ဆရာ မင်းသုဝဏ်၏ သူ့မှာတမ်းကဗျာကို ဟိုးအရင်က အခါခါဖတ်ပြီး အခါခါ ခံစားဖူးပါသည်။ ယခုဒီကဗျာကို မရွတ်ဆို ချင်ပါ။ ရွတ်ဆိုလိုက်တိုင်း ရင်နင့်ရသောအဖြစ်က နှလုံးအိမ်ကို လာလာ တိုးဝှေ့နေသည်။ တိုးဝှေ့ ထိခိုက်နိုင်လောက် သော တကယ့်အဖြစ်အပျက်က ကိုယ့်အတွက် ဖြစ်ထွန်းနေပြီ။ သူငယ်ချင်းငယ်ပေါင်းတယောက်၏ အဖြစ်အပျက်တို့ကို မသိရှိခင်က
ကဗျာအပေါ်ခံစားချက်သည် အများသူငါနှင့် ဆိုင်သော ခံစားမှုအဆင့်သာ ရှိခဲ့သော်လည်း သူဇာတ်ကြောင်း သိရှိပြီးနောက် ကဗျာပါစာသားက ကိုယ်တဦးတည်းကို လာပြီးရည်ရွယ်နေသလို ခံစားလာရသည်။ မမျှော်လင့်ဘဲ လိုချင် သော ဇာတ်လမ်းတခုလုံးကိုရလိုက်တော့ ရင်ထဲကထိရှမှုကနေ စာသားတွေအဖြစ်ပါ ရေးချဖို့ ဖြစ်လာရပြန်သည်။
သြဂုတ်လ ၁၈ ရက်နေ့ကို ကျောင်းသစ်တက်ပွဲ ပင့်ဖိတ်သဖြင့် နော်ဝေနိုင်ငံကို ၁၅ ရက်နေ့ကတည်းကရောက်လာသည်။ ရွှေဝါရောင်ဦးထာဝရနှင့် ဒကာ ဒကာမတို့က ဧည့်ဝတ်ကျေစွာ ကြိုဆိုကြသည်။ ရောက်လာသူ ဒကာဒကာမတွေနှင့် မိတ် ဆက်စကားပြောရင်း မမျှော်လင့်သော ဇနီးမောင်နှံနှင့် ဆုံတွေ့ခွင့်ရလိုက်သည်။
“ဒကာနာမည်က”
“တပည့်တော်နာမည် ခင်ဇော်ပါဘုရား တောင်ကြီးကပါ တောခိုတော်လှန်ရေးထဲပါပြီ ဒီဘက်ရောက်လာတာပါ”
သူ့ ဒကာမပါ အနီးနားရှိနေသည်။
“တပည့်တော် ဇနီးနာမည်က နန်းမူ လို့ ခေါ်ပါတယ်ဘုရား”
တောင်ကြီးဆိုသဖြင့် စိတ်ဝင်စားသွားသည်။ ကျောင်းသားတပ်သို့ ဝင်ရောက်ခဲ့ပုံကိုသူကပြောပြနေစဉ် ကိုယ်က တစုံတခုဆီ စိတ်က ဆက်စပ်တွေးနေမိသည်။
“ခင်ဗျား (၆၀၁) ကလား ”
စကားဖြတ်ပြီး ရုတ်တရက် စိတ်ဝင်တစားမေးလိုက်မိသည်။ ကိုယ်မေးလိုက်သော မေးခွန်းအဆုံးမှာ သူက ဝင်လက် တောက်ပသော မျက်လုံးအစုံဖြင့် အားရဝမ်းသာ စိုက်ကြည့်နေသည်။ နောက် သူသိချင်သော အဖြေတခုကို သူရှာဖွေ တွေ့ရှိသလိုမျိုး စကားကိုဆိုလာသည်။
“အရှင်ဘုရား စာရေးလား ဘုရား”
စာရေးကြောင်းခေါင်ညိတ်ပြလိုက်တော့ သူကောသူ့အမျိုးသမီးပါအာရဝမ်းသာနှင့်
“ညက တပည့်တော် ဒကာမနဲ့ စကားပြောဖြစ်တယ် ငါတို့သိချင်တဲ့ ဆောင်းပါးရေးတဲ့ ဦးဇင်းကို အခု ကြွလာတဲ့ ဦးဇင်း များ သိမလား မသိဘူး မေးကြည့်ရင် ကောင်းမယ်လို့”
၆၀၁နှင့် ပတ်သက်ပြီး စိတ်ဝင်တစား မေးလိုက်သော မေးခွန်းကိုကြားကတည်းက သူလဲ အမြဲတမ်းရှာဖွေ သိချင်နေသော ဘုန်းတော်ကြီးကိုသူ တွေးနေပုံရသည်။ သူက ဟိုးအရင်က ရေးခဲ့ဘူးသောဆောင်ပါးသုံးပုဒ်ကို ပြောပြနေသည်။ ထို ဆောင်းပါးများ က (၆၀၁) တပ်ရင်မှူး ဗိုလ်တိုက်မောင်းအကြောင်း။ ဗိုလ်တိုက်မောင်း ဆိုတာက ဦးဇင်းနှင့် ငယ်ပေါင်း ကြီးဖော် ကဗျာရေးဖက်၊ နိုင်ငံရေးလက်တွဲဖော်။ အမြဲတမ်း အများအတွက်သာ စိတ်ထဲထည့်ထားတတ်သူ။ စွန့်လွှတ်ပေး ဆပ်မှုကိုသာ သူလေ့ကျင့်စရာအဖြစ် ပြင်ဆင်နေသူ။
၈၈မတိုင်ခင်ကတည်းက နေ့စဉ် သူ့ဘဝနှင့် သူ့အလုပ်ကို အရိုးသားဆုံးသော ရှင်သန်ခြင်းဖြင့် တသားတည်းထားသူ။ သူ့ စိတ်ထဲမှာ အမြဲတမ်းရှင်သန်နေတာက ကဗျာနှင့် နိုင်ငံရေး။ နိုင်ငံရေး ခရီကြမ်းကြီးကို ဖြတ်သန်းလျှက် ခရီးရှည်မှ ပြန်အ ရောက် သူ့အတွက် လုပ်ပေးစရာတွေများစွာက စိတ်ထဲနေရာ ယူလာသည်။ အညတြရ အသက်ပေးခဲ့ရသူတွေထဲ သူလဲ အပါအဝင် မဟုတ်လား။ ယုံကြည်ချက်က သူခေါင်းချရာ တောင်တန်းတွေလိုမြင့်မားခဲ့သူ။ အမိမြေကို တွယ်တာတတ်ပုံ ကို နောက်ဆုံးအချိန်အထိ ပြသခဲ့သူ။ ဒီလို အချက်အလက်တွေက တခုပြီးတခု ရရလာ။ ထိုကဲ့သို့ သူများပြောသော အ ချက်အလက်ကို အလိုလို လက်ခံပြီးသား။ သူ့အကြောင်းသူ့စိတ်ဓာတ်ကို သူများထက်ပိုသိနေသူမို့ သူ့ကိုသူများတွေထက် ပိုနှမြောသည်။ ဘယ်နေရာရောက်ရောက် ဘယ်သူနဲ့တွေ့တွေ့ သူ့အကြောင်းပြောသူတိုင်း သူ့တပ်သားတွေအားလုံးက သူ့ကို တလေးတစား တန်ဖိုးထားကြသည်။ နောက် တကယ့် သူတို့၏ ခေါင်းဆောင်ကောင်းတယောက်ကို အားကိုးတ ကြီးရှိတာကို တွေ့ရသည်။
“အရှင်ဘုရား ငုရင်ပြင်ကို ကြည့်လိုက်ဘုရား ကိုတိုက်မောင်းကို ဂုဏ်ပြုထားတာ”
ဦးဇင်းကသိကြောင်း ပြောပြပြီး ကိုတိုက်မောင်နှင့်ပတ်သက်သည့် စာတွေစုနေကြောင်း ကိုယ်တိုင်လည်းရေးမှာဖြစ်သလို အတူနေခဲ့သူတွေက အနီးကပ်မြင်ခဲ့ရသော သူတို့၏ခေါင်းဆောင်အကြောင်းကို ရေးစေလိုကြောင်း ပြောပြသည်။ ဒီစာ တွေကို စုပြီး မကြာခင်စာတအုပ် ထုတ်ချင်တာကိုပါပြောပြတော့ သူတို့ဇနီးမောင်နှံက ထိုဖြစ်ပေါ်လာမည့်စာအုပ်အတွက် ကုန်ကျငွေကို သူတို့တာဝန်ယူချင်ကြောင်းကိုပါ ပြောလာကြသည်။
သူတို့ဇနီး မောင်နှံက ကိုတိုက်မောင်းနှင့် အတူတူနေ ခဲ့ရသူတွေ။ ဒီလို အတူတူ နေခဲ့သူတွေ၏ သူတို့ တပ်ရင်းမှူးအပေါ် အလေးထား တန်ဖိုးထားကြသည်မှာ အထူးအဆန်း တော့မဟုတ်။ အလှအပတွေကို စာဖွဲ့ကြတော့။ ခပ်ဝေးဝေးက မြင် တဲ့ အလှ၊ အနီးကပ် မြင်တဲ့အလှဟု သရုပ်ခွဲတတ်ကြ သည်။ တချို့က အဝေးက အမြင်မှာသာလှနေကြပြီး အနီးကပ် ကြတော့ အလှပျောက်သွားတတ်တာတွေရှိသည်။ တချို့ကအဝေးမှာအရုပ်ဆိုးသည်ဟု ထင်ရသော်လည်း နီးလေ လှ လာလေဆိုသောအလှတွေလည်းရှိသည်။ ကိုတိုက်မောင်း၏ သိက္ခာသမာဓိကတော့ နီးလေ အလှကိုပိုမြင်ရလေဆိုသော အတန်းအစားထဲက ဖြစ်၏။
ဒီတော့ ဇနီးမောင်နှံ နှစ်ဦးသား သူတို့ တပ်ရင်းမှူးအကြောင်းကိုအားပါးတရ ပြောကြတာကြည့်ပြီး မရှိတော့ပြီ ဖြစ်သော မိတ်ဆွေအတွက် ကျေနပ်အားရသော ဝမ်းသာမှုတွေဖြစ်ရသလို အခုလိုအချိန်မှာ အသက်ထင်ရှား ရှင်လျှက် နေစေလို သော နှမြောတသ ဝမ်းနဲ့မှုတို့ရောပြွမ်းသော စိတ်ခံစားမှုက ရင်ထဲ ပြည့်ကျပ်လာပါတော့သည်။
ကိုခင်ဇော်က သူ့တပ်ရင်းမှူးအကြောင်းအားပါးတရပြောရင်း သူ့ထံတွင် သိမ်းဆည်းထားသော ကိုတိုက်မောင်း လက်ရေး နှင့်စာများ ကိုတိုက်မောင်းဓာတ်ပုံများ ရှိကြောင်းကို ပြောလာသည်။ သူတမြတ်တနိုးသိမ်းထားတာကိုက သူရဲ့တပ်ရင်း မှူးအပေါ် ဘယ်လောက်တန်ဖိုးထားကြောင်းပေါ်လွင်နေသည်။ ပုံတိုင်း ပုံတိုင်းက ဇာတ်ကြောင်းတွေ တခုစီနှင့်။
“ဒီနေရာကနေ ထိုင်းကဆေးရုံကို ရောက်အောင် မလွယ်ဘူးဘုရား”
ဗိုလ်တိုက်မောင်း၏ နောက်ဆုံးခရီးနှင့်သူ၏ ဝိညာဉ်ကို ချွေချပစ်မည်ဖြစ်သော သစ်ပင်ကြီး ပုံကို လွမ်းမောတသစွာ လက် ညိုးထောက်ရင်း သူပြောပြနေသည်။
“ကားအချိန်မီ ရလိုက်ရင် မသေဘူးဘုရား”
နောက်ဆုံး သူသေမည်ကို သေချာသိသော ဗိုလ်တိုက်မောင်းက သူ့အလောင်းကို မြန်မာ့မြေပေါ်တွင်သာ မြှုပ်နှံရန် တောင်းဆိုခဲ့သည်။ သူ အမိမြန်မာ ပြည်ကို သေပြီးတောင် ချစ်နေမြဲ ဆိုတာကို သက်သေပြခဲ့သည်။ အမိမြန်မာပြည်၏ ပြည်သူ အားလုံးလွတ်မြောက်ရေးကို အာသာပြင်းပြင်း သူလိုလားခဲ့သည်။ အတူနေစဉ် သူဦးဆောင်ခဲ့မှုကို တမ်းတမ်းတ တ ဖြစ်ဆဲ ဇနီးမောင်နှံဆီက ဗိုလ်တိုက်မောင်းနှင့်ပတ်သက်သော ဓာတ်ပုံများ။ သူ ကိုယ်တိုင်၏လက်ရေးစာများကို မ ပျောက်မပျက် ထိမ်းသိမ်းထားသည်။ အခုဒါတွေကို လာရောက်ပြီး ပေးအပ်နေသည်။
“ဦးဇင်း စာရေးပါဘုရား ”
သူပြောပြနေသည့် အချက်အလက်တွေက ကိုတိုက်မောင်းအပေါ် သူတို့ လင်မယား တသသ နှင့် တလေးတစား ပြောရ လောက်သည်ချည်း။ သူစိတ်ထဲက မမေ့ပျောက်သေးသော ဇာတ်လမ်းများကို သူက လွမ်းလွမ်းဆွေးဆွေး ပြောပြနေ သည်။ ဘေးက နားထောင်နေသော သူ့ဇနီးသည်က လိုအပ်သည့်နေရာ မေ့နေမည်ထင်သည့် အရာတို့ကို ဝင်ဝင် ထောက်ပေးသည်။
သူ့မိတ်ဆွေ ကဗျာဆရာ ကံထွန်းသစ်ကို ဗိုလ်တိုက်မောင်း နဲ့ ပတ်သက်တာတွေ ရထားပြီဆိုတာ ပြောပြလျှင် ဘယ် လောက်များ ဝမ်းသာနေမည်မသိ။ ဆရာတော် ကံထွန်းသစ်ကျောင်းမှာ အရေးတော်ပုံကာလ နားခိုရင်း သူယုံကြည်ရာ လမ်းကို ရွေးချယ်ခဲ့သော ၈၈ ၏နေ့ရက်များအား ကံထွန်းသစ်နှင့်ဆုံတိုင်း ပြောမကုန်ခဲ့။ သူ့မိတ်ဆွေ ကဗျာဆရာ တော် လှန်ရေးသမားကြီး၏ ဘဝ နောက်ဆုံးအချိန်မတိုင်ခင် လူသားဆန်ဆန် နေထိုင်ခဲ့သည်များသာ သူ့နားနှင့် တိုက်ရိုက် နား ထောင်ရလျှင် ပါးစပ်အဟောင်းသားနှင့် ဖြစ်နေမှာကို မြင်ယောင်နေမိသည်။
အရှင်ဇဝန
(နိုင်ငံရေးအကျဉ်းသားဟောင်း)
No comments:
Post a Comment