Sunday, May 26, 2013

ဗိုလ်မှူးကြီးအတွက် စာမလာ သတင်းမကြား (၃)

'ဘာသတင်းတွေ ထူးလဲကွ' ဗိုလ်မှူးကြီးက မေးတယ်။
ဆရာဝန်လေးက သူ့ကို သတင်းစာ ၃-၄ စောင်ပေးလိုက်တယ်။
'ဘယ်လိုမှ မသိနိုင်ပါဘူးဗျာ' သူကပြောတယ်။ 'စီစစ်ရေးခွင့်ပြုသလောက် စာသားတွေကြား ဘာရှိသလဲ လိုက်ဖတ်ရ တာ ခက်တယ်ဗျ။'

ဗိုလ်မှူးကြီးက ခေါင်းစည်းတွေ ဖတ်လိုက်တယ်။ နိုင်ငံတကာသတင်းများ။ ထိပ်ဆုံးမှာ လေးကော်လံယူထားတာက ဆူးအက်တူးမြောင်းသတင်း။ မျက်နှာဖုံးမှာတော့
ပိုက်ဆံပေးထည့်တဲ့ နာရေးကြော်ငြာတွေနဲ့ ပြည့်သလောက်ဖြစ်နေတယ်။

'ရွေးကောက်ပွဲကလည်း ဘာမှမျှော်လင့်ချက်မရှိဘူးနော်' ဗိုလ်မှူးကြီးက ပြောတယ်။
'ရိုးရိုးကြီးတွေးမနေပါနဲ့ ဗိုလ်မှူးကြီးရာ' ဆရာဝန်လေးက ပြောတယ်။ 'ကျနော်တို့တတွေက ကယ်တင်ရှင်စောင့်ရ လောက်အောင် မငယ်တော့ဘူးဗျ။'
ဗိုလ်မှူးကြီးက သတင်းစာတွေ ပြန်ပေးဖို့လုပ်တယ်၊ ဒါပေမဲ့ ဆရာဝန်လေးက လက်မခံဘူး။
'အိမ်ယူသွားလိုက်လေ' သူကပြောတယ်။ 'ညဘက်ဖတ်ပြီး မနက်ဖြန်မှပြန်ပေးပေါ့။'

၇ နာရီကျော်ပြီး နည်းနည်းလေးကြာတော့ ဘုရားကျောင်းမျှော်စင်ခေါင်းလောင်းတွေထိုးပြီး ဆင်ဆာအဖွဲ့ရဲ့ ရုပ်ရှင် အ တန်းအစားခွဲခြားချက်တွေကို ကြေညာတယ်။ ဆရာတော်အိန်ဂျယ်ဟာ လစဉ် စာတိုက်ကရောက်လာတဲ့ သတ်မှတ် ချက်တွေနဲ့အညီ ရုပ်ရှင်တွေရဲ့ စာရိတ္တရေးရာခွဲခြားချက်တွေကို ဒီနည်းနဲ့ကြေညာတာဖြစ်တယ်။ ဗိုလ်မှူးကြီးကတော်က ခေါင်းလောင်းသံ ၁၂ ချက်ကြားလိုက်တယ်။

'ဘယ်သူမှကြည့်ဖို့မသင့်ဘူးတဲ့' သူမကပြောတယ်။ 'ရုပ်ရှင်တွေဟာ လူအားလုံးအတွက် ဆိုးဝါးနေတာ တနှစ်လောက် ရှိနေပြီ။'

သူမက ခြင်ထောင်ချလိုက်ပြီး တကိုယ်တည်းရေရွတ်နေတယ်။ 'ကမ္ဘာကြီး ပျက်စီးနေပြီ။' ဒါပေမဲ့ ဗိုလ်မှူးကြီးကတော့ ဘာမှတ်ချက်မှမပေးပါ။ သူဟာ အိပ်ရာမှာလှဲမချခင် ကြက်ဖကြီးကို ကုတင်ခြေထောက်နဲ့ ချည်လိုက်တယ်။ အိမ်တံခါး သော့ခတ်ပြီး အိပ်ခန်းထဲ ခြင်ဆေးဖျန်းလိုက်တယ်။ ဒိနောက် မီးအိမ်ကိုကြမ်းပေါ်ချ၊ ပုခက်ချည်လိုက်ပြီး သတင်းစာဖတ် ဖို့ လှဲချလိုက်တယ်။

သူဟာ သတင်းစာတွေကို ရက်အစဉ်လိုက်အတိုင်းဖတ်တယ်။ စာမျက်နှာ ၁ ကနေ အဆုံးထိ ကြော်ငြာတွေ အပါအဝင် ဖတ်တယ်။ ည ဆယ့်တစ်နာရီမှာ ညမထွက်ရ ခရာမှုတ်တယ်။ ဗိုလ်မှူးကြီးကတော့ နောက်နာရီဝက်ကြာမှ သတင်းစာ ဖတ်တာ ပြီးသွားတယ်။ ဒါနဲ့ လသာဆောင်တံခါးဖွင့်ပြီး မှောင်မဲနေတဲ့ညထဲထွက်၊ ခြင်ကိုက်ခံပြီး နံရံကပ်အလှဆင်အ ရုပ်တွေပေါ် အပေါ့စွန့်လိုက်တယ်။ သူ အိပ်ခန်းထဲ ပြန်ဝင်တော့ မိန်းမကနိုးနေတယ်။

'စစ်ပြန်တွေနဲ့ပတ်သက်ပြီး ဘာမှမပါဘူးလား' သူမကမေးတယ်။
'ဘာမှမပါဘူး' ဗိုလ်မှူးကြီးက ပြောတယ်။ သူဟာ မီးအိမ်ကိုသတ်လိုက်ပြီး ပုခက်ထဲဝင်လိုက်တယ်။ 'အစပိုင်းတုန်းက တော့ ပင်စင်ငွေရတဲ့ လူသစ်စာရင်း ထည့်ပေးသေးတယ်။ အခုတော့ ဘာတခုမှမပြောတာ ငါးနှစ်ရှိပြီ။'

ညသန်းခေါင်ကျော်ပြီးတော့ မိုးရွာလာပါတယ်။ ဗိုလ်မှူးကြီးဟာ အိပ်ပျော်သွားပေမဲ့ မကြာခင်မှာဘဲ ဗိုက်နာလာလို့ နိုးလာတယ်။ သူဟာ အမိုးတနေရာမှာ မိုးယိုနေတာ သိသွားတယ်။ သိုးမွှေးစောင်ကို နားရွက်ဖုံးအောင်ပတ်ထားရင်း အမှောင်ထဲမှာ မိုးယိုပေါက်ကိုရှာဖို့ ကြိုးစားတယ်။ ရှာရင်းနဲ့ ချွေးပြန်လာပြီး ချွေးဟာ မြီးငြောင့်ရိုးဆီ စီးကျသွားတယ်။ သူ့မှာ အဖျားရှိနေပြီ။ သူ့ကိုယ်သူ ကျောက်ကြောကန်ထဲမှာ ပတ်ချာလည်မျောနေသလို ခံစားနေရတယ်။ တစုံတ ယောက်က စကားပြောလာတယ်။ ဗိုလ်မှူးကြီးက သူ့ရဲ့ တော်လှန်ရေးသမားဝိညာဉ်နဲ့ ပြန်ဖြေတယ်။

'အစ်ကို ဘယ်သူနဲ့စကားပြောနေတာလဲ' မိန်းမကမေးတယ်။
'ဗိုလ်မှူးကြီး အော်ရီလျံနိုးဘွေအင်ဒီယားစခန်းမှာ ကျားယောင်ဆောင်ပြီးပေါ်လာတဲ့ အင်္ဂလိပ်' ဗိုလ်မှူးကြီးကဖြေတယ်။ သူဟာ ပုခက်ထဲမှာ တဖက်စောင်းလိုက်တယ်၊ အဖျားကတက်နေပြီ။ 'မာလ်ဘိုရိုနယ်စားကြီးလေ။'

အရုဏ်တက်မှာတော့ ကောင်းကင်ကကြည်လင်နေပြီ။ ဘုရားကျောင်းက ဒုတိယမြောက်ဆော်သြသံကြားတဲ့အခါ သူ ဟာ ပုခက်ထဲက ခုန်ထွက်လိုက်ပြီး မူးနောက်ရီဝေ ဂယိမ်းဂယိုင်ဖြစ်နေတယ်။ ကြက်ဖကြီးတွန်သံကြောင့် ခေါင်းတွေ ပိုပြီးနောက်သွားတယ်။ သူ့ခေါင်းဟာ ချာလပတ်တွေလည်နေသလိုဘဲ။ အံချင်လာလို့ လသာဆောင်ထွက်ပြီး အိမ်သာ ဘက်သွားလိုက်တယ်။ ဝန်းကျင်မှာတော့ တိုးညှင်းတဲ့အသံတွေနဲ့ မှောင်မိုက်တဲ့ဆောင်းရနံ့တွေ လွှမ်းနေတယ်။ သွပ်မိုး သစ်သားဆောင်လေးရဲ့ အတွင်းဖက်မှာတော့ အိမ်သာကထွက်လာတဲ့ ဇဝက်သာနံ့က ကြီးစိုးနေတယ်။ ဗိုလ်မှူးကြီး အိမ်သာခွက်အဖုံးကိုလှန်လိုက်တဲ့အခါ ယင်ကောင်တအုပ် မြားဦးချွန်လိုပုံစံနဲ့ ကျွင်းထဲက ထိုးထွက်လာတယ်။

ဗိုက်နာတာက နာရုံသက်သက်ဘဲ ဖြစ်နေတယ်။ အကြမ်းစားပျဉ်ချပ်တွေပေါ် ဆောင့်ကြောင့်ထိုင်နေရင်း သူဟာ အလို မပြည့်တဲ့ခံစားမှုကို မသက်မသာခံနေရတယ်။ မအီမသာဖြစ်မှုကို သူ့အစာလမ်းကြောင်းထဲက ထုံတုံတုံအနာက အစား ထိုးသွားတယ်။ 'သေချာပါတယ်' သူ တကိုယ်တည်းရေရွတ်တယ်။ 'အောက်တိုဘာလတိုင်း ဒီလိုချည်းဘဲ။' ဒီ့နောက် သူဟာ ယုံကြည်စိတ်ချမှုအပြည့်နဲ့ အပြစ်ကင်းစင်တဲ့မျှော်လင့်ချက်အမူအရာကို ပြန်ယူပြီး ဝမ်းတွင်းကလီဇာတွေထဲက ပိုးတွေငြိမ်သွားအောင် စောင့်နေလိုက်တယ်။ ပြီးတော့ အိပ်ခန်းပြန်လာပြီး ကြက်ဖကြီးဆီသွားလိုက်ပါတယ်။

'မနေ့ညတုန်းက အစ်ကို အဖျားတက်ပြီး ဂယောင်ဂတမ်းတွေ ဖြစ်နေတယ်' သူ့မိန်းမကပြောတယ်။

သူမဟာ အခန်းကို သန့်ရှင်းရေးစလုပ်ပါတယ်။ တပတ်ကြာရောဂါကြွမှုကနေ ပြန်နလံထလာပါပြီ။ ဗိုလ်မှူးကြီးဟာ ည ကအဖြစ်ကို ပြန်သတိရအောင် ကြိုးစားကြည့်တယ်။

ဂါမဏိ
၃၁-၃-၂၀၁၃
မူရင်း ... စာပေနိုဘယ်ဆုရ ကိုလမ်ဘီယာ စာရေးဆရာကြီး Gabriel Garcia Marquez ၏
No One Writes to the Colonel ဝတ္ထု

'အဖျားတက်တာ မဟုတ်ပါဘူးကွာ' သူလိမ်ပြောလိုက်တယ်။ 'ပင့်ကူအိမ်တွေကို အိပ်မက် မက်ပြန်ပြီလေ။'

အရင်တုန်းကလိုဘဲ အမျိုးသမီးဟာ ရောဂါက နလံပြန်ထလာရာမှာ စိတ်လှုပ်ရှားမှုအပြည့် အင်အားအပြည့်နဲ့ ဖြစ်ပါ တယ်။ မနက်ခင်းတခင်းလုံးမှာ သူမဟာ တအိမ်လုံးကို ပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။ ပရိဘောဂတွေ ပစ္စည်းတွေ အားလုံးရဲ့ အထားအသိုကို ပြောင်းပစ်တယ်။ နာရီနဲ့မိန်းကလေးငယ်ပန်းချီကားကိုတော့ ချန်ထားပါတယ်။ အမျိုးသမီး ဟာ အင်မတန်ပိန်နေပြီး ပါးလှပ်နေလို့ အဝတ်ဖိနပ်စီး၊ ဝတ်စုံနက်ကို ကြယ်သီးအပြည့်တပ် လျှောက်နေတဲ့အခါမှာ နံရံ တွေကို ဖောက်သွားနိုင်တဲ့အစွမ်း ရှိသလိုထင်ရပါတယ်။ ဒါပေမဲ့ ၁၂ နာရီမထိုးခင်လေးမှာတော့ သူမဟာ ခန္ဓာကိုယ် ပြန်ကြီးထွားသွားပါပြီ၊ လူ့အလေးချိန် ပြန်ရသွားပါပြီ။ အိပ်ရာထဲမှာတုန်းကတော့ အကောင်အထည်မရှိသလို။ အခု ပန်းအိုးတွေကြား ရွေ့လျားနေရာမှာ သူမဟာ တအိမ်လုံးမှာ ပြည့်လျှံနေသလိုပါဘဲ။ 'တကယ်လို့သာ သြဂတ်စတင် ကျောင်းပြီးခဲ့ရင် ကျမ သီချင်းစဆိုမှာပဲ' သူမက အပူပိုင်းဒေသကထွက်သမျှ သီးနှံအားလုံး တုံးထစ်ကြိုချက်ထားတဲ့ အိုးကို မွှေရင်းပြောလိုက်တယ်။

'သီချင်းဆိုချင်စိတ်ရှိရင် ဆိုပေါ့ကွာ' ဗိုလ်မှူးကြီးက ပြောတယ်။ 'သီချင်းဆိုတာ မင်း ဘေလုံးအတွက် အကျိုးရှိတယ်။'

နေ့လည်စာစားပြီးတော့ ဆရာဝန်ရောက်လာတယ်။ ဗိုလ်မှူးကြီးနဲ့ဇနီးတို့ မီးဖိုခန်းထဲ ကော်ဖီသောက်နေချိန်မှာ လမ်းမ ဖက်တံခါး တွန်းဖွင့်ဝင်လာပြီး လှမ်းအော်လိုက်ပါတယ်။

'အားလုံးသေကုန်ပြီလားဗျို့။'
ဗိုလ်မှူးကြီးဟာ ထိုင်ရာကထပြီး ဆရာဝန်ကိုကြိုလိုက်တယ်။

'အဲဒီပုံပေါက်နေတာပါဘဲ ဒေါက်တာ' လို့ သူကပြောပြီး ဧည့်ခန်းထဲဝင်သွားတယ်။ 'ဒေါက်တာ့နာရီက လဒတွေနဲ့ အချိန် တိုက်ထားတယ်လို့ ကျနော် အမြဲပြောနေခဲ့တာ။'

အမျိုးသမီးဟာ အိပ်ခန်းထဲဝင်သွားပြီး စမ်းသပ်စစ်ဆေးခံဖို့ အဆင်သင့်လုပ်လိုက်တယ်။ ဆရာဝန်ကတော့ ဧည့်ခန်း ထဲမှာ ဗိုလ်မှူးကြီးနဲ့အတူ ကျန်နေတယ်။ ရာသီဥတုပူပေမဲ့ ဆရာဝန်ရဲ့ သပ်ရပ်သန့်ရှင်းတဲ့ လျှော်ထည်ဝတ်စုံက လတ် ဆတ်သစ်လွင်တဲ့အနံ့ ထွက်နေတယ်။ အမျိုးသမီးက အသင့်ဖြစ်ပြီလို့ လှမ်းအော်လိုက်တဲ့အခါ ဆရာဝန်က ဗိုလ်မှူးကြီး ကို စာရွက်သုံးရွက်ထည့်ထားတဲ့ စာအိတ်တအိတ်ပေးလိုက်တယ်။ ဆရာဝန်ဟာ အိပ်ခန်းထဲဝင်သွားရင်း ပြောသွားတယ် 'အဲဒါတွေက မနေ့ကသတင်းစာမှာ မထည့်တဲ့ဟာတွေ။'

ဗိုလ်မှူးကြီးကလည်း အဲသလိုဘဲ ခန့်မှန်းတွက်ဆထားပြီးသားပါ။ စာကူးစက်နဲ့လျှို့ဝှက်ဖြန့်ချိတဲ့ စာရွက်တွေထဲမှာ တနိုင် ငံလုံးက ဖြစ်ရပ်တွေကို အကျဉ်းချုပ်ပေးထားတယ်။ နိုင်ငံ့အတွင်းပိုင်းထဲက လက်နက်ကိုင်တော်လှန်ရေး အခြေအနေ သတင်းတွေဖြစ်ပါတယ်။ ဗိုလ်မှူးကြီးဟာ ဆုံးရှုံးမှုကို ခံစားနေရတယ်။ လျှို့ဝှက်သတင်းတွေ ဆယ်နှစ် လောက်ကြားခဲ့ ပေမဲ့လည်း နောက်တလကျရင် ပိုသတင်းထူးမယ်လို့ ယူဆနေတုန်းပါပဲ။ ဆရာဝန် ဧည့်ခန်းထဲပြန်ဝင်လာချိန်မှာ ဗိုလ်မှူး ကြီး စာတွေဖတ်ပြီးသွားပြီ။

'လူနာက ကျနော့်ထက်တောင် ကျန်းမာနေသဗျ' ဆရာဝန်ကပြောလိုက်တယ်။ 'အဲသလို ပန်းနာရောဂါမျိုးနဲ့ ကျနော် သာဆိုရင် အသက်တရာအထိ နေနိုင်မှာ။'

ဗိုလ်မှူးကြီးက သူ့ကို ဒေါသနဲ့ကြည့်လိုက်တယ်။ စကားတခွန်းမှမပြောဘဲ စာအိတ်ကို ပြန်ပေးလိုက်တယ်။ ဒါပေမဲ့ ဆရာဝန်က မယူဘူး။
'ဆက်ဖြန့်လိုက်ပါ' လေသံလေးနဲ့ပြောလိုက်တယ်။

ဗိုလ်မှူးကြီးက စာအိတ်ကို ဘောင်းဘီအိတ်ထဲထည့်လိုက်တယ်။ အမျိုးသမီးက အိပ်ခန်းထဲကထွက်လာပြီး 'ဒီတရက် ရက်တော့ ကျမ ရုတ်တရက်သေမှာဘဲ၊ အဲဒီကျရင် ဒေါက်တာ့ကို တခါတည်း ငရဲပြည် အတူခေါ်သွားမယ်' လို့ ပြော လိုက်တယ်။ ဆရာဝန်ကတော့ ဖြူဖွေးညီညာတဲ့သွားတွေဖြီးပြီး အသံမထွက်ဘဲ တုန့်ပြန်တယ်။ သူဟာ စားပွဲလေးနားကို ကုလားထိုင်တွန်းလိုက်ပြီး သူ့ဆေးအိပ်ထဲက ဆေးနမူနာတွေ အလကားပေးဖို့ ထည့်ထားတဲ့ ဆေးပုလင်းတချို့ ထားလိုက်တယ်။ အမျိုးသမီးကတော့ မီးဖိုထဲဝင်သွားတယ်။

'ခဏလောက်စောင့်အုံး၊ ကျမ ကော်ဖီနွှေးလိုက်အုံးမယ်။'
'မလုပ်နဲ့။ ကျေးဇူးတင်ပါတယ်' ဆရာဝန်က ပြောတယ်။ သူဟာ ဆေးညွန်းစာရွက်ပေါ်မှာ သောက်ရမယ့်ဆေးအချိန် အဆကို ရေးလိုက်တယ်။ 'ကျနော့်ကို အဆိပ်ခတ်ဖို့ အခွင့်အရေး ခင်ဗျားကိုလုံးဝမပေးဘူးနော်။'

သူမက မီးဖိုခန်းထဲကနေရယ်တယ်။ သူ စာရေးပြီးသွားတဲ့အခါ ဆေးညွှန်းစာကို အသံထွက်ဖတ်ပြတယ်၊ သူ့လက်ရေး ကို ဘယ်သူမှ အဓိပ္ပာယ်ဖော်တတ်မှာ မဟုတ်ဘူးဆိုတာ သူသိနေတယ်လေ။ ဗိုလ်မှူးကြီးကတော့ တခုခုစဉ်းစား နေတယ်။ မီးဖိုခန်းထဲကထွက်လာတဲ့အခါ အမျိုးသမီးဟာ ဗိုလ်မှူးကြီးမျက်နှာမှာ မနေ့ညကဒဏ်ကို တွေ့လိုက်ရတယ်။

'ဒီမနက် သူအဖျားတက်တယ်လေ' သူမက ခင်ပွန်းသည်ကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်။ 'ပြည်တွင်းစစ်အ ကြောင်းတွေ နှစ်နာရီလောက် မနားတမ်းပြောသွားတယ်ရှင့်။'
ဗိုလ်မှူးကြီး တွန့်သွားတယ်။
'အဖျားတက်တာ မဟုတ်ပါဘူးကွာ' သူ ဇွတ်ပြောပြီး ပုံမှန်အနေအထား ပြန်ဖမ်းယူတယ်။ 'အေး၊ ငါဖျားတဲ့နေ့ကျရင် ငါ့ ကိုငါ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်မှာ။'
သူ အိပ်ခန်းထဲဝင်သွားပြီး သတင်းစာတွေ သွားရှာတယ်။
'လေးစားသမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ' ဆရာဝန်က ပြောလိုက်တယ်။

သူတို့နှစ်ယောက် ကွက်လပ်ဘက်ဆီ အတူလျှောက်သွားကြတယ်။ လေထုက ခြောက်သွေ့နေတယ်။ လမ်းပေါ်က ကတ္တရာတွေက အပူချိန်အောက်မှာ အရည်စပျော်နေတယ်။ ဆရာဝန်က လမ်းခွဲနှုတ်ဆက်စကားဆိုတဲ့အခါ ဗိုလ်မှူးကြီး က အသံတိုးတိုးနဲ့ အားတင်းပြီးမေးတယ် 'ဒေါက်တာ့ကို ကျနော်တို့ ဘယ်လောက်ပေးစရာရှိလဲ။'

'မရှိပါဘူး၊ လောလောဆယ်တော့' ဆရာဝန်က ပြောပြီး ဗိုလ်မှူးကြီးပုခုံးကို ပုတ်လိုက်ပါတယ်။ 'ကြက်ပွဲနိုင်တဲ့အခါ ကျနော် ဘောက်ချာနဲ့ ငွေအများကြီးတောင်းလိုက်မယ်။'

ဗိုလ်မှူးကြီးဟာ သြဂတ်စတင့် အပေါင်းအသင်းတွေကို လျှို့ဝှက်စာပေးဖို့ အပ်ချုပ်ဆိုင်ဆီသွားလိုက်တယ်။ ဒီအလုပ်ဟာ သူ့ပျောက်ကျားရဲဘော်တွေ ကျဆုံးသွားကြပြီးကတည်းက သို့မဟုတ် မြို့ကနေ နှင်ထုတ်ခံရပြီးကတည်းက၊ သောကြာ နေ့တိုင်း စာရောက်လာမှာကိုစောင့်ရတာကလွဲလို့ တခြားအလုပ်မရှိတော့တဲ့လူ ဖြစ်သွားကတည်းက သူ့ရဲ့ တခုတည်း သော ထွက်ပေါက်ဖြစ်ခဲ့တယ်။

နေ့ခင်းအပူချိန်က အမျိုးသမီးရဲ့ ခွန်အားတွေကို တွန်းအားပေးလိုက်တယ်။ ဝရန်ဒါမှာ အဝတ်ဟောင်းသေတ္တာဘေး ပန်းပင်တွေကြားထိုင်နေရင်း သူမဟာ အဟောင်းအစုတ်တွေကနေ အဝတ်အစားသစ် ဖန်တီးတဲ့ ထာဝရတန်ခိုးတော် ကို ကြံစည်နေပြန်ပါတယ်။ သူမဟာ အင်္ကျီလက်ကနေ ကော်လာတွေ ဖန်တီးတယ်၊ အင်္ကျီကျောတွေကနေ အင်္ကျီ လက်ဖတ်နဲ့ လေးဒေါင့်ကွက်အဖာစတွေ ဖန်တီးတယ်။ ဒါပေမဲ့ အရောင်တော့ ကွဲနေပါတယ်။ လသာဆောင်ဘက်မှာ တော့ ပုစဉ်းရင်ကွဲတကောင် မြည်နေတယ်။ နေရောင်ညှိုးသွားပြီ။ ဒါပေမဲ့ သူမကတော့ ပန်းပင်တွေကြားကမို့ နေ မမြင်ရဘူး။ နေဝင်ရီတရောမှာ ဗိုလ်မှူးကြီး အိမ်ပြန်လာမှ သူမ ခေါင်းထောင်ကြည့်တော့တယ်။ ဒီနောက် သူမလည်ပင်း ကို လက်နှစ်ဖက်နဲ့ နှိပ်၊ လက်ဆစ်တွေချိုးပြီး ပြောလိုက်တယ်။

'ကျမ ဇက်ကြောတွေ တက်လိုက်တာ။'

'အမြဲတမ်း အဲလိုချည်းပါဘဲ' ဗိုလ်မှူးကြီးက ပြောပြီးတော့ သူ့မိန်းမကိုယ်ပေါ်မှာ ပိတ်စရောင်စုံတွေ ဖုံးနေတာ တွေ့သွား တယ်။ 'မင်းကြည့်ရတာ ငှက်ကျားကျနေတာဘဲ။'

'ရှင့်ကို အဝတ်ဆင်ပေးဖို့က ကျမ ငှက်ကျားတပိုင်းလောက်ဖြစ်ဖို့လိုတယ်လေ' သူမကပြောတယ်။ သူမဟာ အရောင် သုံးမျိုးစပ်ထားတဲ့ ရှတ်အင်္ကျီတထည်ကို ကိုင်ပြတယ်။ ကော်လာနဲ့ လက်ဖတ်တွေကတော့ အရောင်တူပါတယ်။ 'ပွဲတော်ကျရင် အစ်ကို့အပေါ်အင်္ကျီကို ချွတ်ပစ်လိုက်တော့။'

ခြောက်နာရီထိုးခေါင်းလောင်းသံတွေကြောင့် သူမ စကားပြတ်သွားတယ်။ 'ဘုရားသခင်၏နတ်တမန်က မေရီအား ဖွင့်ဟကြေညာလေ၏' သူမက အသံထွက်ဆုတောင်းပြီး အိပ်ခန်းထဲဝင်သွားတယ်။ ဗိုလ်မှူးကြီးကတော့ ကျောင်းဆင်း ချိန်မှာ ကြက်ဖကြီးလာကြည့်တဲ့ ကလေးတွေနဲ့ စကားပြောနေတယ်။ ဒီ့နောက်မှာ နက်ဖြန်အတွက် ပြောင်းဖူးစေ့ မကျန်တော့တာကို သတိရသွားပြီး အိပ်ခန်းထဲဝင်၊ မိန်းမဆီက ပိုက်ဆံတောင်းတယ်။

'ကျမစိတ်ထင် ပြားငါးဆယ်ပဲ ရှိတယ်' သူမကပြောတယ်။

သူမဟာ ပိုက်ဆံကို မွှေ့ယာအောက်မှာ လက်ကိုင်ပုဝါဒေါင့်ကို ထုံးပြီး ထည့်သိမ်းထားတယ်။ အဲဒီငွေက သြဂတ်စတင်ရဲ့ အပ်ချုပ်စက် ရောင်းရငွေတွေပါ။ အဲဒီငွေတွေကို ကိုးလကြာအောင် တပြားပြီးတပြား သုံးခဲ့ကြပါတယ်။ သူတို့လိုအပ် ချက်တွေနဲ့ ကြက်ဖကြီးလိုအပ်ချက်တွေအတွက် ခွဲသုံးခဲ့တယ်။ အခုတော့ ပြားနှစ်ဆယ်တန် နှစ်စေ့နဲ့ ဆယ်ပြားတန် တစေ့ပဲ ရှိတော့တယ်။
'ပြောင်းဖူးစေ့ တပေါင် ဝယ်လိုက်လေ' အမျိုးသမီးကပြောတယ်။ 'ပြန်အမ်းတဲ့ငွေနဲ့ နက်ဖြန်အတွက် ကော်ဖီနဲ့ ဒိန်ခဲ လေးအောင်စ ဝယ်လာ။'
'နောက်ပြီးတော့ တံခါးဝမှာချိတ်ထားဖို့ ရွှေရောင်ဆင်တကောင်' ဗိုလ်မှူးကြီးက ဆက်ပြောတယ်။ 'ပြောင်းဖူးကတင် ၄၂ ပြားကျမှာဟ။'

သူတို့ ခဏစဉ်းစားနေကြတယ်။ 'ကြက်ဖကြီးက တိရစ္ဆာန်ဆိုတော့ စောင့်လို့ရတယ်' အမျိုးသမီးက စပြောလိုက်တယ်။ ဒါပေမဲ့ သူမယောက်ျားရဲ့ မျက်နှာထားကြောင့် တွန့်သွားမိတယ်။ ဗိုလ်မှူးကြီးဟာ ကုတင်ပေါ်မှာ ဒူးပေါ် တတောင်ဆစ် ထောက်ရင်း လက်ထဲမှာ အကြွေစေ့တွေ လှုပ်ရမ်းရင်း ထိုင်နေတယ်။ 'ငါ့အကျိုးအတွက် မဟုတ်ပါဘူးကွာ' သူက ခဏ နေတော့ ပြောတယ်။ 'ငါ့အပေါ်သာမူတည်မယ်ဆိုရင် ဒီညနေဘဲ ကြက်ပြုတ်ဟင်း လုပ်ပစ်လိုက်မှာ။ ငွေငါးဆယ်ဖိုး ဗိုက်အင့်သွားတာ တော်တော်ကောင်းမှာ။' လည်ပင်းမှာနားနေတဲ့ ခြင်တကောင်ကိုရိုက်ဖို့ စကားခဏရပ်လိုက်တယ်။ ဒီ နောက် သူ့မျက်လုံးတွေက အခန်းထဲလျှောက်နေတဲ့ သူ့မိန်းမနောက် လိုက်ကြည့်နေတယ်။

'ငါ စိတ်ပူနေတာက ဟိုကောင်လေးတွေက ပိုက်ဆံစုနေကြတာလေ။'

အဲဒီအခါ သူမက စစဉ်းစားလာတယ်။ သူမဟာ ခြင်ဆေးဗူးကိုင်ရင်း တကိုယ်လုံးလှည့် ကြည့်လိုက်တယ်။ သူမပုံစံကို ကြည့်ပြီး တခုခုထူးခြားသလို ဗိုလ်မှူးကြီးထင်မိတယ်၊ သူမပုံက အိမ်စောင့်နတ်တွေကိုပင့်ပြီး အကြံဥာဏ်တောင်းခံနေ သလိုလို။ နောက်ဆုံးမှာတော့ ခြင်ဆေးဗူးကို စင်ကလေးပေါ်တင်လိုက်ပြီး သူမရဲ့ အညိုရောင်မျက်လုံးတွေကို ဗိုလ်မှူး ကြီးရဲ့ အညိုရောင်မျက်လုံးတွေနဲ့ ဆိုင်လိုက်တယ်။

'ပြောင်းဖူးစေ့ ဝယ်လိုက်' သူမကပြောတယ်။ 'ရှေ့ရှောက် ကျမတို့ ဘယ်လိုစီမံမယ်ဆိုတာ ဘုရားသခင့်အလိုတော်ပဲ။'

'ဒါဟာ မုန့်ယှက်တွေ ဆပွားလာတဲ့ အံ့ဘွယ်တန်ခိုးတော်ဘဲ' နောက်အပတ်ထဲမှာ ထမင်းစားပွဲထိုင်တဲ့အခါတိုင်း ဗိုလ်မှူး ကြီးက ထပ်ခါထပ်ခါပြောပါတယ်။ သူမရဲ့ အံ့သြစရာကောင်းလှတဲ့ အချုပ်အလုပ် အဖာအထေးစွမ်းရည်နဲ့ ငွေတပြား မှမရှိဘဲ အိမ်ထောင့်စီးပွားကို သူမ တည်တန့်အောင် အဓိကထိန်းခဲ့ပုံရတယ်။ အောက်တိုဘာလရဲ့ ခေတ္တသာယာမှု ဟာ အချိန်ထပ်တိုးခဲ့ပါတယ်။ စိုထိုင်းမှုနေရာမှာ အိပ်ငိုက်စရာကောင်းမှုက အစားဝင်လာတယ်။ ကြေးနီရောင် နေသာ နေမှုကြောင့် အမျိုးသမီးဟာ စိတ်ချမ်းသာစွာနဲ့ သူမရဲ့ရှုပ်ရှုပ်ယှက်ယှက်ဆံပင်ပုံကို နေ့လည်ခင်းသုံးခု အချိန်ပေးလုပ်ခဲ့ တယ်။ 'အင်း၊ ဝတ်ပြုပွဲကြီးတော့ စပြီ' အသွားတချို့ကျိုးနေတဲ့ဘီးတချောင်းနဲ့ သူမရဲ့ ပြာနှမ်းနှမ်းဆံပင်ရှည်ကို အထုံး တွေ စထုံးနေတဲ့ နေ့လည်ခင်းတခုမှာ ဗိုလ်မှူးကြီးကပြောလိုက်တယ်။ ဒုတိယနေ့လည်ခင်းမှာတော့ သူမဟာ လသာ ဆောင်မှာထိုင်ရင်း ပေါင်ပေါ်မှာ ပိတ်ဖြူတစ တင်ထားပြီး ပန်းနာထနေတုံးက ပွားလာတဲ့သန်းတွေကို ဘီးစိတ်တချောင်း နဲ့ တိုက်ချနေတယ်။ နောက်ဆုံးမှာတော့ သူမဟာ ဆံပင်ကို လာဗင်ဒါရေမွှေးပန်းဆီနဲ့လျှော်၊ ခြောက်အောင်ဖြန့်ထားပြီး နောက် လည်ဂုတ်ပေါ်မှာ ဆံကုပ်နဲ့ နှစ်ပတ်ခွေထားလိုက်တယ်။ ဗိုလ်မှူးကြီးကတော့ စောင့်နေပါတယ်။ ညကျတော့ သူဟာ ပုခက်ထဲမှာ အိပ်မပျော်နိုင်ဘဲ ကြက်ဖကြီးရဲ့ ကံကြမ္မာကို နာရီပေါင်းများစွာပူပန်နေမိတယ်။ ဒါပေမဲ့လည်း ဗုဒ္ဓဟူးနေ့မှာ ပေါင်ချိန်ကြည့်တော့ အခြေအနေကောင်းနေတာ တွေ့ရပါတယ်။

အဲဒီနေ့လည်မှာပဲ သြဂတ်စတင့် အပေါင်းအသင်းတွေ ကြက်နိုင်ရင်ရမယ့်ငွေတွေကို စိတ်ကူးယဉ်ရင်း အိမ်ကပြန် ထွက်သွားတဲ့အခါ ဗိုလ်မှူးကြီးဟာလည်း နေရထိုင်ရကောင်းမွန် စိတ်ချမ်းသာနေပါတယ်။ သူ့မိန်းမကလည်း သူ့ကို ဆံ ပင်ညှပ်ပေးတယ်။ 'မင်းလုပ်လိုက်တာ ငါ အနှစ် နှစ်ဆယ်လောက်ငယ်သွားပြီဟေ့' သူကပြောရင်း ခေါင်းပွတ်နေတယ်။ သူ့မိန်းမကလည်း ခင်ပွန်းသည်ပြောတာ မှန်တယ်လို့ ထင်နေတယ်။

'ကျမသာ ကျန်းမာရေးကောင်းရင် သေတဲ့လူတောင် ပြန်ရှင်အောင်လုပ်ပေးနိုင်တယ်တော့' သူမကပြောတယ်။

ဒါပေမဲ့ သူမရဲ့ ယုံကြည်ချက်ဟာ နာရီအနည်းငယ်ဘဲ ခံပါတယ်။ အိမ်ထဲမှာ ရောင်းထုတ်စရာ ဘာမှမကျန်တော့ဘဲ နာရီ နဲ့ ပန်းချီကားဘဲကျန်နေတယ်။ ကြာသပတေးညမှာ သူတို့ရဲ့ အရင်းအမြစ်တွေ အဆုံးစွန်ဘဝရောက်သွားတဲ့အခါ အမျိုးသမီးဟာ စိုးရိမ်မှုတွေပြလာတယ်။

'မပူပါနဲ့ကွာ' ဗိုလ်မှူးကြီးက သူမကိုနှစ်သိမ့်တယ်။ 'နက်ဖြန်ဆို စာပို့လာမယ်လေ။'
နောက်တနေ့မှာတော့ သူဟာ ဆရာဝန့်ရုံးခန်းရှေ့ကနေ သင်္ဘောစောင့်နေပါတယ်။
'လေယာဉ်ပျံဆိုတာ တကယ့်ကိုအံ့သြစရာဘဲဟေ့' ဗိုလ်မှူးကြီးကပြောတယ်။
သူ့မျက်လုံးတွေကတော့ စာအိတ်ထုပ်ကြီးပေါ်မှာ။ 'လေယာဉ်နဲ့ ဥရောပကို တညတည်းအရောက်သွားနိုင်တယ် ဆိုပဲ။'

'ဟုတ်တယ်ဗျ' ဆရာဝန်က ရုပ်စုံမဂ္ဂဇင်းတစောင်နဲ့ သူ့ကိုယ်သူ ယပ်ခတ်နေရင်း ပြောတယ်။ ဗိုလ်မှူးကြီးဟာ သင်္ဘောပေါ်ခုန်တက်ဖို့ ဆိပ်ကမ်းအကပ်စောင့်နေတဲ့လူအုပ်ထဲက စာတိုက်ဗိုလ်ကို လှမ်းကြည့်လိုက်တယ်။ စာတိုက် ဗိုလ်က အရင်ဆုံးခုန်တက်လိုက်တယ်။ သူဟာ မာလိန်မှူးဆီကနေ ချိတ်ပိတ်ထားတဲ့ စာအိတ်တအိတ် ယူလိုက်တယ်။ ဒီ့နောက် သင်္ဘောခေါင်မိုးပေါ်တက်တယ်။ စာအိတ်ထုပ်ကြီးက ဆီပေပါနှစ်လုံးကြားမှာ ချည်ထားတယ်။

'ဒါပေမဲ့ဗျာ၊ အဲလိုသွားရတာ အန္တရာယ်တွေရှိတယ်ဗျ' ဗိုလ်မှူးကြီးကပြောတယ်။ စာတိုက်ဗိုလ်ဟာ သူ့မြင်ကွင်းကနေ ပျောက်သွားပြီးတော့ အစားအသောက်လှည်းပေါ်က ရောင်စုံပုလင်းတွေကြားမှာ ပြန်တွေ့ရတယ်။ 'လူသားမျိုးနွယ်ကြီး က တန်ရာတန်ဖိုးမပေးဘဲ တိုးတက်မလာဘူးဗျ။'

'အခုအဆင့်မှာတောင် သင်္ဘောထက်တော့ အန္တရာယ်ကင်းပါတယ်' ဆရာဝန်ကပြောတယ်။ 'ပေနှစ်သောင်းအမြင့်က ပျံတော့ ရာသီဥတုရဲ့အထက်ကသွားတာလေ။'

'ပေနှစ်သောင်း' ဗိုလ်မှူးကြီးက လိုက်ပြောတယ်။ အဲဒီကိန်းဂဏန်းက ဘာအဓိပ္ပာယ်ပေါက်မှန်း မစဉ်းစားနိုင်လို့ ခေါင်း ရှုပ်နေတယ်။

ဆရာဝန်က ပြောရင်း စိတ်ပါလာတယ်။ သူဟာ မဂ္ဂဇင်းစာအုပ်ကို လက်နှစ်ဖက်နဲ့ လုံးဝပြန့်သွားတဲ့အထိ ဖြန့်ချလိုက် တယ်။

'လုံးဝကိုငြိမ်နေတာဗျ' သူကပြောတယ်။

ဒါပေမဲ့ ဗိုလ်မှူးကြီးဟာ စာတိုက်ဗိုလ်ရဲ့ လှုပ်ရှားမှုတွေကိုဘဲ အာရုံစိုက်နေတယ်။ စာတိုက်ဗိုလ်က အမြှုပ်တွေထနေတဲ့ ပန်းရောင်အရည်တမျိုးသောက်တာ၊ ဖန်ခွက်ကိုဘယ်လက်နဲ့ကိုင်ထားတာ တွေ့ရတယ်။ ညာဖက်လက်မှာတော့ စာအိတ်ထုပ်ကြီးကိုင်ထားတယ်။

'ဒါတင်မကသေးဘူးဗျ၊ ပင်လယ်ထဲမှာဆို ကျောက်ချထားတဲ့ သင်္ဘောကြီးတွေက ညဖက်ပျံတဲ့လေယာဉ်တွေနဲ့ တောက်လျှောက်အဆက်အသွယ်လုပ်ပေးနေတာ' ဆရာဝန်ကဆက်ပြောတယ်။ 'အဲသလောက် ကြိုတင်ကာကွယ်မှု တွေ ရှိနေမှတော့ သင်္ဘောကလေးထက် အန္တရာယ်ကင်းတယ်လေ။'

ဗိုလ်မှူးကြီးက သူ့ကိုကြည့်လိုက်တယ်။

'အင်း… သဘာဝကျပါတယ်လေ' သူကပြောတယ်။ 'ကော်ဇောလိုဖြစ်မယ်။'

စာတိုက်ဗိုလ်က သူတို့ဆီ တည့်တည့်လာနေတယ်။ ဗိုလ်မှူးကြီးက နောက်တလှမ်းဆုတ်လိုက်တယ်။ ဘယ်လိုမှ ထိန်းမရတဲ့စိုးရိမ်မှုက တွန်းအားပေးလို့ ချိတ်ပိတ်ထားတဲ့ စာအိတ်ပေါ်ရေးထားတဲ့ နာမည်ကို ကြိုးစားဖတ်နေတယ်။ စာတိုက်ဗိုလ်က အိတ်ကြီးကိုဖွင့်လိုက်ပြီး ဆရာဝန်ကို သူ့ရဲ့သတင်းစာထုပ် ပေးလိုက်တယ်။ ဒီနောက် သူဟာ ပုဂ္ဂိုလ် ရေးစာပေးစာယူ စာအိတ်ကို ဖောက်လိုက်ပြီး လက်ခံဖြတ်ပိုင်းကို စစ်ဆေး၊ စာတွေပေါ်က လိပ်စာရှင်တွေရဲ့နာမည် တွေကို ဖတ်နေတယ်။ ဆရာဝန်ကတော့ သတင်းစာထုပ်ကိုဖွင့်လိုက်တယ်။

'ဆူးအက်တူးမြောင်းက ပြဿနာဖြစ်နေတုံးဘဲဗျို့' သူက သတင်းခေါင်းစဉ်တွေကို ဖတ်ရင်း ပြောတယ်။ 'အနောက် အုပ်စု ခံနေရပြီ။'

ဗိုလ်မှူးကြီးကတော့ ခေါင်းစဉ်တွေ လိုက်မဖတ်ဘူး။ ဝမ်းရစ်တာကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်။ 'စာပေစီစစ်ရေး ရှိက တည်းက သတင်းစာတွေက ဥရောပအကြောင်းဘဲ ပြောတော့တယ်' သူကပြောလိုက်တယ်။ 'အကောင်းဆုံးကတော့ ဥရောပတိုက်သားတွေက ဒီတိုင်းပြည်ကိုလာပြီး ကျုပ်တို့က ဥရောပသွားဖို့ဘဲ။ ဒါမှဘဲ လူတိုင်းလူတိုင်း ကိုယ့်တိုင်းပြည် မှာ ဘာဖြစ်နေတယ်ဆိုတာ သိကြမှာ။'

'ဥရောပတိုက်သားတွေအဖို့ တောင်အမေရိကဆိုတာ မုတ်ဆိတ်မွှေးနဲ့၊ ဂီတာနဲ့ သေနတ်ကိုင်ထားတဲ့လူတယောက်ဘဲ' ဆရာဝန်က သတင်းစာဖတ်ရင်း ရယ်ပြီးပြောတယ်။ 'သူတို့က ပြဿနာကို နားမလည်ကြဘူးလေ။'

စာတိုက်ဗိုလ်က စာတွေဝေပေးပြီး ကျန်တာကို အိတ်ကြီးထဲထည့် ပြန်ပိတ်လိုက်တယ်။ ဆရာဝန်က သူ့ပုဂ္ဂိုလ်ရေးစာ နှစ်စောင် ဖတ်မလို့လုပ်နေတယ်၊ ဒါပေမဲ့ စာတွေဖောက်မဖတ်ခင် ဗိုလ်မှူးကြီးကို လှမ်းကြည့်လိုက်တယ်။ ဒီနောက် စာ တိုက်ဗိုလ်ကိုကြည့်လိုက်တယ်။

'ဗိုလ်မှူးကြီးအတွက် ဘာမှမပါဘူးလားဗျ။'

ဗိုလ်မှူးကြီးဟာ တအားစိတ်လှုပ်ရှားသွားတယ်။ စာတိုက်ဗိုလ်က စာအိတ်ထုပ်ကြီးကို ပုခုံးပေါ်ပစ်တင်၊ ဆိပ်ခံတံတား ပေါ်ကဆင်းရင်း လှည့်မကြည့်ဘဲ ဖြေတယ် 'ဘယ်သူမှ ဗိုလ်မှူးကြီးဆီ စာမရေးဘူး။'

ဗိုလ်မှူးကြီးဟာ ခါတိုင်းထုံးစံလို အိမ်ကိုတန်းမပြန်ပါ။ သူဟာ အပ်ချုပ်ဆိုင်မှာ ကော်ဖီတခွက်သောက်တယ်၊ ကော်ဖီ သောက်နေတုံး သြဂတ်စတင့်အပေါင်းအသင်းတွေက သတင်းစာတွေလှန်ကြတယ်။ သူဟာ အလိမ်မိသလို ခံစားနေရ တယ်။ သူဟာ နောက်တပတ်သောကြာနေ့အထိ အိမ်မပြန်ဘဲ အဲဒီမှာဘဲ နေချင်စိတ်ပေါက်နေတယ်။ အိမ်ပြန်ရင် မိန်းမကို လက်ဗလာနဲ့ ရင်ဆိုင်ရမှာကိုး။ ဒါပေမဲ့ အပ်ချုပ်ဆိုင်ပိတ်ချိန်ရောက်တော့ သူဟာ အရှိတရားကို ရင်ဆိုင်ရ တော့တယ်။ သူ့မိန်းမက သူ့ကို စောင့်နေပါတယ်။

'ဘာမှမထူးဘူးလား?' သူမကမေးတယ်။
'ဘာမှမထူးဘူး' ဗိုလ်မှူးကြီးကဖြေတယ်။

နောက်တပတ်သောကြာနေ့မှာ သူ ဆိပ်ကမ်းကိုဆင်းသွားတယ်။ ပြီးတော့ အရင်သောကြာနေ့တိုင်းမှာလိုဘဲ မျှော်နေ တာကြာပြီဖြစ်တဲ့ ဘာစာတစောင်မှမပါဘဲ အိမ်ပြန်လာတယ်။ 'ကျမတို့စောင့်ခဲ့တာ ကြာပြီ' သူ့မိန်းမက သူ့ကို အဲဒီည မှာပြောတယ်။ 'အစ်ကို စာတစောင်ကို ဆယ့်ငါးနှစ်စောင့်ခဲ့တာ နွားတကောင်လို စိတ်ရှည်လို့ဖြစ်မယ်။' ဗိုလ်မှူးကြီးက တော့ သတင်းစာဖတ်ဖို့ ပုခက်ထဲဝင်သွားတယ်။

'ငါတို့က ကိုယ့်အလှည့်ရောက်အောင် စောင့်ရမယ်လေ' သူကပြောတယ်။ 'ငါတို့နံပတ်က ၁၈၂၃ ကွ။'
'ကျမတို့စောင့်နေတဲ့ကာလအတွင်းမှာဘဲ အဲဒီဂဏန်းကို ထီနှစ်ခါဖွင့်သွားပြီ' သူ့မိန်းမကပြန်ပြောတယ်။

ဗိုလ်မှူးကြီးဟာ ခါတိုင်းလိုဘဲ သတင်းစာကို စာမျက်နှာ ၁ ကနေ အဆုံးထိ ကြော်ငြာတွေပါပါ ဖတ်တယ်။ ဒါပေမဲ့ အခု တခါမှာတော့ အာရုံစိုက်မဖတ်မိတော့ပါ။ စာဖတ်ရင်း သူ့ရဲ့စစ်ပြန်ပင်စင်အကြောင်း စဉ်းစားမိတယ်။ လွန်ခဲ့တဲ့ ဆယ့်ကိုးနှစ်တုံးက လွှတ်တော်မှာ ဥပဒေထုတ်လိုက်တဲ့အခါ သူဟာ ရှစ်နှစ်ကြာအောင် အချိန်ယူပြီး သူ့တောင်းဆိုချက် ကို ထောက်ခံမှုရအောင် သက်သေပြခဲ့ရတယ်။ ဒိနောက်မှာ သူ့နာမယ် စာရင်းထဲပါအောင် နောက်ထပ်ခြောက်နှစ် အချိန်ကုန်ခဲ့တယ်။ အဲဒါဟာ ဗိုလ်မှူးကြီး နောက်ဆုံးရခဲ့တဲ့စာပါပဲ။

ညမထွက်ရ ခရာမှုတ်ပြီး မကြာခင် သူ သတင်းစာဖတ်ပြီးသွားတယ်။ မီးအိမ်ငြှိမ်းဖို့ ထလိုက်တော့ သူ့မိန်းမ နိုးနေတာ သိလိုက်တယ်။
'မင်းမှာ အဲဒီသတင်းစာဖြတ်ပိုင်း ရှိသေးလား။'
အမျိုးသမီးကစဉ်းစားတယ်။
'အင်း။ အဲဒါ တခြားစာရွက်စာတမ်းတွေနဲ့ တူတူရှိမယ်။'

သူမဟာ ခြင်ထောင်ထဲကထွက်၊ ဘီဒိုထဲက သစ်သားဖာတခု ဆွဲထုတ်လိုက်တယ်။ ဖာထဲမှာ နေ့စွဲအလိုက်စီထားပြီး သရေပင်နဲ့ပတ်ထားတဲ့ စာတထုပ်ရှိတယ်။ သူမက စစ်ပင်စင် အမြန်ရမယ်လို့ကတိပေးတဲ့ ဥပဒေရုံးတခုရဲ့ ကြော်ငြာကို ရှာလိုက်တယ်။

'အစ်ကို့ကိုနားချရင်း ကုန်သွားတဲ့အချိန်မှာ ရှေ့နေပြောင်းဖို့ ပိုက်ဆံကိုသုံးပစ်လိုက်ရ အကောင်းသား' အမျိုးသမီးက ပြောပြီး သူမယောက်ျားကို သတင်းစာဖြတ်ပိုင်း လှမ်းပေးလိုက်တယ်။ 'သူတို့က တောတွင်းတိုင်းရင်းသားတွေကို ခေါက်ထားသလို ကျမတို့ကိုလည်း ခေါက်ထားတော့ ဘာမှအလုပ်ဖြစ်မလာဘူး။'

ဗိုလ်မှူးကြီးက လွန်ခဲ့တဲ့နှစ်နှစ်ကရက်စွဲနဲ့ သတင်းစာဖြတ်ပိုင်းလေးကို ဖတ်နေတယ်။ အဲဒီဖြတ်ပိုင်းကို တံခါးနောက်မှာ ချိတ်ထားတဲ့ အပေါ်အင်္ကျီအိတ်ထဲထည့်လိုက်တယ်။

'ပြဿနာက ရှေ့နေပြောင်းမယ်ဆိုရင် ပိုက်ဆံလိုတယ်ကွ။'

'လုံးဝမလိုပါဘူးတော်' မိန်းမက ပြတ်ပြတ်ပြောတယ်။ 'ပင်စင်ရလာရင် အဲဒီထဲကနှုတ်ယူထားဖို့ သူတို့ဆီစာရေးလိုက် ပေါ့။ အဲဒါမှ သူတို့က အမှုလက်ခံမှာ။'

ဒီလိုနဲ့ စနေနေ့နေ့ခင်းမှာ ဗိုလ်မှူးကြီးဟာ သူ့ရှေ့နေကို သွားတွေ့ပါတယ်။ ရှေ့နေကို ပုခက်ထဲ ပျင်းရိပျင်းတွဲစန့်နေတာ တွေ့ရတယ်။ ရှေ့နေဟာ ကပ္ပလီလူကောင်ကြီးကြီးဖြစ်ပြီး အပေါ်စွယ်သွားနှစ်ချောင်းဘဲ ရှိတယ်။ သူဟာ ခုံဖိနပ် စွပ် လိုက်ပြီး ဖုံတက်နေတဲ့စက်စန္ဒယားခုံပေါ်က ရုံးခန်းပြတင်းပေါက်ကို ဖွင့်လိုက်တယ်။ စန္ဒယားခုံပေါက်မှာတော့ စာရွက် တွေထိုးထည့်ထားတယ်။ နိုင်ငံတော်ပြန်တမ်းက ဖြတ်ပိုင်းတွေကို လယ်ဂျာစာအုပ်အဟောင်းတွေထဲ ကပ်ထားတာ ရယ်၊ စာရင်းအင်းစာရွက်တွေ ရောသောပေါသောရယ် ဖြစ်ပါတယ်။ ခလုတ်မရှိတော့တဲ့ စန္ဒယားဟာ စာရေးစားပွဲ အဖြစ်လည်း နောက်ထပ်တာဝန်ထမ်းဆောင်ပါတယ်။ ရှေ့နေကြီးက ဆုံလည်ကုလားထိုင်တလုံးမှာ ထိုင်ချလိုက်တယ်။ ဗိုလ်မှူးကြီးက သူလာရခြင်းအကြောင်းရင်းကို မပြောခင် ကသိကအောင့်ဖြစ်မှုကို ပြောပြတယ်။

'ကျနော်ပြောသားဘဲ၊ ဒါက ၄-၅ ရက်နဲ့ ရမှာ မဟုတ်ဘူးလို့' ရှေ့နေကြီးက ဗိုလ်မှူးကြီး စကားပြတ်တုံး ဝင်ပြောလိုက် တယ်။ သူဟာ အပူဒဏ်ကြောင့် ချွေးတွေပြန်နေတယ်။ သူ့ကုလားထိုင်နောက်မှီကို နောက်ကို နည်းနည်းလှန်ချပြီး ကြော်ငြာစာရွက်တခုနဲ့ ယပ်ခတ်နေတယ်။

'ကျနော့်လူတွေက ခဏခဏစာရေးလာတယ်၊ စိတ်ရှည်ရှည်ထားပါတဲ့။'

'အင်း အဲလိုထားခဲ့တာ ဆယ့်ငါးနှစ်ရှိပြီလေ' ဗိုလ်မှူးကြီးကပြန်ဖြေတယ်။ 'အခုက ကြက်ဖကို စားလို့အရသာရှိအောင် ဂွေးသင်းသလို ဖြစ်လာပြီ။'

ရှေ့နေကြီးက အုပ်ချုပ်ရေးယန္တရား အရှုပ်အထွေးတွေအကြောင်း အသေးစိတ် သေသေချာချာ ရှင်းပြပါတယ်။ သူ့ကု လားထိုင်ဟာ သူ့ရဲ့ ကြီးထွားလှတဲ့တင်ပါးကြီးတွေအတွက် ကျဉ်းလွန်းနေတယ်။ 'လွန်ခဲ့တဲ့ဆယ့်ငါးနှစ်တုံးက လွယ် တယ်ဗျ' သူကပြောတယ်။ 'အဲဒီတုံးကဆိုရင် မြို့တော်စစ်ပြန်အဖွဲ့ရှိတယ်။ နှစ်ပါတီစလုံးက အဖွဲ့ဝင်တွေပါတယ်လေ။' သူ့အဆုတ်တွေ ပြည့်သွားတဲ့အထိ လေပူကြီးကိုရှူသွင်းလိုက်ပြီး အခုဘဲ ဒီတရားကို သူစတင်ဖော်ထုတ်လိုက်သလိုမျိုး မြွက်ဟလိုက်ပါတယ် 'အရေအတွက်က အင်အားဖြစ်စေတယ်ဗျ။'

'အခုကိစ္စက အဲလိုမဖြစ်ဘူး' ဗိုလ်မှူးကြီးကပြောရင်း သူ့ရဲ့ အထီးကျန်မှုကို ပထမဆုံးအကြိမ် သဘောပေါက်သွားမိ တယ်။ 'ကျုပ်ရဲဘော်တွေအကုန်လုံး စာမျှော်ရင်း ဆုံးကုန်ပြီ။'

ရှေ့နေကြီးကတော့ မျက်နှာအမူအရာ မပြောင်းပါဘူး။

'ဥပဒေထုတ်လိုက်တာ သိပ်နောက်ကျသွားတယ်လေ' သူကပြောတယ်။ 'တခြားလူတွေက ခင်ဗျားလို အသက်နှစ် ဆယ်နဲ့ ဗိုလ်မှူးကြီးဖြစ်သွားလောက်အောင် ကံမကောင်းကြဘူးဗျ။ ဒါတင်မကသေးဘူး၊ အထူးခွဲတမ်းချပေးတာလည်း မရှိဘူး၊ ဒီတော့ အစိုးရကပဲ ဘတ်ဂျက်ထဲမှာ လိုတိုးပိုလျှော့လုပ်ပေးရတာ။'

ဒီဇာတ်လမ်းကိုပဲ အရင်ကလည်း ပြောခဲ့ပါတယ်။ ဗိုလ်မှူးကြီးဟာ ရှေ့နေကြီးပြောတာကို နားထောင်တိုင်း ခံပြင်းစိတ် တွေ ပေါ်လာတယ်။ 'ဒါ အလှူခံနေတာ မဟုတ်ဘူးဗျ' သူကပြောလိုက်တယ်။ 'ဒါ ကျုပ်တို့ကို သနားသဖြင့် ကျေးဇူးပြုဖို့ ပြောနေတာ မဟုတ်ဘူး။ ကျုပ်တို့က နိုင်ငံတော်ကိုကယ်တင်ဖို့ သွေးချွေးတွေစွန့်လွှတ်ခဲ့ရတာ။' ရှေ့နေကြီးက လက် တွေမြှောက်လိုက်ပါတယ်။

'အဲသလိုပါဘဲဗျာ' သူကပြောတယ်။ 'လူတွေက ကျေးဇူးမသိတတ်တာ အသကုန်ပဲ။'

ဗိုလ်မှူးကြီးဟာ အဲဒီဇာတ်လမ်းကိုလဲ သိထားပြီး ဖြစ်ပါတယ်။ သူဟာ အဲဒီဇာတ်လမ်းကို နီးယာလန်ဒီးယားစာချုပ် ချုပ်ပြီး နောက်တနေ့မှာ ကြားခဲ့တာဖြစ်တယ်။ အဲဒီစာချုပ်မှာ အစိုးရက တော်လှန်ရေးအရာရှိနှစ်ရာကို ခရီးသွားလာ ရေးအကူအညီနဲ့ လျော်ကြေးအာမခံချက်တွေ ကတိပေးခဲ့တယ်။ နီးယာလန်ဒီးယားက ဧရာမပိုးချည်ပင်ကြီးခြေရင်းမှာ စခန်းချနေတဲ့ တော်လှန်ရေးတပ်ရင်းမှာ အများစုဟာ ကျောင်းတဝက်တပျက်နဲ့ထွက်လာတဲ့ လူငယ်တွေ ဖြစ်တယ်။ သူတို့ဟာ သုံးလကြာအောင် စောင့်နေခဲ့ကြပြီးနောက်မှာ ကိုယ့်အိမ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်ကုန်ကြတော့တယ်။ အိမ်ရောက်ပြီးတော့လည်း ဆက်စောင့်ကြပါတယ်။ နှစ်ခြောက်ဆယ်နီးပါး ကြာပြီးချိန်မှာ ဗိုလ်မှူးကြီးကတော့ စောင့်နေ ဆဲ ဖြစ်ပါတယ်။

အတိတ်ကိုပြန်ပြောင်းသတိရပြီး စိတ်လှုပ်ရှားလာတဲ့ ဗိုလ်မှူးကြီးဟာ ဈာန်ဝင်စားနေသလို ဖြစ်နေပါတယ်။ သူ့ညာဖက် လက်ကို ပိန်ကပ်နေတဲ့ပေါင်ပေါ်ထောက်ထားပြီး ရေရွတ်မိတယ် 'အင်း ကျုပ်ကတော့ လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်ပြီ။'
ရှေ့နေက သူဆက်ပြောမှာကို စောင့်နေတယ်။

'ဘယ်လိုမျိုးလဲဗျ။'
'ရှေ့နေပြောင်းဖို့။'
သူက ဗိုလ်မှူးကြီးကို တံဆိပ်နှိပ်ထားတဲ့ စာရွက်တရွက်ပေးလိုက်တယ်။ 'ကျနော့်အေးဂျင့်တွေဆီ စာလှမ်းရေးရမယ် လေ၊ ဒါမှ သူတို့ဆီကမိတ္တူတွေကို ပယ်ဖျက်လိုက်လို့ရမှာ' ရှေ့နေကြီးက စကားအဆုံးသတ်လိုက်တယ်။ ဗိုလ်မှူးကြီးက စာရွက်ပေါ်က ဖုံမှုန့်တွေခါလိုက်ပြီး ရှပ်အင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်တယ်။
'ဆုတ်ဖြဲပစ်လိုက်လေ' ရှေ့နေကပြောတယ်။

'ဟင့်အင်း' ဗိုလ်မှူးကြီးကပြန်ပြောတယ်။ 'ဒါတွေက အနှစ်နှစ်ဆယ်စာ အတိတ်ဇာတ်ကြောင်းတွေဗျ။' ဗိုလ်မှူးကြီးဟာ ရှေ့နေက သူ့ကိုငေးကြည့်နေဖို့ စောင့်နေတယ်။ ဒါပေမဲ့ ရှေ့နေကြီးက သူ့ကိုမကြည့်ဘဲ ပုခက်ဆီသွားပြီး ချွေးသုတ်နေ တယ်။ အဲဒီနေရာကမှ ဗိုလ်မှူးကြီးကို တလှပ်လှပ်ပူနေတဲ့ လေထုကိုဖြတ်ပြီး ကြည့်တယ်။

'ကျုပ် စာရွက်စာတမ်းတွေလည်းလိုသေးတယ်လေ' ဗိုလ်မှူးကြီးကပြောတယ်။
'ဘယ်ဟာတွေလဲခင်ဗျ။'
'သက်သေခံချက်။'
ရှေ့နေကြီးက လက်တွေမြှောက်ပြလိုက်တယ်။
'အာ… ဗိုလ်မှူးကြီး၊ အဲဒါကတော့ မဖြစ်နိုင်ဘူးခင်ဗျ။'

ဗိုလ်မှူးကြီး မျက်လုံးပြူးသွားတယ်။ သူဟာ မက်ကွန်ဒိုခရိုင်က တော်လှန်ရေးဘဏ္ဍာရေးမှူးအဖြစ် လားတကောင်ရဲ့ ကျောပေါ်တင်ချည်ထားတဲ့ ပြည်တွင်းစစ်ရန်ပုံငွေ နှစ်သေတ္တာနဲ့ ခြောက်ရက်ကြာ ခရီးကြမ်းထွက်ခဲ့တယ်။ အစာငတ် ပြီးသေနေတဲ့လားကို ဒရွတ်ဆွဲရင်း နီးယာလန်ဒီးယားစခန်းကို စာချုပ်လက်မှတ်မထိုးခင် နာရီဝက်အလိုမှာ ရောက်သွား ခဲ့တယ်။ အတ္တလန်တိတ်ကမ်းခြေ တော်လှန်ရေးတပ်ဖွဲ့များရဲ့ စစ်ထောက်ချုပ် ဗိုလ်မှူးကြီး အော်ရီလျံနိုးဘွေအင်ဒီးယား ဟာ ရန်ပုံငွေလက်ခံဖြတ်ပိုင်းတွေနဲ့ ငွေသေတ္တာနှစ်လုံးကို လက်နက်ချပွဲမှာ အပ်လိုက်ပါတယ်။

'အဲဒီစာရွက်စာတမ်းတွေက တန်ဖိုးမဖြတ်နိုင်ဘူးဗျ' ဗိုလ်မှူးကြီးက ပြောတယ်။ 'အဲဒီထဲမှာ ဗိုလ်မှူးကြီး အော်ရီလျံနိုးဘွေ အင်ဒီးယား လက်ရေးနဲ့ ဖြတ်ပိုင်းတခုပါတယ်။'

'ဟုတ်ပါတယ်' ရှေ့နေကပြောတယ်။ 'ဒါပေမဲ့ အဲဒီစာရွက်စာတမ်းတွေက လူထောင်နဲ့ချီပြီး လက်ပြောင်းသွားခဲ့တယ်၊ ထောင်နဲ့ချီတဲ့ရုံးတွေဖြတ်သွားခဲ့တယ်ဗျ၊ နောက်ဆုံး ကာကွယ်ရေးဝန်ကြီးဌာနက ဘယ်ဌာနမှာဆိုက်သွားတယ်ဆိုတာ ဘုရားမှသိလိမ့်မယ်။'

'ဘယ်အရာရှိကမှ အဲလိုစာရွက်စာတမ်းမျိုးကို သတိမထားမိဘဲ နေမှာ မဟုတ်ပါဘူးဗျာ' ဗိုလ်မှူးကြီးကပြောတယ်။
'ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ့်ငါးနှစ်အတွင်း အရာရှိတွေ အများကြီးပြောင်းခဲ့ပြီလေ' ရှေ့နေကြီးက ထောက်ပြတယ်။ 'စဉ်းစား ကြည့်ပါအုံး။ သမတ က ခွန်နစ်ယောက် ပြောင်းခဲ့ပြီ။ သမတ တယောက်စီက သူ့ဝန်ကြီးအဖွဲ့ကို ဆယ်ခါထက်မနည်း ပြောင်းပစ်သေးတယ်။ ဝန်ကြီးတယောက်စီကလည်း သူ့ဝန်ထမ်းတွေကို အခါတရာထက်မနည်း ပြောင်းပစ်ခဲ့တယ်။'

'ဘယ်လိုဘဲဖြစ်ဖြစ်ဗျာ၊ ဘယ်သူကမှ စာရွက်စာတမ်းတွေကို အိမ်ယူသွားလို့မရပါဘူး' ဗိုလ်မှူးကြီးကပြောတယ်။ 'အရာ ရှိအသစ်တိုင်းက ဒီစာရွက်တွေကို သူ့နဂိုဖိုင်တွဲအတိုင်း တွေ့မှာပဲ။'
ရှေ့နေကြီးက စိတ်မရှည်တော့။
'ဒါတင်မဟုတ်သေးဘူးဗျ၊ တကယ်လို့ အဲဒီစာရွက်တွေကို ဝန်ကြီးဌာနကနေ ဖယ်လိုက်ရင် နောက်စာရင်းသစ်မှာပါဖို့ စောင့်ရအုံးမှာ။'
'အဲဒါ ကိစ္စမရှိပါဘူး' ဗိုလ်မှူးကြီးကပြောတယ်။
'အဲဒါက ရာစုနှစ်တွေနဲ့ချီပြီး ကြာလိမ့်မယ်။'
'အဲဒါ ကိစ္စမရှိဘူးဗျ။ အရာကိစ္စကြီးကြီးတွေကို စောင့်ရတဲ့အခါ အရာကိစ္စသေးသေးလေးတွေအတွက် စောင့်လို့ရပါ တယ်။'

ဂါမဏိ
၃၁-၃-၂၀၁၃
မူရင်း။    စာပေနိုဘယ်ဆုရ ကိုလမ်ဘီယာ စာရေးဆရာကြီး Gabriel Garcia Marquez ၏
No One Writes to the Colonel ဝတ္ထု

No comments: