(၁)
အချိန်ကား (၁၉၉၉) ခုနှစ်။
နေရာကား ရှမ်းပြည်တနေရာ။
တောင်ပေါ်ဒေသရဲ့ ဆောင်းတွင်း အအေးဒဏ်ကြောင့် သူမ လက်ဖျား က လေးများ ထုံနေသလို ခံစားနေရသည်။ သို့ပေမယ့် ချစ်သူနဲ့တွေ့ရတဲ့ ရှားရှား ပါးပါး အချိန်လေးကို အအေးဒဏ်ကြောင့်
မကုန်ဆုံးစေချင်ပါ။ တွေ့နေကျ ဒီတောင်ပေါ်ဘုရားလေးပေါ်မှာ ချစ်သူမျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း၊ သူ ပြောသော စကားလေးတွေကို နားထောင်ရတဲ့ အရသာကို သူမ ဘာနဲ့မှ မလဲ နိုင်ပါ။ ချစ်သူပြောသော စကားလေးများက စုံလင်လှသည်။ နိုင်ငံရေး၊ တိုင်း ရင်းသားအရေး၊ လက်နက်ကိုင်တော်လှန်ရေး၊ ပညာရေး၊ လူတန်းစားအရေး။ သူမနားလည်သည်များလဲရှိ၊ နားမလည်သည်များလဲရှိ။ သို့ပေမယ့် ချစ်သူ ပြောသော စကားလုံးလေးတွေမို့ သူမအတွေးထဲမှာ အမြတ်တနိုး သိမ်းရင်း နားထောင်ဖြစ်သည်။
မိသားစု၊ အသိုင်းအဝိုင်း၊ မိတ်ဆွေ၊ သူငယ်ချင်း။ အရာရာကို ဆန့်ကျင်ပြီး လျှောက်ဖို့ ကြိုးစားနေရတဲ့ ဒီလမ်းပေါ်မှာ ချစ်သူသည်သာ လမ်းပြကြယ်စင်။ ချစ်သူသည်သာ သူမရဲ့ ဘဝဖော်။ အချစ်ကြောင့် ရွေးချယ်ခဲ့သော လမ်းမဟုတ်ပေမယ့် သူမရွေးချယ်ခဲ့သော လမ်း ပေါ်မှာ ဆရာဆိုလဲဟုတ်၊ ခေါင်းဆောင်ဆိုလဲဟုတ်၊ ချစ်သူဆိုလဲဟုတ်၊ ဘဝလက်တွဲဖော်လို့ ရည်မှန်းထားသူဆိုလဲဟုတ်တဲ့ ဒီလိုလူ တယောက်က အဆင်သင့် ပေါ်လာခဲ့တာ သူမရဲ့ ကံကောင်းခြင်း လက်ဆောင်ပဲ ထင်ပါရဲ့။
“ညီမလေး အရမ်းချမ်းနေပြီလား။ အနွေးထည်က ပါးပါးလေးဝတ်လာတာကိုး။ အစ်ကို့ဂျာကင် ဝတ်ထားလိုက်နော်”
“မလုပ်ပါနဲ့အစ်ကိုရဲ့။ အစ်ကို့က ဂျာကင်ချွတ်လိုက်ရင် ရှပ်အင်္ကျီလေးနဲ့ရယ်။ ပိုချမ်းမှာပေါ့”
“ရပါတယ်ညီမလေးရဲ့။ အစ်ကိုက တောင်ပေါ်မှာပဲမွေး၊ တောင်ပေါ်မှာပဲ နေလာတဲ့သူ”
“အောင်မာ။ ညီမလေးလဲ တောင်ပေါ်သူပါပဲနော်”
“ခုတော့ မဟုတ်တော့ဘူးလေ။ မြေပြန့်မှာ ကျောင်းသွားတက်နေတာကိုး။ ခုပဲကြည့်။ အနွေးထည် ထူထူ ဝတ်မလာဘူး”
အစ်ကိုက ဆူသလိုလေး ပြောရင်း ဂျာကင်အင်္ကျီလေးကို ဝတ်ပေးသည်။ အသက်ချင်းကလဲ ဆယ်နှစ်ကျော်ကွာတာမို့ ချစ်သူတပိုင်း၊ မောင်နှမ တပိုင်းလို ဖြစ်နေကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကို ဂရုဏာဒေါသော အပြောလေးတွေထဲက စိုးရိမ်စိတ်လေးတွေကို သူမ သဘောတကျနဲ့ ကြည်နူးနေ တတ်ခဲ့ပြီ။
“မှန်းစမ်း။ လက်တွေက အေးနေတာပဲ။ သွေးပူသွားအောင် လမ်းထလျှောက်ကြရအောင်။ လမ်းသွားရင်း စကားပြောကြတာပေါ့”
အနီးက တောတန်းလေးဘက်သို့ သူမတို့ ဆက်လျှောက်ခဲ့ကြသည်။ အစ်ကိုဆုပ်ကိုင်ထားသော သူမလက်ကလေးက တစတစ ပြန် နွေးလာသလို ပြောနေကြသော စကားလေးတွေကလဲ အရှိန်ရလာသည်။ ဒီရိုးမတောင်တန်းကြီးပေါ်က လက်နက်ကိုင်တော်လှန်ရေး တွေအကြောင်း ကြားရတိုင်း သူမသွေးတွေ ဆူပွက်နေကြ။ ဒီသမိုင်းကြောင်းတွေမှာ ကိုယ်တိုင်ကိုယ်ကျ မပါဖြစ်ခဲ့ရတာအတွက် လူဖြစ် နောက်ကျသလို ခံစားရတတ်စမြဲ။
“ညီမလေး တောခိုချင်တယ် အစ်ကို။ ဒီစကားကို ပြောနေတာလဲ အကြိမ်ပေါင်းများစွာ မကတော့ဘူး။ ဆက်သွယ်ပေးဖို့ အစ်ကို့ကို ပြောတိုင်းလဲ တားနေတာပဲ”
အကြိမ်များစွာ ဖွင့်ခဲ့ဖူးသော ဓာတ်ပြားဟောင်းကိုပဲ သူမပြန်ဖွင့်ဖြစ်သည်။ ခေတ်ကာလအချိန်၊ နိုင်ငံရေး အခြေအနေတွေအရ လက် နက်ကိုင်တော်လှန်ရေး ရေချိန်ကျလာတာတွေကို သူမ မသိလို့တော့ မဟုတ်။ သို့ပေမယ့် လက်နက်ကိုင်တော်လှန်ရေးခေတ် လုံးဝ ကုန်သွားပြီလို့တော့ သူမ မယူဆမိ။ မရှိမဖြစ် လိုအပ်ချက်တရပ်လို့ သူမစိတ်ထဲ ယုံကြည်ထားမိသည်။
“မြို့ပေါ်မှာ နေလို့ ရသေးသရွေ့တော့ တောခိုတာကို အစ်ကိုက အားမပေးချင်ဘူး။ ဒါကြောင့် ညီမလေးကို မြို့ပေါ်မှာပဲ နေခိုင်းတာပါ။ ပညာဆက်သင်။ လူတွေကို စည်းရုံး၊ စာတွေဖတ်၊ ပြင်ဆင်၊ တည်ဆောက်။ အချိန်အခါစောင့်။ အစ်ကိုက ဒီတာဝန်တွေပဲ ညီမလေးကို ဆက်ယူစေချင်တယ်”
“ညီမလေးကလေ အဲဒီလေ့လာရေးတွေလုပ်၊ ပြင်ဆင်၊ တည်ဆောက်တာတွေကို စိတ်မရှည်တော့သလို ဖြစ်နေတယ်။ တခါတည်း သေနတ်ဆွဲပြီး ရင်ဆိုင်ပစ်ချင်တယ်”
“ကိုယ့်ထက် အဆမတန် အင်အားကြီးမားတဲ့ ရန်သူကို ရင်ဆိုင်တဲ့အခါ စိတ်လိုက်မာန်ပါ လုပ်လို့ မရတာတွေ အများကြီးပဲ ညီမလေး။ အားကြီးသူကို အားနည်းသူက ထိပ်တိုက်ရင်ဆိုင်ရင် အားကြီးသူက နိုင်မှာပဲ။ ဒီတော့ သွယ်ဝိုက်ပြီး ရင်ဆိုင်ရတယ်။ ဒီလိုရင်ဆိုင်တဲ့ အခါမှာ ဥာဏ်ကိုလွှာပြီး အသုံးချနိုင်ဖို့လိုမယ်။ စစ်သုံးစကားနဲ့ ဆိုရင်တော့ ရန်သူက Conventional attack နဲ့ ရင်ဆိုင်လာတဲ့အခါ ကိုယ့်ဘက်က Conventional Defense နဲ့ ပြန်ရင်ဆိုင်ဖို့ လိုသလို ရန်သူရဲ့ Barbarism ကို ကိုယ့်ဘက်က Guerrilla Warfare Strategy သုံးပြီး အနိုင်ယူဖို့ ကြိုးစားရမယ်”
“ဒါကြောင့် အစ်ကို့ကို ညီမလေး ပြောတာလေ။ တောခိုပါမယ်ဆို။ Guerrilla လုပ်ချင်တာ။ သူပုန်လုပ်ချင်တာ”
“ညီမလေးက သူပုန်ဖြစ်နေပြီပဲဥစ္စာ”
“အစ်ကိုကလဲ လုပ်ပြန်ပြီ။ ညီမလေးက ဘယ်မှာ သူပုန်ဖြစ်သေးလို့လဲ။ ဘာလက်နက်မှလဲ ညီမလေးလက်ထဲမှာ မရှိသေးဘူး။ ဘာ တိုက်ပွဲမှလဲ မတိုက်ရသေးဘူး။ တိုက်ဖို့နေနေသာသာ တောခိုပါမယ်ဆိုတာလဲ အစ်ကိုက ခွင့်မပြုဘူး”
“ဟားဟားဟားဟား”
သူမစကားအဆုံးမှ အစ်ကိုက တဟားဟား ထရီတာကြောင့် သူမ စိတ်တိုသွားရသည်။
“အစ်ကိုနော်။ လူကို မရီနဲ့။ ဘာလဲ။ ညီမလေးက သေနတ်မကိုင်ရဲဘူး ထင်လို့လား”
“မထင်ပါဘူးဗျာ။ ညီမလေး လုပ်ချင်ရင် မလုပ်ရဲတာ ဘာမှ မရှိဘူးဆိုတာ အစ်ကို ယုံပြီးသား။ ညီမလေးပြောပုံကို သဘောကျလို့ ရီမိ တာပါ။ အင်း- တကယ်တော့ အစ်ကို လိုသွားတာ။ သူပုန်ဆိုတာမှာ တောခိုပြီး အခိုင်အမာစခန်းတည်ဆောက်၊ ရန်သူကို ရင်ဆိုင်တဲ့ သူပုန်ရှိသလို မြို့ပြသူပုန်လဲ ရှိတယ်ဆိုတာ ညီမလေးကို အစ်ကို မပြောပြခဲ့မိဘူး”
“မြို့ပြသူပုန်၊ ဟုတ်လား အစ်ကို”
စကားလုံးအသစ်လေးက သူမ နှလုံး ခုန်သံကို ကျယ်လောင်သွားစေခဲ့သည်။
(၂)
“မြို့ပြသူပုန် (urban guerrilla) ဆိုတာကလဲ တောထဲတောင်ထဲမှာ အခြေစိုက် တော်လှန်နေကြသူတွေလိုပဲ ဖိနှိပ်တဲ့ အာဏာရှင် တွေကို တိုက်ပွဲဝင် တော်လှန်နေသူတွေပဲ ညီမလေး။ တခုပဲ ကွာတာက operation area ဖြစ်တဲ့ လှုပ်ရှားနယ်မြေပဲ။ မြို့ပြသူပုန်ရဲ့ တော်လှန်ရေး လှုပ်ရှားနယ်မြေက မြို့ကြီးတွေပဲ”
အစ်ကို ရှင်းပြနေသည်များကို သူမစိတ်ဝင်တစားနှင့် နားထောင်နေမိသည်။ မြို့ပြသူပုန်ဆိုသော စကားလုံးလေးကို ကြားလိုက်ရက တည်းက သူမရင်ထဲက ရင်ခုန်သံတွေ ကျယ်လောင်လာခဲ့ဖူးသည်။ ဒီစကားလုံးလေးက သူပုန်လုပ်ပြီး မတရားမှုကို ပုန်ကန်လိုသော သူမရဲ့ သွေးတွေကို ပွက်ပွက်ဆူနေစေခဲ့သည်။ ဒါကြောင့်လဲ အသေးစိတ်ရှင်းပြဖို့ အစ်ကို့ကို သူမပြောရသည်။
ဒီဇင်ဘာ ကျောင်း ပိတ်ရက်ကာလမှာ အစ်ကိုလဲ အားနေသလို သူမလဲ အားနေသည်။ သူငယ်ချင်း အိမ်တွေသွားမယ်ဆိုပြီး အိမ်ကကားမောင်းသမားကို သူငယ်ချင်းတွေအိမ်မှာ ချခိုင်း၊ ရောက်ရာနေရာမှာ ငါးမိနစ်လောက်နေပြီးမှ တက္ကစီနဲ့ တခါပြန်ထွက်၊ လာကြိုမယ့်အချိန်မရောက်ခင် ကြိုပြန်လာရတာမှ လွဲ၍ သူမ ဆီမှာ အခက်အခဲက သိပ်မရှိလှ။ သူမသိချင်၊ လုပ်ချင်ပြီဆိုလျှင် ဒိထက်ခက်တဲ့ အခက်အခဲ ဘယ် လောက်ပဲ ကြုံကြုံ၊ မရရအောင် ကြိုးစားလုပ်ဖို့ ဇွဲခတ်တတ်တာကလဲ သူမရဲ့ ဗီဇစိတ်။
“တောမှာ သူပုန်ထရင် သူပုန်နဲ့ ဓားပြတွေ၊ မှောင်ခိုတွေကို ရောထွေးပြီး အထင်လွဲအောင် အာဏာရှင်တွေက လုပ်တတ်တယ်။ ဒီလိုပဲ မြို့မှာ သူပုန်ထရင်လဲ သူပုန်တွေနဲ့ ရာဇဝတ်မှု လုပ်နေသူတွေကို ရောထွေးပြီး အထင်လွဲအောင် လုပ်ခံရတတ်တယ်။ ဒါပေမယ့် သူပုန် ဆိုတာမှာက ဘာနဲ့မှ မတူတဲ့ ဝိသေသ တွေရှိတယ်။ သူပုန်တွေဆိုတာက လူထုကို ထိခိုက်အောင် မလုပ်ဘူး။ သူတို့ရဲ့ ပစ်မှတ်က ဖိနှိပ်တဲ့ အာဏာရှင်တွေနဲ့ အာဏာရှင်ယန္တရားတွေပဲ ဖြစ်တယ်။ သူပုန်တွေမှာ နိုင်ငံရေး ရည်မှန်းချက်ရှိတယ်။ ပြီးတော့ သူပုန်တွေ ဆိုတာက ဖိနှိပ်တဲ့ အာဏာရှင်တွေကို အဖိနှိပ်ခံ ပြည်သူလူထုဘက်က ရပ်တည်တော်လှန်ပေးသူတွေဖြစ်တယ်။ ဒါကြောင့် မြို့ပြသူပုန် တယောက်ဟာ လိုအပ်လို့ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲရတဲ့အခါမှာ ရန်သူစစ်အာဏာရှင် စနစ်ကိုပဲ ပစ်မှတ်ထားရမယ်။ မြို့ပြသူပုန် တယောက်ရဲ့ အဓိက ရည်မှန်းချက်တာဝန်ကတော့ ရန်သူစစ်အာဏာရှင်တွေနဲ့ စစ်အာဏာရှင် ဒေါက်တိုင်တွေကို စိတ်ဓာတ်ပိုင်း ဆိုင် ရာ ဖရိုဖရဲဖြစ်စေမှု၊ အက်ကြောင်းထစေမှု၊ လူထုနဲ့ တော်လှန်ရေး ပေါင်းစပ်နိုင်အောင် ပြင်ဆင်တည်ဆောက်မှုတွေနဲ့ အာဏာရှင် ယန္တ ရားကို ဖြိုလဲပစ်နိုင်ဖို့ပဲ ဖြစ်တယ်”
“အဲလိုတွေ ဖြစ်အောင်လုပ်ဖို့ ဘာတွေလိုမလဲအစ်ကို။ ဘာတွေ ပြင်ဆင်ရမလဲ” စိတ်အားထက်သန်စွာဖြင့် သူမဝင်မေးမိသည်။
“အရေးကြီးဆုံး လိုအပ်ချက်ကတော့ ကိုယ်ရည်ကိုယ်သွေး အရည်အချင်းပဲ ညီမလေး။ သူပုန်လုပ်မယ့်လူ တယောက်ဟာ သတ္တိရှိရ မယ်၊ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းရှိရမယ်၊ နယ်မြေကျွမ်းအောင် လေ့လာထားရမယ်။ ကိုယ်လှုပ်ရှားရမယ့် နယ်မြေက ကိုယ့်နယ် မ ဟုတ်တဲ့အခါ အစစအရာရာ ကြိုတင်ပြင်ဆင်ရမယ်။ ဒီနယ်ရဲ့ ဓလေ့ထုံးစံ၊ လုပ်ရိုးလုပ်စဉ်တွေ၊ နယ်မြေခံလူထု အခြေအနေတွေ၊ နယ် မြေထဲက ရန်သူ့လူအဝင်အထွက် အနေအထားတွေ၊ ရန်သူ့သတင်းပေးတွေကိုပါ တတ်နိုင်သမျှ လေ့လာထားရမယ်။ ဆရာဝန်၊ ကျူ ရှင်ဆရာ၊ စာရေးဆရာစတဲ့ အသက်မွေးဝမ်းကျောင်း တခုခုပြထားနိုင်ရင် လျှို့ဝှက်လုပ်ငန်းတွေအတွက် အသုံးဝင်တယ်။ မဟုတ်ရင် လဲ နယ်မြေခံလူထုနဲ့ ရင်းနှီးအောင် ကုန်စုံဆိုင်ဖွင့်တာမျိုး၊ စာအုပ်အငှားဆိုင်ဖွင့်တာမျိုး စတာလေးတွေပေါ့။ မြို့ပြသူပုန်တယောက်မှာ ဆက်သွယ်ရေးကိရိယာ၊ လက်နက်ပစ္စည်းစတွေက အားနည်းတယ်။ အလွယ်တကူ သယ်ယူရွှေ့ပြောင်းလို့လဲ မရဘူး။ ဒါကြောင့် ကိုယ်နေထိုင်တဲ့ နေရာနဲ့ ပတ်သက်ပြီး အဝင်လမ်း၊ အထွက်လမ်းတွေကို သေချာ ဂရုတစိုက် ရွေးချယ်ရမယ်။ ဝိုင်းဝန်းပိတ်ဆို့ ဖမ်း ဆီးဖို့ အခွင့်အလမ်း နည်းပါးတဲ့ နေရာမျိုး၊ ရန်သူုကို ကိုယ့်ဘက်က ကြိုပြီး လက်ဦးမှု ယူနိုင်မယ့် နေရာမျိုးကို ရွေးချယ်ဖို့ လိုအပ်တယ်။ နောက်တချက်က လက်နက်ပစ္စည်း။ တကယ်သာ အသုံးပြုတတ်ရင် မီးဖိုချောင်က ဓားတချောင်းကလဲ သေနတ်တလက်လို အသုံး ဝင်ပါတယ်”
အစ်ကို့စကားကြောင့် သူမ မျက်လုံးပြူးသွားသည်။
“အစ်ကိုပြောသလိုဆို ဓားပေါက်၊ ဓားထိုးနည်းတောင် သင်ထားရမလိုပဲ”
“လိုအပ်ရင် ပြောတာပါ။ ဘာပညာပဲဖြစ်ဖြစ် သင်ထားရင်တော့ မမှားဘူးပေါ့။ မြို့ပြသူပုန်တယောက်ဟာ အရေးကြုံချိန်မှာ အထက်က ညွန်ကြားချက်ကို စောင့်လို့ မရဘူး။ ကိုယ်ကြုံနေရတဲ့ ပြဿနာ အခက်အခဲတွေကို ကိုယ့်ဘာသာကိုယ် အကောင်းဆုံး ရင်ဆိုင်ဖြေ ရှင်းနိုင်ဖို့ ကြိုးစားကြရတယ်။ ဒီအတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ အတွေးအခေါ်တွေနဲ့ လျင်လျင်မြန်မြန် လှုပ်ရှားနိုင်မှုက အရေးကြီး တယ်။
ဆုံးဖြတ်ချက် ချရမှာကို မကြောက်ရဘူး။ ရန်သူနဲ့ ရင်ဆိုင်ဆုံမိတဲ့အခါ မတွေဝေရဘူး။ အခြေအနေပေါ် မူတည်ပြီး သူပစ် ကိုယ်ပစ်၊ သူသတ်ကိုယ်သတ် လုပ်ရတာလဲ ရှိချင်ရှိမှာပဲ။ အဆိုးဆုံးအခြေအနေတွေနဲ့ ကြုံရတဲ့အခါ သွေးအေးဖို့ လိုတယ်။ သူပုန်တ ယောက်ဟာ အအိပ်အစားကိစ္စတွေမှာ ဂျီးမများရဘူး။ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် နေနိုင်ရမယ်။ ရန်သူက မရိပ်မိခင်မှာ တခြား အသက်မွေးဝမ်းကျောင်းတွေ ရှေ့က ပြပြီး နေပြတတ်ဖို့ လိုအပ်သလို ရန်သူက ရိပ်မိသွားချိန်တွေမှာ ပုန်းအောင်းနေထိုင်နည်းတွေလဲ သိရမယ်။ ပင်ပန်းတာ၊ ဆာလောင်မွတ်သိပ်တာ၊ ရာသီဥတုဒဏ်၊ နေထိုင်မကောင်းဖြစ်တဲ့ ဒဏ်တွေမှာလဲ စိတ်ဓာတ်ကို အကျမခံပဲ ကျားကန်နိုင်ရမယ်။ သူပုန်တယောက်အတွက် အရေးကြီးဆုံးက စိတ်ဓာတ်ခိုင်မာမှုပဲ။ ဘာလို့လဲဆိုတော့ ကိုယ်ရင်ဆိုင်ရတဲ့ ရန်သူက ကိုယ့်ထက် အင်အားကြီးတဲ့ ရန်သူ ဖြစ်နေတာကြောင့်ဖြစ်တယ်။ ဒါပေမယ့် ဒီလိုအင်အားကြီးတာကို ဘာမှတွေးပြီး စိုးရိမ်စရာတော့ မလိုဘူး။ ဘာလို့လဲ ဆိုတော့ ရန်သူအာဏာရှင်တွေ ဆိုတာက လူထုကို ဖိနှိပ်နေတဲ့ လူထုရဲ့ ချဉ်ဖတ်တွေ။ သူပုန်တွေဆိုတာကကျ တော့ လူထုရှေ့က ရပ်တည်ပေးနေတဲ့၊ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ သူတွေ ဖြစ်လိုပဲ။ တချိန်ကျရင် တရားသောစစ်ကပဲ အနိုင်ရပါတယ် ညီမလေး။ တကမ္ဘာလုံးက စစ်အာဏာရှင်စနစ်တွေ အားလုံး တစတစ ပြိုလဲကျနေပြီပဲ”
“အဲဒါကတော့ ယုံတယ်အစ်ကို။ ညီမလေးဆီမှာ ရန်သူက အင်အားကြီးလို့ အနိုင်ရမှာပဲဆိုတဲ့ အတွေးမျိုးတွေ၊ စိုးရိမ်စိတ်တွေ၊ အား ငယ်စိတ်တွေ တခါမှ မဝင်ဖူးဘူး။ အားကြီးတဲ့လူက အားနည်းသူကို အနိုင်ယူနိုင်တယ်ဆိုတာ တိရစ္ဆာန်လောကမှာပဲ ရှိပါတယ်အစ်ကို။ လူ့လောကမှာတော့ ဘယ်လောက် အားကြီးတဲ့ အာဏာရှင်တွေပဲဖြစ်ဖြစ် တရားမျှတတဲ့ ပုန်ကန်မှုတွေကို မနှိမ်နင်းနိုင်ပါဘူး။ တော် လှန်ရေးသမားတွေဆိုတာက ဘိုးဘိုးအောင် ဝလုံးလေးတွေလိုပဲလို့ ညီမလေးတော့ ယုံတယ်။ တယောက်ကို သတ်ရင် နောက်နှစ် ယောက်ထွက်လာမှာပဲ။ ဆယ်ယောက်ကို ထောင်ချရင် အယောက်တရာ ထပ်ထွက်လာဦးမှာပဲ။ ဘာလို့လဲဆိုတော့ အဖိနှိပ်ခံ ပြည်သူ တွေ ဆိုတာက ဖိနှိပ်သမျှ လည်စင်းခံပေးနေမယ့် တိရစ္ဆာန်တွေ မဟုတ်လို့ပဲ။ လူတွေ ဖြစ်နေကြလို့ပဲ။ အားမတန်လို့သာ ခဏမာန် လျှော့ချင်လျှော့ထားကြမယ်။ ရင်ထဲက ပုန်ကန်လိုစိတ်တွေကတော့ အဖိနှိပ်ခံ ပြည်သူတွေရဲ့ ရင်ထဲမှာ ဘယ်တော့မှ ပျောက်ကွယ် သွားမှာ မဟုတ်ဘူး”
“အစ်ကိုလဲ ဒါကို ယုံတယ် ညီမလေး။ အစ်ကိုတို့ ပြည်သူတွေဟာ တခါတရံမှာ ခေါင်းငုံ့ချင် ငုံ့နေကြမယ်။ ဒါပေမယ့် ဒါဟာ အာဏာ ရှင်တွေကို ကြောက်ရွံ့ပြီး လုပ်သမျှ လည်စင်းခံပေးဖို့ မဟုတ်ဘူး။ ခေါင်းငုံ့ရင်း ဓားသွေးနေကြတာပါ။ ဓားတွေ ထက်လာတဲ့ တနေ့မှာ အာဏာရှင်ယန္တရားတွေကို တစစီဖြစ်အောင် ခုတ်ထစ်ခြေမွကြလိမ့်မယ်။ ဒီလို မခြေမွနိုင်သေးချိန်မှာတော့ အစစအရာရာ ကြိုတင်ပြင် ဆင်ပြီးမှ တိုက်ပွဲဝင်ကြရမယ်။ စိတ်ဓာတ်တွေ ကြံ့ကြံ့ခိုင်ထားကြရမယ်။ အာဏာရှင်ဘက်တော်သားတွေဟာ ကိုယ့်ထက်သာလွန်တဲ့ လက်နက်တွေကို ကိုင်ထားနိုင်မှာ အသေအချာပဲ။ ဒါပေမယ့် စိတ်ဓာတ်လက်နက်မှာတော့ အစ်ကိုတို့ သူပုန်တွေကို မမှီဘူး။ သူပုန် တယောက်ရဲ့ အရာရာကို စွန့်ထားရဲတဲ့ စိတ်ဓာတ်ဟာ အာဏာရှင်ဘက်တော်သားတွေရဲ့ ကြေးစားစိတ်တွေထက် အဆမတန် ပိုမြင့် မြတ်တယ်။ ပိုထက်မြက်တယ်။ အစ်ကိုကတော့ ဆုံးဖြတ်ထားပြီးသား။ အစ်ကို့ဘဝတသက်တာမှာ လူ့အသက်နဲ့ ယုံကြည်ချက်စိတ် ဓာတ်အထဲက တခုကိုပဲ ရွေးရတော့မယ်ဆိုရင် အသက်ကိုပဲ အသေခံမယ်။ စိတ်ဓာတ်ကိုတော့ အသေမခံဘူး။ ကိုယ့်ဝိညာဉ်က အ သက်မရှိတဲ့ ကိုယ့်ခန္ဓာကို ပြန်ပြီး အလေးပြုနိုင်စေရမယ်။ ယုံကြည်ချက်သေပြီး အသက်ရှင်နေတဲ့ ခန္ဓာကိုယ်ကြီးကို ကိုယ်မလိုချင်ဘူး။ ရွံရှာစက်ဆုပ်မိလိမ့်မယ်”
“ညီမလေးလဲ အဲလိုပါပဲ။ ညီမလေးရဲ့ ဘဝမှာ အသက်စွန့်ဖို့ လိုအပ်လာတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ နောက် တွန့်တွေဝေမယ့် သွေးတွေ ညီမလေး သွေးကြောထဲမှာ ရှိမနေစေရဘူး။ တကယ်လို့များ ညီမလေးရဲ့ ကိုယ်ခန္ဓာတထောင့် တနေ ရာမှာများ ဒီသွေးတွေ ရှိနေခဲ့ရင် ညီမလေးကိုယ်တိုင် ဖောက်ထုတ်ပစ်မယ်”
စကားများ အဆုံးမှာ သူမတို့ နှစ်ယောက် အကြည့်ချင်း ဆုံမိကြသည်။ တူညီသော စိတ်များအတွက် တယောက်ကိုတယောက် လေး စားတန်ဖိုးထားမိကြသည်။ ဆုပ်ကိုင်မိကြသော လက်ဖဝါးနှစ်ခုမှသည် တော်လှန်ရေးသစ္စာတရားတို့ အပြန်အလှန် စီးဆင်းသွားခဲ့သည် ဆိုတာကတော့ အသေအချာပင်။
(၃)
“အစ်ကို ညီမလေးကို ဟိုကိစ္စ သင်ပေးမယ်ဆို”
သူမက အားတက်သရောပြောတော့ အစ်ကိုက ပြုံးသည်။ မနေ့က နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်သည့် အချက်များကို အစ် ကိုက ပြောပြလေသည်။ ရေကူးခြင်း၊ တောလမ်းခရီးသွားခြင်း၊ ကားမောင်းခြင်း၊ ကားစက်ပြင်ခြင်း၊ ရေဒီယိုအသုံးပြုခြင်း၊ တယ်လီဖုန်း သုံးခြင်း၊ မြေပုံဖတ်ခြင်း၊ ဓာတုဗေဒနှင့် အီလက်ထရောနစ် နည်းပညာအခြေခံများ၊ စာကူးနည်း၊ စာရိုက်နည်းများ၊ တံဆိပ်တုံး လုပ် နည်းများ၊ ရှေးဦးသူနာပြု၊ ဆေးဝါးအခြေခံစသည်များကို တတ်ကျွမ်းထားသင့်ကြောင်း အစ်ကိုကပြောရင်း မဖြစ်မနေသိထားသင့်သည့် ကိစ္စတခုကိုလဲ အခြေခံသင်ပေးမည်ဟု ဆိုလေသည်။
“ပြောသာပြောရတယ်။ ညီမလေးကလေ မီးမလာရင်တောင် ဖယောင်းတိုင်ပဲ ထွန်းတယ်။ မှန်အိမ်မှာ မီးစာကို မီးညှိတာတောင် လုပ် တာ မဟုတ်ဘူး”
သူမက ဆက်ပြောတော့ အစ်ကိုက မပြုံးပဲ ဝါးလုံးကွဲရယ်လေသည်။
“ဒါပေမယ့်လဲ မတူဘူးလေနော်။ လိုအပ်မှာတွေအားလုံးကို အစ်ကိုသင်ပေးထားသမျှ ညီမလေး ကြိုးစားသင်ထားမှာပါ။ တချိန်မှာ မ လိုလာဘူးလို့မှ ပြောလို့ မရတာပဲနော်”
သူမတို့ ဆရာ၊ တပည့်နှစ်ယောက်က အဲလိုပဲ အတိုင်အဖောက်ညီ ကြပါသည်။ မြို့ပြတိုက်ပွဲ ပုံဖော်ခြင်း နည်းဗျူဟာများကိုလဲ အစ်ကို က အသေးစိတ်ရှင်းပြပါသည်။ လူထုတိုက်ပွဲနှင့် ပေါင်းစပ်နိုင်ရေး၊ စည်းရုံးရေး၊ သတင်းထောက်လှမ်းရေးများ မည်မျှ အရေးကြီး ကြောင်းကိုလဲ ဆက်ပြောပြသည်။
“အရေးကြီးဆုံးကတော့ လက်ဦးမှု ယူနိုင်ဖို့ပဲ ညီမလေး။ အခြေအနေက ကိုယ့်လက်ထဲမှာ ရှိနေရမယ်။
ရန်သူ့လက်ထဲ မရှိရဘူး။ ရန်သူ့ အင်အားကို ကိုယ်သိရမယ်၊ ရန်သူ့နေရာကို ကိုယ်သိရမယ်။ ဒါပေမယ့် ကိုယ့်ကို ရန်သူမသိအောင် တတ်နိုင်သမျှ ဖုန်းကွယ်နေရမယ်။ ကိုယ့်နေရာကို ရန်သူမသိစေရဘူး။
ကိုယ့်အင်အားကို ရန်သူ မသိစေရဘူး။ ဘာပဲလုပ်လုပ် လုံခြုံရေးကို နံပါတ်တစ်အနေနဲ့ စိတ်ထဲမှာ ထားရမယ်။ သတင်းမှားတွေ ပေးရမယ်။ ဗယ်ခြောက်ညာလှမ်းတွေ လုပ်ရမယ်။ နယ်မြေကျွမ်းကျင်အောင် လုပ်ရမယ်။ ကဲ.. အခု ညီ မလေး မန္တလေးမှာ ကျောင်းသွားတက်တယ်နော်။ ညီမလေး နေတဲ့ရပ်ကွက်ကို ညီမလေး လေ့လာထားဖို့လိုမယ်။ ပြီးတော့ မြို့အနှံ့။ ပြီးရင် မြို့ဝန်းကျင်။ ကားလမ်းခရီး၊ ကားဂိတ်တွေ၊ တည်းခိုခန်းတွေ။ ဒီတခေါက်ပြန်ရင် ညီမလေး နယ်မြေကျွမ်းအောင် လေ့လာကြည့် ကြည့်ပါလား။ ဒါတွေက မြို့ပြသူပုန်တယောက်အတွက် အရေးကြီးတယ်။ သူပုန်တယောက်ဟာ ကိုယ်လှုပ်ရှားမယ့် နယ်မြေရဲ့ ဝင် လမ်း၊ ထွက်လမ်းတွေ၊ ရဲတွေ ရှိတတ်တဲ့ နေရာတွေ၊ မီးပွိုင့်တွေ၊ လူဝင်လူထွက် နည်းတဲ့အချိန်၊ များတဲ့အချိန်၊ တယ်လီဖုန်းရှိတဲ့ နေ ရာတွေ၊ ဈေးဆိုင်တွေ၊ ကိုယ်ယောင်ဖျောက်နိုင်တဲ့ နေရာတွေကို သိနေရမယ်။ ရှောင်ဖို့လိုတဲ့အခါ ငွေအင်အားရှိရင် လမ်းမတူတဲ့ ကား လမ်းခရီးတွေကို အချိန်တွေ ခွဲဝယ်ပြီး ရန်သူကို ပြန်လှည့်စားဖို့ လိုမယ်။ ရှောင်မယ့် အချိန်ကာလအတွက် နာမည်မတူတဲ့ နောက်ထပ် ကျောင်းသားကတ်ဖြစ်ဖြစ် တခုခု ကိုင်ထားနိုင်ရင် ပိုကောင်းတယ်။ ဒီအချက်က သတင်းအချက်အလက်နဲ့လဲ ပိုပြီး ဆိုင်လိမ့်မယ်။ ရန် သူကို သတင်းအချက်အလက်မှားတွေပေးပြီး အချိန်ဖြုန်းပေးဖို့လိုတယ်။ ရန်သူက ကိုယ်ဘာလုပ်နေလဲ ဆိုတာကို မသိစေဖို့ အထူး လျှို့ဝှက် ထားရမယ်။ ဒါပေမယ့် ရန်သူအကြောင်းကိုတော့ ကိုယ်က သိနေအောင် ကြိုးစားဖို့ လိုအပ်တယ်။ ကိုယ်နေတဲ့ ဝန်းကျင်က ရန်သူ့လူတွေကို ခွဲခြားသိနေနိုင်ရင် ပိုကောင်းတယ်။ သူတို့ခြေလှမ်းတွေကို သိနိုင်တယ်။ နောက်ထပ်အရေးကြီးဆုံး အချက်ကတော့ အချိန်အခါနဲ့ အညီ ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ အရည်အချင်းပဲ။ ဘယ်လောက်ပဲ စီမံချက်တွေက ကောင်းနေပါစေ၊ လုပ်မယ့်လူရဲ့ ဆုံး ဖြတ်လုပ်ကိုင်မှု မကောင်းရင် ကြန့်ကြာမှုတွေ၊ စီမံချက် ပျက်သွားတာတွေ ဖြစ်တတ်တယ်ညီမလေး”
“မြို့ပြသူပုန်ထတဲ့အခါ ဘယ်လိုစီမံချက်တွေ လိုလဲ အစ်ကို”
“ဒါကတော့ ကိုယ်တာဝန်ယူရတဲ့ အခြေအနေ၊ နယ်မြေ၊ တာဝန်အကြီးအငယ်၊ အမာလိုင်း၊ အပျော့လိုင်းအရ ကွာမှာပဲ။ တပ်အပ်ပြော လို့တော့ မရဘူး။ လက်တင်အမေရိက နိုင်ငံတွေမှာကတော့ အများစုကလက်နက်ကိုင်တာဆိုတော့ ချေမှုန်းရေး လုပ်လေ့ရှိကြတယ်။ ဒီလိုချေမှုန်းတာမှာ ပစ်မှတ်နေရာတွေကတော့ အာဏာရှင်တွေရဲ့ ရုံးဌာနတွေ၊ ရဲစခန်း၊ ယာဉ်တန်း၊ ရဲကား၊ စစ်ကား စတာတွေပဲ။ နောက်ထပ်တမျိုးကတော့ အချိန်အတိုင်းအတာတခုအထိ ဝင်ပြီး စီးနင်းတာပဲ။ ညဘက်ဆိုရင်တော့ ပိုထိရောက်တယ်။ အစောင့်အ ရှောက်နည်းတဲ့ ရုံးတွေကို ညဘက် ဝင်စီးနင်း၊ လျှို့ဝှက်စာတမ်းတွေယူ၊ ကိုယ့်အတွက် အသုံးမလိုတဲ့ ဖိုင်တွေဆို ဖျက်ဆီးပစ်လိုက်တာ မျိုးတွေပေါ့။ နောက်တမျိုးကတော့ လူထုတိုက်ပွဲတွေ ဖြစ်လာတဲ့အခါ တချို့နေရာတွေကို သိမ်းပိုက်ထားတာပဲ။ ဥပမာ စက်ရုံ၊ ကျောင်းဝင်း စတာမျိုးတွေ။ အဲဒီမှာ အရေးကြီးတာက သပိတ်စခန်းနားကို အာဏာရှင် ဒေါက်တိုင်တွေ အလွယ်တကူ မကပ်နိုင်အောင် အရံအတားတွေ လုပ်တာမျိုးပဲ။ ရန်သူ့ယာဉ်တန်းကို သပိတ်စခန်းတွေဆီ မရောက်ခင် ဖြတ်တိုက်တာတွေ၊ ရန်သူ့ဒေါက်တိုင်တွေ စု တတ်တဲ့ နေရာတွေကို ကြိုတင်ပြီး တိုက်ခိုက်တာတွေ၊ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် အစုအဖွဲ့လေးတွေက သူ့နယ်နဲ့သူ ရန်သူ့ ဒေါက်တိုင်ဖြိုဖျက်ရေး လုပ်ငန်းဆောင်တာတွေ လုပ်တာမျိုးတွေပေါ့။ ဒါတွေကတော့ အာဏာရှင်ဆန့်ကျင်ရေးမှာ အကြမ်းမဖက် လူထု တိုက်ပွဲပဲ လုပ်မှာလား၊ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ပေါင်းစပ်တိုက်ပွဲဝင်မှာလား ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်နည်း လုပ်ဟန်တွေပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ တော်လှန်ရေးတခုမှာ ခေါင်းဆောင်ရဲ့ လုပ်နည်းလုပ်ဟန် အပေါ် ရွေးချယ် ဆုံးဖြတ်ချက် ဆိုတာက သားသမီးကို ဘာအဝတ်ဝတ်ပေးမလဲဆိုတဲ့ မိဘနဲ့ ဆုံးဖြတ်ချက်နဲ့အတူတူပဲ။ ကိုယ့်သားသမီး အရွယ်အစားနဲ့ အခြေအနေ ကို သိပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ရင်တော့ အမြင်သင့်တော်ပြီး အောင်မြင်မှာပေါ့။ မရွေးချယ်နိုင်ရင်တော့လဲ ကိုယ့်သားသမီးကို အင်္ကျီနီလေး ဝတ်ပေးပြီး နွားသိုးရှေ့ ခေါ်သွားတဲ့ မိဘလိုပဲ ဖြစ်မှာပေါ့။ ဒါကတော့ ခေါင်းဆောင်တွေရဲ့ အရည်အချင်းနဲ့ အတွေးအ ခေါ်တွေ အပေါ်မှာပဲ မူတည်တာမို့ အစ်ကို သိပ်မပြောတော့ဘူး။
ဘယ်လိုသဏ္ဍာန်နဲ့ပဲဖြစ်ဖြစ် ကိုယ့်တာဝန်ကိုယ် ကျေပြွန်ဖို့ကတော့ မြို့ပြသူပုန် တယောက်အတွက် အရေးကြီးဆုံးပဲ”
“ညီမလေး တခုမေးမယ်နော် အစ်ကို။ လူထုတိုက်ပွဲဖြစ်လာတဲ့အခါ လူတွေအများကြီး လမ်းပေါ် ထွက်လာမှာပဲ။ လူထုစစ်ကြောင်း တွေဖွဲ့ပြီး ချီတက်ဆန္ဒပြမှာပဲ။ အဲဒီမှာ လူထုနဲ့ စစ်တပ်၊ ရဲတွေ ထိပ်တိုက်တွေ့တဲ့အခါ ဘယ်လို လုပ်မလဲ။ ရန်သူက လူစုခွဲခိုင်းမယ်။ ကိုယ့်ဘက်က မခွဲဘူး။ တရားဟောတာတွေ ဘာတွေလုပ်မယ်။ ပစ်တော့မှ ပြေးမယ်။ တနေရာမှာ ပြန်စုမယ်။ အဲလိုမျိုးပဲလား”
“ညီမလေးကို ခုနတုန်းက အစ်ကို ပြောသလိုပဲ။ ဒီကိစ္စက လူထုတိုက်ပွဲကို အကြမ်းမဖက် ဆန္ဒပြတဲ့ အနေနဲ့ပဲ လုပ်မှာလား။ လက်နက် ကိုင် တိုက်ခိုက်မှုနဲ့ ပေါင်းစပ်မှာလား ဆိုတာပေါ်မှာ မူတည်တယ်။ ဥပမာ- ဖိလစ်ပိုင်နိုင်ငံတုန်းကတော့ လူထုအင်အားကိုပဲ လုံးဝ သုံး သွားတယ်။ သံချပ်ကာကားတွေ ပင်မ သပိတ်စခန်းကို ချီတက်လာတဲ့အခါမှာ လူတွေက လမ်းမဖယ်ပေးပဲ ငုတ်တုတ်ထိုင်ချ လိုက်ကြ တယ်။ နောက်ဆုံး သံချပ်ကာကားတွေ ဆုပ်သွားတယ်။ ဒါက အကြမ်းဖက်မှု လုံးဝမပါပဲ လူထုအင်အားတခုတည်းပဲ သုံးခဲ့တဲ့ပွဲ။ ဘရာ ဇီးတုန်းကတော့ ဘရာဇီးကျောင်းသားတွေက ပြန်ပြီး ခုခံခဲ့ကြတယ်။ ရဲတွေက ရှေ့တိုးလာပြီး ဆန္ဒပြသမားတွေထဲက ခေါင်းဆောင်လို့ ယူဆသူတွေ၊ အလံကိုင်တွေ၊ ရှေ့တန်းက လူတွေကို ဝင်ဆွဲဖမ်းတဲ့အခါ လူအုပ်က ငြိမ်မနေဘူး။ တိုးလာတဲ့ ရဲတွေကို လူအုပ်ထဲ ကျွံ ဝင်လာအောင် လုပ်ပြီးမှ ပြန်ဝိုင်းလိုက်ကြတယ်။ တဘက်မှာ ဖရိုဖရဲဖြစ်နေတုန်း၊ အရေးပါတဲ့ ခေါင်းဆောင်တွေကို ဆွဲထုတ်သွားကြ တယ်။ ပြီးတော့ ရဲတွေ နေရာယူတတ်တဲ့ နေရာမျိုးတွေကို ကြိုပြီး ခန့်မှန်းတာ၊ သတင်းရယူတာတွေ လုပ်ထားလို့ရတယ်။ အဲဒီအခါ ဆန္ဒပြ စစ်ကြောင်းက ရှေ့နောက်ပိတ်ပြီး ပြန်ဝိုင်းတာမျိုး ဖန်တီးလို့ ရတယ်။ နီးစပ်ရာ အဆောက်အဦတွေကနေ နေရာကြိုယူုပြီး တိုက်ခိုက်တာတွေ လုပ်လို့ရတယ်။ နောက်တခု အရေးကြီးဆုံးက လူထုအစည်းအဝေးတွေ လုပ်တဲ့အခါ escape plan ရှိဖို့ပဲ။ ဒါတွေ မရှိပဲ ဘယ်တော့မှ လူထုအစည်းအဝေးတွေ မခေါ်ရဘူး။ ချီတက်တဲ့ လမ်းကြောင်းကို ရွေးတဲ့အခါ ဘယ်လိုနေရာမျိုးမှာ ထောင် ချောက် ဆင်ခံရနိုင်တယ်။ ဘယ်လိုနေရာမျိုးမှာ အာဏာရှင် လက်ကိုင်ဒုတ်တွေ စုဝေးထားနိုင်တယ် ဆိုတာတွေ ကြိုတင်ပြင်ဆင်ပြီးမှ စစ်ကြောင်းတွေ လွှတ်သင့်တယ်။ မလွှတ်ခင် ကတည်းက စစ်ကြောင်းချီတက်ရာ လမ်းတလျှောက်က အားနည်းချက်ရှိနေနိုင်တဲ့ နေ ရာတွေကို ကိုယ့်ရှေ့ပြေးတွေ ကြိုလွှတ်ထားသင့်တယ်။ ဒီလို လူထုနဲ့ တွဲပြီး လူထုတိုက်ပွဲထဲမှာပါတဲ့ မြို့ပြသူပုန်ကို လက်တင် အမေရိကနိုင်ငံတွေကတော့ မြို့ပြဆန္ဒပြသူပုန်လို့ ခေါ်ကြတယ်”
(၄)
“ဟိုနေ့က အစ်ကိုပြောတဲ့ မြို့ပြဆန္ဒပြ သူပုန်အကြောင်းလေး ဆက်ပါဦးအစ်ကို”
“မြို့ပြဆန္ဒပြသူပုန်ဆိုတာက လူထုတိုက်ပွဲတွေ ဖော်ဆောင်တဲ့ မြို့ပြသူပုန်ပေါ့။ အစ်ကိုက ဒါကြောင့် ညီမလေးကို ပြောတာလေ။ သူ ပုန်လုပ်ချင်တယ် ပြောမနေနဲ့။ ညီမလေးကိုယ်တိုင်ကိုက သူပုန်ဖြစ်နေပြီးသား ဆိုတာ။ အဲဒါကို ပြောတာ။ လူထုတိုက်ပွဲဖော်ဆောင်ဖို့ ပြင်ဆင်တာ၊ လှုံ့ဆော်တာ၊ တည်ဆောက်တာ၊ အစုအဖွဲ့သမဂ္ဂတွေ ဖွဲ့စည်းတာတွေ အားလုံးဟာ မြို့ပြဆန္ဒပြသူပုန်တွေရဲ့ လုပ်ငန်း တာဝန်တွေပဲ။ အာဏာရှင်တွေကလဲ ဒါကို သိပ်ကြောက်ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ကြီးမားကျယ်ပြန်တဲ့ လူထုတိုက်ပွဲတွေ ဟာ အစိုးရအုပ်ချုပ်ရေးယန္တရားကို ရပ်တန့်ပစ်နိုင်လို့ပဲ။ ဒီနေရာမှာ အစိုးရအုပ်ချုပ်ရေး ယန္တရား ရပ်တန့်တာနဲ့ အစိုးရအဖွဲ့ဝင်တွေ တ ယောက်က တယောက် ပြောင်းသွားတာ မတူဘူး။ အစ်ကိုတို့ ရှစ်လေးလုံးတုန်းက လူထုတိုက်ပွဲနဲ့ အစိုးရအဖွဲ့ဝင်တွေ တယောက်က တယောက် ပြောင်းသွားအောင်တော့ လုပ်နိုင်ခဲ့တယ်။ ရုံးဌာနတွေ တော်တော်များများ သပိတ်တိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြ တယ်။ ဒါပေမယ့် အစိုးရအုပ်ချုပ်ရေးယန္တရားရဲ့ အသက်ဝင်နေမှုကို မရပ်တန့်နိုင်ခဲ့ဘူး။ အုပ်ချုပ်ရေး ယန္တရားသစ်တခုနဲ့ အစားထိုးပြီး တည်ဆဲ အုပ်ချုပ်ရေးကို အစားမထိုးနိုင်ခဲ့ဘူး။ ဒါကြောင့် အာဏာပြန်သိမ်းခံခဲ့ရတာပဲ”
“ညီမလေးက အဲလိုမသိထားခဲ့ဘူး။ အစိုးရသုံးခုပြုတ်ကျခဲ့တယ်လို့ လူပြောသူပြောတာတွေနဲ့ အောင်မြင်ခဲ့တယ်လို့ပဲ သိထားခဲ့တာ”
“မအောင်မြင်လို့ပဲ ခုညီမလေးတို့၊ အစ်ကိုတို့ ဆက်တိုက်နေရတာပေါ့ ညီမလေးရဲ့။ တော်လှန်ရေး လုပ်တဲ့အခါ အဲဒီ တဝက်တပျက် အောင်မြင်မှုတွေနဲ့ ကိုယ့်ကိုကိုယ်ပြန်နှစ်သိမ့်ပြီး သာယာမှုတွေကို ရှောင်နိုင်ရမယ်။ ဒီအချက်က တော်တော် အရေးကြီးတယ်။ ဥပမာ ဆယ်တန်းကျတဲ့လူက ထုတ်ထားတဲ့ အမှတ်စာရင်းကြည့်ပြီး သူဂုဏ်ထူးသုံးခု ရပါတယ်လို့ ကြည်နူးဝမ်းသာ နေသလိုနဲ့ တူတယ်။ အ မှတ်စာရင်းအရ ဂုဏ်ထူးသုံးခုပါနေပေမယ့် ခြောက်ဘာသာလုံး မအောင်တော့ ကျတာက ကျတာပဲလေ။ အဲဒီပကတိ အမှန်ကို သိပြီး၊ ကိုယ့်အားနည်းချက်၊ အားသာချက်ကို ပြန်ရှာနိုင်ဖို့ပဲ။ မဟုတ်ရင် အထည်ကြီးပျက်စိတ်တွေ ပေါ်လာတတ်တယ်။ တချိန်က ရွှေထီး ဆောင်းခဲ့ရတာကို အရသာခံ စိတ်ကူးယဉ်နေလို့ ဘာမှ မထူးဘူး။ လက်ရှိ မိုးရေထဲမှာ ဖိနပ်မပါပဲ လျှောက်နေရတဲ့ဘဝကနေ ဘယ်လို တိုးတက်အောင် လုပ်မလဲဆိုတာက ပကတိအခြေအနေရဲ့ လိုအပ်ချက်တရပ်ပဲ”
“အစ်ကို ပြောလိုက်တော့မှပဲ ညီမလေး သဘောပေါက်သွားတော့တယ်။ ပကတိအခြေအနေကို သဘောပေါက် လက်ခံဖို့လိုတယ် ဆိုတာ။ ဒီစကားက တော်လှန်ရေးအတွက်တင်မဟုတ်ပါဘူး။ လူ့ဘဝအတွက်လဲ အရေးကြီးတဲ့ စကားတရပ်လို့ မြင်ပါတယ်။ ညီမလေး တသက်လုံး မှတ်ထားမယ် အစ်ကို”
“အရေးကြီးတယ် ညီမလေး။
လူတယောက်ပဲဖြစ်ဖြစ်၊ တော်လှန်ရေးတရပ်ပဲဖြစ်ဖြစ်၊ နောက်ဆုံး နိုင်ငံတနိုင်ငံပဲဖြစ်ဖြစ် ပကတိအခြေ အနေကို သိနေဖို့ အရေးကြီးဆုံးပဲ။ မြို့ပြသူပုန်တွေ၊ တော်လှန်ရေးသမားတွေ အတွက်ကတော့ ဒီအချက်ဟာ ကိုယ့်အသက်၊ ကိုယ့် ဘဝ၊ ဒါမှမဟုတ်ရင် ကိုယ့်ရဲဘော်တွေရဲ့ အသက်တွေ၊ ဘဝတွေနဲ့ပါ ရင်းရလောက်တဲ့အထိ အရေးကြီးတယ်။ လူဆိုတာ ကိုယ့်ပကတိ အခြေအနေကို နားလည်ရတယ် ညီမလေး။ ငါဘာလဲဆိုတာ ကိုယ့်ဘာသာ ကိုယ်ပြန်မေးရမယ်။ မြို့ပြသူပုန်လား၊ တော်လှန်ရေး သ မားလား၊ စာနယ်ဇင်းသမားလား၊ မြေအောက်ရဲဘော်လား၊ မြေပေါ်နိုင်ငံရေးသမားဆိုတာ ကိုယ့်ဘာသာကိုယ် ပြန်မေးဖို့ လိုတယ်။ ကိုယ့်အခြေအနေကို ကိုယ်သိဖို့ လိုတယ်။ အဖိနှိပ်ခံ ပြည်သူတွေဘက်က ရပ်တည်ပြီး ဖိနှိပ်တဲ့ အာဏာရှင်ကို တော်လှန်နေတဲ့ တော် လှန်ရေးသမားတယောက်ဟာ ကိုယ့်ရဲ့ နမော်နမဲ့နိုင်မှုကြောင့် ကိုယ့်ရဲဘော်တွေနဲ့ ကိုယ့်ကို ထောက်ခံနေတဲ့ ပြည်သူတွေ ဒုက္ခမ ရောက်အောင် အတတ်နိုင်ဆုံး စောင့်ထိန်းနိုင်ရမယ်။ စကားသိပ်များတဲ့ လူတွေ ကိုယ့်ကလာဘ်စည်းထဲ ရောက်လာရင် သတိသာ ထားပေတော့။ လျှို့ဝှက်ရမယ့် လုပ်ငန်းဆောင်တာတွေကို လုပ်နေတဲ့ လူတွေနဲ့ မြေပေါ်နိုင်ငံရေးမှာ အစည်းအဝေးတွေ၊ စည်းရုံးရေး တွေ ထင်ထင်ပေါ်ပေါ် လုပ်နေရသူတွေကို သီးခြားခွဲပြီး တာဝန်တွေ ပေးသင့်တယ်။ ဘာလို့လဲဆိုတော့ လူ့စိတ်ဆိုတာက ဖောက်လွဲ ဖောက်ပြန် ဖြစ်တတ်လို့ပဲ။ တခါတရံမှာ ရန်ဖြစ်ငြင်းခုံမှုတွေ ရှိလာတဲ့အခါ လူတွေက သူဘာလဲ၊ ငါဘာလဲဆိုတာ ဇာတိပြချင်ကြတယ်။ အဲဒီအခါမျိုးမှာ ငါဘာလဲဆိုတာ ပြနိုင်ဖို့ လျှို့ဝှက်လုပ်ထားတဲ့ လုပ်ငန်းဆောင်တာတွေ ချပြောပြီး ကြွားတတ်ကြတယ်။ လူတွေရဲ့ ပင် ကိုယ်စရိုက်နဲ့ စိတ်ဓာတ်ကို သိချင်ရင် စိတ်ရှုတ်ထွေးအောင် လုပ်ကြည့်လိုက်၊ ရန်ဖြစ် ငြင်းခုံကြည့်လိုက်။ သေချာပေါက် ထွက်လာ တယ်”
“ဟုတ်တယ်အစ်ကို။ အဲဒါတော့ အသေအချာပဲ။ ညီမလေး အဲဒါမျိုးနဲ့ ပတ်သက်တဲ့ စာအုပ်တအုပ်ဖတ်ဖူးတယ်။ တခါတလေလဲ အ ရက်ဝိုင်းမှာ မခံချင်အောင် ဆွပြောပြီးမှ သတင်းနှိုက်ယူတာမျိုးလဲ ရှိတယ်တဲ့”
“အမှန်ပဲ ညီမလေးရ။ အရက်ဆိုတာ လူတွေရဲ့ သိက္ခာနဲ့ စိတ်ဓာတ်ကို ဖရိုဖရဲဖြစ်စေတယ်။ အရက်ဝိုင်းမှာ နိုင်ငံရေးဆွေးနွေးရင် ဘယ် လိုအကျိုးကျေးဇူးမှ ထွက်လာမှာ မဟုတ်ဘူး။ ငြင်းခုန်ပြီးပဲ အဆုံးသတ်မှာပဲ။ မြေပေါ်နိုင်ငံရေးသမားတွေအတွက်တော့ အရမ်းကြီးမား တဲ့ ပြဿနာမရှိပေမယ့် မြေအောက်ရဲဘော်တွေနဲ့ မြို့ပြသူပုန်တွေအတွက်တော့ ဒီကိစ္စဟာ အရမ်းအရေးကြီးတယ်။ ကိုယ်နဲ့ အရမ်းမ ရင်းနှီးသူတယောက်နဲ့ အတူတူ မသောက်စားမိဖို့ ရှောင်သင့်တယ်။ သောက်စားတာတင် မဟုတ်ဘူး။ ငြင်းခုန်ဆွေးနွေးတာတွေ၊ စ ကားအများကြီး ပြောရတာတွေကိုပါ မလိုအပ်ရင် ရှောင်နေသင့်တယ်”
“အစည်းအဝေး ဆိုရင်ကော အစ်ကို”
“မြေအောက်ရဲဘော်တွေ၊ မြို့ပြသူပုန်တွေအတွက်က စည်းရုံးရေးနဲ့ ကွန်ယက်ချိတ်ဆက်ရေး တာဝန်တွေ ယူထားတာ မဟုတ်ဘူးဆို ရင် တတ်နိုင်သမျှ လူချင်း မဆုံပဲ အလုပ်လုပ်နိုင်ရင်တောင် ပိုကောင်းတယ်။ ဒီခေတ်ကြီးမှာ တယောက်နဲ့ တယောက် လူချင်းမတွေ့ပဲ လုပ်လို့ ရနေတာတွေ အများကြီးပါ ညီမလေးရယ်။ အစည်းအဝေးဆိုတာ အခန့်မသင့်ရင် ကိုယ့်အဖွဲ့တဖွဲ့လုံး ရန်သူက ရိပ်မိပြီး ထောင်ချောက်ထဲ ရောက်သွားနိုင်တယ်။ မဟုတ်ရင်လဲ ဘယ်သူတွေဆိုတာ ရန်သူက သိသွားပြီး နောက်ယောက်ခံ လိုက်ခံရတာတွေ ဖြစ်နိုင်တယ်။ တချို့က နိုင်ငံရေးလုပ်တယ်ဆိုတာကို အစည်းအဝေးလုပ်၊ ဟိုနားစုစု၊ ဒီနားစုစုလုပ်တာ၊ နိုင်ငံရေးစကားလုံး အကြီးကြီး တွေ ပြောရတာတွေလို့ ထင်နေကြတာ ညီမလေးရ။ မြေပေါ်နိုင်ငံရေးမှာတော့ အထိုက်အလျောက် လိုပေမယ့် မြေအောက်နိုင်ငံရေးမှာ ဒါတွေ ပါသွားရင်တော့ ပြဿနာတွေ တက်မှာပဲ။ မြေအောက်သူပုန် တယောက်ဟာ နောက်ဆုံးတိုက်ပွဲတွေ ဆင်နွှဲပြီးရင်တောင် မလို အပ်ပဲနဲ့ ဒါကို သူ့လက်ချက်ဆိုတာ လူသိမခံရဘူး။ မြေပေါ်နဲ့ မြေအောက်တော်လှန်ရေးမှာ ပြောင်းပြန်ယူဆရမယ့် အချက်တွေက အ များကြီးပဲ။ အရေးပါတဲ့ သော့ချက်တခုကတော့ မြေအောက်တော်လှန်ရေးမှာ လူအများက ကိုယ်လုပ်နေတာတွေကို မသိလေလေ၊ ကိုယ့်အတွက် လုပ်စရာ အခွင့်အလမ်း ပိုများလေလေပဲ။ မြေပေါ်နိုင်ငံရေးကျတော့ လူအများက ကိုယ်လုပ်နေတာကို သိလေလေ၊ ကိုယ့်ကို ဝန်းရံမယ့်လူ များလေလေ၊ လုပ်ငန်းဆောင်တာတွေ ပိုအောင်မြင်လေလေပဲ။ ဒါကြောင့် မြေပေါ်နဲ့ မြေအောက်ကို လိုင်းမပူး ပါနဲ့ ဆိုတာကို မြေအောက်ယူဂျီစည်းကမ်း တခုအနေနဲ့ သတ်မှတ်ထားကြတာပေါ့”
“အဲဒီ လိုင်းမပူးဖို့ စည်းကမ်းက အပြောလွယ်သလောက် လက်တွေ့မှာ တော်တော်ခက်တယ်နော်”
“ခက်ပေမယ့် ခံစားချက်ထက် တာဝန်ကို ဦးစားပေးတဲ့ စိတ်ဓာတ်ကို ကိုင်စွဲပြီး လိုက်နာရမယ့် သံမဏိစည်းကမ်း တခုပဲ ညီမလေး။ အဲဒီစည်းကမ်းကို နည်းနည်းလေးပဲ စဖောက်လိုက်မိရင်တော့ ပြဿနာမီးပွားတွေ စတော့တာပဲ။ ယူဂျီလုပ်ငန်း ကျဆင်းရတာတွေထဲ မှာ ဒီအချက်က နံပါတ် (၁) ပဲ။ မြေအောက်ရဲဘော်ပဲ ဖြစ်ဖြစ်၊ မြို့ပြသူပုန်ပဲ ဖြစ်ဖြစ် လုံခြုံရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ ကို အတိအကျ လိုက်နာဖို့ လိုအပ်တယ်။ ဒီစည်းမျဉ်း၊ စည်းကမ်းတွေဆိုတာက ပြီးစလွယ်၊ တွေ့ကရာ ချထားတဲ့ စည်းကမ်းတွေ မ ဟုတ်ဘူး။ လူတွေအများကြီးရဲ့ ဘဝနဲ့ အသက်တွေနဲ့ ရင်းပြီး ပေးထားခဲ့တဲ့ သင်ခန်းစာတွေ။ ဒီစည်းကမ်းတွေထဲမှာ သွေးတွေ၊ ချွေး တွေ၊ အသက်တွေ အများကြီးပဲ ပေါင်းစပ်ပါဝင်နေတယ်လို့ ဆိုနိုင်တယ်”
“မြို့ပြသူပုန် စည်းကမ်းတွေကကော အစ်ကိုတခါပြောထားတဲ့ ယူဂျီစည်းကမ်းတွေနဲ့ အတူတူပဲလား”
“တာဝန်ပေါ် မူတည်ပြီး ကွဲပြားတာလေးတွေ တချို့တော့ ရှိတာပေါ့ညီမလေး။ ဥပမာ ချေမှုန်းရေးနဲ့ သပိတ်တိုက်ပွဲဖော်ဆောင်ရေးက တော့ ကွဲပြားမှာပေါ့။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ယေဘုယျအခြေခံ အချက်တွေကတော့ အတူတူပါပဲ။ လိုင်းတွေ မပူးရဘူး။ မလိုအပ် ပဲ စကားအများကြီး မပြောရဘူး။ လိပ်စာစာအုပ်တွေ၊ တယ်လီဖုန်းမှတ်တမ်းတွေကို အသုံးပြုပြီးတာနဲ့ ချက်ချင်းဖျက်ဆီးပစ်လိုက်ရ မယ်။ စာရွက်စာတမ်းတွေ မသိမ်းဆည်းထားရဘူး။ လူနာမည်တွေ၊ ကိုယ်ရေးမှတ်တမ်းတွေ၊ လိပ်စာတွေ၊ မြေပုံကြမ်းတွေ၊ စီမံချက် တွေကို ဦးနှောက်ထဲ စွဲနေအောင် မှတ်ပြီးတာနဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်း မှန်သမျှ ဖျက်ဆီးပစ်လိုက်ရမယ်။ ဒါတွေက သိပ်အရေး ကြီးတယ်။ ဒီထက် ပိုပြီး အရေးကြီးတာတွေကတော့ ရှောင်ရန် အချက် (၇) ချက်ပဲ။
ပထမ တချက်က ရန်သူကို အထင်သေးတာ။ လျှော့တွက်တာ၊ လုပ်သမျှအားလုံး အဆင်ပြေမယ်လို့ ယူဆပြီး ပေါ့ဆတာတွေပဲ။ ရန်သူ ရဲ့ ထောက်လှမ်းရေး ဆိုတာက အချိန်တွေ၊ ငွေတွေနဲ့ ရင်းပြီး စနစ်တကျလေ့ကျင့်ပေးခံထားရတာ။ ဒါကို အထင်ကြီးနေရင်လဲ ကိုယ့် ဘက်က တွန့်ဆုတ်တတ်တယ်။ အထင်သေး ပြန်ရင်လဲ ကိုယ့်ဘက်က ပေါ့ဆတတ်တယ်။ ဒီတော့ အထင်လဲ ကြီးစရာ မလိုဘူး။ ဒါပေ မယ့် အထင်သေးလို့လဲ မရဘူး။ သဲလွန်စ ဘယ်တော့မှ မကျန်စေနဲ့။ ဒါကို အထူး သတိထားရမယ်။
ဒုတိယအချက်ကတော့ ကြွားတာ။ မြို့ပြသူပုန်ဆိုတာ မြေအောက်တော် လှန်ရေး အသွင်နဲ့ လှုပ်ရှားသူတွေ ဖြစ်တယ်။ အစ်ကိုပြောသ လိုပဲ။ ကိုယ်တကယ် ဘာတွေ လုပ်နေလဲဆိုတာ လုတွေ မသိလေ၊ ကိုယ့်အတွက် လုပ်စရာ အခွင့်အလမ်းတွေ ပိုများနေလေလေပဲ။ ဒီ အချက်ကို မလိုက်နာပဲ ကိုယ့်ကို လူအထင်ကြီးတာ ခံစေချင်လွန်းလို့ ကိုယ်ဘာလုပ်လိုက်တယ်ဆိုတာ လိုက်ကြွားတာဟာ သိပ် ကြောက်ဖို့ ကောင်းတယ်။ မသိနားမလည်သူတွေကတော့ အထင်ကြီးချင် ကြီးလိမ့်မယ်။ မြေအောက်တော်လှန်ရေးကို နားလည်နေ သူတွေကတော့ အဲလိုလူနဲ့ အလုပ်လုပ်ဖို့ကို တစတစနဲ့ ရှောင်လာကြမှာပဲ။ ဘာလို့လဲဆိုတော့ အဲဒီလိုလူမျိုးဟာ သူ့ကိုယ်သူသာမက သူနဲ့ ပတ်သက်တဲ့ လူတွေကိုပါ ဒုက္ခဖြစ်စေတတ်လို့ပဲ။
တတိယရှောင်ရမယ့် အချက်ကတော့ တပ်ဦးကျွံတာပဲ။ တော်လှန်ရေးဆိုတာ လူတဦး တယောက်တည်း၊ တဖွဲ့တည်းနဲ့ လုပ်လို့ မရ ဘူး။ တော်လှန်ရေး အင်အားစုတွေအားလုံး စုပေါင်းလုပ်မှသာ အောင်မြင်မှာ ဖြစ်တယ်။ လူထုရဲ့ ရေချိန်၊ တော်လှန်ရေးရဲ့ ပကတိ အ ခြေအနေစတာတွေကို စနစ်တကျ တွက်ချက်လုပ်ရတယ်။ ဒါကို ထည့်သွင်းစဉ်းစားခြင်း မပြုတဲ့ တော်လှန်ရေး ခေါင်းဆောင်တ ယောက်၊ အစုအဖွဲ့တခု စတာတွေဟာ သူအောင်မြင်မယ်လို့ထင်တဲ့ လုပ်ငန်းဆောင်တာတွေကို အများနဲ့ မညှိနှိုင်းပဲ တွန်းလုပ်တတ် လေ့ရှိတယ်။ အဲဒီအခါမှာ အခြေအနေနဲ့အညီ ချိန်ကိုက်မထွက်လာပဲ ကျွံထွက်သွားတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာပြီး၊ ရန်သူကို သွားဆွ ပေးလိုက်သလို ဖြစ်လာတာပဲ။ ရန်သူက တကယ်စစ်ဆင်လာတဲ့အခါကျတော့ ပြင်ဆင်ပြီးသား မဖြစ်တဲ့အတွက် တော်လှန်ရေးတခုလုံး ချေမှုန်းခံရတတ်တယ်။
စတုတ္ထအချက်ကတော့ ကိုယ့်အင်အားတွေကို ရှိတာထက် ပိုပြီး မြင်တာပဲ။ အဲဒီလို မြင်လာတဲ့အခါ ရှိတဲ့ လူအင်အား၊ ငွေအင်အား ထက် အဆမတန် ပိုပြီးသာလွန်တဲ့ လုပ်ငန်းဆောင်တာကြီးတွေကို လုပ်မိတတ်တယ်။
ပဉ္စမအချက်ကတော့ ကောက်ခါငင်ခါ စိတ်လိုက် မာန်ပါ တိုက်ပွဲဖော်ဆောင်တာပဲ။ လူဆိုတာက ရန်သွားဖြစ်မယ်ဆိုရင်တောင် စိတ် လိုက်မာန်ပါ သွားဖြစ်ရင် ကိုယ်ပဲနာမှာ အသေအချာပဲ။ စောင့်သင့်တဲ့ အချိန်အခါ၊ အခွင့်အလမ်းကို မစောင့်နိုင်ပဲ စိတ်မရှည်ဖြစ်ပြီး၊ ရန် သူကို အလျင်အမြန် ထိပ်တိုက်သွားရင်ဆိုင် မိတာမျိုးတွေ ရှိတတ်တယ်။ အဲဒီအခါမျိုးမှာ အရှုံးနဲ့ ရင်ဆိုင်ရတတ်တယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး ညီမလေးကို အစ်ကို သတိထပ်ပေးမယ်နော်။ သူသေကိုယ်သေ သွားချလိုက်ချင်တယ်တို့၊ စိတ်မရှည်တော့ဘူးတို့ ဆိုတဲ့ စကားတွေကို ညီမလေးဆီကနေ အစ်ကို ခဏခဏ ကြားရတယ်။ တော်လှန်ရေးသမားကောင်းဆိုတာ အချိန်အခါ၊ အခွင့်အလမ်းကို စိတ်ရှည်ရှည်နဲ့ စောင့်နိုင်ရတယ်ညီမလေး။ မိုက်ရူးရဲ မဆန်ရဘူး။ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်တွေ ချလိုက်တာနဲ့ အန္တရာယ်တွေ့ တော့မယ်ဆိုတာကို ညီမလေး အမြဲ တွဲတွေးရမယ်နော်”
သူမ မျက်နှာငယ်လေးနှင့် ခေါင်းညိတ်လိုက်မိသည်။ စိတ်လိုက်မာန်ပါ ဖြစ်တတ်သော သူမရဲ့ အကျင့်ဆိုးတွေကို ပြင်နိုင်ဖို့ တော် တော်ကြိုးစားရပါဦးမည်။
“နောက်တချက်ကလဲ ခုနတုန်းက အချက်နဲ့ ဆက်စပ်တယ်။ ရန်သူကို ဒေါသအရမ်းထွက်နေချိန်မှာ သွားတိုက်ခိုက်တာ။ လူတိုင်းဟာ ဒေါသထွက်နေချိန်ဆို အမှားတွေ လုပ်မိတတ်တယ်။ ဒေါသစိတ်နဲ့ ရမ်းမိတတ်တယ်။ ရန်သူရဲ့ ဟာကွက်တွေကို မမြင်ဘူး။ ဘာအ လုပ်ပဲ လုပ်လုပ် သွေးအေးအေးနဲ့ အစီအစဉ်တကျ လုပ်တတ်သူကသာ ယမ်းပုံမီးကျ စိတ်မထိန်းနိုင် ပေါက်ကွဲတတ်သူတွေကို အနိုင် ယူနိုင်တယ်။ ဒေါသနဲ့ အလုပ်တခုကို လုပ်တိုင်း ကိုယ်ရှုံးတော့မယ်ဆိုတာ မှတ်ထားလိုက်တော့။ နောက်ဆုံးတခုကတော့ အလုပ်တွေ ကို အစီအစဉ်တကျ မလုပ်တာနဲ့ အလျင်စလို လုပ်တတ်တာတွေပဲ။ ဒါတွေဟာ တော်လှန်ရေးသမားတွေရဲ့ အောင်ပွဲကို အဆုံးအဖြတ် ပေးနိုင်မယ့် အချက်တွေပဲ။ တော်လှန်ရေး တခုအောင်မြင်မလား၊ မအောင်မြင်ဘူးလား သိချင်ရင် လူတွေကို ကြည့်လိုက်။ ဒီအချက် တွေကို ရှောင်နိုင်တဲ့လူ များနေရင် အောင်မြင်လိမ့်မယ်။ ဒီလိုမဟုတ်ပဲ ရန်သူကို အထင်သေးပြီး ကိုယ့်ကိုယ်ကို သိပ်ဟုတ်ပြီလို့ ထင် နေကြရင်၊ လျှို့ဝှက်ထားအပ်တဲ့ လုပ်ငန်းဆောင်တာတွေကို ထုတ်ဖော်ကြွားဝါနေကြရင်၊ အခြေအနေနဲ့ အချိန်အခါကို မဆန်းစစ်ပဲ ဟန်ချက်မညီတဲ့ တွန်းအားတွေ ဖြာထွက်နေရင်၊ ကိုယ်လုပ်နိုင်တာထက် ကျော်လွန်နေတဲ့ စီမံချက်တွေကို အကောင်အထည် ဖော်နေ ကြရင်၊ ဒေါသစိတ်တွေနဲ့ စိတ်လိုက်မာန်ပါ အလုပ်လုပ်နေကြရင် အဲဒီတော်လှန်ရေးဟာ အရှိန်နဲ့ မြောင်းထဲ ထိုးဆင်းနေပြီဆိုတာ ယူ ဆလို့ရတယ်။ အဲဒီလက္ခဏာတွေ ပေါ်နေရင် ခေါင်းဆောင်တွေ တိုင်ပင်ညှိနှိုင်းပြီး ပြင်သင့်တာပြင်ဖို့ လိုသလို တော်လှန်ရေးသမား တိုင်းကလဲ ကိုယ့်အသိစိတ်နဲ့ကိုယ် ပြန်ပြီး ထိန်းညှိနိုင်ဖို့ လိုအပ်တယ်။ ဒီအချက်တွေကို ညီမလေး သေချာမှတ်ထားပါ။ ရှောင်သင့်တာ တွေ ရှောင်နိုင်ဖို့ကို အထူးကြိုးစားရမယ်နော် ညီမလေး”
“ဟုတ်ကဲ့အစ်ကို။ စိတ်ချပါ။ အစ်ကို့ တပည့်မလေးပဲ ဥစ္စာ။ ဆရာ့မျက်နှာကို ဘယ်တော့မှ အိုးမဲ မသုတ်ဘူး”
“အစ်ကိုက သိထားအပ်တာတွေ ပြောတာပါ။ ဆရာလုပ်တာ မဟုတ်ပါဘူးဗျာ”
“ဆရာလုပ်လုပ်၊ မလုပ်လုပ်။ ဒီကိစ္စရေးရာတွေမှာတော့ အစ်ကိုက ညီမလေးရဲ့ ဆရာရင်းပါ။ အစ်ကိုဖတ်ခိုင်းထားတာတွေကိုလဲ ညီမလေး ညတိုင်း ဖတ်ဖြစ်တယ် သိလား။ ကျောင်းစာသာ မဖတ်ချင်နေမယ်။ တခြားစာတွေတော့ နေ့တိုင်းဖတ်ပြီးမှကို အိပ်တာ”
“အဲလိုတော့ မလုပ်ပါနဲ့ ညီမလေးရယ်။ စာမေးပွဲ မအောင်ပဲ နေပါဦးမယ်။ ညီမလေးကို အစ်ကိုက ဘွဲ့ရပညာတတ်လေး ဖြစ်စေချင် တယ်။ ဘွဲ့ယူတယ်ဆိုတာက အောင်လက်မှတ်ကို ယူတာကို ပြောတာမဟုတ်ဘူးနော်။ ပညာကို ယူတာ။ ပညာဆိုတာက ကိုယ့်ဟာ ကိုယ်လဲ ယူလို့ရတာမှန်ပေမယ့် ကျွမ်းကျင်တဲ့ ဆရာတွေက စနစ်တကျသင်ပေးလိုက်တော့ နည်းလမ်းတကျ တတ်မြောက်လွယ်တာ ပေါ့။ ဆရာမပြရင် ငါးပိဖုတ်တောင် နည်းလမ်းကျဘူးတဲ့ ညီမလေးရဲ့”
“ဟုတ်ကဲ့ပါ ဆရာကြီးရယ်။ ဆရာ့စကားကို မြေဝယ်မကျ နားထောင်ပါ့မယ်။ ဒါပေမယ့် ငါးပိဖုတ်တာတော့ သင်ချင်ဘူးနော်။ အစ်ကို ဖုတ်ကျွေးတဲ့ ပဲပုတ်မီးကင်လေးနဲ့ ထမင်းကြော်လေးတော့ စားချင်တယ်။ ဗိုက်ဆာပြီ အစ်ကိုရဲ့”
သူမက စပ်ဖြီးဖြီးလေးနဲ့ ပြောတော့ အစ်ကိုက သူမခေါင်းကို လှမ်းထုလေသည်။
“တော်တော်အားကိုးရတဲ့ တပည့်နော်။ ထံနီးလုပ်ကျွေးတဲ့။ တပည့်ကျင့်ဝတ်နဲ့များ ညီပါ့။ ဆရာကတောင် ထမင်းပြန်ကြော် ကျွေးရဦး မယ်”
“ဟဲဟဲ။ ဘေးကနေ ကူလုပ်ပေးမယ်နော်။ စကားလဲ ကူပြောပေးမယ်”
“အင်းပါဗျာ။ ခင်ဗျားလေး အသံလေး ကြားနေရရင်ပဲ တော်ပါပြီ။ ဒီညနေ ထမင်းဝိုင်းလေးကတော့ မြို့ပြသူပုန် သင်တန်းဆင်းပွဲ ထမင်း ဝိုင်းလေးပေါ့။ ဟုတ်လား”
“မြို့ပြသူပုန် သင်တန်းဆင်းပွဲ ထမင်းဝိုင်း”
စကားလုံးလေးက ရင်ထဲသို့ တိုးဝင်သွားသည်။ ဒီတညနေ ထမင်းဝိုင်းလေးကို သူမဘယ်လိုမေ့လို့ ရနိုင်ပါမည်တဲ့လဲ။
ခင်မမမျိုး
No comments:
Post a Comment