စာဖတ်သူတွေကို နားလည်ထားစေချင်ပါတယ်၊ ကျနော်က လောလောဆယ် သူဘက်ကိုယ့်ဘက်ကိစ္စကို ဒီအထဲမှာ မ ရောထွေးစေချင်သေးဘူး။ သမိုင်းဆိုင်ရာအချက်အလက်တချို့ကို ကျနော်တို့ သက်ရှိထင်ရှားရှိနေစဉ်မှာ ရေးသား ဖေါ်ပြ ရမဲ့အချိန်ကို ရောက်လာပြီလို့ ယူဆမိလို့ပါ။ ရေးသားတဲ့နေရာမှာ အဖြစ်အပျက်ကို အမှန်အတိုင်းအခြေခံပြီးရေးရရင် တချို့အသုံးအနှုန်းတွေက ရှောင်လို့မရပါ၊ အစားထိုးစရာ စကားလုံးလည်း
ရှာမတွေ့ပါ၊ တကယ်တန်းအုပ်စုနှစ်ခုလို ဖြစ် နေခဲ့တဲ့ ဘက်နှစ်ဖက်ကိုအခြေပြုပြီး ရေးသားပြမှသာ အဖြစ်မှန်ကိုသိနိုင်မှာမို့ ခုလို အသုံးအနှုန်းကိစ္စကို နားလည်ပေး စေချင်ပါတယ်။ စာဖတ်သူတွေကို နားလည်ထားစေချင်ပါတယ်။ အများကြီးကို အသေးစိတ်ရေးဖို့ အချိန်မရသေးတာမို့ အရေးပါတဲ့ သိထားသင့်တဲ့တယ်လို့ ယူဆတာလေးတွေတချို့တော့ ပြောပြထားချင်တယ်။
ဒီနေရာမှာ တချို့သော သူတွေဟာ မြောက်ပိုင်းကိစ္စကို အုပ်စုတိုက်ပွဲအသွင် ဖန်တီးလာတာတွေ့ရတော့ ဘက်တဖက်မှာ ရပ်ခဲ့ဘူးတဲ့သူတွေကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်လာတာတွေ တွေ့လာရတယ်။ နောက်တဖက်မှာ သမိုင်းဆိုင်ရာ အ ချက်တချို့ကို မပျောက်မပျက်အောင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတွေက ပြောပြရမဲ့တာဝန်တွေလည်း ရှိနေပါတယ်။
ဒီနေရာမှာ ဖျောက်ဖျက်လို့မရတဲ့ အခိုင်အမာ တိတ်ခွေတွေ မကဒတရဲ့ သုသေသနဌာနမှာ ရှိနေသေးတဲ့အတွက် တ ကြောင်း အတူတူလုပ်ဆောင်ခဲ့ဖူးတဲ့ နှစ်ဖက်ဗဟိုကော်မီတီတွေကလည်း ရှိနေသေးတာမို့ ကျနော် ရေးသားချက်တွေကို ကျနော် ရေးချင်တိုင်းရေးလို့မရဘူးဆိုတာ နားလည်တယ်။ အဖြစ်မှန်ကို ကျနော် ကြုံခဲ့ထောင့်ကရေးခဲ့ရာတာမို့ အားလုံး ပြည့်စုံသည်ဟု လုံးဝ မဆိုလိုပါခင်ဗျား။
စစ်အစိုးရ (ရန်သူ) အလိုကျ ထုတ်ပြန်ကြေ ငြာချက်နဲ့အတူ MTZ ဗဟိုကော်မီဝင်တွေကို NA ဗဟိုက ဖမ်းမိန့်ထုတ်ခြင်း
တတိယအကြိမ်ညီလာခံကိုနိုဝင်ဘာလ လကုန်ပိုင်းလောက်မှာ စတင်ခဲ့တယ် ထင်ပါတယ်။ မကဒတ ဗဟိုကော်မီတီရဲ့ သုသေနဌာနမှာတော့ ရက်အတိအကျ ရှိမှာပါ။ ကျနော်က စိတ်ထဲမှာ မှတ်ထားရတာမို့ နေ့ရက်အတိအကျ မဖေါ်ပြနိုင် တာကို နားလည်ပေးစေချင်ပါတယ်။ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ စွဲနေတာမို့ လုံးဝမမေ့သေးပါ။
တတိယအကြိမ် ညီလာခံမှာ ဘက်နှစ်ဖက် ဖြစ်လာရပြီး ဗဟိုတခုစီဖြစ်လာရတဲ့အချိန်က ၁၉၉၁ ခုနှစ်၊ စစ်ပူနေချိန် စက် တင်ဘာလထဲမှာ ဖြစ်ပြီး၊ ကိုထွန်းအောင်ကျော် တို့ကို သတ်တဲ့အချိန်က ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့မှာ ဖြစ်ပါတယ်။ ကိုနိုင်အောင် ဗဟိုကမြောက်ပိုင်း ABSDF ဟာ သူတို့နဲ့ ပူးပေါင်းပြီး သူတို့ဗဟိုရဲ့ ဦးဆောင်မှုကိုခံယူကြောင်း၊ သူတို့ရဲ့ ဗဟိုကော်မီတီ စတင်ဖွဲ့စည်းတဲ့နေ့ ထုတ်ပြန်ကြေငြာချက်မှာ ပါခဲ့ပါတယ်။
ပြီးတော့ MTZ ဗဟိုဟာ ခွဲထွက်အဖွဲ့သာ ဖြစ်ပြီး၊ သူတို့ကိုပါ ဖမ်းဆီးပေးဖို့သူတို့ DAB ကို တရားဝင် စာပို့ခဲ့ပါတယ်။ MTZ
ဗဟိုဟာ NA ဗဟိုဖွဲ့ပြီး သုံးရက်လောက်ကြာပြီးမှ ဖွဲ့ဖြစ်ခဲ့တယ်။ DAB က နှစ်ဖွဲ့စလုံးကို DAB အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပြီး
မာနယ်ပလော ခမ်းမမှာ နှစ်ဖက်စလုံးက ခေါင်းဆောင်တွေရှေ့မှာ သဘောထားရှင်းလင်းပွဲကို DAB က လူကြီးတွေရှေ့ မှာ ရှင်းလင်းပြောကြားခဲ့တယ်။ သူတို့က နေ၀င်းအောင်နှင့် စိုးလင်းကို ပါ ထပ်ဖမ်းပြီး MTZ ဖက်မှာရှိတဲ့ ဗဟိုကော်မီတီ အားလုံးကိုပါ ဖမ်းမိန့်ပေးခဲ့ ဆုံးဖြတ်ချက်တွေကို NA ဗဟိုကော်မီတီဖက်မှာ ချခဲ့တယ်။ DAB က အဲဒီစာကို ကျနော်တို့ကို ပြပြီး အသိပေးခဲ့တယ်။
ဒါဟာ ကျောင်းသားစိတ်ရှိသူတွေက ကျောင်းသားစစ်စစ်တွေလုပ်ရပ်နဲ့ မတူဘဲ အာဏာရှင် ထောက်လှမ်းရေးတွေ လုပ် နေကြဖြစ်တဲ့ တန်ပြန်ထောက်လှမ်းရေး၊ ချေမှုန်းရေးပုံစံဖြစ်နေမှန်း သတိပြုမိခဲ့တယ်။ ပြီးတော့ ကိုအောင်ထူးရဲ့ Statement ထွက်လာခဲ့တယ်။ မြောက်ပိုင်းကိစ္စကို ၎င်းတို့ NA ဗဟိုအနေနဲ့ လုံးဝတာဝန်ယူပါတယ်လို့ စစ်အစိုးရ (ရန်သူ) အလိုကျ ထုတ်ပြန်ကြေညာချက် ထွက်လာတဲ့အခါမှာတော့ ဒီကိစ္စဟာ မကဒတ (ABSDF) ကို စနစ်တကျဖြိုခွဲဖျက်ဆီး
နေပြီဆိုတာ ရိပ်မိလိုက်တယ်။
ကျနော်တို့ ဗဟိုကော်မီဘက်က DAB ကို အမြန်ဆုံးဝင်ရောက် ဖြေရှင်းပေးဖို့ ကျနော်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး စာ ပေးပို့ခဲ့ပါတယ်။ ပြီးတော့ နိုင်ငံတကာ သတင်းဌာနတွေသိအောင် English Statement ထဲမှာ မြောက်ပိုင်းက ဂိုဏ်းဆန် ဆန်လုပ်ရပ် ကိုလုံးဝရှုံ့ချကြောင်း ကျနော်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး သတင်းဌာနတွေကို ပေးပို့ခဲ့ရပါတယ်။
DAB ကလည်း သူတို့အခက်အခဲနဲ့သူတို့ ပြီးတော့ တပ်မ သုံးမလောက်ရှိတဲ့ ရန်သူစစ်တပ်က မာနယ်ပလောကို ရှင်းလင်း ဖို့ လာနေပြီဖြစ်တဲ့အတွက် စစ်ပူနေရချိန်မှာ အဆိုပါကိစ္စကို ၀င်ရောက်ကူညီပေးနိုင်ခြင်း မရှိခဲ့ပါဘူး။
သေချာတာ တခုကတော့ NA ဗဟို ဖွဲ့စည်းပြီးနောက် ဘယ်လိုညွှန်ကြားချက်၊ ဘယ်လိုအမိန့်ပေးခဲ့တယ်ဆိုတာ ကိုယ် တိုင် ကိုယ်ကျပါဝင်ပတ်သက်ခဲ့သူတွေ ပြောမှပဲ သိရတော့မှာပဲ။ တချို့က အပြင်းအထန်ကန့်ကွက် တဲ့သူတွေရှိတယ်လို့ ကြား သိထားခဲ့ရပါတယ်။ ဘာဖြစ်လို့ ဒီလို အပြင်းအထန် ကန့်ကွက်တဲ့သူတွေရှိနေတဲ့ကြားက ဒီလောက်အထိ ရန်သူအ လိုကျ ဖြစ်ခဲ့ရသလည်းဆိုတာ စဉ်းစားကြည့်ရင် ABSDF ဗဟိုဟာ အနုကြမ်းစီးခံလိုက်ရသလား? လို့ပါ စိတ်ထဲက ခံစားမိ ခဲ့ရပါတယ်။
သဘောချင်း မတိုက်ဆိုင်လို့ ကွဲခဲ့ရတဲ့ ညီနောင် ရဲဘော် ရဲဘက်တွေအပေါ် ဖမ်းဆီးမိန့်ပေးပြီး မြောက်ပိုင်းမှာ လုပ်သလို မျိုး တောင်ပိုင်းမှာဖြစ်အောင်လုပ်ဖို့ သူတို့ ကြိုးစားခဲ့လေသလား သံသယဖြစ်မိခဲ့တာ အမှန်ပါပဲ။
ကွန်မြူနစ်တွေ ကြီးစိုးထားတယ်တဲ့ MTZ ဗဟိုမှာ ကွန်မြူနစ်တွေကြီးစိုးထားတယ်လို့ NGOs တွေကို သူတို့ ပြောထားပြီး
အကူအညီမရေအောင် သူတို့လုပ်ခဲ့ကြတယ်။ ဒါကြောင့် အကူအညီတွေပြတ် မသွားခင် ပင်လယ်ပြင်ကိစ္စကို တာဝန်ယူဖို့
ကျနော်ကို ဗဟိုကော်မီတီက တာဝန်ပေးလို့ ထပ်စကဲဒေသမှာ ကျောင်းသားတပ်မတော်ရဲ့ ကိုယ်ပိုင်စခန်း (သို့) လွတ် လပ်သော စခန်းတခုဖြစ်အောင် လုပ်ယူခဲ့ရတယ်။
အနီးအနားမှာရှိတဲ့ မဟာမိတ်တွေကို မိမိတို့ ရပ်တည်ချက်ကိုသဘောပေါက်အောင် သူတို့လက်ခံလာအောင် လုပ်နိုင်ခဲ့ လို့ ကျနော်တို့စခန်း မကျခင်အထိ လွတ်လွပ်လပ်လပ် ရပ်တည်နိုင်ခဲ့တယ်။ တကယ်ဆိုရင် မိုးသီးဇွန်ရဲ့ ကွန်မြူနစ်ဆန် ဆန် ပြုမူပြောဆိုမှုကနေ တော်လှန်ကော်မီတီကို နောက်ကွယ်ကနေ ကြိုးကိုင်မှုကနေ သူတို့ထိုးနှက်ခွင့်ရသွားကြတာပါ၊ တကယ်ဆိုရင် ကျနော်တို့အများစုက ကွန်မြူနစ်များ မဟုတ်ကြသလို ကွန်မြုနစ်စနစ်ကို ယုံကြည်သူများကိုလည်း လေး စားနားလည်ကြသူတွေပါ။ စစ်အာဏာစနစ်ကို တော်လှန်ရာမှာ မကဒတ ဟာ လူတန်းစားပေါင်းစုံ အယူအဆပေါင်းစုံရှိ သူတွေကို မကဒတ ရဲ့ ဖွဲ့စည်းပုံစည်းမျည်းအောက်မှာ ပါဝင့်ခွင့်ပေးထားပေမဲ့ သူတို့ဟာ ဒီစည်းမျည်းဥပဒေတွေကို ဖေါက်ချက်ပြီး NGOs တွေနဲ့ တိုက်ပေးတာဟာ သံသယဖြစ်လာစရာ ဖြစ်လာပြန်တယ်။
ဘာဖြစ်လည်းဆိုတော့ စစ်အာဏာရှင်တွေဟာ ရှစ်လေးလုံးလူထုတော်လှန်ရေးကြီးကို ကွန်မြူနစ်လုပ်တာပါလို့ ကမ္ဘာကြီး ကို ၀ါဒဖြန့်ပြီး လူထုတော်လှန်ရေးကို မှေးမှိန်အောင်လုပ်ခဲ့ကြတာကို အမြဲတန်းအမှတ်ရနေလို့ပါ။ ဘာဖြစ်လို့ သူတို့လုပ် ရပ်တွေက အာဏာရှင်တွေ ၀ါဒဖြန့်နေတာနဲ့ သွားတူနေပါသလဲ။
တတိယညီလာခံအတွင်း နေ၀င်းအောင် ကိစ္စ
နေ၀င်းအောင် ပြည်တွင်းမှာ မိုးသီးဇွန်နဲ့သိခဲ့လို့ မိုးသီးလူလို့ တော်တော်များများ ယူဆခဲ့ကြတယ်။ သူဟာ မာနယ်ပလော ကို ယူဂျီကိစ္စနဲ့ ပထမဦးဆုံးရောက်လာခဲ့ပြီး သူ့လုပ်ဖေါ်ကိုင်ဖက်အတူလာခဲ့သူတွေ ပြည်တွင်းကိုပြန်ဝင်လာခဲ့ကြတယ်။
ကိုဗသက်အောင်နဲ့ ကိုသန်းထွန်း တို့ဟာ နှင်းပုလဲဘူတာမှာ အဖမ်းခံခဲ့ရကြတယ်။ ကိုနေ၀င်းအောင် ကတော့ ကံကောင်း စွာလွတ်သွားခဲ့တယ်။ နောက်တော့မှ ပြည်တွင်းမှာ နေလို့မရတော့ဘူးဆိုပြီး နယ်စပ်ကို ပြန်ထွက်လာခဲ့တယ်။
ဘယ်စခန်းသွားမလဲ စီစဉ်ကြတော့ သူဟာ သံလွင်စခန်းမှာအဖွဲ့ဝင် ဖြစ်လာခဲ့တယ်။ သံလွင်စခန်းမှာ တတိယအကြိမ် ညီလာခံကိုကျင်းပတော့ မကဒတ ဖွဲ့စည်းပုံစည်းမျည်းအရ သူ့မှာ ညီလာခံကိုယ်စားလှယ်ဖြစ်ခွင့် မရှိသေးဘူး။ ညီလာခံ ကိုယ်စားလှယ်အများစုက လက်ခံရင် ဖြစ်ခွင့်ရှိတယ်ဆိုပြီးတော့ ညီလာခံသဘာပတိအဖွဲ့ကို တင်ပေးလိုက်တော့ သူ ညီလာခံကိုယ်စားလှယ်အများစုရဲ့ထောက်ခံမှုနဲ့ ကိုယ်စားလှယ်ဖြစ်လာခဲ့တယ်။ ညီလာခံကိုယ်စားလှယ် ဖြစ်လာပြီးတာနဲ့ နေ၀င်းအောင် အစွမ်းပြလာတာတွေ့ရတယ်။ သူဟာ အုပ်စုအားကောင်းတဲ့ NA ဖက်ကိုလုံးဝကို ယိမ်းသွားပြီး အကြီးအ ကျယ် တိုက်ခိုက်မှုကိုစလာတော့တယ်။
..ချီးထုပ်..ဆိုတဲ့ စကားလုံးကိုလည်း စတင်ပြောဆိုသုံးစွဲလာသူလည်း ဖြစ်တယ်။ မင်းတို့ ကျောင်းသားတွေအားလုံး ချီး ထုပ်တွေပဲဆိုတာ မပြောယုံတမယ် သူ့စကားလှလှလေးတွေနဲ့ သွယ်ဝိုက်ပြောဆိုခဲ့တာ ကြားရတော့ သူအပြောင်းအ လည်း မြန်ဆန်မှုကို အံ့သြရပေမဲ့၊ သူကို NA ဖက်က ဖမ်းလိုက်တော့ သိပ်တော့ မအံ့သြမိတော့ဘူး။
တနေ့ Agenda တခုအပေါ် အခြေခံပြီး ဖက်နှစ်ဖက်လိုဖြစ်နေကြတဲ့ ညီလာခံထဲမှာ အကြီးအကျယ်ငြင်းခုံကြတော့ နေ၀င်းအောင် ကနေ ညီလာခံကိုယ်စားလှယ်အားလုံး ညီလာခံခန်းမထဲက တယောက်မှ မထွက်ရဘူးဆိုပြီး ညီလာခံ ကို လုံခြုံရေးယူထားကြတဲ့ ရဲဘော်တွေကို ညီလာခံကို ၀ိုင်းထားဖို့ နေ၀င်းအောင် သူ့သဘာပတိလုပ်ပိုင်ခွင့်ကို အသုံးချပြီး
အမိန့်ပေးခဲ့တယ်။
ဒီကိစ္စ ကို၊ ကိုမျိုးသန့် (၂၀၈) က တော်တော်ကို မကျေမနပ်ဖြစ်ပြီး သူ (၂၀၈) တပ်ရင်းကို အခြေအနေကို အကြောင်း ကြားပြီး အသင့်ရှိနေဖို့ အနီးမှာရှိနေတဲ့ ကေအင်ယူအရာရှိတဦးဆီက ဆက်သွယ်ရေးစက်နဲ့ အကြောင်းကြားခဲ့တယ်။ အဲဒီနေ့မှာ ဘာမှမဖြစ်လိုက်ပေမဲ့ အတော်ကိုဆိုးဝါးတဲ့ အခြေအနေမို့ ကျနော် ညီလာခံကော်မရှင်ဥက္ကဋ္ဌအနေ့နဲ့ ကေအင် ယူ ဒုဥက္ကဋ္ဌ ဖဒိုစောသန်းအောင် ဆီ သွားရောက်အကြောင်းခဲ့ရပါတယ်။ ဖဒိုစောသန်းအောင်က စစ်လည်းပူနေပြီမို့ မင်း တို့အားလုံး မာနယ်ပလောကိုပြန်လာပြီ ညီလာခံဆက်လုပ်ကြဆိုတော့ ကျနော်တို့က ချက်ချင်းပြန်ထွက်လာခဲ့ကြတယ်၊
ကချင်ကိစ္စ ကြေးနန်းဝင်လာတယ်
နှစ်ဖက်မကွဲခင်ကလေးမှာ ၀င်လာတယ်။ ညီလာခံကျင်းပနေစဉ် ကြေးနန်းအားလုံးကို စစ်ကော်မရှင်က ကိုင်တွယ်သလို လက်ရှိဗဟိုကော်မီတီကလည်း နောက်ထပ်ဗဟိုကော်မီတီအထိ တာဝန်ဆက်ရှိနေသေးတယ်။ စစ်ကော်မရှင်မှာ ကိုမိုးသီး၊ ဒေါက်တာနိုင်အောင်၊ ကိုလှဌေး(ကချင်)၊ အထွေထွေအတွင်းရေးမှူး ကိုကျော်ကျော် တို့ ပါပါတယ်၊ ကိုမိုးသီး က ကြေနန်းပါအကြောင်းအရာတချို့ကို ပြောပြတယ်။ ကိုလှဌေး က ဒါဟာ မြောက်ပိုင်းဗဟိုကော်မတီ ကိစ္စပဲ ဖြစ်တယ်။ မြောက်ပိုင်းဗဟိုကော်မီတီကပဲ သီးခြားကိုင်တွယ်သွားမယ်လို့ ပြောတယ်။
ဒီကိစ္စကို အခုညီလာခံမှာ ချက်ခြင်းဆွေးနွေးရန် မဖြစ်နိုင်သလို ဘာအချက်အလက်စစ်ဆေးတွေ့ ရှိချက်မရှိပဲနဲ့လည်း ဆွေးနွေးလို့မရသလို ဆုံးဖြတ်ချက်ကိုလည်းချလို့ လုံးဝမဖြစ်နိုင်ပါဘူး။ ကော်မရှင်ဖွဲ့ပြီး အသေးစိတ်စုံစမ်းစစ်ဆေးရေးတွေ လုပ်ရမှာမို့ ဒီကိစ္စရဲ့အတိမ်အနက်ကို ဘယ်ညီလာခံကိုယ်စားလှယ်ကမှ သိခွင့်မရလိုက်ဘူး။
ညီလာခံဟာ မကဒတ ရဲ့ မူဝါဒကိုအဓိကရေးဆွဲပြီး ပြီးခဲ့သော ဗဟိုကော်မီက ချမှတ်လုပ် ဆောင်ချက်တွေအားလုံးကို ပြန်လည်းဆုံးဖြတ်အတည်ပြုရတာ ဖြစ်တယ်။ အသစ်ဖြစ်လာတဲ့ ကိစ္စတွေကို နောက်ဖြစ်လာမယ့် ဗဟိုကော်မတီကသာ
တာဝန်ယူသွားရမယ်လို နားလည်ထားကြပြီးသားမို့ ဘယ်သူကမှာ စေဒကတက်ခဲ့ကြတာ မတွေ့ဘူး။
အဲဒီအချိန်မှာ သတ်ဖြတ်မှုလည်းမဖြစ်သေးတာမို့ အားလုံးက သာမန်စပိုင် တဦးစ နှစ်ဦးစ မိထားတယ်လို့ပဲ ထင်ခဲ့ကြ တယ်။ အဲဒီအချိန်မှာ စိုးလင်း က တုန်လှုပ်နေသလိုတွေ့ရပေမယ့် ကိုလှဌေးကတော့ အပေါ်စီးကနေပြီး ကချင်ကိစ္စကို ပြောရေးဆိုခွင့်ရှိသူအနေနဲ့ နေသူအဖြစ်တွေ့ခဲ့ရတယ်။ ကချင် ကျော်ကျော် ကတော့ သိပ်မပြောလှဘူး။
မကဒတ နှစ်ခြမ်းစကွဲပြီ
၁၉၉၁ ခု၊ စက်တင်ဘာလ (၃၀) NA ညီလာခံကိုယ်စားလှယ် တော်တော်များများ မာနယ်ပလောမှာ ဆက်လက်ကျင်းပ မယ့် ညီလာခံကိုမလိုက်ဘူးလို့ တင်းထားခဲ့ပေမဲ့ နောက်ဆုံး KNU ရဲ့ဒေသဆိုင်ရာလုံခြုံရေးအမိန့်ကို အားလုံးလိုက်နာပြီး
မာနယ်ပလောမှာ ညီလာခံဆက်လုပ်ကြတယ်။ DAB ခေါင်းဆောင်တွေကလည်း ညီညွတ်ရေးကို အတတ်နိုင်ဆုံးကြိုပမ်း ပေးခဲ့သော်လည်း မအောင်မြင်ခဲ့။
ညီလာခံအတွင်း အကြီးအကျယ်ငြင်းခုံကြပြီး ညီလာခံကို ဆက်လက်ကျင်းပရန် မဖြစ်နိုင်တဲ့ အခြေအနေဖြစ်လာရပြီမို့
ညီလာခံကို ခေတ္တရပ်ဆိုင်းကြောင်း DAB ဥက္ကဋ္ဌ စာရေးသား အကြောင်းကြားခဲ့ပါတယ်။ သူတို့ဟာ ဒီအေဘီရဲ့ လာ ရောက်ညှိနှိုင်းပေးမှုကို လုံးဝမစောင့်ဆိုင်းတော့ဘဲ ညီလာခံကို ၎င်းတို့ဖါသာ ဖျက်သိမ်းပြီး ကော်မရှင်အသစ်ကိုဖွဲ့စည်းပြီး
စိုးလင်း (ကချင်) ကို ဥက္ကဋ္ဌ လုပ်စေခဲ့ပြီး သူတို့ဟာသူတို့ ညီလာခံဆက်လုပ်ခဲ့ကြတယ်။
နှစ်ဖွဲ့ကွဲတဲ့အချိန်မှာ ကိုအောင်ထူးက ကိုမိုးသီးဆီလာပြီး ကျနော်ကို အထွေထွေအတွင်းရေးမှူးနေရာပေးပါ ကျနော် ကိုမိုးသီးတို့နဲ့ တွဲလုပ်ပါမယ် လာပြောတယ်။ မိုးသီး ဘာပြောလိုက်လို့ မသိဘူး။ ကိုအောင်ထူး ပြန်လှည့်ထွက်သွားပြီး ကိုနိုင်အောင် ဘက်ကို ပါသွားတာပါပဲ။
သူတို့ သံလွင်စခန်းကိုပြန်ပြီး သူတို့ဟာသူတို့ ညီလာခံဆက်လုပ်ကြတယ်။ ကျနော်တို့ဖက်က အစည်းအဝေးတခုကို ပြု လုပ်ပြီး ဗဟိုကော်မီတီတရပ်ကို ဖွဲ့စည်းခဲ့ကြတယ်။ မကဒတ ဥပဒေအရ နှစ်ဖက်စလုံး ညီလာခံကိုယ်စားလှယ် မပြည့်တဲ့ အတွက် ညီလာခံ မမြောက်တော့ပါဘူး။ ညီလာခံဖြစ်မြောက်ရေးကော်မရှင်ကို ညီလာခံကိုယ်စားလှယ်တွေကလည်း ဖျက်ပိုင်ခွင့်မရှိတဲ့အတွက် ညီလာခံပျက်သွားတယ်လို့ပဲ ဆိုရမယ်။ မျှမျှတတပြောရမယ်ဆိုရင် နှစ်ဖက်စလုံးက ဗဟိုကော် မတီဟာ ညီလာခံကဖြစ်လာတဲ့ ဗဟိုကော်မတီ မဟုတ်တော့ဘူး။
သူတို့ သံလွင်စခန်းမှာ အစည်းအဝေးကို ဆက်ကျင်းပကြတယ်
ကိုဝင်းမင်း၊ ကိုအောင်နိုင်ဦးတို့က မကြာခင်သူတို့ ကျင်းပနေတဲ့ အစည်းအဝေးခန်းထဲက လန်ထွက်လာတယ်။ အုပ်လိုက် ၀ိုင်းကိုက်လိုက်ကြတယ် ထင်ပါတယ်။ နောက်တော့ သူတို့ ကျနော်တို့ ဗဟိုကော်မီတီမှာ ကော်မီတီဝင်တွေ ဖြစ်လာကြ တယ်။
တော်တော် ဒေါသထွက်ခဲ့ကြတာ အမှန်ပဲ
ဗဟိုကော်မတီ တခုစီဖြစ်လာပြီး သီးခြားအုပ်ချုပ်မှုတွေဖြစ်လာကြပြီး တလအကြာလောက်မှာ မကဒတ မြောက်ပိုင်းမှာ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အပါအ၀င် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသတင်း ထွက်ပေါ်လာခဲ့ တယ်။ မိမိတို့ဗဟိုအနေနဲ့ လုံးဝမသက်ဆိုင်သော်လည်းဘဲ မကဒတ တခုလုံးကို ရိုက်ချိုးခဲ့တဲ့ဖြစ်ရပ်မို့ မိမိတို့အားလုံး ၀မ်းနည်းဒေါသ ဖြစ်ခဲ့ကြရတယ်။ နိုင်ငံရေးအရ အလံတော်အတွက် မကဒတ ရဲဘော်တိုင်းတွင် တာဝန်ရှိလာကြရသည်မို့
ဤကိစ္စကို တာဝန်ခံလုပ်ဆောင်ခဲ့သူတွေကို စတင်ဖြစ်ကတည်းကပင် တော်တော်ဒေါသထွက်ခဲ့ကြတာကို လူတိုင်းသိခဲ့ ကြပါတယ်။ ကျနော်တို့အားလုံး မကဒတ ကို ချစ်ခဲ့ကြတာ မဟုတ်ပါလား။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်ဖက်မှဖြစ်ခဲ့ဖြစ် ခဲ့ အလံတော်တခုတည်းအောက်မှာ ရှိနေကြတဲ့ ငါတို့အားလုံးနဲ့ ဆိုင်တယ်။ ဒါပေမဲ့ အဓိကတာဝန်ရှိသူတွေကိုတော့ လုံးဝဖေါ်ထုတ်အရေးယူရမယ်ဆိုတာ ဘယ်သူမှငြင်းလို့ မရဘူး၊
မာနယ်ပလောတိုက်ပွဲကိုလည်း အုပ်ချုပ်မှုတခုစီအဖြစ် တိုက်ပွဲဝင်ခဲ့ကြပေမဲ့ နှစ်ဖက်စလုံးမှ ရဲဘော်တွေအားလုံး မကဒတ နိုင်ငံရေးဆုံးရှုံးမှုအတွက် ၀မ်းနည်းပက်လက် ဖြစ်ခဲ့ကြကိုလည်းတွေ့ခဲ့ရပါတယ်၊ ဒါဟာ မြောက်ပိုင်းကိစ္စဖြစ်တယ်ဆိုပြီး ပြောနေလို့လည်း မကဒတ ရဲ့ ဂုဏ်သိက္ခာထိခိုက်နေဦးမှာမို့ တာဝန်ရှိသူတွေကို အရေးယူနိုင်ပါမှ ဒီဂုဏ်သိက္ခာတွေ ပြန်ဆယ်နိုင်မှာဖြစ်တယ်ဆိုတာကိုလဲ နားလည်ထားတာမို့ ကံယကံရှင်တွေရှိခိုက် သူတို့ဆန္ဒတွေကို ၀ိုင်းဝန်းပံ့ပိုးပေးရ မယ်လို့လည်း နားလည်ထားပါတယ်။
တချို့တချို့သော တိုက်ခိုက်မှုတွေ backfire လုပ်မဲ့ဟာတွေကိုလည်း ကြိုတင်မြင်ပြီးသားမို့ ဒါတွေကို ဂရုစိုက်နေရင် သ မိုင်းအမှန်ပျောက်သွားမယ့်ကိန်း ရှိနေပါတယ်။ ငါဟာ ငါ့အတွက်လုပ်နေတာ မဟုတ်ဘူး။ ဒီမိုကရေစီအရေးအတွက် လုပ် နေတာမို့ ငါ့ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်လာရုံလောက်နဲ့ ငါနောက်ဆုတ်သွားခဲ့ရင် ကျဆုံးသွားခဲ့တဲ့ မိမိတို့ ညီအစ်ကို ရဲဘော် ရဲဖက်တွေအပေါ်မှာ ငါလုပ်ပေးနိုင်တာတွေ စွန့်လိုက်လိုက်ရမှာပေါ့၊ ငါဘယ်တော့မှ နောက်မဆုတ်ဘူး။
တကယ်တော့ ရီစရာမကောင်းဘူး၊ ရွံစရာကောင်းတယ်ပြောရမယ်။ Ronald Aung Naing ကို ဥက္ကဋ္ဌလေးဆိုပြီး ဆက် ဆံနေကြတဲ့သူတွေကို ကျနော် မြင်နေရပါတယ်။ သူ့ကို ဥက္ကဋ္ဌလေးလို့ ခေါ်နေကြတဲ့သူတွေကနေပြီး ကျနော်ကို တိုက် ခိုက်လာတဲ့အတွက် အင်း.. လောကကြီးမှာ လူသတ်သမားကို ကိုးကွယ်နေတဲ့သူတွေလည်း ရှိနေပါသေးလားလို့ တရား ကျမိပါရဲ့ဗျာ။
ပုဂ္ဂိုလ်ရေးခင်မင်မှုကို လူ့အခွင့်အရေးထက် ပိုမိုတန်ဖိုးထားသူတွေရဲ့ ရပ်တည်မှုကို မြင်လာရပြန်တော့လည်း နောက် ထပ် တရားကျရပြန်သေး။ တခုတော့ ပြောလိုက်ပါမယ် အမှန်တရားကို ပြောဖို့အတွက် မတရား အသတ်ခံခဲ့သူတွေရဲ့ ၀ိညာဉ်တွေ ငါ့ကို တွယ်ပတ်ရစ်နှောင်ထားသမျှ ငါ့အသက်ခန္ဓာရှိနေသေးသရွေ့ တိုက်ခိုက်မှုတွေအားလုံးကို ပန်းနဲ့ ပေါက်တာလောက်ပဲထင်တယ် သူငယ်ချင်းတို့ရေ။
ကိုကိုဦး (၁၀၂)
မှတ်ချက်.. နောက်ထပ်ရရှိတဲ့ အထောက်အထားများအရ တချို့အဖြစ်အပျက်များကို ပြန်လည်ပြင်ဆင် ဖြည့်စွက်ထားပါ တယ်။ ကိုလှဌေး ရဲ့ ကလီကမာ လုပ်ရပ်များကိုလည်း သိရှိနိုင်အောင် တတိကအကြိမ် ညီလာခံမှတ်တန်းတချို့နဲ့ ကို နေ၀င်းအောင်ရဲ့ မူရင်းစာကိုပါ တွဲပေးလိုက်တယ်။
ကျနော်ကို စစ်အောင်ဆီက Documents တွေထပ်ရခဲ့လို့ တချို့အချက်အလက်တွေကို အတိအကျ ပြုစုခွင့်ရခဲ့ပါတယ်။
တချို့ကျနော် မေ့နေသော ရက်စွဲအတိအကျကို ရခဲ့တဲ့အတွက် မှတ်တန်းပြုစုလိုသူများ ပြန်လည်ပြင်ဆင် ဖြည့်စွက်ရေး ခဲ့ရပါတယ်။ ပူးတွဲပါ PDF ဖိုင်သုံးခုစလုံးကို ဖတ်ပါမှ ပြည်စုံမည်ထင်ပါတယ်၊ Blog မှာ တင်ထားပြီး သူတွေကလည်း အခုနောက်ဆုံး Update တွေကိုပြန်လည်တင်ပေးဖို့ မေတ္တာရပ်ခံရပ်ပါတယ်။
ကိုကိုဦး
No comments:
Post a Comment