Tuesday, May 7, 2013

နီပေါ အမျိုးသမီးများရဲ့ လူ့အခွင့်အရေးတိုက်ပွဲ

နီပေါနိုင်ငံဟာ အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြားမှာ တည်ရှိတဲ့နိုင်ငံငယ် လေးတခုပါ။ ၁၈ ရာစုမှာ စစ်ဘုရင်နရယန်ရှာက အ ကွဲကွဲအပြားပြားဖြစ်နေတဲ့နိုင်ငံငယ်လေးတွေကို စုစည်းပြီး နီပေါနိုင်ငံကို ထူထောင်ခဲ့ပါတယ်။ (၁၈၄၇)မှာ မြေရှင် ရာနာစ့် က ဘုရင်ဆီက အာဏာသိမ်းယူပြီး နီပေါကို အုပ်ချုပ်ခဲ့ပါတယ်။ နောင်နှစ်ပေါင်းများစွာ ကြာတဲ့အထိ
ရာနာစ့်မျိုးနွယ်စုအ ဆက်ဆက်ကပဲ ဘုရင်အဖြစ် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ကြပါတယ်။ (၁၉၅၁) ကျတော့ ပြည်သူလူထုက ဘုရင်ကို ပုန်ကန် တော်လှန်ပါတယ်။ ဒီမိုကရေစီပြောင်းလဲမှုတွေကို ဘုရင်က လက်ခံလိုက်ရပြီး (၁၉၅၉) ခုမှာ အထွေထွေရွေးကောက်ပွဲ ထွက်ပေါ်လာပါတယ်။ နီပေါပြည်သူလူထုဟာ ပထမဆုံးအနေနဲ့ နိုင်ငံကို အုပ်ချုပ်မယ့်အစိုးရကို ရွေးချယ်ခွင့်ရခဲ့ကြတယ်။

ဒါပေမယ့်လဲ နိုင်ငံရေးတိုးတက်မှုအရှိန်က အချိန်မကြာလိုက်ပါဘူး။ နှစ်နှစ်အတွင်းမှာပဲ အသစ်တက်လာတဲ့ ဘုရင်သစ် က အစိုးရအဖွဲ့နဲ့ပါလီမန်ကို ဖျက်သိမ်းပါတယ်။ နိုင်ငံရေးပါတီတွေအားလုံးကို ဖျက်သိမ်းလိုက် ပါတယ်။ ဒါပေမယ့် လက် နက်ကိုင်တော်လှန်ရေးတွေ၊ လူထုလှုပ်ရှားမှုတွေကတော့ မရပ်တန့်ခဲ့ပါဘူး။ ဖိနှိပ်မှုဆိုတာရှိနေသရွေ့ အဖိနှိပ်ခံပြည်သူ တွေရဲ့ တော်လှန်ရေးဟာလဲ ရှိနေစမြဲပါ။ ဘာကြောင့်လဲဆိုတော့ မတရားမှုတွေဟာ ဥပဒေဖြစ်နေသရွေ့ တော်လှန်ပုန် ကန်ခြင်းဟာ တာဝန်တရပ်ဆိုတာကို ပြည်သူလူထုက နားလည်ပြီးသားဖြစ်နေလို့ပါပဲ။ (၁၉၈၀) မှာ နီပေါကျောင်းသား တွေရဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီး ထွက်ပေါ်လာပါတယ်။ နိုင်ငံရေးတင်းမာမှုတွေဖြေလျှော့ဖို့ ဘုရင်က ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ပါတယ်။ ဘုရင်အုပ်ချုပ်တဲ့စနစ်နဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ရွေးချယ်ခိုင်းပါတယ်။ ပြည်သူ့ဆန္ဒခံ ယူပွဲကို အာဏာရှင်က ခြိမ်းခြောက်ပြုလုပ်တဲ့အခါ အာဏာရှင်လက်ကိုင်တုတ်တွေရဲ့ အန္တရာယ်တွေ၊ မဲခိုး၊ မဲလိမ်တာ တွေကြောင့် လူထုရဲ့ ဆန္ဒမှန် ထွက်ပေါ်လေ့မရှိပါဘူး။ နီပေါမှာလဲ ဒီအတိုင်းပါပဲ။ လူထုရဲ့ဆန္ဒမှန်ကို အလိမ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေကတော့ မပျောက်ကွယ်သွားပါဘူး။ ၁၉၈၉မှာ နီပေါ လူထုလှုပ်ရှားမှု ကြီး ပေါ်ပေါက်လာပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ထွက်လာပါတယ်။ အစိုးရသစ်တက်လာပါတယ်။ အစိုးရသစ်နဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပြည်သူလူထုအတွက် တရားမျှတမှုအခွင့်အလမ်းတွေ အပြည့်အ၀ ခံစားခွင့်ရှိလာအောင် မ ဆောင်ကျဉ်းပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် (၁၉၉၆) မှာ နီပေါကွန်မြူနစ်ပါတီက ဦးဆောင်ပြီး ဒီမိုကရေစီတော်လှန်ရေးသစ် လူထုစစ်ပွဲကို ဆင်နွှဲခဲ့ရပါတော့တယ်။

နီပေါအမျိုးသမီးတွေဟာ ဒီမိုကရေစီ တော်လှန်ရေးသစ်မှာ တက်တက်ကြွကြွပါဝင်ခဲ့ကြပါတယ်။အဲဒီအချိန်က နီပေါပြည် သူလူထုရဲ့ ၈၈ ရာခိုင်နှုန်းဟာ ကျေးလက်ပြည်သူတွေဖြစ်ပြီး၊ ၈၁ ရာခိုင်နှုန်းဟာ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြပါ တယ်။ ချမ်းသာကြွယ်ဝတဲ့ မြေပိုင်ရှင်တွေရဲ့ ဆယ်ရာခိုင်နှုန်းက မြေယာရဲ့ ၆၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး၊ ဆင်းရဲသား လယ်သမားတွေရဲ့ ၆၅ ရာခိုင်နှုန်းက မြေယာ ဆယ်ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ကြပါတယ်။ အမျိုးသမီးတွေဟာ မိဘရဲ့ မြေယာအမွေအနှစ်ကိုတောင် ပိုင်ဆိုင်ခွင့်မရှိပါဘူး။ တချို့ဒေသတွေမှာဆိုရင် အမျိုးသမီးတွေဟာ လုပ်အားခေါင်းပုံဖြတ် တာကို ခံရရုံတင်မကပဲ လယ်ပိုင်ရှင်တွေရဲ့ လိင်ကျေးကျွန်ဘ၀ကို ကျရောက်နေကြပါတယ်။ အမျိုးသားနဲ့အမျိုးသမီး တန်းတူရည်တူ လုပ်ခလဲ မရကြပါဘူး။ မြို့ပြစက်ရုံတွေမှာလဲ အမျိုးသမီးတွေဟာ ဗျူရိုကရက် အရင်းရှင်တွေရဲ့ ခေါင်းပုံ ဖြတ်တာကို ခံစားနေကြရပါတယ်။

ဒီလိုစီးပွားရေးဖိနှိပ်မှုသာမက လူမှုရေး ဖိနှိပ်မှုတွေလဲ ခံစားကြရပါတယ်။ အမျိုးသားတွေကသာ အမျိုးသမီးတွေထက် ပိုမိုမြင့်မြတ်တယ်၊ အမျိုးသမီးဆိုတာ ဖခင်တွေကို မှီခိုနေရတဲ့ သမီးတွေ၊ လင်ယောက်ျားတွေကို မှီခိုနေရတဲ့ ဇနီးတွေ၊ သားတွေကို မှီခိုနေရတဲ့ မိခင်တွေသာဖြစ်တယ်ဆိုတဲ့ အယူအဆတွေကလဲ လူ့အဖွဲ့အစည်းအတွင်းမှာ အမြစ်တွယ်နေ ပါတယ်။ ဖခင်တွေက သမီးတွေထက် သားတွေကို ပိုလိုချင်ကြပါတယ်။ ဇနီးသည်တွေကို သားယောက်ျားလေး မမွေးမ ချင်း အတင်းအကြပ် ကိုယ်ဝန်ဆောင်ခိုင်းပါတယ်။ သားယောက်ျားမမွေးတဲ့ ဇနီးတွေကို စွန့်ပစ်တာ၊ ဇနီးနှစ်ယောက် တ ပြိုင်တည်း ပေါင်းသင်းနေထိုင်တာတွေ ပြုလုပ်ကြပါတယ်။

လူမှုရေးဖိနှိပ်မှုတင်မကပဲ နိုင်ငံရေးအရ ဖိနှိပ်မှုတွေကိုလဲ အမျိုးသမီးတွေ ခံစားကြရပါတယ်။ အမျိုးသား တွေကိုသာ ရှင် ဘုရင်တင်မြှောက်တဲ့ စနစ်ဖြစ်တာကြောင့် နိုင်ငံရေးအာဏာကို အမျိုးသားတွေကသာ ကျင့်သုံးခွင့်ရှိပါတယ်။ အမျိုးသား တွေကသာအုပ်ချုပ်သူဖြစ်တယ်ဆိုတဲ့ သဘောတရားတွေကလဲလူထုထဲမှာ ပျံ့နှံ့နေပါတယ်။ ပါလီမန်မှာ အမျိုးသမီးအ ချို့ပါဝင်လာပေမယ့် နိုင်ငံရေးလုပ်တဲ့ အမျိုးသမီးတွေဟာ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေရဲ့ သမီးတွေ၊ ဇနီးသည်တွေက ပိုများပါတယ်။ ဖခင်အရှိန်၊ လင်ယောက်ျား အရှိန်နဲ့ နိုင်ငံရေးလောကထဲ ရောက်လာသူတွေပါ။ လူထုထဲက ပေါ်ထွက် လာတဲ့ အမျိုးသမီးတွေ ကျပြန်တော့လဲ လင်ယောက်ျားအပေါ် အမှီအခိုကင်းတဲ့ မုဆိုးမတွေ၊ တခုလပ်တွေပဲ ရှိပါတယ်။ ဖခင်တွေ၊ အိမ်ထောင်ဘက်တွေက သဘောမတူရင် နိုင်ငံရေးမလုပ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

ဒီလိုစီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဘက်စုံထောင့်စုံမှာ ဖိနှိပ်ခံနေရတဲ့ အမျိုးသမီးတွေဟာ ဒီမိုကရေစီ တော်လှန်ရေးသစ် မှာ တော်လှန်ရေးအတွေးအခေါ်သစ်တွေကို ကိုင်စွဲပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ “အမျိုးသမီးတွေရဲ့ တန်းတူရည်တူ လယ် ယာပိုင်ဆိုင်ခွင့်“ကြွေးကြော်သံနဲ့အတူ တော်လှန်ရေးမှာ ပါဝင်ခဲ့ကြပါတယ်။ တန်းတူပိုင်ဆိုင်ခွင့်ဆိုတဲ့ တော်လှန်ရေးအ တွေးအခေါ်ဟာ ကျေးလက်၊ မြို့ပြအလုပ်သမားလူတန်းစား အမျိုးသမီးတွေရဲ့ စီးပွားရေး၊လူမှုရေး မျှော်လင့်ချက် ရောင် ခြည်ဖြစ်ခဲ့ပါတယ်။ အမျိုးသားကြီးစိုးရေးဝါဒကို ဖယ်ရှားပစ်တဲ့ တော်လှန်ရေးဖြစ်တာကြောင့် အမျိုးသမီးတွေရဲ့ နိုင်ငံရေး အခွင့်အလမ်းတွေကို တိုးတက်စေနိုင်ပါတယ်။ ဒီလိုအတွေးအခေါ်ကို ချမှတ်ပြီးတာနဲ့ နီပေါအမျိုးသမီး တော်လှန်ရေးအ သင်းဟာ တော်လှန်ရေးလမ်းစဉ်ကို ချမှတ်ဖ်ာဆောင်ပါတယ်။ တော်လှန်ရေး အတွေးအခေါ် မရှိဘဲ တော်လှန်ရေးလမ်း စဉ်ကို ချလို့မရပါဘူး။

အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုမှာ လမ်းစဉ် သုံးရပ်ရှိပါတယ်။ ပထမလမ်းစဉ်က reactionary trend ပါ။ ဒီလမ်းစဉ်က မြေရှင်နဲ့ အရင်းရှင်တွေကို ဆန့်ကျင်ကန့်ကွက်တာတွေ မရှိပါဘူး။ အမျိုးသမီးအခွင့်အရေးကို ကဏ္ဍတခုအနေနဲ့ ဆောင် ရွက်ပြီး၊ အမျိုးသားတွေရဲ့ လွှမ်းမိုးမှုကို ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုလုပ်ပါဘူး။ နောက်ထပ်လမ်းစဉ်တခုကတော့ revisionist trend ပါ။ သူက နားဝင်အောင် ပညာပေး သိမ်းသွင်းတဲ့ ပျော့ပြောင်းသော ချဉ်းကပ်နည်းလမ်းဖြစ်ပါတယ်။ နောက်ထပ် လမ်းစဉ်တခုကတော့ revolutionary trend ဖြစ်တဲ့ တော်လှန်ရေးလမ်းစဉ်ဖြစ်ပါတယ်။ ဒီလမ်းစဉ်ကတော့ လူတန်းစားဖိနှိပ်မှုတွေ၊ ကျားမခွဲခြားမှုတွေနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ပါတယ်။

အမျိုးသမီးတွေကို နိုင်ငံတော်က ဖိနှိပ်တာတွေတင်မက မိသားစုတွင်းမှာ ဖခင်တွေ၊ အိမ်ထောင်ဘက်တွေက နှိမ့်ချဆက် ဆံတာတွေကိုပါ လက်မခံပါဘူး။ ထိပ်တိုက်ရင်ဆိုင် ကန့်ကွက်မှုတွေ ပြုလုပ်ပါတယ်။ နီပေါအမျိုးသမီးတော်လှန်ရေး အ သင်းဟာ တော်လှန်ရေးလမ်းစဉ်ကို ချမှတ်အကောင်အထည် ဖော်ခဲ့ကြပါတယ်။ လူအင်အား (၁၁) ယောက်ရှိတဲ့ တော် လှန်ရေးတပ်စိတ်တိုင်းမှာ အမျိုးသမီးနှစ်ယောက် ပါရမယ့် မူဝါဒချမှတ်ကျင့်သုံးပါတယ်။ အမျိုးသမီးတွေဟာ ညဘက်မှာ တိုက်ခိုက်ရေး၊ နေ့မှာ ထုတ်လုပ်ရေးနဲ့ ၀ါဒဖြန့်ချိရေးတာဝန်တွေ ယူခဲ့ကြပါတယ်။ အမျိုးသားက တိုက်ခိုက်ရေး၊ အမျိုးသ မီးက ချက်ပြုတ်ရေး စတဲ့ ကျားမခွဲခြားဆက်ဆံမှု သဏ္ဌာန် မရှိခဲ့ပါဘူး။ အလုပ်ခွဲဝေမှုစနစ်ကို ကျားမတန်းတူ ဆောင်ရွက် တဲ့စနစ် ကျင့်သုံးခဲ့ပါတယ်။ ခြေကုပ်ယူတပ်စွဲထားတဲ့ ဒေသတွေမှာ ကျေးရွာကာကွယ်ရေး ကော်မတီတွေ၊ အမျိုးသမီး အဖွဲ့တွေ ဖွဲ့စည်းထားပါတယ်။ လူထုခုံရုံးဖွဲ့ပြီး အမျိုးသားတွေက အမျိုးသမီးတွေကို ရိုက်နှက်တာ၊ အနိုင်ကျင့် စော်ကား တာတွေကို ဖော်ထုတ်အရေးယူပြစ်ဒဏ်ပေးပါတယ်။

တော်လှန်ရေးကာလတလျှောက်မှာ အမျိုးသမီးရဲဘော်တွေဟာ အမျိုးသားတွေထက် ပိုပြီး တော်လှန်ရေးအပေါ် ယုံကြည် ချက်၊ ခံယူချက်လဲ ပြင်းထန်ခဲ့ကြပါတယ်။ အမျိုးသားတွေအတွက်က လူတန်းစား တော်လှန်ရေးအသွင်ပဲ ဆောင်တာဖြစ် ပေမယ့် အမျိုးသမီးတွေအတွက်ကတော့ လူထုလူတန်းစား တော်လှန်ရေးသာမက ကျားမခွဲခြားဖိနှိပ်မှုကိုပါ တော်လှန်ပုန် ကန်ရတာ ဖြစ်လို့ပါပဲ။ ဒီလိုနဲ့ ၂၀၀၅ ခုနှစ်မှာ ဆယ်နှစ်ကြာဆင်နွှဲခဲရတဲ့ ဒီမိုကရေစီတော်လှန်ရေးသစ်ကြီး အောင်မြင်ခဲ့ပါ တယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုပြုလုပ်ပြီး တော်လှန်ရေးအသွင်ဟာ လက်နက်ကိုင်တော်လှန်ရေးကနေ လူထုလှုပ်ရှားမှုအသွင်ကို ကူးပြောင်းသွားပါတယ်။ သန်းပေါင်းများစွာသော ပြည်သူလူထုဟာ လမ်းမတွေပေါ်ထွက်လာခဲ့ ကြပါတယ်။ ဘုရင်စနစ်ရပ်စဲရေး၊ တန်းတူညီမျှမှုအခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးတွေကို တောင်းဆိုခဲ့ ကြပါတယ်။

အခုဆိုရင် နီပေါနိုင်ငံရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့အစည်းအတွင်းမှာ အမျိုးသမီးလွှတ်တော်အမတ်တွေ ပါဝင်လာခဲ့ပါတယ်။ ရွေးကောက်ခံ ကိုယ်စားလှယ်ငါးရာကျော်မှာ ၂၂၀ ဟာ လူထုစစ်ပွဲကို ဦးဆောင်ခဲ့တဲ့ နီပေါကွန်မြူနစ်ပါတီက ဖြစ်ပါတယ်။ ဒီအထဲမှာ အမျိုးသမီး ၂၂ ယောက် ပါဝင်လာခဲ့ပါတယ်။ မြေယာပိုင်ဆိုင်ခွင့်၊ ဘဏ်စာရင်းဖွင့်ခွင့်တောင် မရှိခဲ့တဲ့ အမျိုး သမီးတွေဟာ ပါလီမန်ထဲကို အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းပြီး ၀င်ရောက်နိုင်ခဲ့ကြပါပြီ။ လူ့အဖွဲ့အစည်းအတွင်း မှာ တန်းတူညီမျှမှု၊ တရားမျှတမှုအတွက် ဆောင်ရွက်နေကြတဲ့ အမျိုးသမီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူ အများအပြားလဲ ပေါ်ထွက်နေခဲ့ပါပြီ။ အသိဉာဏ်ပွင့်လင်းတဲ့အမျိုးသားတွေနဲ့ တော်လှန်ရေးလမ်းစဉ်ကို ပြတ်ပြတ်သားသား ရွေးချယ်ရဲတဲ့ အမျိုးသမီးတွေဟာ နီပေါ နိုင်ငံတော်သစ်ကို အတူတကွ တည်ဆောက်နေကြပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၂၀၀၉)

(၂၀၀၉ ခုနှစ်က ဒီဗွီဘီမှ အသံလွှင့်ခဲ့တဲ့ ဆောင်းပါးဟောင်းလေးပါ)

No comments: