် မြန်မာအစိုးရကို ဖိအားပေးခဲ့ကြတယ်။
ကိုပါကြီး ပျော်ဆုံးနေကြောင်း ကာယကံရှင်တွေ လိုက်ရှာကာမှ အောက်တိုဘာ ၂၄ ရောက်မှာ သက်ဆိုင်သူတွေကို အကြောင်းကြားလာတယ်။ ကိုပါကြီးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က သေနတ်လုပြေးတာကြောင့် ပစ်သတ်လိုက်ကြောင်း ကျိုက်မရောမြို့နယ် ရွှေဝါချောင်ကျေးရွာ တောင်ဘက် မီတာ ၈၀၀ မှာ ကောင်းမွန်စွာ သင်္ဂြိုဟ်ထားကြောင်း အသိပေး ထုတ်ပြန်ချက်ထွက်လာတယ်။

ကျိုက်မရောမြို့ ရဲစခန်းက အလောင်းတူးဖေါ် စစ်ဆေးဖို့ အကြောင်းကြားလာတဲ့အတွက် နိုဝင်ဘာလ ၅ ရက်နေ့မှ သွားရောက်တူးဖော်ပြီး မော်လမြိုင်ဆေးရုံပို့ကာ စစ်ဆေးခဲ့ကြပြီး ကိုပါကြီး ရုပ်အလောင်းမှာ သေနတ်ဒဏ်ရာ ၅ ချက်ရှိတွေ့ရတယ်လို့ မှုခင်းဆရာဝန်ပြောပြချက်အရ သိရတယ်။ နိုဝင်ဘာလ ၆ ရက်နေ့မှာ ကိုပါကြီး ရုပ်အလောင်းကို ရန်ကုန်သို့ သယ်ဆောင်ပြီး အဲဒီနေ့ညနေ ၅ နာရီမှာပဲ ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်ထားလိုက်တယ်။

No comments: