Tuesday, May 7, 2013

ဂဠုန်တွေကို ရိုက်တဲ့ပွဲ

ကျနော် အသက် ၁၉ နှစ် လောက်တုန်းက လူက သိပ်တက်နေတာ။ သွေးကသိပ်ဆူသပေါ့။ မဟုတ်မခံ။ လက်ကလည်း မြန်တယ်။ အမေတို့ အမတို့ဆိုရင် တဟဲ့ ဟဲ့နဲ့ရင်တမမ။ အဘိဓမ္မာ တခုတည်း၊ ဒါပေမဲ့ ရှင်းတယ်၊ မတရားတာ ဆိုရင်
လက်ပိုက်ကြည်မနေနဲ့ ပြန်ဆော်ပစ်။

မဆလ အာဏာပိုင်တွေက ကန့်ကော်တန်းဈေးလေးကို ဖျက်သိမ်းလိုက်တဲ့အခါမှာ မတရားမှုအတွက် တိုက်ပွဲဝင်ဖို့ အ ကြောင်း ဖန်လာတော့ သဗျို့။ ဘ၀မှာ ပထမဆုံး လက်နက်ကိုင်တော်လှန်ရေးလို့တောင် ဆိုနိုင်လား ဆိုနိုင်ရဲ့။ ကန့် ကော်တန်းဈေးဆိုတာက တောင်ဥက္ကလာ ၁၆ ရပ်ကွက်မှာ တည်ရှိတယ်။ ဈေးကြီးကို ကျနော်တို့ မိကျောင်းကန်၊ ၁၆ ရပ် ကွက်နဲ့ ဈတောင် ရပ်ကွက် သုံးရပ်ကွက်က လူထုတွေက အများဆုံးဝယ်ကြတယ်။ ဈေးသည်တွေကလည်း တခြားသူ တွေမဟုတ်ဘူး။ ဒီရပ်ကွက်သုံးရပ်ကွက်က လူတွေပဲ။ ကန့်ကော်ပင်တန်းကြီးတွေကို အစွဲပြုပြီး ကန့်ကော်တန်းဈေးလို့ ခေါ်တယ်။

အေရာမ ကန်ကော်ပင်တန်းကြီးတွေ။ ဈေးက နေရာလည်းကျယ်၊ မြေလည်းကောင်း၊ ဈေရုံတွေနဲ့ သပ်သပ်ရပ်ရပ် ရှိ တယ်။ နှစ်ပေါင်းများစွာလည်း ကြာခဲ့ပြီဆိုတော့ ဈေးသည်တွေနဲ့ လူထုတွေလည်း ရင်းနှီးကြတယ်။ ကျနော် ငယ်ငယ်က ကျောင်းပိတ်တဲ့ရက်တွေမှာ ဈေးကိုသွားရင် သိပ်ပျော်တယ်။ ဈေးထဲမှာ ကျနော် စိတ်ဝင်စားဆုံးဆိုင်တွေက သံဖြူဆိုင်နဲ့ ကာတွန်းဆိုင်။ သံဖြူဆိုင်မှာ သံဖြူဆရာက မော်တော်လုပ်နေတာကို ကြည့်ရတာ ရင်အခုန်ရဆုံး။ ၀ယ်နိုင်ဖို့ နေ့စဉ် ပိုက် ဆံဆုခဲ့ရတာက ချိုးလက်ရေ မကုန်နိုင်။ အမေက ဟဲ့ ဈေးထဲမှာ ဘာသွားဝယ်ဦးဆို ကောက်ကနည်း ထပြေးပေးခဲ့တာ က ဒီဆိုင်တွေ ရှိနေတာလည်း တကြောင်းပေါ့။

ဈေးသည်ကြီးတွေက ဟဲ့ ကောင်လေး ခဏစောင့်ရဦးမယ်။ နင် မှာတာ မရသေးဘူး။ စောင့်နိုင်လားဆိုရင် စောင့်ရတဲ့အ ချိန်မှာ ကာတွန်းဆိုင်ကိုပြေးခဲ့မိတာ မှတ်မိတယ်။ ကာတွန်းဆိုင်က ရွှင်ပြုံး၊ တေဇ၊ ရွေသွေးတွေကို မက်မက်စက်စက် ဖတ်တယ်။ ဦးဘကြည် လက်ရာတွေအကြိုက်ဆုံး၊ ဇတ်လမ်းတွေကလည်း အများဆုံးက ၅၅၀ နိပါတ်တော်လာတွေ။ ကလေးတွေကို စာရိတ္တ ကောင်းမွန်ရေးအလိုငှာ ကောင်မှုနဲ့မကောင်းမှု ဇာတ်ရုပ်တွေနဲ့ ခွဲခြားပြတယ်။ စာဖတ်ကိုစွဲလို့။

ဈေးကြီးက ကျနော် အရွယ်ရောက်လာလေ စည်လာလေပဲ။ ဈေးထဲကို သွားရတဲ့ပျော်ရွင်မှုကနေ ရင်ခုန်မှုအဖြစ်လည်း ပြောင်းလဲလာရဲ့။ ဒါကတော့ တင်သန်း ကြောင့်ပေါ့။ မိန်းမက အသားညိုညို။ အရပ်က မြင့်မြင့်။ သွယ်တဲ့ကိုယ်ဟာ သပြေပင်လိုလှ။ ကြည့်လို မ၀နိုင်ဘူး။

သူမက ဈေးထဲမှာ ကုန်ခြောက်ရောင်းတယ်။ ကျနော်တို့ တရပ်ကွက်တည်းသားတွေ။ ရပ်ကွက်ထဲက လူကြီးတွေက ပါး စပ်ကြမ်းတယ်။ တင်သန်း နဲ့ ကျနော်ကို ငယ်ငယ်ကတည်းက စလာတာ။ ငယ်ငယ်တုန်းက သူနဲ့စရင် စိတ်ဆိုးမိတာတွေ ကို နောင်တရခြင်သလိုလို ဖြစ်လာတယ်။ တင်သန်း ဆိုင်ကိုသွားရင် လူတွေက
“ဟေ့ တင်သန်း နင့်ယောက်ကျားလာပြီ”
“ဟာ မဟုတ်ရပါဘူးဗျာ”
သူက …
“ဦးလေးကကလည်း ပေါက်ကရ ရှစ်ဆယ်တော် ကျမတို့က မောင်နှမတွေပါတော်”

မျက်နာစပ်ဖျင်းဖျင်း ဖြစ်ရတယ်။ ဒါပေမဲ့ အစခံရတာကိုက အရသာရှိသလိုလို ဘာလိုလို။
တနေ့တော့ ငပေ့ ညီ ဖေကြည်က ဈေးကြီးဖျက်ရတော့မယ်ကွဆိုတဲ့ အမင်္ဂလာသတင်းကို ယူလာတယ်။ ဟုတ်ရဲ့လား ကွလို့ တအံတသြမေးမိတယ်။ သူက သင်္ကန်းကျွန်း မြိုနယ်ကောင်စီ ဥက္ကဋ္ဌ လက်မှတ်နဲ့ ဈေးထိပ်မှာ စာရွက်တရွက် ကပ် ထားတယ်လို့ ဆိုတယ်။

စုံစမ်းကြည့်တော့ ဟုတ်တယ်။ ဈေးသူဈေးသားတွေ အားလုံး စိတ်ပျက်နေကြတယ်။ အာဏာပိုင်တွေက ဒီနေရာက မ ကောင်းဘူး။ ပိုကောင်းတဲ့နေရာကို အစိုးရကစီစဉ်ပေးတာလို့ ပြောတယ်။ ဈေးကို ဖျက်ပြီး နေရာသစ်ကိုပို့ဖို့ လုပ်တယ်။ နေရာသစ်က ၃ မိုင် လောက်ဝေးသွားတယ်။ ၁၅ ရပ်ကွက် လမ်းဆုံးနားက နေရာ။ ဒီသုံးရပ်ကွက်က လူတွေပိုများတယ်။ နေရာသစ်က လူလည်းပြတ်တယ်။ ဈေးတည်ဖို့ မကောင်းဘူး။ ဒီနေရာကို ဈေးပြောင်းရတဲ့အကြောင်းက နောက်ခံက ရှိ တယ်။ ဒါကတော့ မဆလခေတ်က ၀န်ကြီးတယောက်ဖြစ်ခဲ့တဲ့ နိုင်ငံတော်ကောင်စီဝင် ဦးသန်းစိန် ဆိုတဲ့ လူကြီးက ၁၅ ရပ်ကွက်ကို ပြောင်းလာလိုဗျ။

သူ့အိမ်ကလူတွေ အဆင်ပြေအောင် ဈေးကို သူ့အိမ်နားကိုရွှေ့တာလို လူတွေကပြောကြတယ်။ အစိုးရလုပ်ပေးတဲ့ ဈေး သစ်မှာကလည်း ဆိုင်ခန်းတွေအလုံအလောက် မပေးပြန်ဘူး။ အလုံအလောက် ဆောက်မပေးပြန်ဘူး။ ဆိုင်ခန်း ၁၀၀ ခန့်သာရှိတယ်။ တကယ်က ဈေးသည်တွေက လေး ငါးရာခန့် အနည်းဆုံးရှိတယ်။ ဒီတော့ ဆိုင်ခန်းမရတဲ့သူတွေက ဈေး နားမှာမရောင်းရဘူး ဖြစ်လာတယ်။ ဒီတော့ ဈေးသည်တွေလည်း ဒုက္ဒရောက်။ ဈေးဝယ်တွေလည်း ဒုက္ဒရောက်ကုန် တယ်။

ဈေးကွက်ဟာ သူ့အလိုလိုဖြစ်ပေါ်နေတယ်ဆိုတာကို ဒီဈေးသည်တွေနဲ့ အာဒမ်စမစ်တို့ သိနေကြပုံကတော့ သာမန်တိုက် ဆိုင်မှုလို့ ကျနော် မထင်ဘူး။ အာဒမ်စမစ်က ဈေးသည်တွေဆီက သင်သွားတာ ဖြစ်မယ်။

ဒီတော့ သူတို့ဟာ အာဏာပိုင်တွေချပေးတဲ့နေရာသစ်ကို မသွားတော့ဘဲ အရင်ဈေးဟောင်းနဲ့ မလှမ်းမကမ်းမှာ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ချရောင်းလိုက်ကြတယ်။ ဈေးတန်း ကြီးဖြစ်လာတော့တယ်။ လူထုတွေလမ်းဘေးမှာ ဖန်တီးလိုက်တဲ့ ဈေးက…
တစ်- သွားလာရေးအဆင်ပြေတယ်။
နှစ်- လူအများစုရှိတယ်။
သုံး- ဈေးချိုတယ်။
လေး- ရောင်းသူ ၀ယ်သူသိနေကြတဲ့အတွက် အကြွေးမြီကိစ္စ စိတ်ချရတယ်။

ဒီတော့ ဈေးကြီးက ကျိတ်ကျိတ်တိုး စည်ကားလာတယ်။ ပါတီကောင်စီလူကြီးတွေ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တဲ့ ဈေးသစ် က တလလောက်အကြာမှာတင်ပဲ ကျီးနဲ့ဖုတ်ဖုတ်။ ခွေးနဲ့ တရုံးရုံး။ ညဖက်မှာ ဆေးခြောက်သမားတွေအတွက် တုံးလုံး ပက်ခေါက် ဇိမ်ယူရာ။ နေဘက်မှာ ဇယ်တောက်သူတွေအတွက် စခန်းတခုဘ၀နဲ့ တင်းတိမ်လိုက်ရတယ်။ အာဏာပိုင် တွေ ထင်ထားသလို စည်းကားတဲ့ဈေးကြီး ဖြစ်မလာခဲ့ဘူး၊၊

ဒီတော့ အာဏာပိုင်တွေက ဈေးသည်တွေဖန်တီးထားတဲ့ လမ်းဘေးဈေးလေးကြောင့် ဒီလိုဖြစ်တာလို့ ကောက်ချက်ဆွဲ တော်မူတယ်။ မြို့နယ် ကောင်စီဥက္ကဋ္ဌက ၀န်ကြီး ဦးသန်းစိန် ကို မျက်နှာလုပ်တယ်။ သူအိမ်နားကဈေးကို စည်အောင် လုပ်ပေးချင်နေတယ်။ ဈေးကွက်ကို အမိန်နဲ့ပေးပြီး တည်ဆောက်ဖို့လုပ်တယ်။ လမ်းဘေးဈေးလေးကို ဖျက်ဆီးတော့ တယ်။ ဂဠုန်တွေလွတ်ပြီး ဖမ်းတယ်။

ဂဠုန်ဆိုတာက မဆလခေတ်မှာ လမ်းဘေးဈေးသည်တွေကို ဖမ်းဖို့ ဖွဲ့ပေးထားတဲ့အဖွဲ့ ရပ်ကွက်အသီးသီး လူဆိုးလူမိုက် တွေနဲ့ ဖွဲ့ပေးထားတာ။ အခုခေတ် စွမ်းအားရှင်လို အဖွဲ့ပေါ့။ အာဏာပိုင်တွေက လုပ်ပိုင်ခွင့်ပေးထားတော့ အတောင်တပ် ပေးလိုက်တဲ့ တောခွေးအလို ဖြစ်နေတယ်။ ဈေးသည်တွေကို ဖမ်းတယ်။ ဈေးသည်တွေ ပစ္စည်းကို တရားဝင်လုယူခွင့် ရနေသလို ဖြစ်နေတယ်။

အခုလည်းဒီအဖွဲ့က ဈေးတန်းကို အငြိုးတကြီးနဲ့ နေ့စဉ်ရက်ဆက် ဖမ်းနေတဲ့သတင်းကို ကျနော် ကြားနေရတယ်။ ထွက် ပြေးလာတဲ့ ဈေးသည်တွေက ဈတောင်ရပ်ကွက် တောတန်းလေးထဲမှာ ပြန်ရောင်းချကြပြန်တယ်။ သုံးလေးလ ရောင်းကြ ပြန်တယ်။ နောက်တော့ တောတန်းလေးထဲထိ လိုက်ဖမ်းကြပြန်တယ်။ ဈေးသည်တွေဟာ ဟိုမှာ ရောင်းလိုက် ဒီမှာ ရောင်းလိုက်နဲ့ ကရွတ်ကင်းလျောက် ဖြစ်နေတယ်။ အတော်ကို ဒုက္ဒရောက်နေတယ်။

ဒီတော့ ကျနော်တို့ မိကျောင်းကန်ရပ်ကွက်က လူငယ်တွေက မနေနိုင်တော့ဘူး။ ကျနော်တို့ရပ်ကွက်ထဲမှာ လာရောင်းပါ။ ဘယ် ဂဠုန်မှ မထိစေရပါဘူးပေါ့။ ဈေးသည်တွေကို သွားပြီးပြောတယ်။

ဒီလိုနဲ့ ဈေးတန်းဟာ ကျနော့်အိမ်ရှေ့တည်တည်ကစပြီး ဈေးတန်းကြီး ဖြစ်နေတော့တယ်။ ဈေးက တဖြည်းဖြည်း စည် ကားလာသဗျ။ နံနက်ခင်းဟာ အသက်ဝင်နေတယ်။ ရိုးသားမူအပြည့်ရှိတယ်။ မျော်လင့်ချက်တွေ ရှိနေတယ်။

ဟင်းသီဟင်းရွက်သည်တွေ၊ သားငါးပုစွန်ရောင်းသူတွေ တောင်းတွေ ပလုံတွေ ကုန်ခြောက်တွေ၊ သစ်သီးတွေနဲ့ဗျာ ကုန် ကုန်ပြောရရင် ကျနော်ငယ်ငယ်က နှစ်သက်ခဲ့တဲ့ သံဖြူဆိုင်လေးတောင် ပါလာသဗျ။။ ကျနော်တို့ အိမ်ရှေ့မှာ ဈေးတန်း လေ အသက်ရှင်နေတာ နှစ်လလောက် ကြာလာတယ်။ ကျနော် ဆယ်တန်းစာမေးပွဲဖြေဖို့ အချိန်ကလည်း နီးကပ်လာပြီ။

တနေ့ နံနက်ကိုးနာရီလောက် ဈေးအစည်ဆုံးဖြစ်နေတဲ့အချိန်မှာ လက်ပတ်အနီပတ်ထားတဲ့ ဂဠုန်တွေဟာ မြူနီစပယ် ကားကြီးနဲ့ ဈေးထဲကို တရကြမ်း မောင်ဝင်ချလာတော့တယ်။ လမ်းကလည်း သိပ်ကျယ်လှတာမဟုတ်ဘူး ကားတစီစာပဲ ရှိတယ်။ ကားက ဈေးဗန်းတွေကို တခုပြီးတခု တက်ကြိတ်ပြီးမောင်းလာတယ်။ “ဂလုံဂွမ် - ဂလုံဂွမ်နဲ့ ဈေးဗန်းတွေ မှေက် ထိုးခွက်လှန် ဖြစ်ကုန်တယ်။ တချို့ဈေးသည်တွေလည်း ဈေးဗန်းတွေ ဆိုင်းထမ်းတွေကို ထမ်းကြ ပိုးကြနဲ့ ထွက်ပြေးကြ တယ်။ ဂဠုန်တွေက ဈေးဗန်းတွေကို အကြမ်းပတမ်းဆွဲပြီး ကားပေါ်ကို ပစ်တင်ကြတယ်။ ကမ္ဘာပျက်သလိုဖြစ်သွားတယ်။

ဒီမြင်ကွင်းကို ကျနော်က အိမ်အပေါ်ထပ်ကနေ မြင်နေရတယ်။ ဖတ်နေတဲ့ ကျောင်းစာအုပ်ကို ပိတ်လိုက်ပြီး အိမ်အောက် ကို ဆင်းလာတယ်။ အမေတော့ မရှိဘူး။
“အမက ဟဲ မောင်လေး နင် အထဲပြန်ဝင်စမ်းပါ။ စာသွားကျက်နေနော် မောင်လေး ထွက်မပါနဲ့” လို့ လှမ်းတားတော့တယ်။ ကျနော်က
“အမ ရာ ငါ ခဏ ကြည့်မလိုပါဟ”
ကျနော် သူ့ကို တွန်းဖယ်ပြီး အိမ်ရှေ့ထွက်ခဲ့တယ်။ ဒီချိန်မှာ ကျနော်တို့ရပ်ကွက်ထဲက ကျနော် သူငယ်ချင်းတွေဖြစ်တဲ့ ကိုသိန်းဝင်း၊ ငပေနဲ့ ကုလားကြီး သန်းထွန်းတို့နဲ့ ဂဠုန်တွေဟာ စကား စများနေတယ်။ သူတို့အားလုံးက ကျနော်ထက် အသက်ကြီးကြတယ်။ မဟုတ်မခံတဲ့လူတွေ။ လက်သံလည်းပြောင်ကြတဲ့အတွက် ရွားနီးချုပ်စပ်မှာ သူဟာနဲ့ သူနာမည်ရ နေပြီးသား ကောင်တွေ။

သူတို့ထဲမှာ ကိုသိန်းဝင်းက လူကောင်သေးပေမဲ့ စဉ်းစဉ်းစားစကားပြောတတ်တဲ့အတွက် ကျနော်တို့က သူ့ကို ဆရာတင် ထားသလို ဖြစ်နေတယ်။ သူကပဲ ဂဠုန်တွေကို ဦးဆောင်ပြောတယ်။
သူက “ခင်ဗျားတို့ ဒီလိုတော့ မတရားမလုပ်နဲ့ သူဖါသာသူ ကောင်းရောင်းကောင်းဝယ်လုပ်စားတာ။ ဒီလိုတော့ မဖမ်းသင့်ဘူး” လို့ ပြောနေတယ်။

သူတို့ထဲက ခေါင်းဆောင်လုပ်တဲ့သူက “မင်းက ဘာကောင်မို့လည်း ကိုယ်လမ်းကိုယ်သွားပါ နာချင်လို့လား” လို့ ဟိန်း ဟောက်လိုက်တယ်။ ပြီးတော့ ကိုသိန်းဝင်း ရင်ဘတ်ကိုစောင့်တွန်းလိုက်တဲ့ အခါမှာတော့ ပွဲကစသွားပါတော့တယ်။ တယောက်တပြန် ချကုန်ပြီ။ အခြေအနေကို ကျနော် သဘောပေါက်ပြီ။ အိမ်ထဲကို ဇတ်ကနဲ ပြန်ဝင်လိုက်တယ်။ အင်္ကျီကို ချွတ်လိုက်တယ်။ အပေါ်ကိုယ်ဗလာမှာ ဆံပင်တွေကိုဖြေချလိုက်တယ်။ ပြီးတော့ တံခါးခြားမှာ ထောင်ထားတဲ့ သံတူရွင်း ကောက်ကို ဆွဲပြီး ရိုက်ပွဲထဲကို လွှားကနဲ ခုန်ဝင်လိုက်ပါတော့တယ်။

လမ်းမပေါ်မှာတွေ့ရတဲ့ ဂဠုန် တယောက်ခေါင်းကို သံတရွင်းနဲ့ အားပါးတရ ၀င်ရိုက်ပစ်လိုက်တယ်။ အမ ရဲ့ “အမလေး လုပ်ကြပါဦး ”ဆိုတဲ့ အသံက နားထဲမှာစူးကနဲ ကြားလိုက်ရတယ်။ ဒီလူ အရှောင်မြန်သွားတယ်။ ဒါပေမဲ့ သူ့ နားထင်ကို ရှပ်မိတယ်။ သူ့ပခုံးကတော့ မိမိရရ ထိလိုက်တယ်။ ဖျာကနဲ့ ထွက်သွားတဲ့ သွေးတွေနဲ့အတူ သူလဲကျသွားတယ်။ ဒီလူ တော်တော်နာသွားပုံရတယ်။ သူ့လူတွေပါ လန့်ပြီး မကပ်ရဲဘူးဖြစ်သွားကြတယ်။

လူက သွေးဆူနေပြီ။ ကို သိန်းဝင်းက ဂဠုန်သုံးယောက်လောက်ကို မနဲခုခံနေရတယ်။ သူက နှစ်တလက်မ ဒုတ်ကို အား ကုန်လွဲရိုက်နေတယ်။ ကုလားကြီးကို ဂဠုန် ၆ ယောက်လောက်က ၀ိုင်းကန်နေကြတယ်။ ငပေ မျက်နှာမှာ သွေးကွက် တချို့ကို တွေ့နေရတယ်။ ဒါတောင် သူက ကျနော်တို့ထဲမှာ အရပ်လည်းကောင်း၊ ကိုယ်လုံးကိုယ်ပေါက်လည်းအတောင့် ဆုံး။

လမ်းဘေးက ခြံစည်းရိုးတိုင်တွေ တဖြောင်ဖြောင်း ကျိုးသံရိုက်သံတွေ ဆူညံနေရဲ့။ ဒီအချိန်မှာ ကားပေါ်က ခုန်ဆင်းပြီး ဂဠုန်တွေထပ်ဝင်လာတယ်။ ဂဠုန်တွေ ကားပေါ်ကခုန်ဆင်းပြီး နေရာမယူနိုင်ခင်မှာ ကျနော် ပြေးပြီး သံတူရွင်းကောက်နဲ့ အားကုန်ဖြတ်ရိုက်ချလိုက်တယ်။ တယောက် ပုံရက်လဲကျသွားတယ်။ နှစ်ယောက်ဝင်လုံးဖို့လုပ်တယ်။ သံတူးရွင်း ကောက်ကို စုံကိုင်ပြီး တည်ထားပေးလိုက်တော့ ဒီကောင်တွေမကပ်ဝံဘူး။ သူတို့ ရှဲသွားတယ်။

ကျနော်တို့ဖက်က လေးယောက်သာဖြစ်ပြီ။ ဂဠုန်က ၂၀ လောက်ဖြစ်တဲ့အတွက် အခြေအနေက မမျှဖြစ်နေတယ်။ အ ရေးနိမ့်မလို ဖြစ်နေတယ်။ ဈေးသည်တွေအများစုက မိန်းမကြီးတွေ၊ အသက်ကြီးတဲ့ ယောက်ကျားတွေ သူတို့က ၀င်မ ကူကြဘူး။ အော်ဟစ်ငိုယိုနေကြတယ်။ တိုးရှိုးတောင်းပန်နေကြတယ်။

ဒီအချိန်မှာ ကျနော်တို့ရပ်ကွက်သားတဦးဖြစ်တဲ့ ၀င်းကြည်ဟာလည်း သံဒုတ်ကြီးတချောင်းကိုဆွဲလာပြီး ကူဖို့အသားကုန် ပြေးဝင်လာပါတယ်။ ရပ်ကွက်ထဲမှာ ကျနော် သူ့ကို ကြည့်လိုမရဆုံး။ ငယ်ငယ်က သူနဲ့ ကျနော်နော် မကြာခဏ ဗိုလ်လု ကြတယ်။ အရှုံးအနိုင်မပေါ်ခင်မှာ လူပျိုတွေဖြစ်လာကြတယ်။ ကျနော်သူ့ကို သောက်မြင်ကပ်ရတဲ့ အကြောင်းကတော့ သူဟာ ဇာတ်မင်းသားရူး ရူးနေသဗျ။ သူက နာမည်မရသေးတဲ့ ဇာတ်တဖွဲ့ မှာ ဇာတ်မင်းသားလုပ်နေတယ်။ ဇာတ်သံ ဇာတ်ဟန်လိုလို စကားပြောတာ အိုင်တင်လုပ်နေပုံတွေက ရိုက်ချင်စရာပေါ့ဗျာ။ မနှစ်က တန်ဆောင်တိုင်ပွဲတုန်းကလည်း သူနဲ့ကိုယ်နဲ့ ညိလု ညိခင်ပဲ။ ပွဲဈေးတန်းမှာ တင်သန်းကို ကြည့်တဲ့မျက်လုံးတွေက မှဲ့တပေါက်ရုပ်ရှင်ထဲက ဦးကျောက်လုံး ကြီး ဒေစီကျော်ဝင်းကိုကြည့်သလိုမျိုး။ ငပေနဲ့ သိန်းဝင်း က နှစ်ယောက်ကြားမှာဝင်ဖျင်လိုက်လို။ သူရှိတဲ့ ခြင်းဝိုင်း ကျနော် မသွား။ ကျနော်ရှိတဲ့ ကိုတင်ဦး ဆံပင်ညှပ်ဆိုင်ကိုသူမလာ။ နှစ်ယောက် အထာနဲ့နေနေကြရတယ်။

ဒီနေ့ပွဲတော့ ကိုယ်တော်မြတ်က ဘယ်နှယ်စိတ်ကူးပေါက်ပြီး ၀င်ချလာလည်းမသိဘူး။ သူက အသားမဲတယ်။ အပေါ် ကိုယ်ဗလာ၊ အောက်က ရှမ်းဘောင်းဘီအနက်ကို ၀တ်ထားတယ်။ သူက သံဒုတ်ကိုမွေ့ရမ်းပြီး ၀င်လာတော့ ကျနော်တို့ အားတက်သွားတယ်။ သူ ပြေးဝင်လာတော့ ကုလားကြီး သန်းထွန်း ကို ကူမယ်လို့ ကျနော် ထင်မိတယ်။ ကျနော်အထင် မှားတယ်။ ကုလားကြီးကို မကူဘူး။ ဒီအချိန်မှာ ဂဠုန်တွေက သူ့ကို ဆီးပြီးရိုက်တယ်။ သူကခုန်ရှောင်လိုက်တယ်။ ဆက် ပြေးလာတယ်။ ကိုသိန်းဝင်း လည်းမကူ။ ငပေ ဘက်လည်းမလှည့်။ ကျနော်ဘက်ကိုလည်း စစ်ကူမလား။ သောက်ရူးလို့ စိတ်ထဲက ဆိုမိတယ်။

သူက အားလုံးကိုကျော်လွှားပြီး လမ်းဘေးမှာထိုးရပ်ထားတဲ့ မြူနီစပယ်ကားခေါင်းပေါ်ကို လွှားကနဲ ခုန်တက်တော်မူ တယ်။ ပြီးတော့ လက်ထဲကသံဒုတ်ကြီးနဲ့ ကားမှန်ကြီးကို ဂွမ်းကနဲနေအောင် ရိုက်ချလိုက်သဗျ။ သူ့ဗျူဟာ မဆိုးလှဘူး။ ဂဠုန်တွေဟာ လှန့်သွားကြတယ်။ ဂဠုန်တွေက လူများပေမဲ့ တချို ကောင်တွေက သိပ်သတ္တိရှိကြပုံမရဘူး။ သင်္ကန်ကျွန်း မြို့နယ်ကောင်စီက ဘဲသားဟင်းနဲ့ ထမင်းကျွေးမယ်ဆိုပြီး လမ်းဘေးကကောင်းတွေကိုလည်း ခေါ်လာတယ်လို့ နောက် ပိုင်းမှ သိရတယ်။

ဝင်းကြည်က ကားမှန်ကြီးကို ရိုက်ခွဲချလိုက်တော့ ရန်သူစစ်ဌာနချုပ်ကိုသိမ်းပြီး ကျုပ်တို့အလံလွင့်လိုက်သလို ဖြစ်သွားပုံရ တယ်။ ငနဲတွေ စိတ်ဓါတ်က အုန်းသီးကြွေကျသလို ကျတာ။ ၀ရုန်းသုန်းကား ထွက်ပြေးကုန်ကြတယ်။ ကျနော်တို့ စိတ် ဓါတ်တွေ ဒီရေလို တက်လာကြတယ်။

ခြံစည်းရိုးကြား၊ ရေမြောင်ကြားမှာ ဒလိမ့်ခေါက်ခွေးဖြစ်နေတဲ့ လက်ကျန် ဂဠုန်တချို့ကို လိုက်ရိုက်ကြတယ်။ ရပ်ကွက် ထဲက အမယ်ကြီးတွေက
“အမေလေးသတ်ကုန်ပါပြီး မလုပ်ကြပါနဲ”
“တော်ပါတော့ သေသွားလမ့်မယ်။ ဟဲကောင်လေးတွေတော်တော့”
ဆိုတဲ့အသံတွေ ဆူညံနေတယ်။ ဒေါ်အေးမိကြီးဆို ပြောရင်း တက်သွားလိုက်သေးရဲ့။

အချိန်ကလည်း မနက်စောစောဆိုတော့ ရပ်ကွက်ထဲမှာ လူကြီးတွေအလုပ်သွားချိန်ဆိုတော့ ဆွဲမယ့်သူ မရှိဘူး။ ဒီကောင် တွေအကုန်လုံး ထွက်ပြေးကြတယ်။ ဒဏ်ရာရတဲ့သူတွေကို သယ်ပိုးပြေးကြတယ်။ ကျနော်တို့ ဆက်မလိုက်ဘဲ ရပ်လိုက် တယ်။ သူတို့ မောင်းလာတဲ့ကားကြီးမှန်တွေ တစစီဖြစ်သွားတယ်။ ကျနော်တို့ကားခေါင်းကို အားပါးတရ ဆက်ရိုက်လိုက် သေးတယ်။ အားရသွားတော့မှ သတိထားမိတယ်။

ကျနော် ပါးတချမ်းပူနေတယ်။ ကုလားကြီးခေါင်းကွဲတယ်။ သိန်းဝင်း က ခြေထော့နင်ထော့နင် ဖြစ်နေတယ်။ ငပေ က မျက်လုံးတဖက် မြင်လို့မကောင်းလောက်အောင် ဖူးရောင်နေတယ်။ ၀င်းကြည်ကတော့ ဇာတ်မင်းသားရူးပီပီ အမောက် တောင် သိပ်မပျက်လိုက်ဘူး။ ဒဏ်ရာအညိုမဲတွေစွဲနေတဲ့ တယောက်မျက်နှာတယောက်ကြည့်ပြီး ရယ်ကြတယ်။ တိုက် ပွဲအတွေ့အကြုံကို အားပါတရ ဖေါက်သည်ချကြတယ်။

ဂဠုန်တွေ တပ်ပျက်ပြေးရတော့ ဖိနပ်တွေ လမ်းထဲမှာ ကျွတ်ကျန်ခဲ့တာ ဖွေးနေတာပဲ။ ၀င်းကြည်က ဆင်ကြယ်ဖိနပ်တရံ ကို ကောက်စွပ်ပြီး သံဒုတ်ကို ရာမ လေးထမ်းတဲ့ဟန်နဲ့ အိမ်ကို ပြန်သွားတယ်။ ထွက်သွားတဲ့ ၀င်းကြည်ကိုကြည့်ပြီး ကုလားကြီးက ..

“ဒီကောင်နဲ့ကွာ ငါ့ ရှေ့ ဟိုခွေးမသား ဂဠုန်ကွာ၊ ဆဲဗင်းဒေး အကျီအညို ရောင်ဝတ်ထားတဲ့ ဂဠုန်ကောင်လေကွာ။ ဒီကောင့်ကို ကိုင်မလားမှတ်တယ်။ မကိုင်ဘူး”

ကျနော်က ဂဠုန်တွေ ကျန်ခဲ့တဲ့ ဖိနိုပ်တွေထဲက ဂွင်းထိုးအသစ်တရံကို ကောက်စွပ်လိုက်ရင်း
“ဒါပေမဲ့ ကားမှန်ကို ခွေးမသား ၀င်းကြည် ရိုက်ခွဲလိုက်တာတော့ မှန်သွားတယ်နော်။ ဟိုကောင်တွေ လှန့်သွားတယ်။ နိုမို့စို ပြေးမှာမဟုတ်သေးဘူး”

သိန်းဝင်းက “ဒီကားက မြူနီစပယ်ရုံးက သူတို့ ငှားလာတဲ့ကားကွ”
ပြီးတော့ ကျန်တဲ့ဖိနပ်တွေကို ဈေးသည်တွေကို ယူချင်ယူကြလို့ လှမ်းပြောလိုက်တယ်။

ဒဏ်ရာကိုယ်စီနဲ့ ကျနော်တို့ဟာ သိန်းဝင်းတို့အိမ်ဝင်းထဲ စုမိတယ်။ သိန်းဝင်း ညီမတွေဖြစ်တဲ့ မတိုးတို့ မိုးမိုးတို့က အမ လေး အကိုကြီးတို့ရဲ့ ဒဏ်ရာတွေချည်းပါလား ဆိုပြီး အော်ငိုကြ။ ဒဏ်ရာတွေကိုရေစေးကြ။ တင်ချာတွေထည့်ပေးကြ။ ရှုပ်ရှက်ခတ်နေကြတယ်။

ကျနော် တို့ရပ်ကွက်ရဲ့ လှထွဋ်ခေါင်တွေဖြစ်တဲ့ မိငယ်တို့၊ စုစုတို့၊ လှလှတို့ကသူတို့ရဲ့ အေရာမ တင်ပါးကြီးတွေကို ဖယ် ရမ်းရောက်လာတယ်။ ကျနော်တို့ ဒဏ်ရာတွေကို သူတို ၀ိုင်းကူဆေးကြောသုတ်သင်ကြပေါ့။ သိန်းဝင်း တို့ အိမ်က ယာ ယီဆေးခန်း ဖြစ်သွားတယ်။ လူအုပ်က ကျနော်တို့ကို အုံကြည့်နေတုန်း။

အုန်းလက်တွေကို ဖြတ်ပြီး ကျလာတဲ့ နံနက်ခင်းနေရောင်မှာ အရှည်လျားဆုံး မျက်တောင်တွေနဲ့ ပြူးကျယ်ဆုံး မျက်လုံး အစုံက ကျနော်အပေါ်ကျလာတယ်။

“အမေလေး သွေးချည်းပါလား။ ဒီလိုနေလို့ မဖြစ်ဘူး။ ဆေးရုံသွားမယ်။ ဆေးရုံသွားမယ်။ ဘယ်ထိသွားသေးလဲ” လို့ စိုးရိမ်တကြီး ပြောလာတော့။

ငပေက “တင်သန်း ရာ သည်းနေလိုက်တာ နင်လင့် ဘာမှမဖြစ်ဘူး။ ခံရတာက ငါ။ မေးဖေါ်မရဘူး”

တင်သန်းက ငပေကျောကုန်းကို ဖုန်းဖုန်းနဲ့ လိုက်ထု။ ငပေက “ဟ ကောင်မရ နာတယ်ဟာ နာတယ်ဟ” ဆိုပြီး လှည့် ပတ်ရှောင်။ တင်သန်း ပါးစပ်ကလည်း “မသာ၊ သေချင်းဆိုး။ နင်သေလိုက်ဖို့ကောင်းတယ်” လို့ ကက်ကက်လန် ဆဲလိုက် တယ်။ အားလုံးတ၀ါးဝါးနဲ့ ၀ိုင်းကြည့်နေကြတယ်။

ဖြူတဲ့အရောင်၊ ညီတဲ့သွား ရှည်လျားတဲ့နှုတ်ခမ်းများကြောင့် ဖရုသ၀ါစာသည်ပင် သူ့ပါးစပ်တွင် လှနေ၏။

မိုးသီးဇွန်
၁၀-၂-၀၇
…………………………………….
တိုက်ပွဲကို နိုဂုံးချုပ်တော့ ကျနော်တို့ နိုင်တယ်။ ရပ်ကွက်တိုင်းမှာ စွာလာတဲ့ ဂဠုန်တွေဟာ ကျနော်တို့ရပ်ကွက်မှာ တပ် ပျက်တယ်။ ကောင်စီတွေ ရဲတွေရောက်မလာခင် ကျနော်တို့ ရှောင်နေလိုက်တယ်။ တယောက်မှ အဖမ်းမခံရဘူး။ ကျနော်တို့ လေးငါးလ အိမ်ကိုမပြန်ကြဘူး။ အိမ်ကိုတော့ သုံးလေးခေါက်လာမေးပေမယ့် အမေတို့ အမတို့က မရှိဘူး။ ပြေးပြီလို လုပ်ထားလိုက်တယ်။ တယောက်မှအဖမ်းမခံရဘူး။ ကျနော်တို့ လေးငါးလ လောက်ပဲရှောင်နေလိုက်ရတယ်။ ကားမှန်ကြီး ကွဲသွားတဲ့အတွက် မြို့နယ်ကောင်စီတချို့ပြုတ်တယ်။ ဘာဖြစ်လိုလည်းဆိုတော့ လုပ်ပိုင်ခွင့်ကျော်လုပ် တယ်လိုသိရတယ်။ သုံးလလောက် မရမ်းကုန်း မြောက်ဥက္ကလာကနေ မြို့ထဲကို ကျောင်းဆက်တက်နေရတာတော့ ကသီတာပေါ့။ ဒီနှစ်မှာပဲ ကျနော် ဆယ်တန်းအောင်တော့ မဆိုးဘူးပေါ့။

No comments: