ယနေ့
ကျောင်းသားဘဝ တနေ့တာ။ ဒီနေ့ အဝေးသင်တက္ကသိုလ် ဒုတိယနှစ်အတန်းတွေ
စတင်ဖွင့်လှစ်တဲ့အတွက် ကျနော့်အတန်းဖြစ်တဲ့ အရှေ့ပိုင်းတက္ကသိုလ်က ဒုတိယနှစ် ရုက္ခဗေဒအတန်းမှာ
ကျနော် သွားတက်ပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ
နီးလာတာကြောင့် မနေ့ညက အိုးဝေပညာဒါနက ဆယ်တန်းကျောင်းသားတွေနဲ့ လုံး ပန်းနေရတဲ့အတွက်
သူတို့ရော ကျနော်ရော မနက်သုံးနာရီခွဲမှ အိပ်ဖြစ်ပါတယ်။ ဒါကြောင့်
ဒီမနက် Practical
ချိန် (၈:၃၀) မှာ မနိုးဘဲ မနက် (၉:၀၀) ထိုးမှ အိပ်ရာနိုးတဲ့အတွက်
ထုံးစံအတိုင်းပါပဲ ပထမဆုံးလက်တွေ့ချိန် နောက်ကျပါ တယ်။
ကျောင်းဝမှာ
ဆိုင်ကယ်ရပ်ပြီး ရုက္ခဗေဒအဆောင်ကို လမ်းလျှောက်လာတော့ မတွေ့ရတာကြာတဲ့ သားတယောက်ကို
အမိကျောင်း တော်ကြီးက တစိမ်းဆန်မနေဘဲ ရင်းနှီးနေကျ မြင်ကွင်းတွေနဲ့ပဲ ဖက်လဲတကင်း
ထွေးပွေ့ပါတယ်။
အကြောင်းကြောင်းတွေကြောင့်
ကျနော် နှစ်ကာလတချို့ တက္ကသိုလ်နဲ့ ဝေးခဲ့ရပါတယ်။ ကျောင်းပြင်ပကျောင်းသားအ ဖြစ်
နေထိုင်ရပ်တည်ရင်း ဒီနှစ်အဝေးသင်သိပ္ပံ လက်တွေ့ချိန်တွေစတဲ့အပတ်မှာပဲ
ကျောင်းပြန်တက် ဖြစ်ခဲ့တာပါ။
လမ်းမတလျှောက်က
ခရေပင်တွေ၊ စားသောက်ဆိုင်တန်းက ကျောင်းသားတွေရဲ့ ရယ်သံတွေ စတဲ့အမိတက္ကသိုလ်ကြီး ရဲ့
ရင်ခုန်သံစည်းချက်တွေကိုခံစားရင်း အတန်းထဲကို ရောက်လာပါတယ်။
အခန်းဝကို
ရောက်ရောက်ချင်းပဲ ကျနော်နဲ့သိနေတဲ့ ဆရာမက နောက်ဆရာမတယောက်ကို “သီဟသန်းဝင်းဆိုတာ သူလေ”
လို့ မိတ်ဆက်ပေးပါတယ်။ ကျနော့်ကို ဒီနှစ်ရော စာမေးပွဲကို
ကောင်းကောင်းမွန်မွန်ဖြေမှာလားလို့ မေးပါတယ်။ ပြီးတော့ ကျနော် ဝတ် လာတဲ့ 7 ဇူလိုင်
အထိမ်းအမှတ်အင်္ကျီကို ကြည့်ပြီး အင်္ကျီက တော်တော်ကောင်းတာပဲလို့ ပြော ပါတယ်။
Practical
အပြီးမှာ ကျောင်းမအပ်ရသေးလို့ ခုံနံပါတ်မထွက်သေးတဲ့ ကျနော်ကို
သီးသန့်လက်မှတ်ထိုးစေပါတယ်။ ဆရာမ ထွက်သွားတော့ နောက်ဆရာ မဝင်လာသေးခင် စာသင်ခန်းရဲ့
ထုံးစံအတိုင်း ပြန်လည်ဆူညံလာပါတယ်။
ကျနော်ကတော့
မရောက်တာကြာပြီဖြစ်ပေမယ့် အရင်လိုပဲ မြေဖြူနဲ့ စာသင်နေသေးတဲ့ အမိတက္ကသိုလ်ကြီးရဲ့
သင်ကြား မှုစနစ်ရယ်၊ အရင်ထက်ပိုများလာတဲ့ စည်းကမ်းဆိုင်းဘုတ်တွေရယ်၊ ကျောင်းဝက ရေသန့်ဘူး
လိုက်ကောက်နေတဲ့ ကလေးတွေရဲ့ ဘဝတွေရယ်ကို စဉ်းစားရင်း သက်ပြင်းမောချမိပါတယ်။ ဆရာမ
မလာသေးတဲ့အတွက် ပျင်းလာတာနဲ့ ကျောပိုးအိတ်ထဲမှာ ထည့်ယူလာတဲ့ ဖတ်လက်စ
လေထီးဦးအုန်းမောင်ရေးတဲ့ နှစ်ပေါင်းဆယ်ကြာသောအခါဆိုတဲ့ စာ အုပ်ကို
ထုတ်ဖတ်နေလိုက်ပါတယ်။
ဒီမှာတင်
ကျောင်းသားသစ်ဖြစ်တဲ့ ကျနော့်ကို မနက်ကတည်းက တစေ့တစောင်း အကဲခက်နေတဲ့အတန်းထဲက
ကျောင်းသားတချို့ ကျနော်နား ကပ်လာပြီး ကျနော်ဖတ်နေတဲ့ စာအုပ်နဲ့ ကျနော် ဝတ်ထားတဲ့ အင်္ကျီကို
ကြည့်ပြီး နိုင်ငံရေးသမားလားလို့ မေးပါတယ်။
ကျနော်က
ကျောင်းသားသမဂ္ဂကပါလို့ ရှင်းပြပြီး ရင်ထိုးတံဆိပ် ထုတ်ပြပါတယ်။ NLD တံဆိပ်
မဟုတ်ဘူးလား လို့ ထပ် မေးပါတယ်။ ကျောင်းသားသမဂ္ဂတံဆိပ်ဖြစ်ကြောင်း၊ တံဆိပ်ထဲမှာပါတဲ့
အရောင်တွေရဲ့ အဓိပ္ပါယ်နဲ့ ခွပ်ဒေါင်းက ဖောက် ထွက်နေတဲ့
ကျော့ကွင်းရဲ့အဓိပ္ပါယ်တို့ကို ရှင်းပြပါတယ်။
၁၉၈၈ အရေးတော်ပုံကြီးကို
စခဲ့တဲ့၊ ပြီးတော့ ပြည်သူလူထုကို ဦးဆောင်ပြီး တပါတီအာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တဲ့
ကျောင်သားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ NLD ပါတီရဲ့ အလံမှာ ကျောင်းသားသမဂ္ဂကို
ကိုယ်စားပြုတဲ့ ခွပ်ဒေါင်းကို သုံးခဲ့ တာဖြစ်ကြောင်း၊ ၁၉၃၆ ခုနှစ်ကတည်းက
စတင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂမှာ နောင်တချိန် နိုင်ငံ့ခေါင်းဆောင်တွေ ဖြစ် လာမယ့်
ကိုအောင်ဆန်းတို့ ကိုဗဟိန်းတို့ ဦးဆောင်ခဲ့ကြောင်းနဲ့ ခေတ်အဆက်ဆက်
ကျောင်းသားသမဂ္ဂမှာ ပေါ်ထွန်းခဲ့ တဲ့ ကိုအောင်ကျော်လို၊
ကိုဆလိုင်းတင်မောင်ဦးတို့လို ကျောင်းသားအာဇာနည်များအကြောင်းကို ပြောပြတဲ့အခါ
စိတ်ဝင် တစား နားထောင်ကြပါတယ်။ သူတို့ကသာ စိတ်ဝင်တစား နားထောင်နေကြတာပါ။
ကျနော်ကတော့ စိတ်မကောင်းခြင်း ကြီးစွာနဲ့ ရှင်းပြနေရပါတယ်။
တက္ကသိုလ်ကျောင်းသားတယောက်ဖြစ်ပြီး
သမဂ္ဂတံဆိပ်ကို မသိတာ၊ ဗကသ လို့ခေါ်တဲ့ ကျောင်းသားသမဂ္ဂကို အခုပွင့် လင်းတဲ့ခေတ်မှာ
စတည်ထောင်တယ်လို့ အမှတ်မှားနေတာ၊ ကိုအောင်ဆန်းတို့၊ ကိုအောင်ကျော် တို့လောက်ကိုသာ
သိပြီး ကျန်တဲ့ခေါင်းဆောင်တွေကို မကြားဖူးကြတာ၊ သခင်ဖိုးလှကြီးကို
သူပုန်လို့ထင်နေတာ စတာတွေဟာ ကျနော့် စိတ်ကို တော်တော်ကြီးထိခိုက်စေတဲ့
အကြောင်းအရာတွေပါပဲ။
လွန်ခဲ့တဲ့
နှစ်ရက်က ကျနော့်ဆီကို အင်တာဗျူးဖို့ လာတဲ့ DVB က သတင်းထောက် အကိုတယောက်
ပြောတဲ့ကိစ္စလေး ကို သွားသတိရမိပါတယ်။ ဆယ်တန်းစာမေးပွဲ နီးလာတဲ့အတွက် DVB က
ဆယ်တန်းကျောင်းသားတွေကို အထောက် အကူပြုမယ့် အစီအစဉ်တခုအတွက် နာမည်ကြီး
ဆယ်တန်းကျူရှင်ဆရာတွေကို အင်တာဗျူးလိုက်မေးရာမှာ သမိုင်းနဲ့ ပထဝီဘာသာတွေကို ယူမယ့်ကျောင်းသားတွေ
မရှိတဲ့အတွက် အဲဒီဘာသာရပ်တွေကို သင်မယ့်ဆရာ မရှိကြောင်း။ ဒါကြောင့် ယခု
ကျောင်းသားမျိုးဆက်တွေ ပထဝီဝင်နဲ့ သမိုင်းကို မသိကြတော့တဲ့အကြောင်း ပြောတဲ့အခါ
ကျနော်တို့ နိုင်ငံရဲ့ ပညာရေးစနစ်အကြောင်း တွေးတောမိရင်း ရင်မောစွာနဲ့ပဲ ကျနော်
မောင်ကျောင်းသား အမိတက္ကသိုလ်ကြီးမှ တောင်ပိုင်းခရိုင်ရဲ့ အိုးဝေစာကြည်တိုက်သို့
ပြန်ခဲ့ပါကြောင်း။
မင်းသွေးသစ်
(ဗကသများအဖွဲ့ချုပ်)
No comments:
Post a Comment