Monday, May 3, 2010

မွှေးသည့်ပန်းများ (၁)


နီရဲသစ်လွင်ခဲ့တဲ့ သင်္ကြန်ရက်
သည်လိုပူပြင်းလှသည့် သင်္ကြန်ရက်များအတွင်းမှာပင်…။
ရဲဘော်မြင့်သိန်း (သေ့ဘောပိုး-၂ဝ၆) ၏ ရုပ်အလောင်းကို ပြန်သယ်ခဲ့ ကြသည်။
ရင်ဘတ် နှလုံးသားနေရာတွင် ကာဘိုင်ကျည်တတောင့် မှန် ထားသည်။ “သူတို့ပြောတယ် သိပ်ပြီးအတင့်မရဲပါနဲ့လို့ ရပ်ပြီး စိန်ပြေ၊ နပြေပစ်နေလိုက်တာ ဟိုဘက်က ၃ ယောက်ကျ သွားတယ်။ နောက် အဲဒီ ဘန်ကာပေါ်ကပစ်နေတော့ သူအတွက် ပစ်မှတ်ဖြစ်သွားတယ်။ နောက်ဆုံး ကာဘိုင်တတောင့်က သူဆီဝင်လာတယ်။ ကျွန်းပင်ကြီး ဘေးနားကထင်တယ် တပ်ကြပ်ကြီးဖြစ်ပုံရတယ်” ရဲဘော်များက သူ့ အလောင်းကိုပြင်ရင်း ယူနီဖောင်းအသစ်ကို ဝတ်ပေးရင်း ပြောနေကြသည်။
သူ့ဇနီးနဲ့ ကလေးငယ် ၂ ဦးကတော့ ငိုကြွေးနေကြသည်။ ကျနော်တို့ ရင်ထဲမှာလဲ ဆို့နစ်နေကြသည်။
လွန်ခဲ့သည့် လက အေကေ ၅ဝ လက်ရထားသည်။ ကချင် KIO (ဥက္ကဋ္ဌ ဘရမ်ဆိုင်း) အဖွဲ့က ကျောင်းသားတပ်မတော်သို့ အကူအညီ ပေးလှူဒါန်းခြင်း ဖြစ်ပါသည်။ ပေးပြီးတပတ်ခန့်အကြာတွင် သော်လဲထ မြန်မာဘက်ကမ်းတွင် တိုက်ပွဲဖြစ်သည်။ သံလွင်မြစ်ထဲသို့စီး ဝင်သော စမ်းချောင်းလေး၏ တောင်ကြားတဘက် မတ်စောက်သောနေရာတွင် ကျနော်တို့ စစ်ကြောင်း (D.A.B မဟုတ်သေး) မှ ကျောင်းသား ၅ဝ က နေရာယူထားသည်။ တဘက်တောင်ကုန်းထိတ်မှာတော့ KNLA နှင့် ကျောင်းသားတပ်ရင်း (၂၀၇) အဖွဲ့တို့ ထိတ် တိုက် တိုးနေကြသည်။ ဒီဘက်ကျွံလာလျှင် အပြတ်စောင့်ရှင်းဖို့ ဗျူးဟာမှူး (KNLA) မှ ညွှန်ကြားထားသည်။
အေကေ ဘောက်ရှည်တခု ကျည်အပြည့် ၃ဝ နှင့်၊ ဗိုလ်ချုပ်မြ ကွမ်းလွယ်အိတ်ခေါ်သော ကြိုးသိုင်းငယ်နှင့်လွယ်အိတ်တလုံးတွင် ကျည် ၅ဝ ပေးထားသည်။ ကျနော့်အဖွဲ့ကို KNLA က ပွဲထုတ်စမ်းသပ်သည်ဟု ထင်ပါသည်။ ကျနော်တို့ရဲဘော်များကတော့ တက်ကြွနေကြ သည်။ ကိုယ်ပိုင်သေနတ်တွေ ရပြီကိုး။
ရဲဘော်တင်သန်း (သေ့ဘောပိုး) က အဲဒီ ကျည် ၅ဝ ပါ၊ အိပ်လေးကို တလှုပ်လှုပ်နှင့်ပြုံးပြီး…ဒီတိုက်ပွဲပြီးရင်…သူ့စခန်းကို..ဗိုလ်ချုပ်မြ လက်ဆောင် စစ်ကွမ်းအိတ်လေးကို အမှတ်တရယူသွားမည်ဟု ပြောပြောနေပါသည်။ နေရာကဆင်ခြေလျောထက် စောက်ကြီးဖြစ်နေ ပါသည်။ တွင်းတူးပြီးတော့မှ နေရာယူရသည်။ တွင်းမတူးနိုင်ရင် မတ်တပ်ရပ်၍ မရပါ။ တွင်းတူးရင်းပြောနေကြသည်။
ငါတို့ ကျောင်း သားတပ်မတော်က တွင်းတူးပြီးမိုက်တာကွ… တဲ့။
နွေနေပူပူထဲတူးကြသည်။ မတူး၍မဖြစ်။ သည်ပထမပွဲမှာ အစွမ်းကုန်နွှဲကြမည်။ မျှော်လင့်ထားကြသည်။ သည်တပွဲနွှဲပြီးရင် “ကချင် ကြီးဆီက ၅ဝ ဆိုရင် ကရင်ကြီးဆီက AR ၁ဝဝ လောက်တောင်းမယ်ဟု ပြောပြီး ရယ်ကြသေးသည်။”
တဘက်ကပစ်ခတ်သံတွေ ခပ်စိတ်စိတ်ပစ်နေသည်။ ဖိုတီးအမ် (၄၀ မမ) လဲ စိတ်စိတ်ကြားနေရသည်။ KNLA နဲ့ ရင်း (၂ဝ၇) တို့ရဲ့ ပွဲ ကြီးပွဲကောင်းပါပဲ။ ရန်သူကမဆုတ်သေး တောင့်ခံထားသည်။ ကြားဖြတ် က/န အရတော့ ဆုတ်ခွင့်ပေးထားသည်ဟု သိရသည်။ ဒီ ကောင်တွေဆုတ်လာလျှင် ကျနော်တို့က စောင့်ပြီးရှင်းရုံသာ။ သတ်ကွင်းကလည်း ရှင်းသလားမမေးနှင့် ဒီလိုတောင်စောင်းမတ်မတ် မှာ မိမိတို့မရှိနိုင်ဟု ထင်နိုင်ကြမည်။
တညကြာသွားပါပြီ ပစ်ခတ်သံက သိပ်မလျော့သေး။ မိမိတို့ဘက်မှ AK AR နှင့် RPG သံတို့က ပိုကျယ်လာသည်။ တခါတခါ မိမိတို့ ပေါ်ကျော်ပြီးဖြတ်သွားသော ကျည်လမ်းကြောင်း နီနီရဲရဲလေးတွေကို ကြည့်ရသည်မှာ တမျိုးကြည့်ကောင်းနေသည်…။ ကျည်လမ်း ကြောင်းက မမြင့်လှပေ။
ညကင်းစစ်ရသေးသည် တော်တော်လေးဒုက္ခရောက်သလို ခံစားရသည်။ အပေါ်တက်ရသည်က နဲနဲလွယ်သည်။ အောက်ဆင်းရသည် က ဖင်နှင့်လျောဆင်းရသည်။ ကျင်းတခုနှင့် တခုကြား ခဏလေးရောက်သွားသည်။ ရင်တထိတ်ထိတ်နှင့်ပင်။ ဝေါ့ကီ တော်ကီ ကိုင် ထားသည့် KNLA တပ်ကြပ်ကြီးက…တောင်ထိတ်မှာရှိသည်။ ထူးရင်လှမ်းပြောဖို့မှာထားခဲ့ရသည်။ အပေါ်ကအောက် ဆက်သွယ်ရေး ညစာလဲပေးခဲ့သည်။ စိတ်မစောပါနှင့် အမိန့်စောင့်ဟုပင်။
တိုက်ပွဲက ပိုပိုပြင်းထန်လာသည်။ ကျနော်တို့ပင် လက်ယားလာသည်။ “မြင်မှပစ်” သောက်ရမ်း အတွဲလိုက်မပစ်နဲ့။ နောက်ဆုံးတ တောင့်၊ နှစ်တောင့်တော့ကျန်အောင်ထားဟု။ အမှောင်ထဲက အမိန့်ကို သူတို့ပြုံးနေကြမည်ကိုလည်း သိထားပါသည်။ တက်လာရင် သတ်ကွင်းထဲဝင်လာရင် ဝေါကနဲ ဝေါကနဲဆွဲကြမည်။ ဘယ်လိုပဲဖြစ်ဖြစ် မိမိတို့ဘက်မှ တယောက်မှ အကျမခံနိုင်။ ပွဲဦးထွက်မို့ သေ နတ်ကြံခိုင်ရေး လုပ်လာခဲ့ကြသည်။ ဇီးရိုးရင်းချိန်ထားပြီးပြီ။ စက်ကင်းဟန်းတွေမို့ တချို့က ပြောင်းတော်တော်လေးကျယ်နေပြီ။
ည ၁၀:၂၀ လောက်မှ အထက်ကသတင်းလာသည်။ ရန်သူ-တပ်ခွဲ-တခွဲလောက် ကျနော်တို့ဘက်ကို ကျွံလာနိုင်တယ်တဲ့။ ရန်သူက ကျည်ပြည့် အင်အားပြည့်နဲ့ဆိုရင် မိမိတို့ထက်သာနိုင်သည်။ မတတ်နိုင်။ “ဖြေ” သာသည်။ သတ်ကွင်းက ငြိမ်နေတော့ မိမိတို့ဘက် အ သာချည်းပင်။
မိမိတို့စောင့်နေသော တောင်ရိုးပေါ်တက်လာပြီး ၎င်းလမ်းအတိုင်းဆုတ်သွားနိုင်သည်။ အပေါ်မရောက်ဖို့က မိမိတို့တာဝန်။ ဆုတ်လမ်း မရှိ အပေါ်ပြေးတက်ရင် ရန်သူက တတောင့်ခြင်းစိန်ပြေနပြေ ချေမှုန်းရုံ…။
ည ၁၂း၀၀ လောက်မှာ လက်နှိပ်မီးဝါဝါလေးများဖြင့် မိမိတို့အထက် တောင်ပေါ်က ဆင်းလာသည်ကို တွေ့လိုက်ရသည်။ သေနတ် ပြောင်းတွေ ပြောင်းပြန်လှည့်ကြသည်။ တိုးတိုးဆိုက်ဖါသုံးသည် မြင်မှပစ် ပစ်မှတ်ထင်ရှားမှပစ် ဟုပင်။ သေနတ်သံမကြားရ နိမ့်လိုက် မြင့်လိုက်နှင့် မိမိတို့ ဖုတ်ကျင်းအနီးရောက်တော့မှ တောပိုးစုန်းကြူးကြီးတအုပ် ပျံလာတာ သတိထားမိကြသည်။ တော်သေးသည်။ အ ပေါ်ဆုံးက ရဲဘော်သတိကြီးလို့…သူလည်း ပြုံးမိနေပါမည်။
နံနက်လင်းတော့ ပြောကြ ရယ်ကြသည်။ အလှည့်ကျရေခပ်ဖို့ စီစဉ်တော့ မိမိနှင့်ရဲဘော်တယောက် တာဝန်ယူလိုက်သည်။ တောင် ဆင်းတောင်တက် ၂ နာရီ ကျော်ကျော်ကြာမည်မို့။ သတင်းယူရင်း ထမင်းထုပ်ယူရင်း သတ်ကွင်းကိုအသေးစိတ်ပြန်ကြည့်ရင်းပေါ့။
နံနက်က-ထမင်းထုပ် ၆ဝ လောက်ရခဲ့သည်။ အပိုပေး၍ယူခဲ့သည် ထမင်းထုပ်တွေဖွင့်ကြည့်တော့ စာတွေပါသည် သည်တပွဲအောင်ပွဲ ရပြီးရင် တွေ့ရအောင်တဲ့ “မုကနော်” ကျောင်းသူလေးဆီက အားပေးစာကို ရဲဘော်တွေ ဘဝင်တွေ့သွားသည် မြန်မြန်တိုက်ချင်နေကြ ပြီ။ သော်လဲထ ထိုင်းဘက်ကမ်းကလည်း ဒိုးပတ် အိုးစည်ညံနေသည် သင်္ကြန်တွင်းအလှူခံထွက်ကြသည်ထင်…။
နောက်တနေ့လည်ကုန်သွားသည်။ ရန်သူက ဆုတ်မလာ…။ ရန်သူစစ်ကူရောက်ပြီဟု ကြားရသည်။ ကိစ္စမရှိ ဒီလိုပွဲမျိုးကိုတိုးချင်တာ ကြာလှပြီဟု ကြွားနေကြသေးသည်။ ထမင်းထုပ်တွေက ညလည်စာပင်စားလို့ရသေးသည်။
နောက်နေ့ ၁၀:၀၀ လောက်မှာ “ကျား” တက်ထိုးသံကြားရသည်။ ရန်သူ့ စက်လတ်သံလည်းတိတ်သွားသည်။ ဂျီဖိုးအတွဲလိုက်သံတွေ က လွှမ်းသွားသည် မိမိတို့ဘက်က AK,AR သံတွေတိတ်သွားတော့ တမျိုးစဉ်းစားမိသည် နာရီဝက် ၁၀:၃၀ လောက်ကြာတော့ တောင် ပေါ်ကသတင်းလာသည်။ ယောက်ဖတို့တောင်အောက်ကို ဆင်းမယ်တဲ့။ သည်ကောင်တွေပြေးပြီတဲ့၊ ဂျီသရီး ဂျီဖိုးသံတွေက ရောဆို တော့ မင်းတို့ကျောင်းသားတွေထဲက ဂျီဖိုး ၃ လက်နဲ့ ပစ်တက်လို့ အဲဒီဖုတ်ကျသွားတယ်တဲ့။ KNLA ကလည်း အတင်းတက်ပြီးမွှေ့ ပစ်လို့ သည်ကောင်တွေ ခွေးပြေးဝက်ပြေး ပြေးသွားပြီတဲ့ … စက်လတ်တလက်လည်း ရခဲ့သေးတယ်တဲ့…။
မတိုက်လိုက်ရပေမဲ့ ဝမ်းသာသွားကြသည်။ ထိုင်းဘက်ကမ်းဘက်က ဒိုးပတ်သံညံညံလေးကြားရပြန်သည်။ ဟိုတနေ့တုံးက ၁၂၀ မမ ၃ လုံး သူတို့ဘက်ကျလို့ ရပ်ထားတာတဲ့ ခုတော့…။
တောင်ပေါ်ကဆင်းရင်း တဖက်ကမ်းကို လှမ်းကြည့်မိသည်။ သင်္ကြန်တွင်းမှာ မိမိတို့လည်း ကုသိုလ်ပြုတာပဲလေလို့ တွေးမိတယ် မိစ္ဆာ တွေကို မောင်းထုတ်နိုင်ခဲ့ပြီမဟုတ်လား။
တောင်ခြေရင်းမှာ တပ်ရင်း (၂ဝ၇) က ရဲဘော်တွေတွေ့ရတော့ ဝမ်းသာသွားပြီးနုတ်ဆက်ကြတယ်…။ ပီတိတွေနဲ့ မာနယ်ပလောမှာ တရက်နားပြီးမှ ပြန်ကြမယ်တဲ့။ ဝမ်းသာစရာသတင်း။
ဝမ်းနည်းစရာသတင်းကတော့ ရေး/ထောက်နဲ့ ချေမှုန်းရေးတာဝန်ယူထားတဲ့ ရဲဘော်လှသွင် (သေ့ဘောပိုး-ချေးမှုန်း ပျောက်ကျားသင် တန်းဆင်း ဒုတိယထူးချွန်ဆု-ငွေနာရီဆုရ) က သော်လဲထ ဈေးထဲမှာ ရိက္ခာဝယ်ပြီး ပြန်အလာ…ကမ်းအရောက်မှာ…ကမ်းပေါ်ခုန်အ တက် လှေ ၂ စင်းကြားမှာ ရေထဲကျသွားသတဲ့…။ အီကွေးမင်းအပြည့်အစုံနဲ့မို့ သူ့ရုပ်အလောင်းကို မြစ်ဆုံမှာတောင် ရှာမတွေ့ရတော့ ဘူးတဲ့။
ဝမ်းသာဝမ်းနည်း တပြိုင်ထဲ ခံစားရပြန်ပကော …

No comments: