မောရစ်ကောလစ်ရဲ့ 'ဗမာပြည်က တရားခွင်များ' ဆိုတဲ့စာအုပ်မှာ ဆရာစံဦးဆောင်တဲ့ လယ်သမားသူပုန်တွေဟာ ခေတ် ပညာမတတ် အရေးအဖတ် ပေါင်းနှုတ်မြှောက်စား လောက်သာတတ်တဲ့သူတွေ ဆိုတော့ ဗြိတိသျှအစိုးရကို ဖြုတ်ချဖို့ ရှေးရိုးအစဉ်အလာ လက်နက်ကိုင် သူပုန်ထတဲ့ တနည်းပဲ သိတယ်၊ ခေတ်ပညာတတ် လူတန်းစားတွေကတော့ လွတ် လပ်တဲ့အစိုးရ ပေါ်ထွန်းလာရေး လွှတ်တော်ကနေ
တင်ပြ ကြိုးပမ်းကြတယ်လို့ဆိုတယ်။ ပညာတတ်တဲ့သူတွေက ပို အမြော်အမြင်ရှိတယ် လက်နက်ကိုင် သူပုန်ထမယ့်အစား နိုင်ငံရေးနည်းနဲ့ လိုချင်တာရယူဖို့ ကြိုးစားတယ်လို့ ဆိုလိုဟန် ရှိတယ်။ တနည်းအားဖြင့် လက်နက်ကိုင်တိုက်တာ လူမိုက်အလုပ် နိုင်ငံရေးနည်းနဲ့ လွှတ်တော်နိုင်ငံရေးကတဆင့် ကိုယ် လိုချင်တဲ့ ပန်းတိုင်ရောက်အောင် ကြိုးပမ်းတာ လူလိမ္မာအလုပ် ဆိုသလို ဖြစ်နေတယ်။ ဒီသဘောတရားက အနောက် နိုင်ငံတွေ ထပ်ဆင့်ဖြန့်ချိလာတဲ့ သဘောတရားတခုပဲ။ ဆရာစံရဲ့လယ်သမားအရေးတော်ပုံကတော့ A/S လက်နက်ကိုင် တော်လှန်ရေးပဲ။ ရှင်းပါတယ်။ ဓားဆွဲ လှံဆွဲ လက်လုပ် တူမီးသေနတ်နဲ့နေမ၀င်အင်ပါယာကို တော်လှန်တာ။ အင်္ဂလိပ် တွေဘက်က ကြည့်ရင်တော့ ဆရာစံတို့သူပုန်ထတာ ပေါကြောင်ကြောင် ရူးတူးတူးနဲ့မိုက်ရူးရဲ ဆန်တယ်။
အဲဒီခေတ်မှာလဲ ခုခေတ်လိုပဲ နိုင်ငံရေးနည်းနဲ့အဖြေရှာမယ်။ ညှိနှိုင်းဆွေးနွေး အဖြေရှာမယ်။ လွှတ်တော်နိုင်ငံရေးက တဆင့် လွတ်လပ်ရေးရအောင် ယူမယ်ဆိုတာမျိုးတွေ အဲဒီလမ်းကိုလျှောက်တဲ့ နိုင်ငံရေးသမားတွေ ရှိကြတယ်။ ၁၉၃၀ ဆရာစံတို့သူပုန်ထတဲ့ အချိန်မှာ ဗိုလ်အောင်ဆန်းနဲ့ သူနဲ့ခေတ်ပြိုင် တက်လူတွေတချို့က တက္ကသိုလ်တောင် မရောက် သေးဘူး။ နိုင်ငံရေးသမား လူကြီးတွေ ခေါင်းဆောင်ဆိုသူတွေကလည်း ထုံးစံအတိုင်း နိုင်ငံရေးနည်းနဲ့ လူလိမ္မာပီပီ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြတဲ့ အချိန်။ သိပ်မကြာဘူး ကျောင်းသားနိုင်ငံရေး ရေချိန်တက်လာတယ်။ ၁၉၃၆ တတိယ ကျောင်းသားသပိတ်ဖြစ်တယ်။ ဆရာစံတို့လို မီးကျိုးမောင်းပျက်နဲ့မတိုက်တော့သော်လည်း သပိတ်မှောက် ဆန္ဒပြတာတွေ ဆက်တိုက်လိုလို ဖြစ်လာတယ်။ ၁၉၃၈ မှာ သခင်ဖိုးလှကြီး ခေါင်းဆောင်တဲ့ ရေနံမြေသပိတ်ဖြစ်တော့ ကိုဗဟိန်းတို့ ကိုဗဆွေတို့ ကျောင်းသားတွေလည်း ပူးပေါင်းတိုက်ပွဲဝင်ကြတယ်။ လယ်သမားသူပုန်ထတာရဲ့ နောက် ဆက်တွဲ အလုပ်သမားသပိတ် ကျောင်းသားသပိတ်တွေ ဖြစ်လာတဲ့ အချိန်တွေမှာ နိုင်ငံရေးနည်းနဲ့အဖြေရှာ ပေးတာယူ ကျွေးတာစား စကားများများပြောတဲ့ လူလိမ္မာ နိုင်ငံရေးသမားတွေလည်း ရှိရဲ့။
လက်နက်ကိုင်တိုက်တာကို လူမိုက်အလုပ်ဆိုပြီးတော့ လမ်းပေါ်ထွက် ဆန္ဒပြ သပိတ်မှောက်တာကျတော့လည်း ဗြိတိ သျှအစိုးရက ရက်ရက်စက်စက် နှိမ်နင်းတာပဲ။ ဗိုလ်အောင်ကျော်ကျဆုံးရတယ်။ မန္တလေးမှာ အာဇာနည် ၁၇ ဦးကျဆုံးရ တယ်။ နယ်ချဲ့ အစိုးရကြိုက်တာ လက်ခံနိုင်တာ တနည်းပဲ သူတို့လူလိမ္မာနည်းလို့ဆိုတဲ့ နိုင်ငံရေးနည်းနဲ့အဖြေရှာတာ။ အခြေခံဥပဒေအတွင်းကပဲ နိုင်ငံရေးလုပ်ကြပါ ဆိုတာမျိုးပေါ့။ သူတို့က တော်လှန်ရေးသမားနဲ့ မပတ်သက်ချင်ဘူး။ သပိတ်မှောက်တာ လက်သင့်မခံဘူး။ နိုင်ငံရေးနည်းဆိုတာ အုပ်စိုးသူတွေ အလိုကျ ကစားလို့ရတာကိုး။ စကားများများ ပြောပြီး ကိုယ်လုပ်ချင်တာလုပ် လှည့်ချင်သလောက်လှည့်။ နိုင်ငံရေးနည်းဆိုတာ ဟုတ်နိုး ဟုတ်နိုးနဲ့မျှော်ရင်းမောရတဲ့ မသေချာ မရေရာတဲ့ နည်း။ လွှတ်တော်တွေ ရွေးကောက်ပွဲတွေက တဆင့် နိုင်ငံရေးနည်းနဲ့မဟုတ်ပဲ သွယ်ဝိုက်မနေဘဲ ကိုယ်လိုချင်တာကို လက်တွေ့ကျကျ ရအောင်ယူဖို့တိုက်ရိုက်လှုပ်ရှား တိုက်ပွဲဝင်တဲ့ DA (Direct Action) ကို ဘယ်အုပ် စိုးသူမှ လက်သင့်မခံဘူး။
DA ဆိုတာမှာလည်း လက်နက်ကိုင်တိုက်ပွဲတွေပါဝင်သလို လက်နက်မကိုင်ဘဲ တိုက်တဲ့ တိုက်ပွဲတွေလည်းပါတယ်။ ဗမာပြည်မှာ သပိတ်စုံ သူပုန်ထတယ်ဆိုတာ ကျောင်းသားသပိတ် အလုပ်သမား လယ်သမားသပိတ် စတဲ့ သပိတ်အင် အားစုတွေ စုံစုံလင်လင်နဲ့ လက်နက်ကိုင်တော်လှန်ရေး အပါအ၀င် အုံကြွတော်လှန်ကြတာ။ လေ့လာသူ ပညာရှင်တွေက တော့ သပိတ်ဆိုတာမှာ အမျိုးမျိုးရှိတယ်လို့ဆိုပြန်တယ်။ သူတို့ပြောတဲ့ သပိတ်စုံတယ်ဆိုတာ သပိတ်ပုံစံအမျိုးမျိုးကို ပြောတာ။ ပညာရှင်ဆိုတာတွေက တကယ်တမ်းကျ လက်တွေ့တိုက်ပွဲဝင်နေတဲ့ ကိုယ်တိုင်ကိုယ်ကျ နိုင်ငံရေး တော်လှန် ရေး လုပ်ကြသူတွေနဲ့ ပါတီအဖွဲ့အစည်းတွေကို ဘေးကနေ စည်းအပြင်ကနေ လေ့လာတာ ဝေဖန်သုံးသပ်တာ အားနည်း ချက် အားသာချက်တွေကို အဖြေရှာတာ စတဲ့အလုပ်တွေ လုပ်ကြတာ။ ဘယ်နည်းဘယ်ပုံ သပိတ်မှောက်တာ သပိတ် တားတာ ဆန္ဒပြတာ စီတန်းလှည့်လည်တာ မြေအောက်တော်လှန်ရေး ဘယ်လိုလုပ်လည်း ဘယ်လိုနည်းဗျုဟာတွေရှိ လည်း စသည်ဖြင့် ပွဲကြည့်ပရိသတ်နေရာကနေ ရှုမြင်သုံးသပ်ကြတယ်။
နိုင်ငံရေးသမား တော်လှန်ရေးသမားတွေကတော့ လက်တွေ့ကျကျ သမိုင်းသင်ခန်းစာ အတိတ်ကသင်ခန်းစာတွေနဲ့ ချင့်မျှော်ချိန်ထိုးပြီး ပိုပြီးထိရောက်မယ့် နည်းနာတွေ ဗျုဟာတွေကို ဖော်ထုတ် တိုက်ပွဲဝင်ကြတာ။ စည်းဝိုင်းအပြင်ကလူ နဲ့စည်းဝိုင်းထဲကလူ တွေးခေါ်ရှုမြင်ပုံချင်း ကွဲပြားကြပေမယ့် အပြင်ကလူရဲ့သုံးသပ်ချက်ကိုလည်း ပစ်ပယ်လို့ မသင့်ပြန် ဘူး။ သူတို့စိတ်ကူး အကြံအညဏ် ရှုမြင်သုံးသပ်ချက်တွေထဲကနေ လက်တွေ့ နိုင်ငံရေး တော်လှန်ရေး လုပ်တဲ့နေရာမှာ အသုံးဝင်မယ့် အရာတွေကို ထုတ်ယူသုံးနိုင်ဖို့လိုပြန်တယ်။ လက်နက်ကိုင်တိုက်ပွဲတွေပါတဲ့ အကြမ်းဖက် တိုက်ရိုက်လှုပ် ရှားမှုတွေကလွဲရင် အကြမ်းမဖက်တိုက်ရိုက်လှုပ်ရှားမှုတွေ တိုက်ပွဲတွေကတော့ အစုံအလင်ပဲ။ အလုပ်သမား သပိတ် တွေမှာဆိုရင် ချီတက်ဆန္ဒပြတာအပြင် အလုပ်မဆင်းဘဲ သပိတ်မှောက်ကြတာ၊ စက်ရုံအလုပ်ရုံတွေကို သိမ်းပိုက်ပြီး ထိုင်သပိတ်ဆင်နွှဲတာ၊ အလုပ်ချိန်သတ်မှတ်တာ လုပ်ခသတ်မှတ်တာ စက်ရုံအလုပ်ရုံတွေကို ဘယ်ပုံဘယ်နည်း လည် ပတ်မယ် ကုန်ပစ္စည်းဘယ်လောက်ထုတ်မယ် စတာတွေကအစ အလုပ်သမားတွေကိုယ်တိုင် စီမံအုပ်ချုပ် အာဏာသိမ်း ယူတာ စသဖြင့် အလုပ်သမားလှုပ်ရှားမှုတွေ အမျိုးမျိုးဖော်ဆောင် တိုက်ပွဲဝင်ကြတယ်။
အလုပ်သမားသပိတ်တွေဟာ တခြားသပိတ်တွေနဲ့ယှဉ်ရင် အနိုင် အရှုံး အဖြူအမည်းပေါ်တာ မြန်တယ်။ အားလုံးတက်ညီလက်ညီ အလုပ်မဆင်းတော့ဘူး ဆန္ဒပြတောင်းဆိုတာတွေလုပ်မယ်ဆိုရင် အနှေးနဲ့အမြန်ဆိုသလို အလုပ်ရှင်အနေနဲ့သပိတ်ခေါင်းဆောင်
တွေနဲ့ညှိနှိုင်းဆွေးရပြီ။ အလုပ်သမားမရှိတော့ စက်ရုံ အလုပ်ရုံတွေ လည်ပတ်လို့မရတော့ဘူး အလုပ်ရှင်တွေ အနေနဲ့အတိုင်းအတာတခုအထိ တင်းခံပြီး ခေါင်းမာနေလို့မရဘူး။ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ သပိတ်တွေ ဆန့်ကျင်ဆန္ဒပြတာတွေမှာတော့ ပုံမှန်လည်ပတ်နေတဲ့ အစိုးရရဲ့အုပ်ချုပ်ရေး ယန္တရားတွေ ရပ်ဆိုင်းသွားအောင် လုပ်ဖို့အတော်မလွယ်ဘူး။ အလုပ်သမားသပိတ်တွေမှာတောင် ကိုယ်တောင်းဆိုတာမရမချင်း သပိတ်ပုံစံ တမျိုးပြီးတမျိုးပြောင်းပြီး တိုက်ပွဲဝင်ကြ သပိတ်စုံပေါင်းပြီး တိုက်ပွဲဝင်ကြတာတွေ လုပ်ရတယ်။ အစိုးရကို ဆန့်ကျင်သပိတ်မှောက်တာမှာတော့ ပိုလို့ တောင် သပိတ်စုံ သူပုန်ထဖို့လိုလာတယ်။ အုပ်စိုးသူဆိုတာ သူတို့အကျိုးစီးပွားကို လုံးဝအထိမခံဘူး အုပ်ချုပ်ရေးယန္တရားမရပ်ဆိုင်းဖို့အရေး သူတို့အာဏာတည်မြဲဖို့အရေး နည်းမျိုးစုံသုံးပြီး နှိပ်ကွပ်ဖို့ဝန်မလေးဘူး။
လက်နက်ကိုင်တော်လှန်ရေးကို ဘေးဖယ်ထားပြီး ကြည့်မယ်ဆိုရင် ဗမာပြည်မှာ နယ်ချဲ့ ကိုပုန်ကန် အာဏာရှင်အဆက်ဆက်ကို တွန်းလှန်ကြတာမှာ ချီတက်ဆန္ဒပြတာ၊ သပိတ်စခန်းတွေဖွင့်တာ၊ လူထုအစည်းဝေးပွဲတွေလုပ်တာ စသဖြင့်သာ ရိုးရိုးရှင်းရှင်း ဆန့်ကျင်ဆန္ဒပြကြ သပိတ်မှောက်ကြတယ်။ တခြားနိုင်ငံတွေမှာလည်း လမ်းပေါ်ထွက် ဆန္ဒပြတာ သပိတ်သီချင်းတွေသီဆိုကြတာ ဆိုင်းဘုတ်ကိုင်ကြတာ အတူတူပါပဲ။ ဗမာပြည်မှာ ဖိနှိပ်မှုပြင်းထန်တဲ့အတွက် လမ်းပေါ်ထွက် ချီတက်ဆန္ဒပြတဲ့ အဆင့်ကိုကျော်လွန်ပြီးတော့ သပိတ်စခန်းတွေဖွင့် လူထုအစည်းအဝေးပွဲတွေ လုပ်နိုင်တဲ့အဆင့်ရောက်ဖို့ခဲယဉ်းတယ်။ သပိတ်စခန်းဖွင့်တယ်ဆိုတာလဲ ဖွင့်ချင်တဲ့နေရာ ရရာနေရာမှာ ဖွင့်တာမဟုတ်ဘဲ အချက်အချာကျတဲ့နေရာတွေမှာ သိမ်းပိုက်နေရာယူနိုင်မှ ထိရောက်တယ်။ အရေးပါတဲ့နေရာတွေ ရုံးတွေ အဆောက်အဦးတွေကို လူထုအားနဲ့ဝိုင်းဝန်းပိတ်ဆို့ပြီး သပိတ်တားတာတွေလဲ လုပ်နိုင်မှ ထိရောက်တယ်။
အာဏာရှင်အစိုးရတွေကတော့ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် တုံ့ ပြန်အရေးယူတတ်တော့ သပိတ်စုံဖို့ခက်တယ်။ လွတ်လပ်တဲ့နိုင်ငံတွေမှာတော့ ချီတက်ဆန္ဒပြတာတွေ လူထုအစည်းအဝေးတွေကို တရားဝင်ခွင့်ပြုပေးရတယ်။ ဒီနေ့ ဗမာပြည်မှာ ဒီမိုကရေစီအစိုးရပါလို့တွင်တွင်ကြွေးကြော်နေတဲ့ ဗိုလ်သိန်းစိန်အစိုးရအနေနဲ့ချီတက်ဆန္ဒပြတာတွေကို ခွင့်ပြုရုံတင်မက လူထုအစည်းအဝေးတွေကိုပါ ခွင့်ပြုပေးရမယ်။ ဟိုနားစုစု ဒီနားစုစုနဲ့အကန့်အသတ်နဲ့ဆန္ဒပြတာမဟုတ် ဆန္ဒထုတ်ဖော်ခွင့်ပြုထားတာဟာ လူကြားကောင်းအောင် ပရိတ်နာတဲ့ ကိစ္စပဲ။ သပိတ်စုံဖို့ဆိုတာတော့ စိတ်ကူးယဉ်ယုံပဲ ရှိတယ်။ လွတ်လပ်တဲ့ ဒီမိုကရေစီဆိုတဲ့ နိုင်ငံတွေမှာလည်း သပိတ်စုံလာရင် အချိန်တန်လို့လူစုမခွဲရင် အင်အားသုံးဖြိုခွဲတာပဲ။ ဒါပေမယ့် အများကြီး သက်သက်ညှာညှာနဲ့လုပ်ကြကိုင်ကြတာ။ ဗမာပြည်မှာတော့ နယ်ချဲ့ တော်လှန်ရေးခေတ်ကစလို့သပိတ်တပ်သားဖြစ်ပြီ ဆိုတာနဲ့သရဏဂုံတင်ထားပေတော့။
ဆရာစံ လယ်သမားသူပုန်ထတော့ လူမိုက်အလုပ်လို့ပြောချင်တဲ့ အင်္ဂလိပ်တွေ နောင် ဆယ်နှစ် ဆယ်ငါးနှစ်ရှိတဲ့အခါ တက္ကသိုလ်ဘွဲ့ ရ ခေတ်ပညာတတ် ဗိုလ်အောင်ဆန်းနဲ့အပေါင်းပါတစု လက်နက်ကိုင်တော်လှန်ရေးလုပ်တော့ ဘယ့်နှယ့်ရှိစ။ ဗိုလ်အောင်ဆန်းတို့တတွေဟာ နိုင်ငံရေးခေါင်းဆောင်ဆိုသူတွေ နိုင်ငံရေးနည်းနဲ့အဖြေရှာနေချိန် အကြမ်းမဖက် တိုက်ရိုက်လှုပ်ရှားမှုတွေဖြစ်တဲ့ ဆန္ဒပြတာ သပိတ်မှောက်တာတွေ လုပ်ခဲ့ကြတယ်။ နယ်ချဲ့ အစိုးရက အကြမ်းဖက် နှိမ်နင်းတယ်။ အလုပ်သမား လယ်သမား ကျောင်းသား အင်အားစုပေါင်းစုံတဲ့ သပိတ်တွေတင်မက သပိတ်ပုံစံမျိုးလည်းစုံအောင် တိုက်ပွဲဝင်ကြတယ်။ ဗြိတိသျှတွေကလည်း နည်းမျိုးစုံနဲ့နှိပ်ကွပ်တယ်။ သပိတ်စုံလို့မှ ကိုယ်လိုချင်တာ မရတော့ သူပုန်ထဖို့သာ ကျန်တော့တဲ့ အဆုံး ဗြိတိသျှ နေမ၀င်အင်ပါယာကို တော်လှန်ဖို့လူအယောက်သုံးဆယ်နဲ့ဘယ်ခေတ် ဘယ်အခါကမှ မရှိခဲ့တဲ့ ခေတ်မှီ ဗမာ့တပ်မတော်ကို ထူထောင်ဖို့အကြံဟာ လူလိမ္မာ နိုင်ငံရေးသမားကြီးတွေအတွက် မယုံနိုင်စရာ ရယ်စရာတောင် ကောင်းနေလိမ့်မယ်။
မျက်မှောက် ကမ္ဘာ့ နိုင်ငံရေးအခင်းအကျင်းကို ကျကျနန သုံးသပ်လေ့လာပြီး ကိုယ့်နိုင်ငံအကျိုးအတွက် ဘယ်နည်းဘယ်ပုံ ဆက်စပ်လုပ်ကိုင် ဆောင်ကျဉ်းလို့ရမလဲဆိုတာကို ညဏ်လွှာသုံးလို့လိုအပ်တဲ့ ခရီးတွေထွက် အကူအညီတွေယူ စသဖြင့် တကယ့် တော်လှန်ရေးကြီး ဆင်နွှဲကြတယ်။ အခုခေတ်လို ဟိုနိုင်ငံကခေါ်သွားလိုက် ဒီနိုင်ငံကခေါ်သွားလိုက် ဟိုဟာ လေ့လာသလိုလို ဒီဟာ လေ့လာသလိုလို ပေါ်ပင်နိုင်ငံရေး လုပ်ခဲ့ကြတာ မဟုတ်ဘူး။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ကိုယ်တကယ် လိုအပ်တဲ့ အကူအညီကို ထိထိရောက်ရောက် မရယူနိုင်သရွေ့ကမ္ဘာပတ်နေလည်း ဗမာပြည်အနှံ့ ဘုရားစုံ လည်ဖူးသလို ဖြစ်နေမယ့် ဘုရားဖူး နိုင်ငံရေး ဘုရားစူးနိုင်ငံရေးပဲ ဖြစ်နေလိမ့်မယ်။ ဘုရား တဆူနဲ့တဆူ ကြီးသည်ငယ်သည် လှိုဏ်ဘုရား ဂူဘုရား စသဖြင့် သွင်ပြင်လက္ခဏာတွေကို မြင်ဖူးလိုက်တာတခုတည်းနဲ့တရားထူး မရနိုင်သလိုပဲ ဘယ်နိုင်ငံမှာဖြင့် ဘာနိုင်ငံရေးစနစ်ကို ကျင့်သုံးတယ် ဘယ်လိုငြိမ်းချမ်းရေး ဖော်ဆောင်တယ် ဘယ်နည်းဘယ်ပုံ နိုင်ငံရေးအကူးအပြောင်းတွေ လုပ်ကြတယ် ဆိုတာဟာ တပါတ်ဆယ်ရက် ပတ်ကြည့်ယုံနဲ့ထဲထဲဝင်ဝင် မသိရှိနိုင်ဘူး။
အင်္ဂလိပ်ကိုတော်လှန်တုန်းကလည်း အကူအညီပေးတဲ့ နိုင်ငံခြားအစိုးရတွေဆိုတာ သူတို့အကျိုးစီးပွားအတွက် ဦးတည်ပြီး လုပ်ကြကိုင်ကြတာ။ ဒါပေမယ့် ကိုယ်လိုအပ်နေတာဘာလဲ ဘယ်လိုအကူအညီက ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်အောင် အထောက်အပံ့ဖြစ်မလဲဆိုတာကို အသအချာ သုံးသပ်စဉ်းစားပြီးမှ လိုအပ်တဲ့ အကူအညီကိုယူပြီး ကိုယ်ရည်ရွယ်ရာကို ရောက်အောင် ချီတက်ကြတယ်။ ဗိုလ်အောင်ဆန်းနဲ့တခြားခေါင်းဆောင်တွေကတော့ သူပုန်ထဖို့အဓိကရည်ရွယ်ချက်ဖြစ်တဲ့အတွက် သူတို့ကို လက်နက်တပ်ဆင်ပေးမယ့် လက်နက်ကိုင် သင်တန်းပေးမယ့် စစ်ကူတိုက်ပေးမယ့် လူကိုရှာကြတယ်။ သူတို့က သပိတ်စုံအောင် နွှဲခဲ့ပြီဆိုတော့ သူပုန်ထဖို့ပဲ ကျန်တော့တာကိုး။ မျက်မှောက် ဗမာ့နိုင်ငံရေးမှာရော လူလိမ္မာနည်းကိုရွေးမလား လူမိုက်နည်းကိုရွေးမလား ဗိုလ်အောင်ဆန်းတို့လို လူလိမ္မာတွေ လူမိုက်အလုပ်လုပ်သလို လုပ်ကြမလားဆိုတာကို စဉ်းစားကြဖို့အချိန်တန်ပြီ။
ရဲဘော်အောင်
၁၇၊ ၅၊ ၂၀၁၃။
မူရင်း.. Yebaw Aung (Notes) on Friday, May 17, 2013 at 6:23am
No comments:
Post a Comment