Tuesday, May 7, 2013

ဘုရားပေးတဲ့ အရင်းအနှီးနဲ့ တော်လှန်ရေးလုပ်နေတာ” အဆိုတော်မွန်းအောင်နဲ့ အင်တာဗျူး


ကိုမွန်းအောင်ကို လူသိများတဲ့ အဆိုတော်ဘ၀ကနေ တော်လှန်သူတယောက်အဖြစ် တွန်းပို့လိုက်တဲ့ အရာတွေက ဘာလဲ..။

ကလေးဘ၀ကတည်းက ကိုယ်တိုင် တွေ့မြင် ခံစားခဲ့ရတဲ့ မတရားမှု ဖိနှိပ်မှုတွေပေါ့ဗျာ။ စစ်သားတွေ၊ သေနပ်တွေ၊ စစ် ထရပ်ကားတန်းရှညကြီးတွေ၊ ဟယ်လီကော်ပရာတွေ၊ သေနပ်ဒါဏ်ရာတွေ၊ ညမထွက်ရအမိန့်တွေနဲ့ ပေါ်တာဆွဲတာတွေ အိမ်တိုင်းမှာရှိတဲ့
ကတုတ်ကျင်းတွေက ကျနော့် ကလေးဘ၀ကတည်းက မြင်ကွင်းတွေ။ မြစကြီးနားမှာ ကျနော်နေတာ၊ မြို့ရဲ့ ၁၀ မိုင်အပြင်ဘက်ကိုတောင် မထွက်ရဲဘူးဗျ။ လုံခြုံမှုမရှိလို့ပါ။ အသက်လည်း အာမခံချက်မရှိဘူး၊ တကယ်လို့ ဖားကန့်သွားမယ်ဆို အချိန်မရွေး ပေါ်တာဆွဲမယ်၊ ဒါမှမဟုတ် KIA ကလည်း တပ်သားသစ်အဖြစ် ဆွဲခေါ်သွားမှာပဲ။ မြစ်ကြီးနားကနေ မြစ်ဆုံရောက်ဖို့ စစ်တပ်ဂိတ် ၃-၄ ခုလောက်ကို ဖြတ်ပြီးသွားရတာ။ စစ်အုပ်ချုပ်ရေးအောက်လူမှန်း မသိခင်ကတည်းက ရောက်နေတာ။ ငယ်ငယ်ကတည်းက ကာဖျူးနဲ့ နေလာတာ။

အိမ်ဘေးက သူငယ်ချင်းပျောက်သွားတယ်၊ သတင်းပြန်ကြားတော့ သူ KIA ထဲမှာ သေနပ်ကိုင်နေပြီတဲ့။ ကျနော့ ငယ် သူငယ်ချင်းတော်တော်များဟာ အဲလို သူပုန်တွေဖြစ်ကုန်တယ်။ သူတို့ဟာ အင်မတန် ခင်စရာကောင်းတယ်။ သဘော ကောင်းပြီး ကူညီတတ်သူတွေ ဘာကြောင့် သူပုန်တွေဖြစ်ကုန်ရတာလည်းဆိုတာ ကျနော့ လူငယ်ဘ၀ကပုစ္ဆာတွေပေါ့။ နောက်ဆုံးတော့ သူတို့ ဘယ်လိုဝါဒဖြန့်ဖြန့် ကျနော်တို့ဟာ ဖိနှိပ်ခံနေရတယ်ဆိုတာ သိသွားတာပဲ။ ဖိနှိပ်တာတောင်မှ ရိုင်းရိုင်းစိုင်းစိုင်းပဲ။ ဘာဥပဒေမှမရှိဘူး၊ ရုပ်ရှင်ရုံရှေ့မှာ အမြင်ကပ်လို့ဖြစ်စေ၊ မသင်္ကာလို့ဖြစ်စေ စစ်သားတယောက်က ပါးရိုက်လိုက်တာမျိုးတွေပေါ့။ ဒီမတရားမှုတွေက တော်လှန်ချင်စိတ်တွေ ဖြစ်စေတာပါပဲ။

ကိုမွန်းအောင် အောင်မြင်နေတဲ့အချိန် တောခိုခဲ့ရတာဆိုတော့ အနုပညာထက် မိမိယုံကြည်မှုကို ပိုပြီးတန်ဘိုးထားတာ လား။

သီချင်းတွေ တီးရဆိုရတာ ကျနော် ပျော်တယ်။ သီချင်းတီးခတ်သီဆိုနေရရင် ခန္ဓာအစိတ်အပိုင်းတွေအားလုံး သက် တောင့်သက်သာဖြစ်သွားသလိုပဲ။ တယောက်ယောက်ကို သီချင်းဆိုပြလိုက်ရရင် ရင်ထဲမှာ ပီတိဖြစ်နေတာမျိုးပါ။ သီချင်း တွေကို ၀ါသနာအရဆိုတာ ဖြစ်တယ်။ တကယ်တမ်းသီချင်းဆိုစားတာမျိုးတော့ ကျနော် စိတ်မ၀င်စားဘူး။ သီချင်းဆိုပြီး ပိုက်ဆံရှာတာမျိုး ကျနော်မလုပ်ခဲ့ဖူးဘူး။ ဗမာပြည်မှာလည်း ပွဲတွေအများကြီးလုပ်နိုင်တာပဲ ကျနော် မလုပ်ခဲ့ပါဘူး။ မင်္ဂလာဆောင်တွေမှာ သီချင်းဆိုစားတာတွေ မလုပ်ဘူး။ ကျနော်က ဟိုကတည်းက တော်လှန်ရေးသီချင်းတွေ ဆိုချင်ခဲ့ တယ်။ ငြိမ်းချမ်းရေးတိုက်ပွဲသီချင်း ဆိုချင်လို့ သီချင်းရေးတဲ့ ကိုနေ၀င်းကို ပုသိမ်အထိသွားတွေ့တယ်။ ကိုနေ၀င်းက တော့ ခွင့်ပြုချက်ပေးပါတယ်။ ဒါပေမယ့် ၈၂ အင်းလျားအခွေ မသွင်းခင် အဲဒီ သီချင်းနာမည်နဲ့ အခွေထုတ်ဖို့လုပ်တော့ ဆုံးသွားတဲ့ ကိုမောင်မောင်က …

“မင်း ဒီသီချင်းဆိုရင် အနောက်နိုင်ငံမှာတော့ နာမည်ကြီးသွားနိုင်တယ်၊ ဒီနိုင်ငံမှာတော့ ဘယ်သူမှမသိလိုက်ဘဲ ထောင် ထဲဝင်သွားရလိမ့်မယ်” လို့ ကျနော့်ကို ပြောခဲ့တယ်။ သူ့စကားက ကျနော့နားထဲစွဲသွားတယ်။ ဒါနဲ့ ငြိမ်းချမ်းရေးတိုက်ပွဲ သီချင်းကို အသံသွင်းထားပြီးမှ ဖြုတ်ထားခဲ့ရတယ်။ မှတ်မှတ်ရရ လွမ်းရတဲ့ညတွေလွန်ပါစေ အခွေထွက်တော့ ကျနော့ ထုတ်လုပ်သူကို “နောက်တခါဆိုရင် အခွေသွင်းရင်ဆင်ဆာဘုတ်အဖွဲ့ကို မဖြတ်တော့ဘူး” လို့ ပြောခဲ့ဖူးတယ်။ တကယ် လည်း ဆင်ဆာဘုတ်မဖြတ်ခဲ့ရဘူး၊ အဲဒီလွမ်းရတဲ့ညက နောက်ဆုံးအခွေ ဖြစ်သွားခဲ့တယ်။ ကျနော်လည်း တောထဲ ရောက်ခဲ့တယ်။ တကယ်တော့ သီချင်းတွေဟာ ကျနော့ရဲ့ ချစ်သူသက်သက်ပဲ၊ သီချင်းဆိုရတာကြေနပ်တယ်။ ကျနော် ၈၈ ထွက်လာတဲ့အချိန်အောင်မြင်မှုအရှိန်က မကျသေးပါဘူး။ ကိုယ့်အနုပညာကို တော်လှန်ရေးအတွက် ရင်းလိုက်ရတာ ပေါ့ဗျာ။ တကယ်တော့ သီချင်းဆိုတတ်တဲ့ဆိုနိုင်တဲ့ အရည်အချင်းကို ဘုရားသခင်ကပေးထားတာ ဖြစ်တယ်။ ဘုရားပေး တဲ့ ဆုပေါ့၊ ကျနော့ရဲ့ အရင်းအနှီးပဲ။ အဲဒီအရင်းအနှီးကို တော်လှန်ရေးပေါ်မှာ ကျနော်စုတယ်၊ ဒီအချိန်ဟာ တော်လှန် ရေးကာလ ဖြစ်တယ်။

သမတ ဦးသိန်းစိန်ဟာ အနှစ် ၅၀ အာဏာရှင်အဆက်ဆက်ထဲကနေ ဒီမိုကရေစီလမ်းကြောင်းကို စတင်ဖောက်နေသူလို့ သုံးသပ်ကြတယ်၊ သူ့ကို နိုဘယ်လ်ဆုအတွက်တောင် အမည်စာရင်းတင်သွင်းတာရှိတယ်။ ကိုမွန်းအောင် ဘယ်လိုမြင် လဲ။

သူက ငြိမ်းချမ်းရေးဆုနဲ့ မထိုက်တန်သူပါ။ သူဟာ အာဏာရှင်စနစ်နဲ့ ရာထူးကြီးကြီးယူပြီး ဖိနှိပ်အုပ်ချုပ်ခဲ့သူ ဖြစ်တယ်။ ဘ၀တလျှောက်လုံး လက်နက်ကိုင်စစ်သားအဖြစ် အသက်မွေးဝမ်းကြောင်းလုပ်ခဲ့သူဖြစ်တယ်။ ဗမာပြည်မှာ ၁၉၆၂ ခု စစ်အာဏာသိမ်းပြီးချိန်ကစပြီး ၁၉၈၈ အာဏာသိမ်း န၀တနဲ့ နအဖ စစ်အစိုးရအဆက်ဆက်မှာ အာဏာရှင်စနစ် ကြံ့ ခိုင်အောင် ထမ်းပိုးပေးခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲကျမှ စစ်ဦးထုတ်ချွတ် ခေါင်းပေါင်းပေါင်းပြီး သမတ တက်လုပ်တဲ့လူ ဖြစ်တယ်။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် နာမည်စာရင်းပေးသင့်တဲ့ စံချိန်စံညွှန်းတောင်မမှီသူလို့ ပြောချင်တယ်။ သူ့ကို အမည်စာရင်းသွင်းတာ နိုဘယ်လ်ဆုတီထွင်ခဲ့တဲ့ အဲလ်ဖရက် နိုဘယ်လ်ကိုတောင် အရှက်ရစေပါတယ်။ ဗမာပြည် မှာရော ကမ္ဘာကြီးမှာရော ဦးသိန်းစိန်ထက် ပိုပြီး နိုဘယလ်ဆုနဲ့ထိုက်တန်သူတွေ အများကြီးရှိပါတယ်။

ဒီကနေ့ အပြောင်းအလဲဟာ ဦးသိန်းစိန်ပြောင်းလဲပေးခဲ့တာ မဟုတ်ဘူး၊ စစ်အုပ်စု လမ်းကြောင်းထဲကသွားနေတဲ့ အစီ အစဉ်တခုသာ ဖြစ်တယ်။ ဦးသိန်းစိန်ဟာ စစ်အုပ်စုရဲ့ အရုပ်တရုပ်ပဲ။ သူတို့ဟာအနှစ်၂၀ ကျော် အခြေခံဥပဒေမရှိဘဲ အုပ်ချုပ်တဲ့ဘ၀ကနေနောင်နှစ်ပေါင်းများစွာ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ အုပ်ချုပ်ဖို့ကြံစီနေတာ ဖြစ်တယ်။ ဒါကိုပဲ နိုင်ငံတကာက မြန်မာပြည်ဟာ ပြုပြင်ပြောင်းလဲနေပါပြီလို့ မြင်နေအုံးမယ် ဆိုရင်ကျနော်ကတော့ အဲဒီ နိုင်ငံတကာအစိုးရတွေဟာ အ တယ် န တယ်လို့ပဲ ပြောရမှာပဲ။ ပြီးတော့ ဗမာပြည်မှာလဲ ဒီမိုကရေစီပြောပြီး အတိုက်အ ခံမရှိသလို ဖြစ်နေတယ်။ ရထားတဲ့အခွင့်အရေးလေး ပျောက်သွားမလားစိုးရိမ်စိတ်နဲ့မတရားမှန်းသိလည်း ဘာမှမပြောရဲ မဆိုရဲကြဖူး၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့မီဒီယာအများစုကလည်း နှာစေးနေကြတယ်။

သာမန်ပြည်သူတွေ အရပ်သားတေကတော့ ကျွန်တွေလို အရောင်တွေမွဲပြီး စုတ်ပြတ်နေတယ်။

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လှုပ်ရှားဆောင်ရွက်မှုတွေကို ဘယ်လိုမြင်လဲ၊

မွန်း…. ကျနော်တို့ သူ့ကို လူထုခေါင်းဆောင်လို့ မျော်လင့်ခဲ့ကြတယ်။ နောက်ဆုံးမှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ရွေး ချယ်တယ်၊ အဲဒီမှာ လူထုခေါင်းဆောင်အဆင့်ကနေ NLD ပါတီခေါင်းဆောင်ပဲ ဖြစ်သွားတယ်၊ သူရည်မှန်းတာက တခုခု ဖြစ်ချင်ဖြစ်မယ်၊ ကျနော်တို့မျော်မှန်းနေတာက တခုခုဖြစ်ချင်ဖြစ်မယ်။ သွားတဲ့လမ်းချင်းကွဲပါစေ၊ ပန်းတိုင်ရှိထားရင် တနေ့ဆုံမှာပါ။

ကိုမင်းကိုနိုင်အပေါ်မှာရော ဘယ်လိုအကဲဖြတ်မလဲ..

သူက နှစ်ပေါင်းမြားစွာ ထောင်ထဲတကိုယ်တည်းနေပြီး လူထုအတွက် သူ့ကိုယ်ပိုင်အခွင့်အရေးတွေ လက်လွှတ်ပြီး ပေး ဆပ်ခဲ့တယ်။ အခုလည်းဒီအတိုင်းပဲ။ လူထုကသူ့အပေါ် မေတ္တာထားပြီး ချစ်ခင်လေးစား အသိအမှတ်ပြုရင်၊ ပြည်သူ့ဆန္ဒ နဲ့ အတူရှိတဲ့ခေါင်းဆောင်မျိုးဆိုရင် သူလည်းပြည်သူကို ဦးဆောင်မှုပေးနိုင်လိမ့်မယ်။ သူ့ရဲ့ ရွေးချယ်မှုကသာ ပဓာန ကျပါတယ်။ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သူလုပ်သင့်တာသူလုပ်ပါလိမ့်မယ်၊ ပြည်သူတွေအကျိုးရှိမယ့်အလုပ် သူလုပ်နေ ရင် ကျနော်တို့ လက်ခုတ်တီးရမှာပဲ။

ဒီကနေ့ နိုင်ငံရေးတိုက်ပွဲပုံစံ ဘယ်လိုပြောင်းလဲနေလဲ၊ ပြည်ပနိုင်ငံရေးက ပြီးဆုံးသွားပြီလား၊ ပြည်ပနိုင်ငံရေးကို ပြည် တွင်းမှာပဲ သွားလုပ်ရမယ့်အခြေအနေမျိုးလား။

ဒီကနေ့ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲက မပြီးသေးဘူး၊ တောတွင်းတိုက်ပွဲလည်း ဖြစ်ချင်ဖြစ်နိုင်သေးတာပဲ၊ လောလော ဆယ် စားပွဲဝိုင်းနိုင်ငံရေးတိုက်ပွဲတွေ ဖြစ်နေတယ်၊ ဥပဒေတွင်း တိုက်ပွဲတွေ၊ လူ့အခွင့်အရေးတိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေတယ်၊ သံတမန်ရေးတိုက်ပွဲတွေလည်း ဖြစ်ချင်ဖြစ်နေတာပဲ။ နိုင်ငံရေးနယ်ပယ်တခုထဲမဟုတ်ဘူး လူမှုရေး၊ စီပွား ရေး နယ်ပယ်အစုံမှာ တိုက်ပွဲတွေ ဖြစ်နေတာပဲ။

ပြည်ပနိုင်ငံရေးကလည်း မပြီးသေးပါဘူး။ လိုကိုလိုနေသေးတယ်။ အထူးသဖြင့် NGO တွေရဲ့ အထောက်အပံ့မလိုတဲ့ လှုပ်ရှားမှုမျိုးပေါ့၊ ဘာလို့လဲဆိုတော့ NGO အထောက်အပံ့ယူရင် NGO လိုင်းထဲ ဘောင်ထဲကပဲ သွားရမယ်။ NGO ဆိုတာအစိုးရရဲ့ လိုင်းထဲကသွားရတာ။ ဘယ်အစိုးရမဆို သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားဆိုတာ ရှိတယ်၊ သူတို့စိတ်ဝင် စားမှုနဲ့ သူတို့ လိုလားတာတွေရှိတယ်။ အဲဒီအတွက် ကျနော်တို့တတွေက ပေးရတယ်။ အဲလိုအပေးအယူမျိုး လုပ်ရ တယ်။ ဒီတော့ ကျနော်တို့ဖြစ်ချင်တိုင်း မဖြစ်နိုင်ဘူး။ ကျနော်တို့လိုချင်တာက သီးခြားလွတ်လပ်တဲ့ လှုပ်ရှားမှုမျိုးပါ။

ကျနော်တို့ အပြင်မှာနေသူတွေဟာ လွတ်လပ်တဲ့ လှုပ်ရှားမှုနဲ့ ပြောခွင့်တွေရနေတယ်။ ဘယ်အစိုးရ၊ ဘယ်ရဲမှ ခြိမ်းခြောက်မှာမဟုတ်ဖူး၊ ကိုယ်ယုံကြည်တဲ့အရာကို ဒီမိုကရေစီနည်းလမ်းနဲ့လုပ်ဆောင်ခွင့်ရှိတယ်။ ဒီနေ့ဗမာပြည်မှာ ပြောခွင့်နည်းနည်းပါးပါးပေးထားပေမဲ့ လုပ်ခွင့်မရကြဘူး။

ဒါဆို ပြည်ပမှာ ဘာလုပ်နိုင်မှာလဲ

လက်တွေ့ကျကျပြောရရင် သမတဦးသိန်းစိန်လာလည်ရင် ကိုယ်သဘောမကျတဲ့အကြောင်း ဆန္ဒထုတ်ဖော်နိုင်တယ်၊ ပြည်တွင်းထဲမှာ မလုပ်နိုင်တာအများကြီး အပြင်မှာ လုပ်နိုင်တယ်။ တချိန်တုန်းက လုပ်ခဲ့ကြတဲ့အလုပ်တွေ ဒီနေ့အချိန် အခါ နဲ့အညီလုပ်နိုင်သေးတယ်။ အစိုးရမတရားတာ၊ မဟုတ်မမှန်တာတွေကို နိုင်ငံတကာသိအောင် ထောက်ပြနိုင်တယ်။ ကျနော် ဗမာပြည်ပြန်ရင် ကြိုက်တဲ့မြို့က ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့ပုံစံနဲ့ စင်ထိုးပြီး သီချင်းဆိုလို့ မရနိုင်ဘူး၊ ဒီနိုင်ငံမှာ ရတယ်။ ကျနော် မြန်မာပြည်မှာ ဘွဲ့ရပြီး ၄ နှစ်လောက်ကြာမှ ၁၉၈၈ မှာ လူ့အခွင့်အရေးဆိုတဲ့စကားကို ကြားဖူးတာ။ ဘယ်လောက်အထိ ပိတ်ပင်ခံထားရလဲဆိုတာ စဉ်းစားကြည့်။ အခု ပြည်ပမှာ နှစ်၂၀ ကျော်အတွင်း အခက်အခဲတွေ ကြမ်းတမ်းခက်ထန်မှုတွေ အများကြီးဖြတ်ပြီး နော်ဝေး လူ့အဖွဲ့အစည်းထဲမှာ လူ့အခွင့်အရေးအရသာကို အပြည့်အ၀ ခံစားနေရတယ်။ ကိုယ့်ပြည်သူတွေကိုလည်း ခံစားစေချင်တယ်။

လက်ရှိနော်ဝေးအစိုးရနဲ့ မြန်မာ ဆက်ဆံရေးကို ဘယ်လိုမြင်လဲ

ဘယ်နိုင်ငံမဆို မိမိအကျိုးစီးပွားအပေါ် စိတ်ဝင်စားမှုနဲ့ပဲ ဆက်ဆံကြတာပါ။ တရုတ်ဝင်တာလည်း ဗမာတွေဘာဖြစ်နေလဲ ဆိုပြီး စဉ်စားပြီးဝင်တာ မဟုတ်ဘူး။ သူတို့လိုချင်တာရဖို့ ၀င်တာပါ။ နော်ဝေးကတော့ တရုတ်ထက်ယှဉ်ရင် နည်းနည်း သာတယ်လို့ ပြောလို့ရတာက မြန်မာနိုင်ငံကို ထောက်ပံ့ကူညီတယ်။ မြန်မာတွေကို ဒုက္ခသည်အဖြစ် လက်ခံတယ်၊ ဒီမို ကရေစီရေးကို စဉ်းစားပေးတယ်။ ငြိမ်းချမ်းရေးကိုအကြောင်းပြုပြီး နော်ဝေး၀င်တယ်ဆိုတာက မိမိတို့သြဇာနဲ့ ဂုဏ်သိက္ခာ အပြင် မြန်မာအပေါ်လွှမ်းမိုးတဲ့ တရုတ်နိုင်ငံရဲ့ သြဇာကိုပါးလွှာစေနိုင်တယ်။ စီးပွားရေးအကျိုးအမြတ်လည်း ရှိကြမှာပါ။ အခုလုပ်နေတဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ရေးကိစ္စ၊ သဘာဝဓာတ်ငွေ့ကိစ္စလည်း သူတို့ မရှုံးနိုင်ပါဘူး။

အခုအချိန်မှာ ပြန်သွားတဲ့ အနုပညာရှင်တွေလည်း ရှိကြတာပဲ၊

ကိုမွန်း ဗမာပြည် ပြန်ဖို့အစီအစဉ်ရှိလား..

တခြားအဆိုတော်တွေပြန်တာလည်း ရှိနေတာကြားပါတယ်။ သူတို့ ဘယ်တုံးကထွက်ခဲ့တာလဲ၊ ဘယ်လိုထွက်ခဲ့တာလဲ၊ ဘာရည်ရွယ်ချက်နဲ့ ဘာကြောင့်ထွက်တာလဲဆိုတာ ကြည့်ဖို့လိုမယ်ထင်တယ်။ ပြီးတော့ ဘယ်လိုပြန်သွားလဲ ဆိုတာပေါ့။ ကျနော်က ထွက်ကတည်းက ရည်ရွယ်ချက်နဲ့ အစီအစဉ်ရှိရှိထွက်လာတာ ဖြစ်တယ်။ ဒီအစီအစဉ်က အဆိုတော် မွန်းအောင်လို့ မဖြစ်ခင်ကတည်းက စိတ်ထဲမှာဆုံးဖြတ်ချက်ကျပြီးသား အစီအစဉ်ဖြစ်တယ်။ စိတ်ဓာတ်အရင်းခံတူတဲ့ ကျောင်းနေဘက်သူငယ်ချင်းတွေကြား ချိတ်ဆက်ထားတာတွေ ရှိတယ်။ ဒီနေ့ KIA က ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်နဲ့ ကျနော်တို့က ရင်းနှီးသူတွေ၊ ကျနော့်ထက်သူက နည်းနည်းငယ်တယ်၊ ကျောင်းသားဘ၀က တီးဝိုင်းအတူတီးတယ်၊ ၈၂ အင်းလျားမှာ ဘေ့စ်ဂစ်တာတီးတဲ အာခေါင်လွန်း က အခု ကေအိုင်အေ တပ်မဟာ (၁) ရဲ့တပ်မဟာမှူးပါ။ ဒီလူတွေက စစ်သားတွေသာ ဖြစ်ကုန်တာ ကြမ်းတမ်းသူတွေ ရက်စက်တဲ့လူတွေလည်း မဟုတ်ဘူးဗျ။ အနုပညာသမား၊ ဂီတကို မြတ်နိုးတဲ့လူတွေ။

ဗမာပြည်သွားဖို့ ၀င်ပေါက်တောင်မနည်းရှာရအုံးမှာပဲ။ စစ်အုပ်စုက အပေါ်စီးမှာနေတုန်းပဲ။ ၀င်ခွင့်အသနားခံစာ ရေး တောင်းရအုံးမယ်၊ မပေးရင် အရှက်ရအုံးမယ်။ ၀င်ခွင့်ရတော့လည်း ထောင်ထွက်တွေလို ၀န်ခံလက်မှတ်တွေနဲ့၊ ကျနော် သီချင်းဆိုခွင့် ရမရတောင် မပြောနိုင်ဘူး။  ဒီနိုင်ငံတွေမှာ စင်ပေါ်ကအဆိုတော် ဘာပြောပြော၊ ဘာဆိုဆို ဘယ်ရဲကမှ နိုင်ငံရေးတို့၊ အစိုးရကိုဝေဖန်တယ်တို့ ဆိုတဲ့အမြင်မျိုးနဲ့ မချည်းကပ်ဘူး၊ ရဲအလုပ်က လုံခြုံရေး၊ ပွဲကြည့်သူ အနှောက်အ ယှက်မဖြစ်အောင် စောင့်ရှောက်ရေးပဲ။ ဗမာပြည်ပြန်ရင် သီချင်းလွတ်လွတ်လပ်လပ်ဆိုရမလား၊ ဒီသီချင်းမဆိုရဘူး၊ ဒီသီချင်းပဲဆို ဆိုတာမျိုးလား၊ကျနော်နားလည်တာကတော့ ဦးသိန်းစိန်က လူကြားကောင်းအောင်ပဲ တံခါးဖွင့်ပေးတာပါ။ ကျနော်တို့ကို နိုင်ငံခြားသားလိုပဲ နေခိုင်းပြီး မလုပ်ရဘူးဆိုတာတွေ မလုပ်ခိုင်းဘူး၊ အချိန်တန်ရင်ပြန်ခိုင်းမှာပဲ။ ဒီတော့ ကျနော် နော်ဝေးမှာပဲ သေချင်သေသွားပစေ ခေါင်းငုံ့ပြီးတော့ ပြန်မလာဘူး။ ဗမာပြည်သူတွေ လူ့အခွင့်အရေးနဲ့ ဒီမို ကရေစီ အပြည့်အ၀ရတဲ့အချိန်ပဲ ကျနော်တို့ အလိုရှိနေတာပါ။

နောက်ထပ်အခွေသစ်ထုတ်ဖို့အစီအစဉ်ရှိလား..။

ကျနော့မှာ သီချင်းတွေလည်းရှိတယ်၊ အစီအစဉ်လည်းရှိပြီးသားပါ။ ခက်တာက နော်ဝေးမှာ ကျနော့အတွက် ဂီတ မိတ် ဆွေမရှိဘူး၊ အစောတုံးက နေ၀င်းဌေးနဲ့ တီးရင်း သီချင်းတွေတိုက်နေတာ။ နောက်တော့ နေ၀င်းဌေးလည်းဆုံးသွားတော့ အခုလက်မောင်းတဖက် ပြုတ်သလိုဖြစ်နေတယ်။ သီချင်းတွေလည်းရှိတယ်၊ အခွေလည်းထုတ်ချင်ပါတယ်။ ဒါပေမယ့် မဖြစ်နိုင်သေးဘူး။ ကျနော့်သီချင်းတွေကိုတော့ အသုံးတည့်သူတွေ အခမဲ့သုံးစွဲခွင့်ပြုထားပါတယ်။ တော်လှန်ရေးအ တွက် လိုအပ်သလိုသုံးနိုင်တယ်။ ဘယ်သီချင်းမှ ပိုက်ဆံမတောင်းသလို ဘယ်ပွဲမှလည်း ပိုက်ဆံတောင်းပြီး သီချင်းမဆိုခဲ့ပါဘူး။

ကိုမွန်းအောင် ပရိဿတ်တွေကို ဘာပြောချင်သေးလဲ

ကျနော် သီချင်းတွေချည်းဆိုနေမဲ့ အနုပညာရှင် အဆိုတော်မဟုတ်ဘူးပေါ့ဗျာ၊ ပြီးတော့ သီချင်းဆိုပြီး ပိုက်ဆံရှာမယ့် အဆိုတော်လည်းမဟုတ်ဘူး၊ ပြီးတော့ နိုင်ငံရေးသမားလည်း မဟုတ်ဘူး။ ကျနော်ဟာ မဟုတ်မမှန်တာ မတရားတာ ဖိနှိပ်မှုတွေ၊ မျက်ရေတွေ၊ အသက်တွေ ဘ၀တွေနဲ့ ဖတ်ခဲ့ဖူးတဲ့စာတွေကို ရင်းနှီးပြီး တော်လှန်သွားမယ့် တော်လှန်ရေး သမားသက်သက် ဖြစ်တယ်။ ပြီးတော့ သီချင်းဆိုတဲ့လူတယောက်၊ တော်လှန်ရေးအတွက် တော်လှန်ရေးသီချင်းတွေ ဆိုနေအုံးမယ့် တော်လှန်ရေးသမားတယောက်ဆိုတာပဲ သိစေချင်တာပါ။

ကိုညို (အော်စလို)

(ဒီအင်တာဗျူးဟာ မြစ်မခမီဒီယာအတွက် ရည်စူးရေးထားတာမို့ ပြည်တွင်းဂျာနယ်၊ မဂဇင်းတွေ အသုံးပြုချင်ရင် မြစ်မခမီဒီယာနဲ့သာ ဆက်သွယ်ပါ)

No comments: