၂၀၀၆ ခုနှစ်နှစ်လည်ခန့်က ဖြစ်သည်။ ဥရောပတိုက်သား ကမ္ဘာလှည့် ခရီးသည်တဦးကို ကျနော် မြန်မာပြည်အနှံ့ ဧည့် လမ်းညွှန်အဖြစ် လိုက်ပါဝန်ဆောင်မှုပေးရသည်။ ဧည့်သည်၏အမည်မှာ မစ္စတာ ဂွမ်တာ (Gunter) ဖြစ်သည်။ မစ္စတာ ဂွမ်တာသည် သည် ကျနော့်မိတ်ဆွေ မြန်မာမလေး မသဂင်္ဂီနှင့် အိမ်ထောင်ကျပြီး နိုင်ငံခြားမှာနေသည် (ဘယ်နိုင်ငံလဲ ဆိုတာတော့ မပြောလိုတော့ပါ)။ ထိုသို့သွားလာလည်ပတ်ကြရင်း
တနေ့တွင် နိုင်ငံခြားသားကြီးက ထူးဆန်းသော စကား တခွန်းကို ဤသို့ပြောလာ၏။
“ညီညီ
မင်းသိလား၊ ငါတို့နိုင်ငံမှာရှိတဲ့မြန်မာသံအမတ်ကြီးက အင်္ဂလိပ်စကားပြောရင်
အမြဲတမ်းသုံးကြောင်းပဲပြောတယ် ပြီးရင် ဘာမှဆက်မပြောတော့ဘူး”
“ဘာဖြစ်လို့
သုံးကြောင်းပဲပြောတာလဲ” ဟု ကျနော်က မေးလျှင်
“သူက
အင်္ဂလိပ်လို မပြောတတ်ဘူး ဒါကြောင့် အလွတ်ကျက်ပြီးပြောတာ၊ သူကျက်လာတာပဲပြောတတ်တယ်၊ ဥပမာ
ကျနော်ဟာ မြန်မာနိုင်ငံက သံအမတ်ကြီးပါ၊ မြန်မာနိုင်ငံဟာ အရမ်းကို သာယာပါတယ်၊
မြန်မာနိုင်ငံကို လာလည်ဖို့ဖိတ် ခေါပါတယ်။ အဲဒါပြောပြီးရင် ဘာမေးမေးဆက်မပြောတော့ဘူး”
ဟု ဖြေပါသည်။
ကျနော်သည်
ကြားရသည့်သတင်းကိုမယုံသဖြင့် နိုင်ငံခြားသား၏ဇနီး
ကိုမေးကြည့်ရာ သံရုံးအသိုင်းအ၀ိုင်းနှင့် နီးစပ် သော မသိင်္ဂီက
“ဟုတ်တယ်
ကိုညီ၊ ကျမလဲ ပြောဖူးတယ် အင်္ဂလိပ် စကားမပြောတတ်တာ ရှက်စရာမလိုဘူး၊ ဒီလိုကြီး အလွတ်ကျက်
ပြီး ပြောနေတာမှ ရှက်ဖို့ကောင်းတာ၊ အကောင်းဆုံးကတော့ အနားမှာ စကားပြန်တယောက်ထားပြီးပြောတာ
အကောင်း ဆုံးပဲလို့ ကျမ အကြံပေးဖူးတယ်၊ ဒါပေမယ့် သံအမတ်ကြီးကလက်မခံဘူး။
သူအင်္ဂလိပ်လိုမပြောတတ်လို့ စကားပြန်က နေတဆင့် ပြောနေရပါတယ်ဆိုတာ နေပြည်တော်က လူကြီးတွေ
သိကုန်မှာကို အရမ်းစိုးရိမ်နေတဲ့ သဘောရှိတယ်။
အဲဒါကြောင့်
သံတမန်ဧည့်ခံပွဲတွေတက်ရင် ပြောရမယ့် စကားသုံးကြောင်းလောက်ကို အလွတ်ကျက်တယ်။ ဘယ်သူ့ကို
တွေ့တွေ့ အဲဒီစကားပဲ ပြောတယ်။ ကျက်ထားတာကုန်ရင် ဘာမေးမေး ဆက်မပြောတော့ဘူး။
အဲဒါအမှန်ပဲ၊ သုံးကြောင်း ကျက် သံအမတ်ကြီးလို့တောင် တချို့ကခေါ်ကြတယ်” အံသြကုန်နိုင်ရာသော်
ဟုသာ ကျနော် ရေရွတ်နိုင်ပါတော့သည်။
ထိုသံအမတ်ကြီး
ယခုရှိသေးသလား၊ မရှိတော့ဘူးလား မသိပါ။ သံအမတ်တိုင်းထိုသို့ဖြစ်မည် မဟုတ်သော်လည်း
စစ်အ စိုးရလက်ထက်က သံတမန်ရာထူးခန့်ထားမှုများသည် ရာထူးနှင့်ထိုက်တန်သော ပညာအရည်အချင်းအလိုက်
ခန့်အပ်နိုင် မှုနည်းပါးခဲ့ပါသည်။ လူတယောက်ကို ချီးမြှောက်ချင်သောအခါ (သို့မဟုတ်) ပြည်တွင်းမှာ
မထားချင်တော့သောအခါ သံအမတ်ခန့်အပ်၍ ပြည်ပသို့စေလွှတ်လေ့ရှိရာ သံအမတ်ရာထူးမှာ နယ်နှင်ဒဏ်ခံရသည့်အလား
ဖြစ်ပါသည်။
မြန်မာပြည်တွင်
ကျွမ်းကျင်သော ပညာရှင်တွေမရှိ၍လားဆိုတော့ ဒုနဲ့ဒေးအပုံအပင်ရှိပါသည်။ ဤနေရာတွင် ကိုယ်တွေ့
ကြုံခဲ့ရသည်များကိုလည်း ပြောပြချင်ပါသည်။ ၁၉၈၇ တွင် ကျနော် ဆယ်တန်းအောင်ပါသည်။
ဝိဇ္ဖာ (မြန်မာစာ) ဘာ သာတွဲတွင် ပဲခူးတိုင်းတွင် အမှတ်အများဆုံးဖြင့် ပထမရ၍
ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံတကာဆက်ဆံရေးပညာ (International Relations )
ဘာသာရပ်အဓိကဖြင့် ၁၉၈၇ ဒီဇင်ဘာလတွင် စတင်ပညာဆည်းပူးခွင့်ရပါသည်။ ထိုစဉ် က
ဝိဇ္ဖာဘာသာရပ်များတွင် နိုင်ငံတကာဆက်ဆံရေးပညာ (IR) ဘာသာရပ်သည် အမှတ်အမြင့်ဆုံး ဖြစ်ပါသည်။
စီးပွား ရေးတက္ကသိုလ်ထက်ရော၊ အင်္ဂလိပ်စာ မေဂျာထက်ရော အမှတ်မြင့်ပါသည်။ နယ်မှလာတက်သော
ကျောင်းသားအများ စုကို အစိုးရကျောင်းဆောင်များတွင် ကျောင်းအိပ်ကျောင်းစား နေထိုင်ခွင့်ပြုသဖြင့်
ရန်ကုန်တက္ကသိုလ် (ပင်မ) ၀င်းအ တွင်းရှိ ပင်းယဆောင်တွင် ကျောင်းဆောင်နေထိုင်ခွင့်ရခဲ့ပါသည်။
ကျောင်းတက်တော့ RC (2) ခေါ် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) တွင် ၂ နှစ်၊
ရန်ကုန်တက္ကသိုလ် (ပင်မ) တွင် ၂ နှစ် တက်ရပါသည်။ ကျနော်တို့သည် နိုင်ငံတကာ ဆက် ဆံရေးပညာ
ကျောင်းသားများတွင် စတုတ္ထအသုတ် (4th Batch) ဖြစ်ပါသည်။
ထိုစဉ်က
(IR) ကျောင်းသားကျောင်းသူ တော်တော်များများတွင် ဘ၀ရည်မှန်းချက်များ မြင့်မြင့်မားမား
ထားရှိခဲ့ကြပါ သည်။ ကျောင်းပြီးသွားသောအခါ နိုင်ငံခြားရေးဝန်ကြီးဌာနတွင်
အလုပ်ဝင်ကာ သံအရာရှိ အငယ်တန်းလေးတွေ ဘ၀မှ တစတစ မြန်မာနိုင်ငံကို ကိုယ်စားပြုသော သံအရာရှိကြီးများဖြစ်အောင်
ကြိုးစားကြမည်ဟူသော လူငယ်များ၏ ရိုးရိုး သားသား ဘ၀မျှော်လင့်ချက်များ ဖြစ်ပါသည်။
ထိုသို့ကြီးမားသောမျှော်လင့်ချက်အလင်းရောင်များဖြစ်ထွန်းအောင်နိုင်ငံတော်မှ
စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်သည်။ ရန် ကုန်တက္ကသိုလ်တွင် နှစ်ပေါင်းများစွာ ရပ်နားထားသော
နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ကို ထိုစဉ်ကလမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးကတော်၊ ဆရာမကြီး ဒေါ်နီနီမြင့်က
၁၉၈၅ တွင် ပြန်လည်ဖွင့်လှစ်ကာ အနာဂါတ်မြန်မာနိုင်ငံ၏ သံတမန်ရေး
လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်ကိုဖြည့်ဆီးရန်
ရည်ရွယ်ချက်ဖြင့် တည်ထောင်သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
ကျနော်တို့သည်
၁၉၈၇ ဒီဇင်ဘာလ၏ နှင်းမှုန်များနှင့်အတူ အဓိပတိလမ်းပေါ်သို့ စတင်ခြေချခွင့်ရပြီး နောက်သုံးလကြာ
သောအခါ စက်မှုတက္ကသိုလ်ကျောင်းသားများနှင့် ကြို့ကုန်းရှိအရပ်သားလူငယ်များ စကားများရန်ဖြစ်သည်ကို
သက်ဆိုင် ရာမှ အင်အားသုံးဖြိုခွင်းသည်မှ အစပြု၍ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဘုန်းမော်
ကျဆုံးကာ ၁၉၈၈ အရေးအခင်း ကြီး နှင့်ကြုံရပါတော့သည်။ ထိုရှစ်လေးလုံး အရေးတော်ပုံကြောင့်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရ အာဏာမှပြုတ်ကျ သွားပြီး ပါတီဥက္ကဋ္ဌ ဖြစ်သူ
ဦးနေ၀င်းလည်း တရားဝင်ရာထူးတွင်မရှိတော့ပါ။ ဦးနေ၀င်း ရာထူးတွင်မရှိတော့သောအခါ
မြန်မာနိုင်ငံ၏ထုံးစံအတိုင်း
ဦးနေ၀င်း၏ ဇနီးဖြစ်သူ ဒေါ်နီနီမြင့်၏ လုပ်ပိုင်ခွင့်နှင့် သြဇာအာဏာများလည်း
(တက္ကသိုလ် ပရ၀ုဏ်တွင်) ကျဆင်းခဲ့ပါသည်။ ထိုအချိန်မှစ၍ ဒေါ်နီနီမြင့်နှင့် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ
ပေါမောက္ခ ဆရာ ကြီး၊ ဆရာမကြီးများရည်မှန်းထားရှိသော သံတမန်လောကအတွက် ကျွမ်းကျင်ပညာရှင်များမွေးထုတ်ရေး
စီမံကိန်းသည် ချောင်ထိုးခံခဲ့ရပါသည်။
ထိုစဉ်က
နိုင်ငံတကာဆက်ဆံရေးပညာဌာနကို ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်များတွင် နှစ်စဉ် လူဦးရေ
တက္ကသိုလ် တခုလျှင် တရာခန့်ခေါ်ပါသည်။ ထိုလူတရာထဲတွင် ကျောင်းသား (၅၀) ကျောင်းသူ
(၅၀) မျှတစွာခေါ်ပါသည်။ ကျနော် သည် IR အပါတ်စဉ် (၄) အဖြစ်စတင်တက်ရောက်ခဲ့ရာ
စာများမှာ အလွန်ခက်ခြင်း၊ အရေးအခင်းကြောင့် တက္ကသိုလ် များ နှစ်ရှည်ပိတ်လိုက်ခြင်း၊
စာမေးပွဲကျရှုံး၍ ကျောင်းမှထွက်သွားခြင်း၊ အချို့မှာ ကွယ်လွန်သွားကြခြင်း စသည်ဖြင့်
နှုတ် လိုက်သောအခါ ၁၉၈၈ ၌မူလကလူ (၁၀၀) ရှိသော စာသင်သားများမှာ ၁၉၉၄ တွင်လူ (၆၀) ကျော်
ခန့်သာ ဘွဲ့ရကြပါ သည်။ ဘာသာရပ်အားလုံးကို အင်္ဂလိပ်လိုသင်ကြားကြရပြီး ကျနော်တို့ သင်ကြားခဲ့ရသောဘာသာရပ်များမှာ
- နိုင်ငံရေးသိပ္ဖံ
( ၈၈ အရေးအခင်းဖြစ်ပြီးသောအခါ ထိုဘာသာရပ်ကို ဖြုတ်ပစ်လိုက်ပါသည် )
-
အင်္ဂလိပ်စာ
- နိုင်ငံတကာဆက်ဆံရေးပညာ
( International Relations )
- နိုင်ငံတကာအုပ်
ချုပ်ရေးပညာ ( International Administrations)
-
နောက်ပိုင်းဤဘာသာရပ်ကိုလည်းဖြုတ်လိုက်ပါသည်
-
သံတမန်ကျင့်ထုံး ( Diplomacy )
- နိုင်ငံတကာဥပဒေ
( International Law )
- ပထ၀ီနိုင်ငံရေး
( Geopolitics )
-
သမိုင်း( History )
-
ဘောဂဗေဒ ( Economics ) တို့ဖြစ်ကြပြီး ရိုးရိုးဘွဲ့အတွက် လေးနှစ် (ကျောင်းပိတ်ထားသောကာလများမပါ)
သင်ယူ ရပါသည်။ဂုဏ်ထူးတန်းအတွက် ငါးနှစ်၊ မဟာဘွဲ့အတွက် Thesis အပါအ၀င် ခြောက်နှစ်
အပြင်းအထန် ကြိုးစားလေ့လာ ရပါသည်။
ကျောင်းပြီးသောအခါ
ကျနော်တို့သူငယ်ချင်း ၆၀ ကျော်တွင် နှစ်ယောက်သာ
နိုင်ငံခြားရေးဝန်ကြီးဌာနတွင်အလုပ်ရပါသည်။
ထိုနှစ်ယောက်လုံး၏ မိဘများသည်
ထိုအချိန်က
အစိုးရဌာနများတွင်ဧရာမရာထူးလက်ရှိများဖြစ်ကြပါသည်
။သူတို့တွေကတော့ကျောင်းမပြီးခင်ကပင်
ကြိုကြိုတင်တင်အလုပ်ရကြပါသည်။
ကျန်လူများကတော့အလုပ်မရကြပါ။ကျနော်တို့ထက်စော၍
ကျောင်းပြီးသော
ရန်ကုန်နှင့်မန္တလေးမှ
B.A (IR ) ဘွဲ့ရများသည်လည်း
ဘွဲ့လက်မှတ်ကြီးများကိုကိုင်ကာ
ဘာလုပ်ရမည်မသိပဲ ယောင်ချာချာဖြစ်နေကြပါသည်
။ ကျနော်တို့လေ့လာသင်ကြားခဲ့သော
ပညာများကိုလက်တွေ့အသုံးချရမည့်
အလုပ်အကိုင်နယ်ပယ်သည်
မရှိသလောက်ကျဉ်းမြောင်းလှပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ
အလုပ်ခေါ်သောအခါ
နိုင်ငံတကာဆက်ဆံရေးဖြင့်ဘွဲ့ရရမည်
ဟု မခေါ်ပဲ
မည်သည့်ဘွဲ့ရမဆိုလျှောက်ထားနိုင်သည်
ဟု ဆိုရာ နိုင်ငံခြားရေးဝန်ကြီးဌာန၌
ဓါတုဗေဒ၊
ရူပဗေဒ၊ သင်္ချာ၊ စိတ်ပညာ၊ ကုန်ထုတ်ဓါတု၊ စသည်ဖြင့်
နိုင်ငံတကာဆက်ဆံရေးနှင့်
မည်သို့မျှ မသက်ဆိုင်သော သူများ သာ တွင်ကျယ်စွာ
အလုပ်ရကြလေ၏။
များသောအားဖြင့် နိုင်ငံခြားသံရုံးများတွင် အလုပ်ခန့်ရန်
ရာထူးလစ်လပ်သောအခါ
လူသိရှင်ကြားခေါ်ယူလေ့ မရှိသလောက်နည်းပြီး
လက်သိပ်ထိုးခေါ်ယူပြီး
နီးစပ်ရာမှ ၀င်သွားသည်သာများသည်။ တရားဝင်ခေ
ါ်ယူသောအခါတွင်လည်း
ကြိုတင်သတ်မှတ်ထားပြီးသူများရှိနေသကဲ.သို့ပလာစတာမရှိသော
IR ဘွဲ့ရများမှာ
နောက်တွင်ကျန်ရစ်ခဲ့သည်သာများပါသည်။နိုင်ငံခြားရေးဝန်ကြီးဌာနတွင်
ဝန်ထမ်းဘယ်နှစ်ယောက်ရှိပြီး
ထိုဝန်ထမ်းများထဲတွင်
သက်ဆိုင်ရာဘာသာရပ်ဖြင့်ဘွဲ့ရထားသူဘယ်နှစ်ယောက်ရှိသလဲဆိုတာ
တရားဝင်စာရင်းပြုစုအချိုးချကြည့်လျှင်(
လွှတ်တော်မှာမေးခွန်းမေးကြည့်ခဲ့လျင်
) စာရေးသူပြောတာဟုတ်မဟုတ်
ပေါ်လွင်ထင်ရှားပေလိမ့်မည်။
ထိုအခါ
စိုးနိုင်ဆိုသော ခပ်ရွတ်ရွတ် သူငယ်ချင်းတယောက်က “စိုးနိုင် B.A (IR) ကြံရည်ဆိုင်”
ဟုဆိုကာ ပုသိမ်မြို့တွင် ယနေ့တိုင် အအေးရောင်းချနေပါသည်။ သူငယ်ချင်းတယောက်ကလည်း
သူ၏ဇာတိဖြစ်ရာ ၀က်ထီးကန်မြို့သို့ပြန်ကာ စပါးပွဲစားလုပ်နေပါသည်။ ဂုဏ်ထူးတန်းဝင်၍ စာသိပ်တော်သော
သူငယ်ချင်းတယောက်ကလည်း ပဲနွယ်ကုန်းသို့ပြန်ကာ ၀ါးဓနိ ရောင်းစားနေပါသည်။
ကျနော်တို့လည်း
နိုင်ငံတကာဆက်ဆံရေးဘွဲ့ရပြီးကာမှ ဈေးသည်၊ မူလတန်းကျောင်းဆရာ၊ စာရေးစာချီ၊
မလုပ်ကိုင်လို တော့သဖြင့် ကိုယ်တတ်ထားသောပညာနှင့် ဆိုင်ဆိုင်မဆိုင်ဆိုင်
ရရာအလုပ်များဝင်လုပ်ရရာ အချို့ (အများစု) မှာ ဧည့် လမ်းညွှန်များဖြစ်လာကြပါသည် (ဥပမာ
ကျနော် ကိုညီညီ်၊ ကိုရဲမြတ်ထွန်း (ဥက္ကဋ္ဌ မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်း/ မန္တလေး)၊ ခင်မြတ်မော်
(ဂျာမန်ဘာသာ ဧည့်လမ်းညွှန်)၊ စန္ဒာဝင်း (ပြင်သစ်ဘာသာ ဧည့်လမ်းညွှန်) စသည်ဖြင့် အချို့မှာ
ကျူရှင်ဆရာများ၊ အချို့က ဂျာနယ်လစ်၊ အချို့ကပုဂ္ဂလိကကျောင်းတည်ထောင်သူ (ဥပမာ၊
ကိုရဲထွန်း Horizon International School) အချို့က အကျိုးဆောင်အေဂျင်စီ၊ အချို့က နိုင်ငံရေးသမား
(ဥပမာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး)၊ စသည်ဖြင့် (သံတမန်လောကမှအပ)
နယ်ပယ်အသီးသီးသို့ ရောက်သွားကြပါသည်။
ယခုဆောင်းပါးသည်
ကျနော်တို့ အလုပ်လိုချင်၍ ရေးသောဆောင်းပါး မဟုတ်ပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အလုပ်ခေါ်
ခဲ့ပါလျှင်လည်း ယခုအခါလုပ်ကိုင်လိုစိတ် မရှိကြတော့ပါ။ နောက်တက်မည့်လူငယ်များ၏ရှေ့တွင်သာ
တက်လမ်းကို ပိတ်၍ မရပ်ကြပါနှင့် ဟုဆိုလိုရင်းဖြစ်သည်။
အခြားဌာနများတွင်လည်း
ထိုနည်းနှင်နှင်ဖြစ်ပါသည်။ စက်ရုံတရုံ၏ စက်ရုံမှူးရာထူးကို ခန့်အပ်ခံရသူမှာ
မြန်မာစာဖြင့် ကျောင်းပြီးထားသော စက်ရုံအတွေ့အကြုံ လုံးဝမရှိသူတဦး ဖြစ်သည်။ သူ၏
တော်ကွက်မှာ အလုပ်ခန့်ရာတွင် အဆုံးအ ဖြစ်အဖြတ်ပေးနိုင်သော ထိုဌာန၏ အမြင့်ဆုံးပုဂ္ဂိုလ်နှင့်
တူဝမ်းကွဲတော်သည် ဟူသတတ်။ ထို့အတူ အစိုးရပိုင် ဟိုတယ် တခု၏ အထွေထွေမန်နေဂျာသည်
ဟိုတယ်တွင် တခါမှမတည်းခိုဖူးသူ၊ Department ဘယ်နှစ်ခုရှိမှန်းမသိသူ ဖြစ်နေ သည်။
သူကမသိဘဲ အုပ်ချုပ်နေသဖြင့် F&B department ( အစားအသောက် ချက်ပြုတ်၊ ဧည့်ခံကျွေးမွေးရေးဌာန)
မှ
ဝန်ထမ်းများက
လုပ်ချင်သလိုလုပ်သည်။ ဧည့်သည်စားရန် ကြက်သားဝယ်ရာတွင် ကြက်များကို လိုတာထက်ပိုဝယ်ပြီး၊
အပြင်တွင်ပြန်ရောင်းစားသည်။
တခါကလည်း(ယခင်
န၀တ /နအဖ လက်ထက်) မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်ရာတွင်
ပုဂ္ဂလိက ခရီးသွားကုမ္ပဏီများနှင့်သာ နိုင်ငံခြားသားများ လာရောက်လည်ပတ်သော်လည်း နိုင်ငံတော်ပိုင်
မြန်မာ့ခရီး သွားလုပ်ငန်းဌာန ( Myanamr Travels and Tours ) နှင့်ဆက်သွယ်၍ နိုင်ငံခြားသားများ
မလာရောက်သည့်အ ကြောင်းနှင့်ပတ်သက်၍ ၀န်ကြီးဌာန တာဝန်အရှိဆုံးပုဂ္ဂိုလ်က
ဝန်ထမ်းများကို ပွင့်ပွင့်လင်းလင်း ဝေဖန်အကြံပြုကြဖို့ ဖိတ်ခေါ်သည်။
“ပုဂ္ဂလိက
ကုမ္မဏီတွေက ကားတွေကောင်းတယ်၊ Air-con လဲ ကောင်းတယ် ကျနော်တို့ ဌာနက ကားတွေက
မကောင်း ပါဘူး၊ အဲကွန်းလဲမရတာများပါတယ် ဒါကြောင့် တိုးရစ်တွေက ပိုကောင်းတဲ့ဆီသွားတာပါ”
ဟု အရာထမ်းတယောက်က အကျိုးသင့်အကြောင်းသင့်တင်ပြသည်။ လူကြီးသည် ခဏနားထောင်နေပြီး
တစုံတခုကို စဉ်းစားမိဟန်ဖြင့်
“မဟုတ်သေးဘူးကွ၊
ဒီကောင်တွေ (တိုးရစ်များကို ဆိုလိုသည်) ကို ငါတွေ့ဖူးပါတယ်။ လေးဘီးကားလည်း စီးတာပဲ၊
ဆိုက္ကားလည်းစီးနေကြတာပဲ အဲကွန်းမပါလို့ မစီးဘူးဆိုရင် ဒါတွေလဲဘယ်စီးမလဲ။ မင်းတို့ပြောတာမဟုတ်သေးပါဘူး”
ဟုဆိုကာ
အောက်ခြေမှပေးသော
အကြံဥာဏ်ကိုပါယ်ချခဲ့၏။ အမှန်စင်စစ် ထိုပုဂ္ဂိုလ်သည် ဇိမ်ခံခရီးသည် (Package Tour) နှင့်
ကျောပိုးအိပ်လွယ်ခရီးသည် (Foreign Independent Traveller / FIT) ကို ခွဲမသိသဖြင့်
ဆိုက္ကားစီးသူနှင့် မာစီဒီးစီးသူ ကို အတူတူမှတ်ယူနေခြင်းမှာ လုပ်ငန်းသဘောကိုနားမလည်ခြင်းဖြစ်သည်။
သို့သော် မည်သူမျှစောဒက မတက်ဝံ့ကြ ချေ။
စက်သုံးဆီဆိုင်များကို
ပုဂ္ဂလိကသို့မပေးမီကလည်း မြန်မာတနိုင်ငံလုံးတွင် ဓါတ်ဆီဆိုင်ပိုင်ရှင်များ၊ ဆိုင်ဝန်ထမ်းများ
တန်ခိုးထွားခဲ့ဘူးသည်။ အခွန်ထမ်းပြည်သူများ၏ငွေဖြင့် လည်ပါတ်နေသော နိုင်ငံတော်ပိုင်
စက်သုံးဆီများကို သူတို့၏ ဘိုးဘွားပိုင်ပစ္စည်းများသဖွယ် စိတ်ထင်တိုင်း အလွဲသုံးပြီးအကျိုးအမြတ်
ရယူခဲ့ကြသည်။ ထိုစက်သုံးဆီဆိုင်များတွင် လည်း အလုပ်သမားမှအစ၊ ဆိုင်မန်နေဂျာအဆုံး
အပြင်လူအ၀င်မခံဘဲ ဆွေစဉ်မျိုးဆက် လက်ဝါးကြီးအုပ်မောင်ပိုင်စီး ခဲ့ကြသည်။ ဘွဲ့ရများအလုပ်လက်မဲ့
ဖြစ်နေသောခေတ်ကြီးတွင် ပညာတတ်တတ်မတတ်တတ် သူတို့နှင့်အမျိုးတော်သူ များကို ဆွဲခန့်ဖြင့်
နေရာပေးခဲ့ကြသည်။
ဌာနများစွာတွင်
ဌာနမှူး၊ ဦးစီးမှူး၊ ညွှန်မှူး၊ မန်နေဂျာဆိုသူများသည် မိုးပေါ်မှ တဖွဲဖွဲကျလာလေ့ရှိသည်။
အခွန်ရုံးမှအခွန် ဦးစီးမှူးဆိုသူ တော်တော်များများသည် တပ်မတော်မှဆေးပင်စင်ဖြင့်
အငြိမ်းစားယူထားသူများ ဖြစ်နေတတ်သည်။ ဌာန တခုတွင် နှစ်ပေါင်းများစွာအနစ်နာခံကာ လုပ်ကိုင်ဆောင်ရွက်လာသူများသည်
လုပ်ငန်းကျွမ်းကျင်ပါလျက် ရာထူးတက် ချိန်တွင် ဘယ်ကရောက်လာမှန်းမသိသော မိုးကျရွှေကိုယ်များက
နေရာဝင်ယူသွားပါက အလုပ်ခွင်တွင် ကြိုးစားလို စိတ်မရှိတော့ဘဲ နိုင်ငံဖွံ့ဖြိုးရေးအတွက်
ထိခိုက်နိုင်သောကြောင့် ရှောင်ကျဉ်ရမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မကြီး ဦးသိန်း စိန်
ကလည်း ၎င်း၏ နိုင်ငံတော်မိန့်ခွန်းထဲတွင် ထည့်သွင်းမှာကြားခဲ့ပြီး ဖြစ်သည်။
တခေတ်တချိန်က
နားလည်တတ်ကျွမ်းသောသူများကို သူ့နေရာနှင့်သူ အရည်အချင်းအလိုက် မခန့်ထားခဲ့သောကြောင့်
ပြည်သူများကြားတွင် PH7/PH8/PH 9 ညွှန်ကြားချက်၊ Weather မကောင်းကပြင်ရန် မှာကြားချက်၊
ကျွန်းပင်ကြီးက ကိုင်းပင်ကြီးကိုမှီနေသည် ဟုသော ကျွန်းကိုင်းမီ ကိုင်းကျွန်းမီ
စကားပုံရှင်းလင်းချက်၊ စသည်တို့မှာ ကောလဟလလိုလို၊
တကယ်အတည်လိုနှင့်
ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်ခဲ့ရသည်။
တကယ်တမ်း၌
မြန်မာနိုင်ငံ၏ပြဿနာမှာ လူ့စွမ်းအားအရင်းအမြစ် အလွန့်အကျွံရှားပါး၍ ဘယ်သူ့ကိုတာဝန်ပေးရမှန်း
မသိဖြစ်နေသော ပြဿနာမဟုတ်၊ ကျွမ်းကျင်သူများရှိနေပါလျက် ဘေးဖယ်ထုတ်ကာ ငါနှင့်ငါသာ နှိုင်းစရာ
ဆိုသော
(အမျိုးကို
လွန်စွာချစ်သည့်) မျိုးချစ်ပုဂ္ဂိုလ်များ၏ လက်သင့်ရာစားတော်ခေါ်သော ပြဿနာဖြစ်သည်။ ယနေ့ခေတ်ဝယ်
ရေပန်းအစားဆုံးသောမေးခွန်းဖြစ်သည့် မြန်မာနိုင်ငံ ဘယ်တော့လောက် တိုးတက်မလဲ၊ ဘယ်တော့လောက်
အရှေ့ တောင်အာရှ၏ ကျားတကောင်ဖြစ်မလဲ ဟူသောမေးခွန်းကို အလွယ်ကူဆုံးဖြေရပါက သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ
နိုင်ငံ့ခေါင်းဆောင်များသည် တိုင်းပြည်မျက်နှာကိုသာကြည့်ကာ မြန်မာနိုင်ငံ၏ ဌာနဆိုင်ရာတော်တော်များများဝယ်
ကုတ် ကပ်နေရာယူထားသော အရည်အချင်းမပြည့်သူ မိုးကျရွှေကိုယ်များကို ထုတ်ပယ်၍ ကျွမ်းကျင်ပညာရှင်များကို
လူမှန် နေရာမှန် ခန့်ထားနိုင်သော တနေ့သည် ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်သို့
ပြန်ရောက်သော နေ့ဖြစ်သည်ဟု ရဲရဲကြီးပြော နိုင်ပါကြောင်း။
သရ၀ဏ် (ပြည်) Ko Nyi
သရ၀ဏ် (ပြည်) Ko Nyi
https://www.facebook.com/konyi.tharawon/posts/499773220041862
No comments:
Post a Comment