Wednesday, February 3, 2010
ငါးည ခြောက်အိမ်မက်
ဒီိရက်ပိုင်း ခရီးတွေ ဆက်တိုက်ထွက်ဖြစ်လို့ ခရီးပမ်းပြီး ဖျား သွားတာကနေ အရင်က မက်ခဲ့ဖူးတဲ့ ခြောက်အိမ်မက်ပြန် မက်တယ် အိပ်ယာက လန့်နိုးတော့ တကိုယ်လုံး ဇောချွေး တွေပြန်လို့…
ရင်ခေါင်းကနေ ရုတ်တရက် စူးစူးဝါးဝါး ထိုးအောင့်လာလို့ ထမင်းစားတာကို ခဏရပ်လိုက်တယ်။ ရင်ဝကို လက်ဖ နောင့်လေးနဲ့ ထောက်ပြီး ငြိမ်ငြိမ်လေး နေလိုက်တယ်။ တင် ပလ္လင်ခွေထိုင်ပြီး ခေါင်းကို အမြဲငုံ့စားနေတော့ ဗိုက်ခေါက်ပြီး လေခံတာလားလို့ ထင်မိတယ်။ နောက်မှ တဖြည်းဖြည်းနဲ့ ရင်ဝကနေ ဝမ်းဗိုက်အောက် ဘယ်ဘက်ခြမ်းက စူးပြီး အ ရမ်းထိုးအောင့်လာတော့ စားလက်စ သံပန်းကန်ပြားလေး ကို အခန်းထောင့်ကို တွန်းရွှေ့လိုက်ပြီး ပလတ်စတစ် ရေပု လင်းနဲ့ လက်ကိုဆေးလိုက်တယ်။
ခါးကို ကိုင်းကိုင်းလေးလုပ်ပြီး ခပ်ကုန်းကုန်းလျောက်လာတော့ ထမင်းစားလက်စဖြစ်နေတဲ့ အတူနေတဲ့ အန်တီက သမီးဆုမွန် ဘာ ဖြစ်လဲတဲ့.. ဗိုက်အောင့်တယ်လို့ လေသံပျော့လေးနဲ့ပြောတော့ သူ မျက်လုံးပြူး သွားတယ်။ သမီး နံရံကိုမှီပြီး ခဏလေး မှီနေလိုက်တဲ့။ သူ့သစ်သားပြားခေါင်းရင်းဘက်ခြမ်းက အုတ်နီခဲတုံးလေးပေါ်တင်ထားတဲ့ ပရုတ်ဆီပုလင်းလေးထဲက အကတ်အသတ် ပရုတ်ဆီလေး တွေကို ကျမ ဝမ်းဗိုက်ပိန်ပိန်လေးကို လှန်ပြီး ချက်ထဲကို ထည့်ပေးတယ်။
ဗိုက်ကို လက်တင်လိုက်တော့မှ အထိမခံနိုင်အောင် နာမှန်း ပိုသိသာလာတယ်။ သူ့လက်ကို တွန်းဖယ်လိုက်ပြီး နာနာကျင်ကျင်နဲ့ သမီး ဗိုက်ကိုထိရင် အရမ်းနာတယ် အန်တီ..လို့ ငိုမဲ့မဲ့ပြောတော့ သူ ပိုလန့်သွားပုံရတယ်။ ဒါကြောင့် သမီးကိုပြောတာ အစားကို ပုံမှန်စားပါ လို့ ညည်းကမစားရင် ထိုင်နေတာကိုးလို့ တဗျစ်ဗျစ်တောက်တောက်ပြောရင်း သူ သံတိုင်တွေကို အားယူကိုင်ထပြီး အပြင်ကို မျော် ကြည့်တယ်။
ဆရာမ ဆရာမ..ခပ်အုပ်အုပ်ခေါ်လိုက်တဲ့ အန်တီ့အသံကြောင့် အကျဉ်းခန်းတွဲတွေရဲ့ အလယ်တည့်တည့်က သစ်သားကုတင်ပေါ်မှာ စုဝေးပြီး စကားတင်းဆိုနေတဲ့ ထောင်ဝါဒါမတွေထဲက တယောက်က စိတ်မရှည်တဲ့ လေသံနဲ့ဘာလဲ ဘာလဲ တဲ့။ ဒီမှာ ဆုမွန် ဗိုက် အောင့်လို့တဲ့။ သူတော်တော် အောင့်နေတယ်။ ဟင် ညနေပိုင်းကြီး ဗိုက်လာအောင့်ရသလား ပါဆယ်တွေ စွတ်စားပြီး ဖြစ်ပြီ၊ နင်တို့ ကတော့ တဲ့၊ ဆောင့်ဆောင့် အောင့်အောင့်နဲ့ အော်ပြီးမှ၊ ငြိမ်ငြိမ်နေလိုက် မနက်ဖြန်မနက် ဆေးမှူးလာရင်ထွက် ပြလိုက်တဲ့။
စူးရှကျယ်လောင်လွန်းတဲ့ အသံက သံရည်ပူနဲ့နားဝကို လောင်းချလိုက်သလို ဒေါသက တဖျင်းဖျင်း ထွက်လာတယ် ဝမ်းဗိုက်က နာ ကျင်မှုနဲ့အတူ နာကျည်းမှုက ပိုလာမယ်ထင်တယ်။ ဒေါသနဲ့အတူ နာကျင်မှုတွေနဲ့ အသက်ရှူကျပ်အောင်ကို ရင်ခွင်တခုလုံး တင်းတင်း ကျပ်ကျပ်ကြီး ဖြစ်သွားတယ်။ မျက်စိကို အသာမှေးမှိတ်လိုက်တော့မှ မျက်ရည်ပူတွေက နားထင်တလျောက် လျောကျဆင်းသွားတာ သိလိုက်တယ်။ မငိုပါနဲ့ ဆုမွန်ရယ်တဲ့ လျက်ဆားလေးစားလိုက် လေခံတာဖြစ်မယ် သမီး လမ်းလေး လျောက်ကြည့်ပါလားဆိုလို့ နံရံ ကို အားယူကိုင်ပြီး ထလိုက်တော့မှ ဗိုက်တပြင်လုံး အရမ်းထိုးအောင့်လာလို့ အသက်ရှူကျပ်လွန်းလို့ အံကြိတ်ရင်းက မချိမဆန့် ညည်း မိတယ်။
ဆရာမ ဆရာမ သူတော်တော်ဖြစ်နေတာ တခုခုဖြစ်မှာစိုးတယ် လုပ်ပါဦးလို့ အန်တီက အော်တော့မှ သော့ခလောက်သံ တချွင်ချွင်နဲ့ ထောင်ဝါဒါမ ဝ ဝ တုတ် တုတ် ကြီး ရောက်လာတယ်၊ မခံမရပ်နိုင်အောင် ဗိုက်အောင့်နေမှန်း သိသာတဲ့ ကျမပုံစံကို မြင်တော့မှ ဆေး မှူးခေါ်ပေးမယ် ခဏစောင့်တဲ့ ညနေပိုင်း ထောင်ပိတ်ချိန် ရောက်နေပြီ နင်တို့ကလဲ နည်းနည်းပါးပါး အစားဆင်ခြင်မှပေါ့ တဲ့။
အစား ဆင်ခြင်မှာပေါ့ ဆိုတဲ့ စကားကြောင့် ခပ်မဲ့မဲ့ပြုံးမိတယ်။ ဖုန်မှုန့်တွေ ပိုးမှုန့်တွေ ဂုန်နီကြိုးတွေ ရောထွေးပါလာတဲ့ ပဲဟင်းဆိုရုံ အရည်ကျဲကျဲ ဖြူဖျော့ဖျော့အရည်တခွက် ငါးပိတတုံး ဆားတပုံနဲ့မနက်စာ အရိုးအရင်း အရွက် အတုံးလိုက် အတစ်လိုက် ခုတ်ထစ် ချက်ထားတဲ့ အရွက်စုံဟင်းချိုတခွက်နဲ့ ငါးပိတတုံး ဆားတပုံ ထမင်းကလဲဆိုတာ ရောင်စုံထမင်း အေးသွားရင် ထိုးမရ ဖဲ့မရ အညို ညစ်ညစ် ထမင်းတုံးတတုံး။ လမ်းလျောက်ဖို့တောင် မေ့နေလောက်အောင် မိလ္လာသွန်ချိန်နဲ့ရေချိုးချချိန် တခုပဲ အပြင်ထွက်ရတဲ့ ဘဝမှ အခန်းကျဉ်းလေးထဲ ပတ် ပတ်လည် မူးနောက်နေအောင် လျောက်မှ အစာကြေရုံရှိတဲ့ နေရာတခုက လူတွေရဲ့ အစာအိမ်ခြေဖျက်မှုဟာ ပုံမှန်ဖြစ်ပါ့မလားဆိုတာ သူတို့လည်းသိရက်နဲ့အံကို တင်းတင်းကြိတ်ရင်း မျက်စိကိုသာ စုံမှိတ်ထားလိုက်ပါတယ်။
ခပ်ဆောင်ဆောင့်ဆွဲဖွင့်လိုက်တဲ့ သံချေးတက်နေတဲ့ သံတံခါးချက်ဖွင့်သံ ဂျောင်းခနဲ ဂျူန်းခနဲ အသံကြားမှ အပြင်မှ ဗထလလို့ခေါ်တဲ့ ဗဟိုထောက်လှမ်းရေးက လူတွေနဲ့ထောင်ဝါဒါမတွေ နောက် ဝတ်စုံအဖြူဝတ် ထောင်အကျဉ်းသား ဆရာဝန်နဲ့ဆေးမှူးကို မြင်ရတယ်။ အပြင်ကို တွဲထွက်ဖို့ အခန်းထဲက အတူနေ အန်တီက ချိုင်းကနေ မပြီး တွဲထွက်တော့ ရှင်က ဘာထွက်လုပ်မှာလဲ အထဲပြန်ဝင်နေ သူ့ ဘာသာ ထွက်လာလိမ့်မယ်လို့ ဟောက်လိုက်တော့ မျက်နှာပျက်သွားတဲ့ အန်တီကို ကြည့်ပြီး နေ နေ ရတယ် အန်တီ သမီး ဘာ သာ ထွက်မယ် စိတ်မပူနဲ့နော်လို့ ပြောရင်း ဗိုက်အောင့်လွန်းလို့ ခပ်ကုန်းကုန်းဖြစ်နေတဲ့ ဗိုက်ကို လက်တဘက်က အသာထောက်ပြီး သံ တံခါးကို လက်တဘက်နဲ့ဆုပ်ကိုင်ရင်းက အုတ်လှေကားအထစ်ကို မနည်းတွယ်ဆင်းရပါတယ်။
ကျမ ဝမ်းဗိုက်ပြင်ကို လက်ချောင်းတွေနဲ့ ခပ်ဖိဖိနှိပ်ရင်း ဒီနားလား ဟိုနားလားလို့ ထိုးပြီး မေးနေတဲ့ ထောင်ဆေးမှူးကို ကျမ ပြန် တောင် မပြောနိုင်လောက်အောင် နာတယ်လို့ပဲ တတွင်တွင်အော်နေမိတယ်။ ကျမရဲ့ တင်းမာ ပြောင်တင်းနေတဲ့ နံရိုးအပြိုင်းပြိုင်းနဲ့ ဝမ်းဗိုက်ပူပူလေးကိုကြည့်ပြီး သူ့မျက်နှာ နည်းနည်းပျက်သွားတယ်။ နောက် သူ ဗထလက ထောက်လှမ်းရေးတွေနားကို သွားပြီး တစုံတရာ ခပ်တိုးတိုးပြောနေတာ တွေ့တယ်။ နောက် ထောင်ဝါဒါမတွေကို ခေါ်ပြီး သူတို့ ဆွေးနွေးနေကြတယ်။
သူ ထောင်မကြီး ဆေးရုံသွားရမယ်တဲ့ နောက် ကျမ အခန်းဘက်ကို ထောင်ဝါဒါမတယောက်က ခပ်သွက်သွက် လျောက်သွားပြီး ဆုမွန် အဝတ်တွေ နည်းနည်းထုတ်ပေးလိုက်တဲ့။ အန်တီကြီးက ထောင်ဝတ်စုံအဖြူလေးတွေနဲ့ ဖလံထည် အနွေးထည်လေးတထည် အောက်ခံအင်္ကျီလေးတွေကို အဖြူရောင် ပုံစံလုံခြည်လေးနဲ့ ထုတ်ပေးလိုက်တယ်။ နောက်သူတို့တွေ အကုန် အပြင်ထွက်သွားကြ တယ်။ အထုတ် အဖြူလေးကို ပိုက်ပြီး ထိုင်နေတဲ့ ကျမ အပြင်ရောက်တော့ ဗိုက်က ပိုပိုပြီး ထိုးအောင့်လာသလိုပဲ။
ကျမကို ဘာဆေးမှလည်း မပေးသေးဘူး လက်နဲ့ဖိသွားတာတခုပဲ ရှိတယ်။ ကျမ မသိမသာ ကုန်းကုန်းလေး လုပ်နေပြီး ညည်းတော့ အကျဉ်းအခန်းတွေက ခေါင်းလေး ပြူတစ် ပြုတစ်နဲ့ ရပ်ကြည့်နေကြတဲ့ ကျမ ရဲဘော်တွေ ဆုမွန် သက်သာလား ဘယ်လိုနေလည်း ဆေးရုံရောက်ရင်တော့ သက်သာမှာပါ အားမငယ်နဲ့နော် စသဖြင့် တီးတိုးတီးတိုး အားပေးစကား လှမ်းပြောနေကြတာကို ဟဲ့ ဘာဖြစ် နေကြလဲ နင်တို့ကို ဘယ်သူက စကားပြောခိုင်းလို့လဲ ငြိမ်ငြိမ်နေကြစမ်း ဟဲ့ ကောင်မလေး နင့်ကို ဆေးရုံကား လာခေါ်လိမ့်မယ် ခဏ စောင့်ရမယ် သောက်စကားမများနဲ့ နင့်အပြင်ထုတ်တာ နေမကောင်းလို့ စကားပြောဖို့မဟုတ်ဘူး ဆိုတဲ့ ငှက်ဆိုးထိုးသံကြီးက အောက် ကလိ အောက်ကလာ ထွက်လာတယ်။
အပြင်မှာ နာရီဝက် တနာရီလောက် ကုတင်ပေါ်မှာ ငုတ်တုတ်လေးထိုင်နေရတယ်။ သူတို့လည်း သူတို့ခေါင်းစဉ်တွေနဲ့ သူတို့စကား ပြောမပျက်ကြဘူး။ ကိုယ့်ရောဂါတောင် ကိုယ်မေ့သလိုဖြစ်လာတယ်။ ငါအပြင်ကို ဘာထွက်လုပ်နေပါလိမ့်လို့တောင် ထင်လာမိတယ်။ ခဏနေတော့ တံခါးပွင့်သံ ဂျုန်းဂျုန်း ဂျိမ်းဂျိမ်း ကြားရတယ်။ ဂူးဂူး ဂဲဂဲ အသံကြီးကြားတော့မှ ကြောက်စိတ်တွေဝင်လာတယ် သစ်သား တံခါးလေး ပွင့်သွားပြီး ထောင်ဝန်ထမ်းတွေ ဝင်လာတယ် ဆေးရုံသွားရမယ်တဲ့။
ထမ်းစင်တွေများ ပါလာမလားလို့ အသာကြည့် လိုက်သေးတယ်။ နောက်မှ လိုက်ခဲ့တဲ့ ဆိုပြီး ခြေလှမ်းကျဲကျဲနဲ့ ထွက်သွားတဲ့နောက်ကို အထုတ်လေးပိုက်ပြီး ခပ်ကုန်းကုန်းလေး လိုက်သွားတော့ အန်တီက သံတိုင်လေးကို ဆုပ်ကိုင်ပြီး စိုးရိမ်တကြီး မျက်နှာနဲ့ကြည့်နေ တယ် မျက်ရည်အဝိုင်းသားနဲ့ ကျမ လှည့်ကြည့်တော့ သူ က မျက်နှာငယ်လေးနဲ့ပေမယ့် အားမငယ်နဲ့ဆိုတဲ့ သဘောနဲ့သူ့လက်မလေး ထောင်ပြတယ်။ ကျမကို လက်မောင်းရင်းက ကိုင်ပြီး ခြေလှမ်းကျဲကျဲလှမ်းတဲ့ ထောင်ဝါဒါမတယောက်က ဘေးကပါလာတယ်။ အပြင် ကိုရောက်လို့ ထောင်ဗူးဝနားမှာ စစ်ကားရိန်းဂျားကားကြီးတစီး ရပ်ထားတာ တွေ့ရတယ်။ ကားခေါင်းခန်းကို လျောက်သွားတော့ ဟဲ့ နောက်က တက်တဲ့။
ကျမ ကားကြီးရဲ့ နောက်မြီးကို ကြည့်တော့ အားနဲ့ဆွဲတက်ရတဲ့ သံလက်ကိုင်တန်းတွေနဲ့ သံလှေကားထစ်တွေကို မြင်ရတယ်။ နောက် ဘက်မှာ ဆောက်လုပ်ရေးပစ္စည်းတွေလို ပစ္စည်းအတိုအစတွေ စက္ကူပုံးတွေ နောက် ပုလင်းတွေ ကျမ အထုတ်လေးကို ပစ်တင်လိုက် ပြီးမှ ဗိုက်အောင့်နေတာတောင် မေ့သွားပြီး သံလှေကားကို အားနဲ့တွယ်တက်ရတယ်။ ထောင်ဝါဒါမကတော့ ကားခေါင်းခန်းပေါ်ကို စ တိုင်လ်အပြည့်နဲ့ ထိုင်လိုက်ပါတယ်။ နောက်မှ စက်ကို ဆောင့်နိုးတော့ ချက်ခြင်းကားက စက်မနိုးလို့ ဂူးဂဲလ် ဝူးဝဲလ်နဲ့ ရှေ့တိုးနောက် ဆုတ် သုံးလေးကြိမ်ဖြစ်ပြီးမှ အရှိန်နဲ့ဆောင့်ထွက်သွားတော့ ပြုတ်မကျအောင် ဆွဲမိဆွဲရာ ဆွဲကိုင်လိုက်ရပါတယ်။ ဗိုက်အောင့်နေတဲ့ လူနာကို လာခေါ်တဲ့ ရိန်းဂျားကားကြီးရဲ့ ဘေးနံရံကို တင်းနေအောင် ဆုပ်ကိုင်ရင်း မျက်စိကိုသာ စုံမှိတ်ပြီး ဆောင့်ဆောင့်လေးထိုင် ပြီး လိုက်သွားပါတော့တယ်။
စကာထဲ ဆီးဖြူသီး ထည့်လှိမ့်သလို အလူးအလူးအလိမ့်လိမ့် ပါလာပြီးမှာ သံတံခါးမကြီးတွေ အထပ်ထပ်ဖြတ်ကျော်ပြီး တနေရာမှာ ကားကို ဆောင့်ရပ်လိုက်ပါတယ်။ ထောင်ဝါဒါမက ဒီတခါတော့ ကျမ ကားပေါ်က အဆင်းကို ပျာပျာသလဲနဲ့ ကြိုစောင့်နေပါတယ်။ အော် ငါ့ကို ဆေးရုံနားရောက်လို့ ဂရုစိုက်တယ် မှတ်တယ်လို့ ထင်ပြီး သံလှေကားထစ်ပေါ်က အဆင်းလဲကျရော ခေါင်းစွပ်အပြာကြီး ကို ခေါင်းက စွပ်ချလိုက်ပါတယ်။ စစ်ကြောရေးဝင်နေကြလိုပါပဲ ခေါင်းကနေ စွပ်ချထားတဲ့အတွက် အရှေ့ကိုမြင်အောင် လက်မထိပ် လေးနဲ့အစွပ်ကို ကိုင်ပြီး ရှေ့တလှမ်းစာကို ကြည့် လက်တဘက်က အထုတ်လေးကို ကိုင်ပြီး တရွတ်စွဲ လျောက်နေတဲ့ ကျမကို လက်မောင်းရင်းကနေ ထောင်ဝါဒါမက ခပ်တွန်းတွန်း ဆွဲခေါ်လာပါတယ်။
ထောင်ဗူးဝကြီးတခုကို ခေါင်းငုံ့ပြီး အဖြတ်မှာတော့ မီးတွေ လင်းထိန်နေတဲ့ တိုက်တန်းလျားတစ်ခုရှေ့ကို ရောက်လာတယ်။ အဲ့ဒီ့မှာ တာဝန်ကျနေတဲ့ ထောင်ဝါဒါမကတော့ ကျမတို့နဲ့ ရင်းရင်းနှီးနှီးနေလေ့ရှိတဲ့ မထွေးထွေး ဖြစ်ပါတယ်။ သူက ရယ်ကာ မောကာနဲ့ ဟော သာလိကာ ဘာဖြစ်လာတာတုန်းတဲ့။ အရေးတယူမေးတဲ့ သူရှေ့ရောက်ကာမှ ငိုချင်စိတ် နည်းနည်းပေါက်သွားတယ် ကျနော် ဗိုက် အောင့်လို့ အစ်မ လို့ဆိုတော့ အေးအေး သက်သာသွားမယ်တဲ့ ထောင်ဆေးရုံကတော့ တက်ချင်တဲ့သူတွေ တန်းစီနေတာ၊ ပိုက်ဆံပေး ပြီးတောင် တက်ရတာ ဆိုပဲ။ ပြောပြောဆိုဆိုနဲ့ ကျမကို လက်မောင်းကို သွေးပေါင်ချိန် ကိုယ်အလေးချိန် ပေါင်ချိန် စာရင်းတွေမှတ် အ သက်မေးတော့ ၁၉ နှစ်လို့ ဖြေလိုက်တယ်။ စာရင်းမှတ်နေတဲ့ နှစ်ရစ်နဲ့အဘွားကြီးက မျက်လုံး ပင့်ကြည့်တယ်။ ဟဲ့ ကောင်မလေး နင် ကလဲ လူကဖြင့် နှပ်ချေးတောင် မစင်သေးဘူး သေးသေးလေးနဲ့ ငါးည ဖြစ်ရသလားတဲ့။ နောက် ခေါင်းက ခါပြီးတော့ စာရင်းတွေ ဆက်မှတ်တယ်။
နောက် ပြီးပြီ လာ လိုက်ခဲ့ဆိုပြီး ခပ်ကိုင်းကိုင်းဖြစ်နေတဲ့ ကျမကို ကန့်လန့်ကာကာထားတဲ့ အခန်းထဲကို ထည့်လိုက်ပါတယ်။ သံ တံခါးနှစ်ဆင့် ခတ်ထားတဲ့အပြင် ကန့်လန့်ကာ အမည်းကြီးပါ ထပ်ကာထားတဲ့ အခန်းကျယ်ကြီးပါ။ ကုတင်လေးတလုံးပဲ ရှိပါတယ်။ နောက် မိလ္လာကုလားထိုင်လို့ယူဆရတဲ့ ခုံတလုံးရယ် ဒါပဲရှိပါတယ်။ ညှီစို့စို့အနံ့ကြီးရယ် ပိုးသတ်ဆေးအနံ့ကြီးရယ် ရှူရှိုက်မိပြီး ဆိတ်ငြိမ်နေတဲ့ အခန်းကျယ်ကြီးကို ပတ်ချာလည်ကြည့်ပြီး ဘာရယ်မှန်းမသိ ကြက်သီးဖြန်းဖြန်းထသွားတယ်။
ဆေးဗန်းသေးသေးလေးထဲက ဆေးသေးသေးလေး နှစ်လုံးကိုတိုက်ပြီး ကဲ အိပ်တော့ မနက် ဆရာဝန်လာရင် သေချာ ကြည့်ပေးလိမ့် မယ်တဲ့။ အခန်းကျယ်ကြီးအလည်က ကုတင်သေးသေးလေးမှာ ကျမတယောက်တည်း ကျန်ရစ်ခဲ့ပါတယ်။ သံတံခါးနှစ်ထပ်ကို အဆင့် ဆင့် ဆွဲပိတ်ပြီး သော့ခတ်လိုက်တဲ့အပြင် ကန့်လန့်ကာကြီးကိုလဲ ဆွဲပိတ်လိုက်တဲ့ အသံ နောက် အားလုံး ငြိမ်သက်တိတ်ဆိတ် သွားပါ တော့တယ်။ မီးလုံး နီကျင်ကျင်လေးအောက်မှာ ကုတင်ပေါ် ပက်လက်ကလေး အိပ်နေရင်း နောင်တအကြိမ်ကြိမ် ရမိပါတယ်။ ကြောက်စိတ်က တဖြေးဖြေး လွှမ်းမိုးလာပါတယ်။ သေပါပြီ ဒုက္ခပါပဲ ငါတော့ အခုနေ သေသွားရင်တောင် လူသိမယ် မထင်ဘူး၊ ငါ့ဘာ သာ ငါ့အကျဉ်းခန်းထဲ ငါ့အခန်းဖော်နဲ့နေရင်တောင် အသေဖြောင့်ဦးမယ်လို့ တောင်စဉ်ရေမရတွေ တွေးမိပါတယ်။
နောက်မှ ဘုရားတရားကို အာရုံပြု ဘုရားဂုဏ်တော်တွေ ရွတ်ရင်းက ခေါင်းတခုလုံး လေးလေးကြီး ဖြစ်လာပြီး တဖြေးဖြေး မျက် တောင်က စင်းလာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတော့တယ်။
အိပ်နေရာကနေ ဆတ်ကနဲ ရုတ်တရက် ကုတင်ကို နောက်ကနေ ဆွဲဆောင့်လိုက်သလို ကုတင်ပေါ်က ပြုတ်ကျသလို အေးကနဲ ဖြစ် သွားပါတယ်။ မျက်စိနှစ်လုံးကို ဖြတ်ကနဲဖွင့်တော့ ဘာဆိုဘာမှမမြင်ရပဲ ပတ်ဝန်းကျင်တခုလုံးက မှောင်မည်းနေပါတယ်။ ခြေထောက် ကို စုံညှစ်ကိုင်ပြီး ဆွဲချနေသလို ခံစားရလို့ ခြေထောက်ကို ဆောင့်ကန်ပြီး ရုန်းထွက်တော့ တင်းတင်းညှစ်ထားတဲ့ လက်အစုံကို သတိ ထားမိသလိုဖြစ်ပြီး ကုတင်ခြေရင်းကို ခေါင်းမတ်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့…
ကုတင်ခြေရင်းမှာ ဆံပင်စုတ်ဖွားနဲ့ ပုပုကွကွ ပုံစံ လူလိုလို မျောက်လိုလို မည်းမည်း တကောင် ပါးစပ်ကလည်း ဝူးဝူးဝါးဝါး အော်နေတာ တွေ့လိုက်ရပါတယ်။ ကျမ ခြေထောက်ကို စုံကိုင်ပြီး တခုခုပြောနေသလိုလို ဒါမှမဟုတ် ကျမခြေအစုံကို ကုတင်ပေါ်ကနေ ဆွဲချဖို့ လုပ် နေသလိုလိုပါပဲ။ ကြောက်စိတ်ထက် ဒါ ဘာအကောင်ပါလိမ့် ဆိုတဲ့ စိတ်ကို ပိုပါတယ်။ ငါ အိမ်မက်မက်နေတာလား တကယ်လားလို့ အကြိမ်ကြိမ် ပြန်တွေး နေပါသေးတယ်။ တိတ်ဆိတ် မှောင်မည်းနေတဲ့ အခန်းကျဉ်းလေးကို ပြန်ကြည့်ပြီး ဘယ်နေရာ ရောက်နေပါ လိမ့်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားနေတုန်း အကျဉ်းအခန်းရဲ့ တဘက်ခြမ်းက အစောင့်ကျ ထောင်ဝါဒါမတွေရဲ့ တီးတီုးစကားပြော သံ ကြားတော့မှ လက်ရှိအခြေအနေကို ပြန်ကျက်မိတော့တယ်။
အလို ငါ ဗိုက်အောင့်လို့ ထောင်မကြီးဆေးရုံရောက်နေတာပဲလို့ တွေးမိပြီး မအိပ်ခင် သူတို့တွေ ကျမကို တံခါးနှစ်ထပ်ခတ်ပြီး ကန့်လန့် ကာ ဆွဲချသွားတာကို ပြန်မြင်ယောင်လာတော့မှ ကုတင်ခြေရင်းက ပုဂ္ဂိုလ်ဟာ သူ့အလိုလို ရောက်နေတဲ့ သာမာန်လူမဟုတ်တဲ့ နာနာ ဘာဝလို အကောင်ပလောင် တကောင်ကောင် ဖြစ်မယ်ဆိုတာ တွေးမိပါတော့တယ်။ အဲ့ဒီ့တုန်းက ဖြစ်တဲ့ ကြောက်စိတ်ကိုတော့ ပြန် ပြောရမှာတောင် ကြက်သီးထမိပါရဲ့။
အဲ့တော့မှ ကြောက်စိတ်က ငယ်ထိပ်ရောက်သွားပြီး သူ ဆုပ်ကိုင်ထားတဲ့ ကျမ ခြေထောက်ကို ဆောင့်ရုန်း လိုက်ပြီးမှ ငယ်သံပါ အောင် အော်ပါတယ်။ အံ့သြဖို့ကောင်းလောက်အောင် ကျမ အသံက လုံးဝကို ထွက်မလာပါဘူး။ ဘယ်ညာလူးလွန့်ဖို့ ကြိုးစားပေမယ့် လည်း လုံးဝကို လှုပ်လို့မရပါဘူး။ ငါတော့ သေပြီ ဒီတခါတော့ ထောက်လှမ်းရေးရိုက်သတ်လို့ မသေပဲ ဗိုက်အောင့်လို့မသေပဲ သရဲ ခြောက်လို့ သေတော့မယ် ဆိုတဲ့ အတွေးက ပိုပြီး ကြောက်အားလန့်အားဖြစ်ပါတယ်။
ပိုပိုပြီး ကြောက်စိတ်က အရမ်းကြီးလာပြီး သူ့လက်က လွတ်အောင် ခြေထောက်ကို ဆောင့်ရုန်းလေ သူက ပိုပြီး တင်းကျပ်နေအောင် ဆုပ်ညှစ်လေ လုပ်နေရင်းကနေ ကုတင်ခြေရင်းကနေ အပေါ်ကို ဝမ်းလျားထိုး တက် လာပါတယ်။ ဆံပင်စုတ်ဖွား ဖားလျားကြီးနဲ့ မျက် စိက အဝိုင်းလိုက်ကြီး ပြူးနေတဲ့ သူ့ပုံစံကို အရမ်းလန့်သွားပြီး ထပ်ကာထပ်ကာ ငယ်သံပါအောင်အော် အားနဲ့ဆောင့်ကန်လိုက်ပေ မယ့် သူကတော့ နည်းနည်းမှ နောက်ဆုတ်မယ့်ပုံစံ မရှိပါဘူး။
ပက်လက်ဖြစ်နေတဲ့ ကျမ တကိုယ်လုံးက အကြောသေသလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်း အကုန်လုံး သေနေသလိုဖြစ်ပြီး အသက်လဲ လုံးဝ ရှူမရတော့ပါဘူး။ အရမ်းမွန်းကျပ်လာပြီး ကူရာကယ်ရာမဲ့လာတဲ့အချိန် အသက်ပျောက်ပြီလို့ တွေးမိတော့မှ ဘုရား ဘုရားလို့ နှုတ်က တမိမှ ဘုရားကို သွားသတိရပါတယ်။ ဘုရားဂုဏ်တော်တွေနဲ့ ပဌာန်း၂၄ ပစ္စည်းကို တရစပ်ရွတ်လိုက်တော့ သူ ဝူးဝူးဝါးဝါး အော်လိုက်ပြီး နောက်ကို ပက်လက်လန် ပြုတ်ကျသွားပါတော့တယ်။
သူ့လက်ကလဲ လွတ်ရော ကျမလဲ ကြုံးအော်လိုက်တာမှာ အသံထွက်လာပြီး လူလည်း လှုပ်လို့ရပါပြီ။ ကျမရဲ့ ငယ်သံပါအောင် အော် တဲ့ အသံကြားတော့မှ အပြင်ကလူတွေ လှုပ်လှုပ်ရှားရှားဖြစ်ပြီး အစောင့်ကျနေတဲ့ မထွေးထွေးမော်က အပြေးအလွှား တံခါးသော့တွေ ကို ဖွင့်ပြီး ဝင်လာပါတယ်။ ဘာဖြစ်လဲ ဘာဖြစ်လဲလို့မေးတော့ ဘာမှ မဖြေနိုင်ပဲ အသက်ရှူသံပြင်းပြင်း ချွေးသံရဲရဲ ဆံပင်ဖားလျားနဲ့ ဖုတ်လိုက် ဖုတ်လိုက်ဖြစ်နေတဲ့ ကျမကို ကြည့်ပြီး သူ တော်တော် လန့်သွားပါတယ် ဟဲ့ ဘာဖြစ်လဲ ဘာဖြစ်လဲလို့ ပုခုံးကို ဆောင့်မေး တော့မှ ကုတင်ခြေရင်းကို လက်ညိုးထိုးပြ လိုက်တယ်။ သရဲ ထင်တယ် အစ်မ သရဲလား မသိဘူး ကျမခြေထောက်ကို လာဆွဲတယ်လို့ ပြောတော့ သူ မျက်နှာ သွေးမရှိတော့ပဲ ပါးစပ်အဟောင်းသားနဲ့ ကျမကို ကြည့်ပြီး ချက်ခြင်း အပြင်ကို ပြန်ပြေးထွက် သွားပါတယ်။ အကျဉ်းတံခါးတောင် ပြန်ခတ်ဖို့ မေ့သွားပုံရပါတယ်။
နောက် သူနဲ့တခြားဝန်ထမ်းတယောက် ချက်ခြင်း ပြန်ဝင်လာပြီး ရေတပုလင်းနဲ့ ဆေးသေးသေးလေးတွေ လာတိုက်ပါတယ်။ နောက် ပုတီးလေးတကုံး လာပေးပါတယ်။ ဘာမှမဟုတ်ဘူး ညီမက ပက်လက်လှန် အိပ်တော့ ဘီလူးစီးတာနေမယ်တဲ့ နောက်ပြီး နေမ ကောင်းလည်းဖြစ်နေတာ့ အိမ်မက်ဆိုးတွေ မက်တာနေမယ် ဘုရားစာဆိုပြီး အိပ်၊ အိပ်ယာ ပြောင်းရင်လည်း ဖြစ်တတ်တယ်ဆိုပြီး အဲ့ အစ်မ မထွေးထွေးမော်က ကျမ ဆံပင်ကိုသပ်ပြီး ပြောပါတယ်။ ထောင်ဝန်ထမ်းတွေမှာတော့ သူမဟာ တော်တော်လေး ကြင်နာစိတ်ရှိ သူ တဦးဖြစ်ပါတယ်။ နောက် မီးလုံးဖွင့်ပေးထားပြီး သံတံခါးကို ပြန်ခတ်ပေမယ့် ကန့်လန့်ကာကိုတော့ ဆွဲမစေ့ပဲ သူတို့ကိုမြင်အောင် ထားထားပေးပါတယ်။
ကုတင်ပေါ်မှာ တစောင်းခွေခွေလေး လှဲနေရင်းက ကျမလည်း အဖြစ်အပျက်ကို ပြန်စဉ်းစားနေပါတယ်။ တကယ်ပဲလား စိတ်ထင်တာ လားဆိုတာ သိပ်မသေချာပေမယ့် သေချာတာတော့ တယောက်တည်း သော့အထပ်ထပ် ခတ်ထားတဲ့အပြင် ကန့်လန့်ကာအထူကြီး ပါ ပိတ်ကာထားတဲ့ ထောင်မကြီးဆေးရုံ တိုက်အကျဉ်းခန်းလေးထဲမှာ တယောက်တည်းနေရတဲ့ နေမကောင်းလွန်းလို့ ကိုယ့်ကိုယ် တောင် အနိုင်နိုင်သယ်နေရတဲ့ ဖြူဖျော့တော့ပြီးအသက်၂ဝ တောင် မပြည့်သေးတဲ့ မိန်းကလေး သေးသေးလေးအတွက်ကတော့ ဘယ်လိုမှ စိတ်ခွန်အားတင်းလို့မရအောင် သွေးပျက်ဖို့ ကောင်းလောက်အောင် ကြောက်စရာကောင်းတဲ့ အိမ်မက်ဆိုးတခု မက်ခဲ့တာ ပါပဲ။
ခုနက သရဲနဲ့ ကိုယ်နဲ့ နပမ်းလုံးသလိုဖြစ်တာကို ပြန်တွေးပြီး ရင်တွေ တဒိန်းဒိန်းခုန်ပြီး မောပမ်းနွမ်းနွယ် လွန်းတာရယ် ဗိုက်အောင့် ထားတဲ့အရှိန်ရဲ့ နာကျင်မှုရယ်နဲ့ အိပ်ဆေးလို့ယူဆရတဲ့ ဆေးသေးသေးလေးတွေ နောက်ထပ်လာတိုက်တာရယ်နဲ့ မျက်စိလေးပြီး ပု တီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ခွေခွေလေး အိပ်မောကျသွားပြန်ပါတယ်။
ရုတ်တရက် လသားအရွယ်ကလေး ငိုသံစူးစူးဝါးဝါးကို ကြားလိုက်တော့မှ ခေါင်းက ဆတ်ကနဲ ထောင်ထလာပါတယ်။ ကြက်သီးတွေ လည်း တဖြန်းဖြန်းထပြီး သရဲထပ်လာပြန်ပြီ ငါတော့ သေပြီ သေပြီ လို့ ထပ်တွေးမိပါတယ်။ နောက်ထပ် ကလေးသေးသေးလေးတွေ ငိုသံက အနားနားတင် ကပ်ငိုနေကြသလို ကြားနေရပါတယ်။ အဲ့အချိန်မှာတော့ လူက လှုပ်လို့ရနေပါတယ်။ အသာလေး ခွေခွေလေး အိပ်နေရင်းက လုံးဝ မထပဲ ခေါင်းအုံးနဲ့မျက်နှာအပ်ပြီး ဘုရားစာကို တတွတ်တွတ်ရွတ်နေမိပါတယ်။ နောက်မှ ကျမ ဘေးကပ်ရက်က အခန်းက တဖြန်းဖြန်း ရိုက်သံတွေနဲ့အတူ အော်သံဟစ်သံတွေ ဆက်တိုက် ကြားရပါတယ်။
မနက်အိပ်ယာထပြီး မှောင်မည်းနေတဲ့ ကန့်လန့်ကာ ကာထားတဲ့ အခန်းကိုပတ်ချာလည်လှည့် လျောက်ကြည့်နေမိတဲ့ အချိန်ကျမှ သံ တံခါးဖွင့်သံ ကြားရပြီး အလင်းသဲ့သဲ့ဝင်လာပါတယ်။ ကျမအတွက် ဆေးလေးတွေနဲ့ နို့တခွက် လာပေးပါတယ်။ တညလုံး ဗိုက်အောင့် နေပေမယ့် ဗိုက်ဆာလွန်းတာကြောင့် နို့ကို အငမ်းမရသောက်လိုက်တော့မှ အဖြူရောင် ပဲနို့အနံ့ရှိပေမယ့် ဘာအရသာမှ မရှိတဲ့ အ ရည်ကျဲကျဲ တခွက်ဖြစ်ပါတယ်။
ကျမ နို့ကို ငုံ့သောက်နေတုန်း ထောင်ဝတ်စုံအဖြူဝတ်ထားတဲ့ ဆေးမူးတွေနဲ့ စစ်ဝတ်စုံပြည့်ဝတ်ထားတဲ့ ထောင်ဆရာဝန်တွေ ဝင်လာပါ တယ်။ အော် နို့တွေ ဘာတွေ သောက်လို့ပါလားတဲ့ ကျမကို ဗိုက်အောင့်တုန်း ပဲလားဆိုတော့ ခပ်သွက်သွက်ပဲ ခေါင်းရမ်းပြလိုက်ပါ တယ်။ ကျမ နေကောင်းသွားပြီ ကျမ ပြန်ပါရစေလို့ ပြောတော့။ သူတို့က ဟောကနဲ ထရယ်ကြပါတယ်။ ညည်းက အိမ်ပြန်ချင်တာ လားတဲ့။ လောင်ရယ်သံဆိုတာ သိပေမယ့် အံကိုတင်းတင်းကြိတ်ပြီး အိမ်ကို မပြန်ချင်တဲ့သူ ဘယ်သူရှိမလဲလို့ မေးလိုက်ပါတယ်။ အိမ် ပြန်လို့ရရင် အိမ်ပြန်ချင်ပါတယ် မရရင်တော့ ကျမအရင်နေတဲ့ သီးသန့်ခန်းကိုပဲ ပြန်ပို့ပေးပါလို့ ပြောလိုက်ပါတယ်။ ထောင်မကြီးနဲ့ သီး သန့် ထောင်က သွားချင်တိုင်းသွား ပြန်ချင်တိုင်း ပြန်လို့ရတဲ့ နေရာမဟုတ်ဘူးကွ တဲ့ ဒီမှာ ထောင်ဆေးရုံတက်ချင်လို့ တန်းစီနေကြတာ ဟုတ်တယ်မဟုတ်လား ဆရာမ အနားယူစရာရှိတာ ယူတာမဟုတ်ဘူး၊ ညည်းကလဲ ဒီမှာဆို ဆေးရုံစာ ထမင်းဟင်းရမယ် ရေနွေးရ မယ် နို့သောက်ရမယ် ဆိုပြီး တဟားဟား ရယ်နေကြပါတယ်။
ကျမကို အသင့်ဆေးရည်ဖြည့်လာတဲ့ ဆေးတလုံးထိုးပေးပါတယ် နောက် ဖြူဖြူဝါဝါ ဆေးလုံးတွေ ပေးခဲ့ပါတယ်။ ကျမကိုတော့ မ ဟုတ်ပါဘူး အစောင့်ဝန်ထမ်းလက်ထဲကိုပါ။ သူတို့အားလုံး ပြန်ထွက်သွားတဲ့ အချိန်ကျတော့ ညိုညစ်ညစ် ထောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးလေးတယောက် မိလ္လာ လာချပါတယ်။ မတ်တပ်လေး လက်ပိုက်ရပ်နေတဲ့ ကျမကို မသိမသာလေး စွေစောင်းကြည့်တော့ အဲ့လာသယ်တဲ့ အမျိုးသမီးလေးကို ထောင်အစောင့်က ခေါင်းကို ပိတ်ရိုက်လိုက်ပါတယ်။ ဟဲ့ နင်ကို မိလ္လာချခိုင်းတာ နင့်ကို လူကြည့် ခိုင်းတာမဟုတ်ဘူး ကိုယ့်ကိစ္စမဟုတ်တာ တော်တော်စပ်စုတယ် ဟုတ်လား နင့်ကို ပုံစံပေးရမယ်ဆိုပြီး ထွက်သွားကြပါတယ်။
ကျမ စိတ်ထဲတော်တော်မကောင်းသလို ဖြစ်သွားတဲ့အပြင် သိလိုက်တာတခုကတော့ ကျမ ဒီမှာရောက်နေတယ် ဆိုတာ ဘယ်သူ့ကိုမှ ပေးမသိစေချင်တဲ့ သဘောမှာ ရှိပါတယ်။ နောက် အစောင့်ကျဝန်ထမ်းမတယောက် ရောက်လာပြီး သော့ကို ပြန်ခတ်ပါတယ် ကန့်လန့် ကာကိုပါ ဆွဲချတော့ ကျမက သူ့ကို ပြောပါတယ် မီးသီးအရောင်ပဲရှိတယ် နေ့ခင်းဘက်ကြီး ကျမကို ပိတ်လှောင်မထားပါနဲ့ အပြင်ကို မ ကြည့်နဲ့ဆို မကြည့်ပါဘူးလို့ ပြောတော့၊ သူက ကျမ ပြောတာကို ဘာမှ မပြောပဲ တံခါးကိုပဲ ဆောင့်ပိတ်သွားပါတယ်။
နောက် လှုပ်လှုပ်ရွရွ လူအသံတွေ ကြားလို့ ကျမ အခန်းဘေးဘက်က ကန့်လန့်ကာလေးကို ဆွဲဖယ်ပြီး ကြည့်တော့၊ ဘာမှ မမြင်ရပါ ဘူး။ အဲ့တာနဲ့ ကုတင်ဘေးက မိလလ္လာချတဲ့သစ်သားခုံလေးကို ဆွဲပြီး အပေါ်ပြူတင်းပေါက်လို အပေါက်တပေါက်ကနေ ချောင်းကြည့် တော့မှ အုတ်ကန်ဘောင်ပေါ်မှာ ခပ်ချိုး ခပ်ချိုး ခပ်ချိုးလို့ အော်နေတဲ့ မိန်းမကြီးတယောက်နဲ့ အုတ်ရေကန်ကြီးဘေးမှာ လားလား ကိုယ်လုံးတီးပုံစံ ပုံစံလုံခြည် တိမ်လွှာပုဆိုးလေးတွေ ပတ်ပြီး တန်းစီ ရေချိုးချနေတဲ့ လူတန်းကြီးကို တွေ့ရပါတယ်။ သူတို့ဘေးမှာ တုတ်တိုလေးတွေကိုင်ထားတဲ့ ပုံစံအကျီဝတ်ထားတဲ့ ခပ်ကြမ်းကြမ်း မိန်းမကြီးတွေလည်း တွေ့ရတယ်။ အများစုက ပုံစံက ယောက် ကျားလျာလို ပုံစံတွေပါပဲ။ သူတို့ ဟိုလူ့ တုတ်နဲ့လိုက်ထိုးလိုက် ဒီလူ့ကျောကုန်း လိုက်ရိုက်လိုက် ခေါင်းကို ထုလိုက် လုပ်နေပါတယ်။ သူတို့ကို ဘယ်လိုပဲ လုပ်နေနေ အကျီတွေကို ခါးမှာ ပတ်ထားတဲ့ ထုံပေပေ ကြောင်စီစီပုံစံနဲ့ လူတွေကတော့ တရွေ့ရွေ့ပါပဲ။
ကျမ ဒီလိုမြင်ကွင်းမျိုး မြင်ဖူးလိုက်တာ မျက်စိကိုမှိတ်ပြီး စဉ်းစားတော့မှ… ဂျူးလူမျိုးတွေ ရေနွေးငွေ့ ရေချိုးခန်းထဲဝင်ခါနီး ကိုယ်လုံး တီးတွေနဲ့ တန်းစီဝင်နေတဲ့ပုံစံနဲ့ တပုံစံတည်းပါပဲ။ အသက်ရှူကျပ်လာပြီး နှလုံးခုန်သံ တဒိန်းဒိန်းကို ပြန်ကြားနေရပါတယ်။ ချွေးစေး တွေ ပြန်လာပြီး ခေါင်းနပမ်းတွေ ကြီးလာပြီး ကျမ လက်ဖျား ခြေဖျားတွေ အေးစက်လာပါတယ်။ အာခေါင်တွေပါ ခြောက်လာပါတယ်။ ကြက်သီးတွေလဲ တဖြန်းဖြန်း ထလာပါတယ် ပြန်ဆင်းတော့မယ်ဆိုပြီး အုတ်ဘောင်ကို တွဲဆုပ်ထားတဲ့ လက်ကို ဖြေချလိုက်တော့မလို လုပ်ပြီးကာမှ ကျမ မျက်စိအစုံက ထောင်ဆေးရုံဘေး ကွင်းပြင်ပေါ်မှာ ကလေးသေးသေးလေးတွေကို ရုတ်တရက် လှမ်းမြင်လိုက်ရပါ တော့တယ်။ ဒါဆို မနက်က ကြားရတဲ့ ကလေးငိုသံက ထောင်ထဲက အကျဉ်းသူတွေနဲ့အတူရှိနေတဲ့ သူတို့ရင်သွေးလေးတွေ ငိုသံ ပေါ့… ကျမ မျက်စိအစုံကိုသာ ဖိမှိတ်လိုက်ပြီး လက်ကို လွှတ်ချလိုက်တဲ့ အချိန်မှာတော့ အောက်ကို တရွတ်ဆွဲ ပြုတ်ကျသွားပါတော့ တယ်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment