Monday, May 6, 2013

နော်ဝေးဆန္ဒပြပွဲမှာ ကိုယ်စားလှယ် ၂ ယောက်ကို သမ္မတရဲ့ ၀န်ကြီး ဦးစိုးသိန်းနဲ့ ဦးရဲထွဋ်တို့ ဘာတွေပြောခဲ့သလဲ


နော်ဝေးနိုင်ငံ အော်စလိုမြို့ရောက် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်တို့နဲ့ တွေ့ဆုံပြောဆိုခဲ့ခြင်း အပေါ် အသေးစိတ်သတင်းထုတ်ပြန်ခြင်း။

နော်ဝေးနိုင်ငံရောက် မြန်မာတိုင်းရင်းသားတွေက သမ္မတ ဦးသိန်းစိန်ရဲ့  ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြပွဲတရပ်ကို ၂၆-၂-၁၃ ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲထိ သမ္မတ တည်းခိုရာဟော်တည်ရှေ့တွင်
ကျင်းပခဲ့ပါသည်။

နော်ဝေး အာဏာပိုင်တွေဆီကနေ ဆန္ဒပြပွဲခွင့်ပြုချက်ရဖို့နဲ့ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ တာဝန်ခံပြောဆိုမယ့်သူတွေအဖြစ် နန်းကြည်အေး ကိုမြင့်အေးနဲ့ ဦးတူးလွန်တို့က တာဝန်ယူခဲ့ပါသည်။

ဆန္ဒပြမည့်နေ နေ့လည် ၁၂ နာရီခန့်တွင် နော်ဝေး နိုင်ငံခြားရေးဝန်ကြီးဌာနမှ Guro Solberg မှ နန်းကြည်အေးထံသို့ ဖုန်းဖြင့်ဆက်သွယ်ပြီး ဆန္ဒပြဦးဆောင်သူတွေထဲက ၂ ဦးကို ၀န်ကြီး ဦးစိုးသိန်းနဲ့ ဒုဝန်ကြီး ဦးရဲထွဋ်တို့က လက်ခံဆွေး နွေးလိုကြောင်း အကြောင်းကြားခဲ့ပါသည်။

ညနေ ၄ နာရီ မိနစ် ၅၀ ခန့်ဆန္ဒပြနေစဉ်မှာပဲ သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ ဟော်တည် ရှေ့ကိုရောက်လာပါသည်။ တချိန် တည်းမှာပဲ နော်ဝေးနိုင်ငံခြားရေး ၀န်ကြီးဌာနကလို့ ယူဆရသူ ၃ ဦးက လာရောက်တွေ့ဆုံပါသည်။ ဆန္ဒပြပွဲတာဝန်ခံသူ နန်းကြည်အေးနဲ့ ကိုမြင့်အေးကို ၀န်ကြီး ဦးစိုးသိန်းနဲ့ ဒုဝန်ကြီး ဦးရဲထွဋ်တို့က တွေ့ဆုံစကားပြောလိုကြောင်း လာရောက် ပြောပါသည်။

ဟော်တည်တတိယထပ်မှာ တွေ့ဆုံရာမှာ နန်းကြည်အေး ကိုမြင့်အေးနှင့် ၀န်ကြီး ဦးစိုးသိန်း ဒုဝန်ကြီး ဦးရဲထွဋ် မြန်မာ နိုင်ငံဆိုင်ရာနော်ဝေသံအမတ် (အမျိုးသမီး) နှင့် လုံခြုံရေးအရာရှိ ၂ ဦး (အမျိုးသားတဦး အမျိုးသမီး ၁ ဦး) ရှိနေပါသည်။ စကား ပြောနေစဉ် ၅ မိနစ်ခန့်အကြာမှာ လုံခြုံရေးအမျိုးသမီးက အခန်းအပြင်ဖက် ထွက်သွားပါသည်။

စကားစတင်ပြောဆိုသူက ဦးရဲထွဋ်ဖြစ်ပြီး စတင်မေးခဲ့တာကတော့ မည်သည့်အဖွဲ့က ပါလဲဆိုတဲ့ မေးခွန်းဖြစ်ပါသည်။ မိမိတို့ ၂ ဦးစလုံးက မည်သည့်အဖွဲ့အစည်းကမှ မဟုတ်ကြောင်းပြောပြီး မိမိတို့ အမည်များကို မိတ်ဆက်ပေးပါသည်။

နန်းကြည်အေးက မိတ်ဆက်ရာမှာ ၀န်ကြီးဦးစိုးသိန်းက မြန်မာပြည် မည်သည့်အရပ်ကလဲလို့မေးရာမှာ နန်းကြည်အေး က ဒုက္ခသည်စခန်းမှာ မွေးဖွားကြီးပြင်းခဲ့ကြောင်း ပြောပါသည်။ ထိုအခါ ဦးစိုးသိန်းမှ မြန်မာပြည်ကို မရောက်ဖူးဘူးဆို တော့ အခု မြန်မာပြည်လာကြည့်ဖို့နဲ့ လေယာဉ်လက်မှတ် စီစဉ်ပေးမည့်အကြောင်း ပြောပါသည်။

နန်းကြည်အေးမှ မိဘများက ပဲခူးတိုင်းကျောက်ကြီးမှ ဖြစ်ကြောင်း ပြောသောအခါ ဦး စိုးသိန်းမှ ကျောက်ကြီးမှာ အလွန် ငြိမ်းချမ်းသာယာနေပြီဖြစ်ကြောင်း ပြောပါသည်။ မှတ်ပုံတင်များထုတ်ပေးခြင်းနှင့် ကျေးလက်ဖွံ့ဖြိုး ရေးကိစ္စများဆောင် ရွက်ပေးနေပြီဖြစ်လို့ အလွန်အေးချမ်းနေပြီလို့ ပြောပါသည်။ နန်းကြည်အေးက မြေမြှုပ်မိုင်းပြဿနာများရှိသေးကြောင်း ပြောဆိုရာမှာ မည်သည့်ပြဿနာမှ မရှိတော့ကြောင်း ဆေးရုံတွေပင် လူနာမရှိလို့ သော့ခတ်ထားရကြောင်းဖြေပါသည်။

မြန်မာလိုပြောနေတာဖြစ်လို့ ဘေးက နော်ဝေးသံအမတ်က ဘာတွေပြောတာလဲ သိချင်ပါတယ်ပြောသဖြင့် နန်းကြည် အေးက နော်ဝေးလို ဘာသာပြန်ပေးပါသည်။ ဘာသာပြန်ပေးနေစဉ်မှာ ဦးစိုးသိန်းက အင်္ဂလိပ်လို ကြားဖြတ်ပြီး သူတို့က ပြည်ပမှာနေတယ်ဆိုတော့ မြန်မာပြည် ပြောင်းလဲနေတာကို မသိသေးလို့ ရှင်းပြနေတာဖြစ် ကြောင်းပြောပါသည်။ ဘေး မှ ဦးရဲထွဋ်ကလည်း မြန်မာပြည်တွင် မီဒီယာလွတ်လပ်ခွင့်အပါအ၀င် အပြောင်းအလဲများစွာဖြစ်ပေါ်နေကြာင်း ၀င်ပြော ပါသည်။ ဦးရဲထွဋ်က အဲဒီလို ပြောနေစဉ်မှာ ဦးစိုးသိန်းက “မင်း အသာနေ ငါပြောမယ်” ဆိုပြီး ကြားဖြတ်ပြောကာ ဦးသိန်းစိန် အစိုးရလက်ထက် ပြုပြင်ပြောင်းလဲမူတွေကို ထပ်မံရှင်းပြပါသည်။ အဲဒီအချိန်ကစပြီး မိမိတို့အားလုံး အင်္ဂလိပ် လိုပဲ ပြောဆိုကြပါသည်။

မိမိတို့ ၂ ဦးမှ ပြုပြင်ပြောင်းလဲမူတချို့ကို အသိအမှတ်ပြုကြောင်း သို့ရာတွင် ပြည်ပမှာနေလို့ ဘာမှမသိဟု ပြောဆိုမူကို လက်မခံနိုင်ကြောင်း ပြောပါသည်။ ပြီးခဲ့သည့် ၂ နာရီခန့်ကပဲ ရဲတပ်ဖွဲ့တွေကနေ သိမ်းပိုက်ခံ လယ်မြေပြန်လည်ရရှိဖို့ ဆန္ဒပြနေသော လယ်သမားတွေကို ပစ်ခတ်နှိမ်နှင်းနေတယ်ဆိုတာပါ သိရှိနေသူတွေဖြစ်ကြောင်း ပြောပါသည်။

ထိုအခါ ဦးစိုးသိန်းနှင့် ဦးရဲထွဋ်တို့ မျက်စိမျက်နှာပျက်သွားပြီး ဦးရဲထွဋ်က ဘယ်မှာဖြစ်တာလဲ သေချာရဲ့လား ဘယ်လို သိလဲဆိုပြီး မေးမြန်းပါသည်။ ထို့အပြင် သံအမတ်မှလည်း ဒီနေ့ဖြစ်တာလားဟု မျက်စိမျက်နှာပျက်စွာ မေးပါသည်။ ကိုမြင့်အေး က အသင့်ယူဆောင်ခဲ့သော စာရွက်ကိုထုတ်ပြပြီး ဧရာဝတီတိုင်း မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု မှာ ဒဏ်ရာရသူတွေကို အမည်နဲ့တကွ အတိအကျပြခဲ့ပါသည်။ နော်ဝေသံအမတ်ကိုလည်း ခင်ဗျား စုစုနွေးကို သိတယ် မို့လား သူ့ Facebook မှာ အခုကြည့်လိုက်ရင်တွေ့ပါလိမ့်မယ်လို့ ပြောလိုက်ပါသည်။

ဧရာဝတီတိုင်းက ဖြစ်ရပ်ပြောအပြီးမှာ ဦးစိုးသိန်းနှင့် ဦးရဲထွဋ်တို့က အင်္ဂလိပ်လိုပြောရာကနေ မြန်မာလို ပြောင်းပြီးပြော ပါသည်။ ဆန္ဒပြပွဲအဓိက တောင်းဆိုချက်ကဘာ လဲလို့မေးပါသည်။ မိမိတို့မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး တိုင်းရင်း သားစုံညီနှင့်နိုင်ငံရေးပါတီများပါဝင်သော တွေ့ဆုံဆွေးနွေးရေးမှာ အဓိကအခြေခံကျသော အပြောင်းအလဲဟု ယူဆကြောင်း ပြောပါသည်။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်ကြောင်း တိုင်း ရင်းသားအားလုံးလိုလားသော ဖက်ဒရယ်မူအား အာမခံချက်ပေးမထားကြောင်း ပြည်တွင်းငြိမ်းချမ်းရေးကို ခိုင်မြဲအောင် တည်ဆောက်နိုင်မည်မဟုတ်ကြောင်း ရှင်းပြပါသည်။ မိမိတို့မှ နော်ဝေး သံအမတ်အားသိစေလိုသဖြင့် မြန်မာလိုမေး သည်ကို အင်္ဂလိပ်လို ဖြေကြားခဲ့ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မိမိတို့အစိုးရကလဲ လိုလားပါကြောင်း လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အ ကောင်အထည်ဖေါ်နေသည့် အစိုးရအတွက်ပင် အ ဟန့်အတားဖြစ်နေသည်များရှိကြောင်း-ဥပမာအားဖြင့် လွတ်တော်မှ တင်ပြလာသည့် ဥပဒေတခုအား သမ္မတက ၁၄-ရက်အတွင်း လက်မှတ်မထိုးက အလိုအလျှောက်အ တည်ဖြစ်ကြောင်း သမ္မတအာဏာမှာ အကန့်အသတ်များစွာရှိနေကြောင်း အမကြီး ဒေါ်အောင်ဆန်းစုကြည်ကို မိမိ တို့မှ ပြုပြင်လိုသည့် ဥပဒေများကို လွတ်တော်တွင် တင်သွင်းရန် အကြိမ် ကြိမ်အကြံပြုခဲ့ကြောင်း အခြေခံဥပဒေကို ပြင်နိုင်သည်မှာ လွတ် တော်သာဖြစ်ကြောင်းနဲ့ ဒေါ်စုတင်ပြသော ဥပဒေပြင်ဆင်ချက်အဆိုများ ရှုံးနိမ့်မည်ကိုလည်း မိမိတို့သိကြောင်း သို့သော် တကြိမ်မက ၂ ကြိမ် ၃ ကြိမ် တင်ပြက ပြည်သူများအတွင်း ဆွေးနွေးငြင်းခုံမူများ ဖြစ်ပေါ်လာပြီး ဥပဒေပြင်ဆင်ရေးကို ဟန့်တားနေသူများ မည်သူဖြစ်သည်ဆိုတာ ပေါ်လွင်သွားမည်ဟုယူဆကြောင်း သို့သော် ဒေါ်စုမှ ယခုအထိ တိတိကျ ကျ ဥပဒေပြင်ဆင်ရေးကို မဆောင်ရွက်ကြောင်း ဦးစိုးသိန်းက ပြောပါသည်။

ထိုအခါ မိမိတို့မှ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်လို့ ဘာကြောင့် ဒေါ်စုကိုပဲ ပြောဆိုနေတာလဲ ဦးစိုးသိန်းက ကြံ့ခိုင်ရေး ပါတီက လက်ရှိ အများစုအနိုင်ရထားတာပဲ ဘာကြောင့်  ဦးစိုးသိန်းတို့က မတင်ပြတာလဲလို့ ပြန်မေးခဲ့ပါသည်။ ဦးစိုးသိန်းရော ဦးရဲထွဋ်က ယခုလက်တလောတွင် စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီတို့က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကို အလိုမရှိကြောင်း ဖြေကြားပါသည်။

ဦးစိုးသိန်းကပဲ ဆန္ဒပြပွဲလုပ်လို့ ဘာထိရောက်မှာလဲ မြန်မာနိုင်ငံပြန်လာပြီး လက်တွဲလုပ်မည်ဆိုက နေရာပေးမည်ဟု ပြောပါသည်။ နန်းကြည်အေးက ဖိတ်ခေါ်သည်ကို ကျေးဇူးတင်ကြောင်း ပြန်လာဖြစ်မည်ဆိုပါက နယ်စွန်နယ်ဖျားဒေသ များတွင် လူ့အခွင့်အရေးသင် တန်းများပို့ချပေးလိုပါသည်။ ခွင့်ပြုနိုင်ပါသလားလို့ မေးမြန်းရာမှာ ဦးစိုးသိန်းက နောက်ကျ နေပြီဖြစ်ကြောင်း အစိုးရအနေဖြင့် ထိုကိစ္စများကို ဆောင်ရွက်လုပ်ကိုင်ပြီးဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်း ရင်းသားဘာသာများဖြင့် ဘာသာပြန် ဖြန့်ဝေပြီးဖြစ်ကြောင်း ပြောပါသည်။

ကိုမြင့်အေးက ယခုအခါ လယ်သမားများ သူတို့ပိုင်လယ်ယာမြေများကို ပုဂ္ဂလိက ကုမ္ပဏီကြီးများနှင့် စစ်တပ်မှ သိမ်း ဆည်းထားခဲ့ခြင်းကို ပြန်လည်ရယူလိုမူအတွက် ဆန္ဒပြတောင်းဆိုနေကြောင်း အလွန်အရုပ်ဆိုး ၀မ်းနဲဖွယ်ရာကောင်း ကြောင်း လယ်သမား လယ်သိမ်းခံရခြင်းမှာ ထမင်းအိုးရိုက်ခွဲခံရတာနှင့်အတူတူဖြစ်ကြောင်း မိမိကိုယ်တိုင် လယ်သမား သားသမီးဖြစ်လို့ ကိုယ်ချင်းစာမိကြောင်းနဲ့ အစိုးရက မည်သို့ဆောင်ရွက်ပေးမည်ဆိုတာ သိလိုကြောင်းမေးပါသည်။

ဦးရဲထွဋ်မှ သူတို့အစိုးရလက်ထက်မှာ လယ်သိမ်းတာမရှိဘဲ အရင်အစိုးရ လက်ထက်က သိမ်းခဲ့တာတွေရဲ့  အကျိုးဆက် ဟု ပြောပါသည်။ ဦးစိုးသိန်းက လယ်သိမ်းကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်နေသည်ဟု ၀င်ပြောပါသည်။ လယ်သမားအရေး ဆောင်ရွက်နေသည့် ကိုနေမျိုးဝေ ကိုပိုးဖြူတို့နှင့် အတူလက်တွဲဆောင်ရွက်နေသည် ဟုလည်း ပြော ပါသည်။ ဇေကမ္ဘာ ဦးခင်ရွေကိုပါ ထောင်ချရန် ဆောင်ရွက်နေကြောင်းလည်း ပြောပါသည်။

ကိုမြင့်အေးက အန်ကယ်လ်ကိုယ်တိုင်လည်း ဒုဗိုလ်ချုပ်ကြီးဘ၀က လာတာမဟုတ်လားဟု မေးရာမှာ ဦးစိုးသိန်းက သူ ဟာ ပြည်သူရွေးချယ်တဲ့ ပြည်သူ့ကိုယ်စားလှယ် ဖြစ်နေပြီလို့ ဖြေပါတယ်။ အမေရိကန်မှာလည်း ဗိုလ်ချုပ်ကြီး အိုက်စင် ဟောင်ဝါ တောင် သမ္မတဖြစ်ခဲ့တာပဲမို့လားလို့ ပြန်မေးခဲ့ပါသည်။ ကိုမြင့်အေးက အိုက်စင်ဟောင်ဝါမှာ လူထုရွေးကောက် သော သမ္မတဖြစ်ပြီး မြန်မာပြည်က ၂၀၁၀ ရွေးကောက်ပွဲဟာ ရိုးသားမူမရှိခဲ့ကြောင်း အမေရိကန်နှင့် မတူညီကြောင်း ပြန်ပြောခဲ့ပါသည်။

နန်းကြည်အေးက အစိုးရအနေနှင့် ဆင်းရဲသားလူများစုဖက်က ရပ်တည်ဆောင်ရွက်ပေးစေလိုကြောင်း ပြောဆိုရာ ဦးစိုးသိန်းက သူဟာ ပြည်သူကြားမှာအိပ် ပြည်သူကြားမှာပဲစားကြောင်း ရှင်းပြပါသည်။

နန်းကြည်အေးကပဲ တိုင်းရင်သားလက်နက်ကိုင်အင်အားစုများ နိုင်ငံရေးပါတီများ ဒီမိုကရေစီအင်အားစုများနှင့် အတူတ ကွတွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့် မြတ်ရေးတည်ဆောက်နိုင်ရေးအခြေအနေကို သိလိုကြောင်းနှင့် အမျိုး သားပြန် လည်သင့်မြတ်ရေး အရေးကြီးကြောင်းပြောနေစဉ်မှာ ဦးစိုးသိန်းက သူတို့အားလုံးနားလည်ကြောင်းနှင့် တိုင်း ရင်းသားအရေးနဲ့ပတ်သက်ပြီး တန်းတူညီမျှရေး အာဏာခွဲဝေအုပ်ချုပ်ရေး သယံဇာတခွဲဝေပိုင်ဆိုင်ရေးတွေကို အခြေခံ ပြီး ဆောင်ရွက်နေကြောင်းနှင့် ကချင်ကိုစောင့်နေရလို့ ကြန့်ကြာနေကြောင်း ရှင်းပြပါသည်။

နန်းကြည်အေးကပဲဆက်ပြီး သယံဇာတတွေကို နိုင်ငံသားတွေပဲသုံးစွဲဖို့လိုလားကြောင်း ထပ်မံပြောပါသည်။ ဦးစိုးသိန်းက ပဲ ပြည်ပရင်းနှီးမြုပ်နှံမှုများရရှိဖို့ ကြိုးပမ်းနေကြောင်း အစိုးရအနေဖြင့် ပြည်ပကုမ္ပဏီများမှ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်း အထိ ပိုင်ဆိုင်ခွင့်ပေးရန် တင်ပြထားသော်လည်း လွတ်တော်မှပယ်ဖျက်ခဲ့ကြောင်း ထိုကြောင့် အစိုးရကိုယ်တိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း ကိုရင်ဆိုင်နေရသည်ဟု ထပ်မံပြောလိုကြောင်း ပြောပါသည်။ လွတ်တော်တွင် လယ် သမားများ လယ်ယာမြေပြန်လည်ပိုင်ဆိုင်ရေးအတွက် ဥပဒေ နည်းဥပဒေများချမှတ်ဖို့ ကြိုးစားခဲ့ပေမဲ့ လွတ်တော်က သဘောမတူခဲ့ကြောင်း ဦးစိုးသိန်းက ဆက်ပြောပါသည်။

အကျဉ်းချုပ်ကောက်နှုတ်ချက်

တွေ့ဆုံပွဲတွင် မိမိတို့ဖက်မှဆွေးနွေးချက်များမှာ ဆန္ဒပြခေါင်းဆောင်များ ယေဘူယျ သဘောတူထားချက်များကို ပြော ဆိုဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။ ထိုအချက်များကို တင်ပြရာတွင် ဦးစိုးသိန်းမှ ကြားဖြတ်ပြောဆိုမူများ မကြာခဏလုပ်ပြီး တဖက်က ပြောတာကို နားထောင်လိုသည့် ဆန္ဒမရှိဘဲ သူပြောတာကိုပဲ နားထောင်စေလိုသည့်ပုံရှိတာ တွေ့ရပါသည်။

ဦးစိုးသိန်းနဲ့အတူရှိနေသော ဒုဝန်ကြီး ဦးရဲထွဋ်က သူ့အမြင်များကို ၀င်ရောက် ဆွေးနွေးလိုတဲ့ပုံမြင်ရပေမဲ့ ဦးစိုးသိန်းရဲ့  ဟန့်တားမူနောက်ပိုင်း ၀င်ရောက်ဆွေးနွေးတာတွေ သိပ်မလုပ်ခဲ့တာတွေ့ရပါသည်။

နော်ဝေးသံအမတ်ကလည်း အစပိုင်းမှာ ဦးသိန်းစိန်အစိုးရဖက်မှ သဘောတူဆွေးနွေးခဲ့သော်လည်း ဧရာဝတီတိုင်း ပစ် ခတ်မူတွေသိပြီးနောက်မှာ လုံး၀၀င်မပြောတော့ပဲ ဆွေးနွေးပွဲမပြီးခင် အခန်းထဲက ထွက်ခွာသွားခဲ့ပါသည်။

ဆွေးနွေးပွဲမှာ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပါသည်။ ဦးစိုးသိန်းမှ ဆက်လက်ပြောဆိုလိုတဲ့ ဆန္ဒရှိနေပေမဲ့ ဟော်တည်အပြင်တွင် စောင့်နေရသော မိမိတို့ ရဲဘော်များအား ချက်ချင်း ပြန်လည်ရှင်းပြရန်တာဝန်ရှိသဖြင့် ဆွေးနွေးပွဲကို ရပ်နားခဲ့ပါသည်။

ဆွေးနွေးပွဲတွင်ပြောခဲ့သည်များကို ဟော်တည်အပြင်တွင် စောင့်ဆိုင်းနေသည့် ဆန္ဒပြ ရဲဘော်လုပ်ဖေါ်ကိုင်ဖက်များအား လုံးကို အကျဉ်းချုပ် ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။

မိမိတို့အနေဖြင့် ဆွေးနွေးပွဲအကြောင်းအရာများကို အများပြည်သူ သိသင့်သည်ဟု ယူဆမိသောကြောင့် ယခုဆွေးနွေးပွဲ မှတ်တမ်းကို ထုတ်ပြန်အသိပေးခြင်း ဖြစ်ပါသည်။

No comments: