နိဒါန်း
ဗမာပြည်လူဦးရေရဲ့ အများစု (လူဦးရေရဲ့ ၇၀%) ဟာ မဟာပထဝီမြေကြီးကို မဏ္ဍိုင်ပြုပြီး မိမိလုပ်အားနဲ့ ပေါင်းစပ်ကာ အသက်မွေးဝမ်းကြောင်း ပြုနေကြသူများဖြစ်တယ်။ ထိုသူတွေက မြေကြီးဟာ သူတို့ရဲ့အသက်၊ မြေကြီးဟာ သူတို့ရဲ့ ဘဝ၊ မြေကြီးဟာ သူတို့ဘဝရဲ့ မျှော်လင့်ခြင်းအနာဂါတ်အဖြစ်
သဘောထားခဲ့ကြတယ်။
သို့သော် မကြာမီ ဆယ်စုနှစ် ၂ ခု အတွင်းက တကယ့်အဖြစ်အပျက်တွေဟာ သူတို့ရဲ့ ဘဝ၊ သူတို့ရဲ့ မျှော်လင်းခြင်း အ နာဂါတ်တွေကို တစစီ,တစစီ အဖျက်ဆီးခံခဲ့ရတယ်။ ယနေ့ထိဖျက်ဆီးခံနေရဆဲဖြစ်တယ်။ လူ့အဖွဲ့အစည်းထဲက ပေါ် ထွက်လာတဲ့ နိုင်ငံတော်အစိုးရဆိုတဲ့ ဆိုးသွမ်းအင်အားစုတခုက သူတို့ရဲ့မြေယာတွေကို အင်အားသုံးပြီး သိမ်းပိုက်ခဲ့ ကြတယ်။ သူ့တို့ဘဝတွေနဲ့ တူတဲ့၊ သူတို့ သွေးသားတွေနဲ့ တူတဲ့ မြေယာတွေကို အဓမ္မလုယက်ခြင်းခံလိုက်ရတယ်။ နိုင်ငံတော်အစိုးရဆိုတဲ့ လူ့အဖွဲ့အစည်းထဲက ထူးခြားအင်အားစုတခုရဲ့ နိုင်လိုမင်းထက်ပြုမှုခြင်းကို စွမ်းအားမဲ့စွာဖြင့် ခေါင်းငုံ့ခံလိုက်ကြရတယ်။
မြေကြီးဟာ သူတို့ဘဝရဲ့ အသက်သခင်အဖြစ် သဘောထားသူတွေအကြား နိုင်ငံတော်အစိုးရရဲ့ မြေယာလက်ဝါးကြီး အုပ် သိမ်းပိုက်မှုက ရုတ်ချည်းဝင်ရောက်လာတယ်။ ဗမာပြည်ကျေးလက်လူ့အဖွဲ့အစည်းအတွင်းသို့ လူမှုရောဂါကပ်ဆိုး တခု ထပ်မံဝင်ရောက်လာခြင်း ဖြစ်တယ်။ ကျေးလက်လူ့အဖွဲ့အစည်းအတွင်းမှာ ဂဏာမငြိမ်မှုတွေဖြစ်ပေါ်စေတယ်။ ဒီလှုပ်ခတ်မှုဂယက်ဟာ ယာယီမဟုတ်၊ တနေရာတည်းမဟုတ်ဘဲ လူ့အဖွဲ့အစည်းရဲ့ နေရာအနှံ့အပြားသို့ လျင်မြန်စွာပဲ ကူး စက်ပျံ့ပွားခဲ့တယ်။ ကပ်ရောဂါ ခံစားနေရတဲ့ အသံတွေ နေ့စဉ်ရက်ဆက် ထောင့်ပေါင်းစုံက ကြားသိနေရတယ်။ ထိုအသံများကို နားထောင်မိသူတိုင်း ခံစားချက်ဖြစ်ပေါ်စေခဲ့တယ်။ ကပ်ရောဂါရဲ့ အရင်းအမြစ်ကို ရှာဖွေခြင်း၊ ခွဲခြမ်း စိတ်ဖြာခြင်းများ အနှေးနဲ့ အမြန်ပြုလုပ်ဖို့လိုလာနေပြီ။
ထိုအသံတွေထဲမှာ ဒီမိုကရေစီအကြောင်း၊ လူ့အခွင့်ရေးအကြောင်း၊ တရားမျှတမှုအကြောင်း၊ ငြိမ်းချမ်းရေးအကြောင်းဆို တဲ့ လောကပါလတရားများလည်း ပူးတွဲကပ်ပါလာနေတာကိုပါ ကြားသိနိုင်တယ်။ ကျေးလက်လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူမှုပြဿနာများအပေါ်၊ လူပုဂ္ဂိုလ်တဦးချင်း၊ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းတခုချင်းစီက ဘယ်လိုရှုမြင်သုံး သပ်ကြသလဲ၊ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတဲ့မေးခွန်းများလည်း အနှေးနဲ့အမြန်ပေါ်ထွက်နေတယ်။
ထိုအသံများရဲ့ လှိုင်းဂယက်ဟာ ဗမာပြည် လူ့အဖွဲ့အစည်းထဲမှာ ဖြစ်တည်လာနေတဲ့ လူမှုပဋိက္ခကြီးတခုရဲ့ လှုပ်ရှားရုန်း ကန်သံများဖြစ်တယ်။ အသံလှိုင်းတွေဟာ အပူလှိုင်းတွေအဖြစ်သို့ ကူးစက်ပျံနှံ့လာမယ့် အသွင်ဆောင်လာနေတယ်။ ယခု တင်ပြချက်ဟာ အထူးထူး၊ အထွေထွေသော ပုဂ္ဂိုလ်ကြီး/ငယ်များ စဉ်းစားဆင်ခြင်နိုင်ရန် တဒေါင့်တနေရာမှ ရရှိတဲ့ အချက် အလက်များဖြင့် ထင်မြင်၊ ယူဆချက်များကို တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ ဖော်ပြပါအချက်အလက်တွေက အခြေ အနေအရ လက်လှမ်းမီ ခွင့်ပြုသလောက်လေးနဲ့ စုဆောင်းထားမိတယ်။ ထိုအချက်အလက်များရ နိုင်ငံတော်အစိုးရရဲ့ မြေယာသိမ်းပိုက်မှု ပြဿနာကြောင့် လူ့အဖွဲ့အစည်းနဲ့ဆိုင်တဲ့ ရောဂါကပ်ဆိုးတခု ဖြစ်ပေါ်လာရတယ်ဆိုတာ အလွယ်တ ကူ ကောက်ချက်ချနိုင်တယ်။
အခြေအနေကား လူမှုကပ်ရောဂါရဲ့ ဇာစ်မြစ်တော့မြင့်တွေ့နေရပြီ။ ဒီရောဂါကပ်ကို ဘယ်လိုကုသကြမလဲဆိုတဲ့ မေးခွန်း ကို ဝိုင်းဝန်း အဖြေရှာဖို့ တင်ပြရုံ သက်သက်ပါပဲ။
၁။ ကျေးလက်လူ့အဖွဲ့အစည်းအတွင်းသို့ လူမှုရောဂါကပ်ဆိုးတခု တိုးဝင်လာခြင်းရဲ့ အကြောင်းအရင်း
၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီ အရေးတော်ပုံကြီးပေါ်ပေါက်လာလာခဲ့တယ်။ အောင်ပွဲမရလိုက်ဘဲ အရေးတော်ပုံကြီးဟာ တဖြေးဖြေးနဲ့ နောက်ဆုတ်လိုက်ရတယ်။ အရေးတော်ပုံရဲ့ တောင်းဆိုချက်အချို့ရလိုက်ပေမဲ့ အပြည့်အဝမရရှိခဲဘူး။ အ ကြောင်းမှာ အရေးတော်ပုံကို စစ်တပ်က ချေမှုန်းလိုက်ပြီး နိုင်ငံရေးအာဏာ အလုံးစုံကို စစ်တပ်က သိမ်းပိုက်လိုက်လို့ပဲ။ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို စစ်အစိုးရက လုံးဝချုပ်ကိုင်လိုက်တယ်။ ဗမာပြည်နိုင်ငံရေးဇာတ်ခုံပေါ်မှာတော့ နဝတ/နအဖ စစ်အစိုးရဆိုတဲ့ နာမည်ဆိုးဖြင့် လူသိများခဲ့တယ်။
ရှစ်လေးလုံး အရေးတော်ပုံကြီး တဖြေးဖြေးနောက်ဆုတ်ရပြီးနောက်ပိုင်း၊ စစ်အစိုးရက စစ်ဏာရှင်စနစ်ကို ဗြောင်ထူ ထောင် လိုက်ပါတယ်။ စစ်အစိုးရက တိုင်းပြည်ရဲ့ အချုပ်အခြာအဏာအဝဝကို ချုပ်ကိုင်လိုက်မိတာနဲ့ တပြိုင်နက်တည်း စစ်တပ် အင်အား (ရုပ်ပိုင်းဆိုင်ရာ) တိုးပွားဖို့၊ ကြီးထွားဖို့ ပထမဦးစားပေးအနေနဲ့လုပ်ဆောင်လာခဲ့တယ်။ ခြေလှမ်းအ စမှာ "တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်" ဆိုတဲ့ အသံပေးပြီး မြေယာသိမ်းပိုက်မှု လုပ်ငန်းတွေ စတင်ခဲ့တာပဲ။
မြေယာသိမ်းပိုက်မှု အခြေအနေတွေကို လေ့လာတဲ့အခါ အစောဆုံးတွေ့ရတာက မန္တလေးတိုင်း၊ ပုလိပ်မြို့နယ်အတွင်း ကျေးရွာ ၁၀ မှ လယ်သမားများ ပိုင်ဆိုင်တဲ့ လယ်မြေ၊ ယာမြေတွေကို သိမ်းဆည်းလိုက်ခြင်းပါပဲ။ မြေဧက ၂ သိန်း (၂၀၀,၀၀၀) ကျော်ကို စစ်တပ်က ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလ၊ စစ်အာဏာသိမ်းပြီးကာလမှပဲ သိမ်းပိုက်လိုက်ခြင်းဖြစ် တယ်။ နောက်ထပ်တွေ့ရတာကတော့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဘောင်းပြင်းကျေးရွာအုပ်စုမှ မြေဧကပေါင်း ၁၂၀၀၀ ကျော် ကို ကပစ (၈) က သိမ်းပိုက်တာဖြစ်တယ်။ သိမ်းပိုက်တဲ့ခုနှစ်က ၁၉၈၈ ခုနှစ် ဒုတယနှစ်ဝက်မှာ ဖြစ် တယ်။
အဲဒီနောက် ဆက်တိုက်ဆိုသလို ဗမာပြည်ရဲ့နေရာတိုင်းမှာ၊ လက်နက်ကိုင်စစ်တပ်များတည်ရှိရာ နေရာတိုင်းမှာ၊ တိုင်းနဲ့ ပြည်နယ်တိုင်းမှာ မြေယာသိမ်းပိုက်မှုတွေဖြစ်ပေါ်ခဲ့တယ်။ အနဲအများသာကွာခြားမှုရှိတယ်။ ဒါပေမဲ့ မြေယာသိမ်းပိုက်မှု နဲ့ ပတ်သက်လို့ အသံမကြားရတာက ချင်းပြည်နယ်တခုတည်းပဲရှိခဲ့တယ်။ ဒါကလည်း ချင်း ပြည်နယ်နဲ့ ပတ်သက်တဲ့ သ တင်းအချက်အလက်ရရှိမှု မပြည့်စုံခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီအရေးတော်ပုံကြီး နောက်ဆုတ်လိုက်ရတာနဲ့တပြိုင်နက် အာဏာသိမ်း စစ်အုပ်စုရဲ့ ခြေ လှမ်းတွေက တမိုးလုံးသူ့ဖျောက်ဆိပ် ဖြစ်လာတယ်။ ဒီမိုကရေစီအရေးတော်ပုံကို ချေမှုန်းလိုက်နိုင်လို့ အောင်သေ, အောင်သား စားတဲ့အနေနဲ့ လယ်သမားတွေရဲ့ မြေယာများအပေါ် ဆိုင်းပုဒ်တင်၊ ငုတ်တိုင်စိုက်ကာ တပ်ပိုင်မြေအဖြစ် သိမ်းပိုက်လိုက် ကြတာဖြစ်တယ်။
ဆယ်စုနှစ် ၂ စု လောက်ကြတဲ့အခါ တပြည်လုံးအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် စိုက်ပျိုးမြေ မြေဧက သန်းချီ သိန်းချီပြီး စစ်တပ်ရဲ့ အဓမ္မသိမ်းပိုက်မှုကို ခံလိုက်ရတယ်။
ဒီအဖြစ်အပျက်တွေကြောင့်ပဲ ဗမာပြည်လူ့အဖွဲ့အစည်းရဲ့ ပင်မကျောရိုးထဲကို လူမှုရောဂါကပ်ဆိုးတခု ထပ်မံဝင်ရောက် လာရခြင်းဖြစ်တယ်။ လူထုတွေရဲ့ပခုံးပေါ် ကြီးမားလေးလံတဲ့ ထမ်းပိုးတချောင်း ထပ်မံတိုးလာခြင်းလို့ပဲ ယူဆရမယ်။
၂။ နိုင်ငံတော်အစိုးရရဲ့ လက်ဝါးကြီးအုပ် မြေယာသိမ်းပိုက်မှုကို ဘယ်အရာတွေက တွန်းဆော်ပေးနေသလဲ?
စစ်တပ်က အာဏာသိမ်းပြီးနောက် " တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" ဆိုတဲ့ စစ်တပ်ရဲ့ ဗိုလ်ကျစိုးမိုးရေး ကြွေးကြော်သံကို လွှင့်တင်လိုက်ပြန်တယ်။ မီဒီယာကို အသုံးပြုပြီး ကျယ်ကျယ်လောင်လောင်၊ ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်ချိခဲ့တယ်။ တကယ်တော့ ဒီကြွေးကြော်သံဟာ အာဏာသိမ်း စစ်အစိုးရရဲ့ နိုင်ငံရေးကြွေးကြော်သံကို ပဲ့တင်သံ ပေး လိုက်တာပါ။ ဒီကြွေးကြော်သံဟာ စစ်အစိုးရရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို အနှစ်ချုပ်ဖော်ပြထားတာဖြစ်တယ်။
လူထုက စစ်တပ်ကို မှီခိုအားထားကြဖို့ ရည်ရွယ်တဲ့ ကြွေးကြော်သံဖြစ်တယ်။ လူထုအထက်မှာ စစ်အုပ်စု ရှိတယ်။ စစ် အစိုးရရှိတယ်၊ စစ်သားရှိတယ်။ စစ်တပ်ရှိတယ်ဆိုတာကို မကွယ်မဝှက် ဖော်ပြတဲ့ နိုင်ငံရေးကြွေးကြော်သံဖြစ်တယ်။ အနှစ် သာရအားဖြင့် လူထုကို ခြိမ်းခြောက်ဖို့၊ လူထုကို စစ်ကျွန်ပြုဖို့ဖော်ထုတ်လိုက်တဲ့ ကြွေးကြော်သံဖြစ်တယ်။ မြေယာ သိမ်းပိုက်ခြင်းကို အခြားအဓိပ္ပါယ်နဲ့ ဖွင့်ဆိုမယ်ဆိုရင် လိမ်ညာပြောဆိုကြတာပဲဖြစ်မယ်။
သို့သော် စစ်အစိုးရဟာ နိုင်ငံရေးကြွေးကြော်သံ ဖော်ထုတ်ရုံနဲ့ နိုင်ငံရေးအာဏာတည်မြဲလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ပါ။ ဒီကြွေးကြော်သံကို လက်တွေ့ အကောင်အထည်ဖော်ဖို့ နေ့မနား ညမအား ကြံစည်အားထုတ်ရတော့တယ်။ လက်တွေ့လုပ်ငန်းစဉ်များချမှတ်ပြီး၊ စီမံကိန်းတကျလုပ်ဆောင်လာခဲ့တယ်။ အထူးသဖြင့် အာဏာသိမ်း စစ်အစိုးရဟာ နိုင်ငံရေးအာဏာထိန်းသိမ်းဖို့၊ တိုးချဲ့ဖို့(သားစဉ်မြေဆက်ချူပ်ကိုင်နိုင်ဖို့) အတွက် စီးပွားရေးအခြေခံအုတ်မြစ် ခိုင်ခန့်ဖို့ လိုအပ်လာတယ်။ ဒီ လိုအပ်ချက်တွေကပဲ မြေယာသိမ်းပိုက်မှုတွေကို တွန်းဆော်လိုက်တာဖြစ်တယ်။ ဒီလိုအပ်ချက်ကို အလျင်အမြန်ဖြည့်ဆည်းဖို့ အာဏာသိမ်းစစ်အစိုးရဟာ နည်းသဏ္ဌာန်ပေါင်းစုံ ရှာဖွေ၊ ကျင့်သုံးလာရတော့တယ်။
တကယ်တော့ အာဏာသိမ်းစစ်အစိုးရဟာ နိုင်ငံရေးအရဖိနှိပ်မှုနဲ့ စီးပွားရေးအရ လက်ဝါးကြီးအုပ်မှုတို့ တွဲဖက်ကျင့်သုံး ကာ ဗမာပြည်နိုင်ငံရေးဇာတ်ခုံပေါ်သို့ တက်လှမ်းလာခဲ့တာဖြစ်တယ်။ အာဏာသိမ်းပြီး ချက်ခြင်းဆိုသလိုပဲ လက်နက် ကိုင်တပ်ဖွဲ့များကို မဏ္ဍိုင်ပြုပြီး တိုင်းပြည်တဝှမ်းလုံးရှိ မြေယာအများအပြားကို အမြန်နှုန်းနဲ့သိမ်းပိုက်ခဲ့ကြတယ်။ စစ်အုပ် စုဟာ ၎င်းတို့ရဲ့ မြေယာသိမ်းပိုက်ရေး အစီအစဉ်ကို မနားတမ်းဆောင်ရွက်မှသာ လက်ဝါးကြီးအုပ်စီးပွားရေးစနစ်ကို ရှင် သန်ကြီးထွားစေမှာဖြစ်တယ်။ မြေယာသိမ်းပိုက်ရေးအစီအစဉ်ဆိုတာ လက်ဝါးကြီးအုပ်စီးပွားရေးစနစ်ကို မ တင်ပေးမဲ့ အရေးကြီးတဲ့ စီးပွားရေးဒေါက်တိုင်တခုဖြစ်တယ်ဆိုတာ မြင်တွေ့လာရပြီ။
မြေယာနဲ့ပတ်သက်ရင် အာဏာသိမ်း စစ်အစိုးရအတွက် အခကြေးငွေမပေးရပဲ အလွယ်တကူရရှိနိုင်တဲ့ သဘာဝအရင်း အနှီးတခုဖြစ်တယ်။ မြေယာများသိမ်းပိုက်ပြီး တစုံတရာတည်ငြိမ်လာတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ထွက်ပေါ် လာတယ်။ သိမ်းပိုက်မြေယာတွေ လက်မလွှတ်ရရေးအတွက် ဥပဒေကြောင်းအရ အကာအကွယ်လိုလာတယ်။ ဒီလိုနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေရဲ့ ပုဒ်မ ၃၇ (က) ဟာ စစ်အုပ်စုရဲ့ မြေယာသိမ်းပိုက်မှုကို အကာအကွယ်ပေးတဲ့ ဥပဒေ အဖြစ် ပေါ်ထွက်လာတယ်။ ပုဒ်မ ၃၇ (က) ရဲ့ ပြဋ္ဌာန်းချက်ကတော့ နိုင်ငံတော်သည် "နိုင်ငံတော်ရှိ မြေယာအားလုံး၊ မြေပေါ်မြေ အောက်၊ ရေပေါ်ရေအောက် နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်" ဟု ဗြောင်ကျကျပြောဆိုထားတယ်။
ဒီ ဥပဒေပါ ပုဒ်မအရ တိုင်းပြည်ရှိ မြေယာအားလုံးကို အာဏာရအစိုးရကပဲ ပိုင်ဆိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အဲဒီ ဥပဒေမှာပါရှိတဲ့ စာတကြောင်း၊ နှစ်ကြောင်းလောက်နဲ့တင် တိုင်းပြည်ရှိ မြေယာအားလုံးကို အာဏာရှိသူတိုင်းက စိတ် တိုင်းကျ စီရင်ပိုင်ခွင့်၊ ချယ်လှယ်ပိုင်ခွင့် ရလိုက်ပြီဆိုတဲ့ သဘောပဲ။ ဒီဥပဒေကို လက်ကိုင်ပြုပြီး မြေယာသိမ်းပိုက်ရေး အစီအစဉ်ကို လွယ်ကူချောမွေ့စေလိုက်တယ်။ မြေယာတွေ တနင့်တပိုး သိမ်းပိုက်ထားလိုက်ခြင်းအားဖြင့် အာဏာသိမ်း စစ်အစိုးရရဲ့ စီးပွားရေးလိုအပ်ချက်ကို ဖြည့်တင်း ပေးလိုက်သလိုပါပဲ။ အာဏာနဲ့ စီးပွားရှာတဲ့နည်းဖြစ်တယ်။ ဒီနည်းက အာဏာရစစ်အုပ်စုနဲ့ အပေါင်းပါ (Cronies) များအတွက် အရင်းအနှီးများများမလိုဘဲ အကျိုးအမြတ်များများရစေမဲ့ နည်း နာဖြစ်တယ်။ ဒီနည်းနာဟာ စစ်အာဏာရှင်စနစ်ရဲ့ စီးပွားရှာတဲ့နည်းနာ သို့မဟုတ် အရင်းအနှီးစုဆောင်းတဲ့ နည်းနာတခု အဖြစ် ထင်ရှားကျော်ကြားစေခဲ့တယ်။
လက်နက်ကိုင်တပ်ဖွဲ့ကို ကျောထောက်နောက်ခံပြုထားတဲ့ စစ်အစိုးရအတွက် မြေယာရရှိဖို့ အခက်အခဲမရှိခဲ့ပါ။ တော ရိုင်းထွင်၊ တောင်ယာခုတ် စရာမလို၊ ပေါက်တူးပေါက်စရာမလိုဘဲ သေနတ်နဲ့ ကျယ်ပြန့်တဲ့မြေယာများကို ဖန်တီး၊ ချုပ် ကိုင်၊ စီရင်နိုင်ခွင့်ရရှိထားခဲ့ကြတယ်။ နှစ်ပေါင်း ၂၅ နှစ်ခန့်အတွင်းမှာ စစ်အုပ်စု၊ စစ်အစိုးရဟာ မြေယာတွေကို သေနတ် နဲ့ ခွဲဝေ (လုယက်) ယူထားလိုက်ကြပြီ။ သေနတ်နဲ့ စီးပွားရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ခဲ့ကြပြီ ဖြစ်တယ်။
တဖက်မှာတော့ သေနတ်ကြောင့် လယ်သမားတွေ မြေမဲ့၊ယာမဲ့ ဖြစ်သွားတယ်။ သေနတ်ကြောင့် လူထုတွေဟာ ဆင်းရဲ မွဲ တေမှုတွေ ဖြစ်ခဲ့ရတယ်။ သေနတ်ကြောင့် ကျေးလက်နေလူထုတွေရဲ့ နေထိုင်မှုဘဝတွေဟာ ရေစီးကမ်းပြိုလိုက်သ လို တအိအိ ပြိုဆင်းနေတယ်။ ဒီအဖြစ်အပျက်များဟာ မျက်စေ့အောက်တွင် ဖြစ်ပျက်သွားခဲ့တာဖြစ်တယ်။ အာဏာ သိမ်းစစ်အ စိုးရရဲ့လုပ်ရပ်တိုင်းဟာ ဘယ်အုပ်စိုးသူနဲ့မှ မတူတဲ့ ဖိနှိပ်မှုနည်းမျိုးစုံကို ကျင့်သုံးပြီးမှသာ လုပ်ငန်းတွေအ ကောင်အထည် ဖော်နိုင်ခဲ့တာဖြစ်တယ်။ ဒီဖြစ်စဉ်အတွင်းမှာတော့ မြေယာသိမ်းခံရတဲ့ လယ်သမားတွေအနေနဲ့ မကြေ နပ်မှုတွေကို အံကြိတ်ခံစားနေခြင်းမှတပါး ဘာမျှမတတ်စွမ်းနိုင်ခဲ့။ သို့သော် ဆယ်စုနှစ် ၂ ခု ကျော်လွန်လာပြီးတဲ့နောက် အခြေအနေဖြစ် ထွန်းလာမှုကိုကြည့်ရင် လယ်သမားတွေဟာ အံကြိတ်ခံစားနေရမှုကနေ လှုပ်ရှားရုန်းကန်မှုဘက်သို့ ပြောင်းလဲရွေ့လျား လာနေတာတွေ့လာရပြီ။
၃။ လက်ဝါးကြီးအုပ် မြေယာသိမ်းပိုက်မှုကို စေ့ဆော်ပေးခဲ့တဲ့ လတ်တလော အကြောင်းအချက်များ။
(၁) တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးရေး ခေါင်းစဉ်အောက်ကနေပြီးမြေယာသိမ်းပိုက်ခြင်း။
မြို့ပြအိမ်ယာများတိုးချဲ့ခြင်း၊ လမ်းဖောက်ခြင်း၊ တံတားဆောက်လုပ်ခြင်း၊ ဆည်မြောင်း၊ တာတမံများ တူးဖော်၊ တည် ဆောက်ခြင်းဖြင့် စစ်အစိုးရဟာ ဘယ်ခေတ် ဘယ်အခါ၊ ဘယ်သူနဲ့ မှမတူတဲ့ အစိုးရဖြစ်ကြောင်း လေလုံးထွား၊ ဂိုက်ဖမ်းခဲ့ တယ်။ တဖက်က တည်ဆောက်ရေးလုပ်ငန်းတို့၊ ဖွံ့ဖြိုးရးလုပ်ငန်းတို့ဖြင့် ကြွေးကြော်သံပေးခဲ့တယ်း ။ အခြားတဖက်မှာ တော့ လူထုတွေရဲ့ဘဝဟာ အချိန်နဲ့အမျှ ဘဝတွေအဖျက်ဆီးခံနေရတယ်။ တကယ်တော့ ထိုလုပ်ငန်းများကို အမှီပြုပြီး တော့ အုပ်စိုးသူလူတန်းစားတွေဟာ နေ့ချင်းညချင်း ကြွယ်ဝချမ်းသာလာခဲ့ကြတယ်။ မြေယာအသိမ်းခံရတဲ့ လယ်သမား တွေ ကတော့ နေ့ချင်း ညချင်း စီးပွားပျက်ပြီး ဘဝတွေ ပြိုကွဲခဲ့ရတယ်။
(၂ ) စစ်တပ်တိုးချဲ့ဖွဲ့စည်းရေးခေါင်းစဉ်ဖြင့် မြေယာသိမ်းပိုက်ခြင်း
အာဏာသိမ်းစစ်အစိုးရဟာ နိုင်ငံရေးအာဏာကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ တိုးချဲ့ဖို့လိုအပ်ချက်ရှိလာတယ်။ ဒီ လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်တာက လက်နက်ကိုင်တပ်ဖွဲ့များပြားရေးနှင့် ကျယ်ပြန့်ရေးတို့ဇြစ်တယ်။ လက်နက်ကိုင် တပ်ဖွဲ့ များတိုးချဲ့ရေးနဲ့ အာဏာဆက်လက်ထိန်းသိမ်းနိုင်ရေးတို့ဟာ အပြန်အလှန်ဆက်စပ်၊ မှီခိုနေကြတယ်။ တပ်တိုးချဲ့ရေး စီမံကိန်းများကလည်း မြေယာသိမ်းပိုက်မှုကို ဖြစ်ပေါ်စေတဲ့ တွန်းအားတရပ်ဖြစ်တယ်။
(၃) ခေတ်မှီနိုင်ငံတည်ဆောက်ဖို့ စက်မှုဇုန်များတိုးချဲ့တည်ဆောက်ရန်ခေါင်းစဉ်ဖြင့် မြေယာများကိုသိမ်းပိုက်ခြင်း
ခေတ်မှီနိုင်ငံတော်ကြီး တည်ထောင်ဖို့ စက်မှုဇုံများဖန်တီးခဲ့ကြတယ်။ ဖန်တီးတည်ထောင်မှုတိုင်းရဲ့ နောက်မှာ မြေယာ များ သိမ်းပိုက်ရေးအစီအစဉ် တွဲပြီးကပ်ပါလာတယ်။ တကယ်ဆို စက်မှုဇုံများတိုးချဲ့ရတဲ့ အကြောင်းကတော့ စစ်အစိုးရ ရဲ့ လက်ဝါးကြီးအုပ်စီးပွားရေးလုပ်ငန်းများ ရှင်သန်ကြီးထွားဖို့ဖြစ်တယ်။ သို့သော် ဗမာပြည်လူ့အဖွဲ့အစည်းအနေနဲ့ စက်မှု လုပ်ငန်း တိုးတက်ဖွံ့ဖြိုးစေမဲ့ ရေခံမြေခံ (နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ် ဖောက်ပြန်မှုကြောင့်) ကောင်းမရှိခဲ့ဘူး။
စက်မှုဇုန်များအတွက် မြေယာများသိမ်းပိုက်လိုက်ပေမဲ့ စက်မှုလုပ်ငန်းတွေက သိသာထင်ရှားတဲ့ တိုးတက်မှုမရှိခဲ့ဘူး။ သိမ်း ပိုက်ထားတဲ့ မြေယာများကိုသာ အိမ်နေရာ အကွက်ရိုက်ပြီး ရောင်းချစားတတ်တဲ့ စီးပွားရေးလုပ်ငန်းမျိုးလောက်ပဲ လုပ်နိုင် စွမ်းရှိခဲ့တယ်။ လတ်တလော အနေအထားအရ မြေယာသိမ်းပိုက်သူများသာ ချမ်းသာကြွယ်ဝလာစေပြီး၊ မြေ ယာ အသိမ်းခံရသူ လယ်သမား အများစုကတော့ မြေမဲ့ယာမဲ့ဖြစ်ကာ နေထိုင်မှုဘဝတွေ မတည်မငြိမ်ဖြစ်စေခဲ့တယ်။ ဆိုးဆိုးဝါးဝါး နေထိုင်မှု ဘဝတွေနဲ့ပဲ ဘဝနိဂုံးအဆုံးသတ်ရမဲ့ အခြေဆိုက်လာနေတယ်။
(၄) နိုင်ငံတော်အစိုးရပိုင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရေးခေါင်းစဉ်ဖြင့် မြေယာသိမ်းပိုက်ခြင်း
အကြီးစားစက်မှုလုပ်ငန်းများအတွက် စက်ရုံ၊ အလုပ်ရုံတည်ဆောက်ရန် မြေနေရာကျယ်ကျယ်ဝန်းဝန်း လိုအပ်လာ တယ်။ ထိုအပြင် စစ်တပ်ပိုင် လက်ဝါးကြီးအုပ်ကုမ္ပဏီများအတွက် စက်မှုကုန်ကြမ်းများ အဆက်မပြတ်ရရှိရန် မြေယာလို အပ်လာတယ်။ ဒီအချက်တွေကလည်း မြေယာသိမ်းပိုက်ရေးကို စေ့ဆော်မှုဖြစ်လာစေတယ်။
(၅) စိုက်ပျိုးရေး၊ မွေးမြူရေးစီမံကိန်းများဆောင်ရွက်ရန် ခေါင်းစဉ်ဖြင့် မြေယာသိမ်းပိုက်ခြင်း။
- ၁၉၈၈ ခုနှစ် ဒုတိယကာပိုင်းတွင် မဆလရဲ့ အတုအယောင် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို လူထုတိုက်ပွဲဖြင့် ဆန့်ကျင် ခံရတယ်။ မဆလအစိုးပြုတ်ကျသွားပေမဲ့ လူထုဟာ နိုင်ငံရေးအာဏာကို မချုပ်ကိုင်လိုက်ရပါ။ စစ်အုပ်စုကသာ လက် နက်ကိုင်တပ်ဖွဲ့ကျောထောက်နောက်ခံဖြင့် နိုင်ငံရေးအာဏာကို ချုပ်ကိုင်လိုက်နိုင်ခဲ့တယ်။ အာဏာသိမ်း စစ်အုပ်စုဟာ မဆလ စီးပွားရေးစနစ်ကနေ လမ်းခွဲပြီး ဈေးကွက်စီးပွားရေး (အရင်းရှင်စီးပွားရေး) စနစ်ကို အပြောင်းအလဲလုပ်ဖို့ ကြံဆ လာတယ်။ သို့သော် လွတ်လပ်တဲ့ အရင်းရှင်စနစ်အဖြစ်ပေါ်ထွက်မလာပဲ နိုင်ငံတော်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ပဲ ဖြစ်ထွန်းလာခဲ့ တယ်။ လက်ဝါးကြီးအုပ် အရင်းရှင်စနစ် မြန်မြန်ဖြစ်ထွန်းလာစေဖို့ လှမ်းတက်လိုက်တိုင်း မြေယာသိမ်း ပိုက်ရေး အစီအစဉ်ဟာ ရှောင်ဖယ်မရတဲ့ ပြဿနာကြီးတခုအနေနဲ့ တွဲကပ်ပါလာလေ့ရှိတယ်။
(၆) ပုဂ္ဂလိကပိုင်(စစ်အုပ်စုနဲ့ ၎င်းတို့၏လုပ်ဖော်ကိုင်ဖက်) ကုမ္ပဏီများဖွံ့ဖြိုးစေရေးအတွက် မြေယာသိမ်းပိုက်ရခြင်း
- စစ်အုပ်စု၊ စစ်အစိုးရနဲ့ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက် စီးပွားရေးလုပ်ငန်းရှင်(ပုဂ္ဂလိကလုပ်ငန်းရှင်)အတွက် အချက်အ လက် ဖန်တီးပေးဖို့ဖြစ်တယ်။ ဥပမာ စစ်တပ်က လက်နက်ကိုင်တပ်ဖြင့် မြေယာတွေသိမ်းပိုက်တယ်။ ပြီးတော့ စစ်အုပ်စု နဲ့ ၎င်းတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ကုမ္ပဏီများကို မြေယာဝေခြမ်းပေးခြင်း၊ ရောင်းစားခြင်း၊ မြေငှားစားခြင်းများပြုလုပ်ပေးကြ တယ်။ လက်ဝါးကြီးအုပ် အရင်းအနှီး (ခိုင်မြဲဖို၊ လည်ပတ်ဖို့၊ ကြီးထွားဖို့) အတွက် မြေယာဟာ အာဏာနဲ့ နီးနီးကပ်ကပ် ချိတ်ဆက်ထားတဲ့ အရင်းရှင်လူတန်းစားတွေရဲ့ ခြေကုပ်စခန်းတွေ ဖြစ်တည်လာစေတယ်။
(၇) နိုင်ငံခြားအရင်းအနှီးကိုမြူဆွယ်ဖို့ မြေယာသိမ်းပိုက်ခြင်း
- စက်မှုလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်းများတွင် နိုင်ငံခြား အရင်းအနှီးများစီးဝင်လာဖို့လိုအပ်တယ်။ ထိုလုပ်ငန်းများပေါ်ထွန်းတဲ့အခါ မြေယာများကို အငမ်းမရ သိမ်းပိုက်ကြတယ်။ အဲဒီနောက် မြေယာဟာ အကြီးစားစီးပွားရေးလုပ်ငန်းများအတွက် အခြေခံအရင်းအနှီးတခုအဖြစ်ပါဝင်လာခဲ့တယ်။ မြေယာ ရဲ့ အသုံးဝင်မှုအခန်းကဏ္ဍဟာ အထူးအရေးပါလာတယ်။ မြေယာမှ နိုင်ငံခြားငွေများကို စီးဝင်လာစေမှာ ဖြစ်တယ်။
အထက်မှာဖော်ပြခဲ့တဲ့ အချက် ၇ ချက်က အာဏာသိမ်းစစ်အစိုးရဲ့ မြေယာသိမ်းပိုက်မှုအစီအစဉ်ကို လတ်တလော စေ့ ဆော်ပေးတဲ့ အကြောင်းအချက်တွေဖြစ်တယ်ဆိုတာလေ့လာတွေ့ရှိရတယ်။
အစိုးရအဆက်ဆက်က လယ်သမားတွေကို ဖိနှိပ်ဖို့၊ သွေးစုတ်ဖို့ ကျင့်သုံးခဲ့တဲ့ မြေယာဥပဒေအမျိုးမျိုးပြဋ္ဌာန်းခဲ့တယ်။ ယခုအာဏာရ စစ်အစိုးရကလည်း ထိုဥပဒေများကို မဖျက်သိမ်းရုံမက၊ ဆက်လက်ကိုင်စွဲပြီး လယ်သမားများ လုပ်ကိုင် စား သောက်နေတဲ့ မြေယာများကို အလွယ်တကူ သိမ်းပိုက်ခဲ့ကြတာဖြစ်တယ်။ တပြိုင်နက်တည်း လယ်သမားတွေကို လယ်မဲ့၊ ယာမဲ့ ဘဝအဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်စေလိုက်တယ်။
၎။ စစ်တပ်က မြေယာသိမ်းပိုက်မှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနေတဲ့ ပြဿနာများ
တပြည်လုံးအနှံ့ ဖြစ်ပေါ်လာခဲ့တဲ့ မြေယာသိမ်းပိုက်မှုကြောင့် ကြီးမားတဲ့ လူမှုပြဿနာများကို သန္ဓေတည်၊ ကြီးထွားစေခဲ့ တယ်။့  လူမှုပဋိက္ခကို ပြင်းထန်ကြီးထွားလာစေဖို့ ထင်ရှားတဲ့ အောက်ပါအချက်တွေက တွန်းအားတွေဖြစ်စေခဲ့တယ်။
(၁) စစ်အစိုးရက စစ်တပ်ရဲ့ အောက်ခြေတပ်ရင်း၊ တပ်ဖွဲ့များအား မြေယာသိမ်းပိုက်ခွင့်ကို လွတ်လွတ်လပ်လပ်ပေးထား ခြင်း သို့မဟုတ် လယ်ယာမြေသိမ်းပိုက်မှုကို မျက်ကွယ်ပြုထားခြင်း၊ အကာကွယ်ပေးထားခြင်း။
- အာဏာသိမ်းစစ်အုပ်စုက လက်နက်ကိုင်တပ်ဖွဲ့များကို စီးပွားရေးလုပ်ပိုင်ခွင့်ပေးထားတယ်။ ဒီလို လုပ်ပိုင်ခွင့်ပေးရခြင်း အကြောင်းကတော့ နိုင်ငံရေးအာဏာ မစွန့်လွတ်ရရေးအတွက် လက်နက်ကိုင်တပ်များကို အထူးအခွင့်အရေးပေးလိုက် ခြင်းဖြစ်တယ်။ ဒီအချက်ဟာ စစ်အုပ်စုရဲ့ ကောက်ကျစ်တဲ့ လာဘ်ထိုးနည်းနာ အသစ်ဖြစ်တယ်။ ဒီအချက်ဟာ စစ်တပ်ကို အမျိုးသားကာကွယ်ရေးတပ်မှ တလက်ကိုင် ကြေးစားတပ်အဖြစ်သို့ လျောကျသွားစေတဲ့ အကြောင်းအချက်တွေထဲက အဓိကအချက်ဖြစ်တယ်။
(၂ ) စစ်တပ်တွေက တပ်တည်ဧရိယာထက် ပို၍ (လိုအပ်သည်ထက်ပို၍ ) မြေယာသိမ်းပိုက်ကြခြင်း
- စစ်အစိုးရဟာ အာဏာသိမ်းပြီးကတည်းက တပ်ရင်းတပ်ဖွဲ့တွေတိုးချဲ့ခဲ့တယ်။ တပ်တိုးချဲ့ရေး ဘတ်ဂျက်မလုံလောက်မှု ဖြစ်ပေါ်စေတယ်။ အထက်အမိန့်အရ ကိုယ့်တပ်ရန်ပုံငွေ ကိုယ်ဟာကိုယ်ရှာရမယ်ဆိုတဲ့ တနပ်စားပေါ်လစီချမှတ်ပေးခဲ့ တယ်။ အဲဒီ စစ်တပ် ရန်ပုံငွေရှာဖွေရေး ပေါ်လစီကြောင့်ပဲ အတင်းအဓမ္မ မြေယာသိမ်းပိုက်မှုတွေ နေရာအနှံဖြစ်ပေါ်လာ တာဖြစ်တယ်။ တပ်ပိုင်မြေအဖြစ် မိမိနဲ့ နီးစပ်ရာမြို့နယ်များရှိ စိုက်ပျိုးမြေအထိကျူးကျော်သိမ်းပိုက်လိုက်ကြတယ်။ အချို့ မြို့ကြီးများမှ စစ်တပ်များဆိုလျှင် အခြားခရိုင်၊ မြို့နယ်များအထိ ကျူးကျော်သိမ်းပိုက်တာမျိုးတွေရှိခဲ့တယ်။ ဥပမာ - မန္တလေးအခြေစိုက်တပ်များ(အမှတ် ၁၂၁ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်း၊ ခလရ ၉၅ .. စတဲ့တပ်ရင်းများက ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်၊ ညောင်ဝန်းရွာရှိမြေဧက (၃၀၆၂) ဧကကို သိမ်းပိုက်ခဲ့တယ်။ သိမ်းပိုက်စဉ်က တပ်တွင်း ရိက္ခာမလုံလောက်တာကိုအကြောင်းပြပြီး မြေယာအမြောက်အများကို သိမ်းပိုက်ခဲ့တာဖြစ်တယ်။ မြေယာသိမ်းပြီး မကြာခင် မှာပဲ Grate wall ကုမ္ပဏီ သို့ငှားရမ်းခဲ့တာဖြစ်တယ်။ (၂၀၁၃ မေ ၁၃ မစ္ဖျိမ လွတ်လပ်သော မြန်မာသတင်း ဌာန အွန်လိုင်းမှ )
(၃) တပ်မြေနှင့် တိုက်ရိုက်မသက်ဆိုင်သော နေရာများကို သိမ်းဆည်းထားခြင်း။
- မြေလွတ်၊ မြေရိုင်းများအပြင် လယ်သမားများရဲ့ အဓိကအသက်မွေးဝမ်းကြောင်း မြေယာများကိုပါသိမ်းပိုက်ကြတယ်။ စစ်တပ် သိမ်းပိုက်တဲ့မြေယာများတွင် မြေလွတ်၊ မြေရိုင်း ဆိုတာထက် လယ်သမားများရဲ့ ဘိုးစဉ်ဘောင်ဆက် ခုတ်ထွင် ရှင်းလင်းပြီးမြေယာများနဲ့ လက်ရှိလုပ်ကိုင်စားသောက်နေတဲ့ မြေယာအများစုတို့ကို သိမ်းပိုက်ခဲ့တာဖြစ်တယ်။ စစ်တပ် တ တပ် တည်ရှိရမဲ့ မြေဧရိယာထက် ဘောင်ကျော်လုပ်ကိုင်ဆောင်ရွက်လာတာဖြစ်တယ်။
(၄) လိုတာထက်ပိုပြီးသိမ်းပိုက်ထားသော မြေယာများတွင် စစ်တပ်က ကိုယ်တိုင်အသုံးမပြုပဲ သီးစားချခြင်း။
မူလ လယ်လုပ်ပိုင်ခွင့်ရ တောင်သူများအား သီးစားခယူ၊ လယ်အငှားချထာခြင်းများကို တွေ့ရှိရတယ်။ အချို့နေရာများ တွင် လူထုကို လုပ်အားအခမဲ့ပေးပြီး တပ်ပိုင်မြေများကို အဓမ္မအလုပ် လုပ်ခိုင်းတယ်။ လယ်သမားတွေရဲ့လုပ်အားကို ဗြောင်ကျ ကျသွေးစုတ်တာဖြစ်တယ်။ အချို့နေရာများတွင် သီးစားခယူတဲ့သဏ္ဌာန်၊ အသပြာယူတဲ့သဏ္ဌာန်နဲ့ သွေးစုတ် တာကိုတွေ့ ရတယ်။ သီးစားခမပေးနိုင်ရင် လယ်မြေလုပ်ပိုင်ခွင့် ရုပ်သိမ်းတာ၊ လယ်သမာတွေရဲ့ ထုတ်လုပ်ရေးကရိယာ (ထွန်ထယ်၊ နွား) များကို သိမ်းပိုက်လိုက်ကြတယ်။ လယ်သမားတွေရဲ့ နေအိမ်တွေ၊ အိုးခွက်ပန်းကန်တွေကို ဖျက်ဆီး တာ၊ မီးရှို့တာ လူတွေကို ဖမ်းဆီးရိုက်နှက်တာတွေအထိဖြစ်ပေါ်ခဲ့ကြောင်း သတင်းအချက်အလက်များတွင် တွေ့ခဲ့ရ တယ်။
အများအားဖြင့် တပ်ရင်းတပ်ဖွဲ့တွေရှိ စစ်သားများ ကိုယ်တိုင် စိုက်ပျိုးရေးထုတ်လုပ်မှုလုပ်ငန်းတွင်မပါရှိဘဲ သိမ်းပိုက်မြေ များတွင် လူထုကို နိမ့်ကျတဲ့ အသပြာဖြင့် ခိုင်းစေခဲ့တယ်။ သီးစားခဖြင့် ခိုင်းစေခဲ့တယ်။ လုပ်အားအခမဲ့ဖြင့် ခိုင်းစေခဲ့ တယ်။ ဒီအဖြစ်မျိုးကို နေရာတိုင်းမှာ ပုံစံတမျိုး သို့မဟုတ် အခြားပုံစံမျိုးများဖြင့် အတူတွေ့နေရတယ်။ လေ့လာတွေ့လိုက် ရတာကတော့ စစ်တပ်ဟာ နိုင်ငံတော်လက္ခဏာဆောင်တဲ့ ပဒေသရာဇ်မြေရှင်လူတန်းစားအဖြစ်သို့ အသွင်ကူးပြောင်း သွားခဲ့ပြီ ဆိုတဲ့အချက်ပဲ။ မျက်ဝါးထင်ထင်တွေနေတာကတော့ ခေတ်သစ်မြေပိုင်ရှင်နဲ့ ခေတ်သစ်မြေကျွန်တို့ရဲ့ လူတန်း စားတိုက်ပွဲ စတင်သန္ဓေတည်လာနေပြီဆိုတဲ့အချက်ပဲ။
- စစ်အစိုးရခေတ်မှာ လယ်သမားအများအပြားဟာ လုပ်အားအဓမ္မခိုင်းစေခံရမှုများ မကြာမကြာ ခံစားကြရတယ်။ ကိုယ့် လယ်ယာမြေတွေကို အသိမ်းခံရပြီး၊ ကိုယ့်ထမင်းကိုယ်စားကာ စစ်တပ်ကို အလုပ်ကျွေးပြုပေးရသူတွေ ဖြစ်ခဲ့ရတယ်။ တခွန်းတည်းချူပ်ပြောရလျှင် စစ်အာဏာရှင်စနစ်အောက်က လယ်သမားဆိုတာ စစ်တပ်ရဲ့ ကျေးကျွန်ပဲဖြစ်ခဲ့ရတယ်။ လယ်သမားဘဝဟာ လူမွှေး လူတောင်ပြောင်လက်ဖို့နေနေသာသာ မနက်စာ၊ ညစာ မှန်မှန်စားရဖို့ တောင်မလွယ်တဲ့ ဘဝတွေဖြတ်သန်းခဲ့ရတယ်။ ဖြတ်သန်းနေရဆဲဖြစ်တယ်။
(၅) မြေယာသိမ်းပိုက်ပြီးနောက် တချို့နေရာများတွင် မြေယာလျော်ကြေးမပေးခြင်း၊ လျော်ကြေးပေးလျှင်လည်း ကာလ တန်ဖိုး ပေါက်ဈေးအတိုင်းပေးခြင်းမရှိတာကို လေ့လာတွေ့ရှိရတယ်။
- တရားမျှတတဲ့ လျော်ကြေးငွေ မရရှိခြင်းကလည်း မြေယာအလုခံရတဲ့ လယ်သမားများရဲ့ ဒေါသတွေကို မီးပျိုးပေးလိုက် သလိုရှိတယ်။ နေရာဒေသအလိုက် ပေးလျော်ခဲ့တဲ့ လျော်ကြေးကို လေ့လာမယ်ဆိုရင် လယ်တဧက လျော်ကြေးက ၆ ကျပ်၊ ၁၂ကျပ်၊ ၂၅ ကျပ်၊ ၅၀၀၀ကျပ်၊ ရ၀၀၀ ကျပ်… စသဖြင့် အမျိုးမျိုး ကွဲပြားခြားနားနေတာတွေ့ရနိုင်တယ်။ လျော် ကြေးငွေ နှုန်းထားကို ကြည့်လျှင် မြေအလုခံရတဲ့ လယ်သမားများအနေနဲ့ ဘယ်လိုမှ ကြေနပ်နိုင်ဘွယ်မရှိပါဘူး။
(၆) စီမံကိန်းသီးနှံ (စပါး၊ ကြက်ဆူ၊ ကြံ၊ ရာဘာ၊ ဝါ ….) ခေါင်းစဉ်တတ်ပြီး မြေယာများသိမ်းဆည်းခဲ့ကြတယ်။ စီမံကိန်း မအောာင်မြင်တဲ့အခါ၊ ပျက်ပြယ်သွားတဲ့အခါ မြေယာများကို မူလပိုင်ရှင်အားပြန်မပေးပဲ မြေယာလုပ်နိုင်သူကို သီးစားခချ ထားပြီး လုပ်ကိုင်ဆောင်ရွက်စေတယ်။ စစ်ဖက်ဆိုင်ရာနဲ့ အရပ်ဖက်အုပ်ချုပ်ရေးဌာန ဆိုင်ရာတို့က သိမ်းပိုက်ထားတဲ့ မြေ
ယာများတွင် လယ်သမားများအား သီးစားချလုပ်ကိုင်စေခြင်းဖြင့် လယ်သမားများဟာ မြေကျွန်ဘဝ သို့မဟုတ် မြေကျွန် တပိုင်းအဆင့်သို့ဆိုက်ရောက်သွား စေခဲ့တယ်။
(၇) မြေနုကျွန်းများပေါ်ထွန်းလာလျှင် စစ်တပ်က စိုက်ပျိုးခွင့်လျှောက်ထားကြခြင်း။
မြစ်ရေကျချိန် မြေနုကျွန်းများပေါ်လာတဲ့ ရာသီချိန်မျိုးမှာလည်း စစ်တပ်နဲ့ ဒေသခံအုပ်စိုးသူတွေဟာ အဆီတဝင်းဝင်း ရှိနေတဲ့ မြေနုကျွန်းများကိုလည်း မျက်စောင်းထိုးလေ့ရှိတယ်။ ထိုအခါမျိုးတွင် စစ်တပ်ဟာ ဟန်ဆောင်ပြီး အများသူ ငါတွေလို လျှောက်လွှာတစောင်တော့တင်ကြပေလိမ့်မယ်။ မြေနုကျွန်းတွေ ဝေခြမ်းရေးလုပ်တဲ့ အခါမှာတော့ လက်နက် ကိုင် တပ်ဖွဲ့တွေအတွက် အထူးအခွင့်အရေးအနေနဲ့ အကောင်းဆုံးနေရာတွေကိုသာ ရရှိခဲ့ကြတယ်။ နှစ်စဉ် လုပ်ကိုင်ခဲ့ တဲ့ လယ်သမားတွေဟာ မိမိတို့ မြေနေရာများမှ ဖယ်ရှားခံလိုက်တယ် ။ အဲဒီနောက် လယ်သမားတွေကိုပဲ သီးစားချ လုပ်ကိုင်စေတယ်။ ဒီနည်းကလည်း အင်အား( အာဏာ) သုံးပြီး လယ်သမားတွေကို ဖိနှိပ်သွေးစုတ်တဲ့ နည်းနာတခု ဖြစ် လာတယ်။
သေချာတာတခုကတော့ နေရာအနှံ့က လယ်သမားတွေဟာ နေရာအနှံ့က လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဗိုလ်ကျစိုးမိုးမှုကို မတူတဲ့ပုံသဏ္ဌာန်တွေနဲ့ ခံစားနေကြရတယ်ဆိုတာပါပဲ။
(၈) သိမ်းပိုက်မြေယာနဲ့ပါတ်သက်ပြီး မြေယာလျော်ကြေးပေးတဲ့အခါ သို့မဟုတ် မြေယာမှ စွန့်ခွာရမည့် လယ်သမား မိ သားစုတွေကို ပြောင်းရွှေ့စရိတ်ပေးချေရတဲ့အခါ သို့မဟုတ် သီးနှံလျော်ကြေးများ ပေးချေရတဲ့အခါ တပ်ရင်း၊ တပ်ဖွဲ့ တခုနှင့်တခု မတူညီဘဲ နှုန်းထားအမျိုးမျိုးသတ်မှတ်ခြင်း။ ဒီအချက်ကလည်း လယ်သမားတွေရဲ့ဘဝကို ပိုမိုနစ်မွန်းစေ ခဲ့တယ်။ စစ်တပ်ရဲ့ ဗိုလ်ကျအနိုင်ကျင့်မှုတွေက လယ်သမားလူတန်းစားတွေအတွက် ကမ္ဘာမကျေဖြစ်တည်ခဲ့တယ်။
(၉) အာဏာသိမ်းစစ်အစိုးရလက်ထက်တွင် မြေယာများကို စိတ်ကူးပေါက်သလို သိမ်းဆည်းခဲ့ကြပြီး၊ မြေယာကို အကျိုး ရှိရှိ အသုံးမချနိုင်ခဲ့ဘူး။ အမြော်အမြင်မဲ့၊ အကျိုးမဲ့တဲ့ စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့ပြီး လူထုကို ဝန်ထုတ်ဝန်ပိုးဖြစ်စေ ခဲ့တယ်။ အကျိုးဆက်အားဖြင့် လယ်သမားအများအပြားဟာ မျိုးဆက်အသီးသီးရဲ့ သွေးချွေးတွေနဲ့ ရင်းနှီးခဲ့ရတဲ့ မြေယာ များလက်လွှတ် ဆုံးရှုံးခဲ့ရတယ်။ ထိုအပြင် လူထုတွေရဲ့ လုပ်အားများ၊ ဥစ္စာဓနများလည်း ဆုံးပါးခဲ့ရတယ်။
(၁၀) မြေယာလုပ်ပိုင်ခွင့်အတွက် တပ်ပိုင်မြေဖြစ်ကြောင်း လူထုကို အတင်းအဓမ္မလက်မှတ်ထိုးခိုင်းခြင်း။ မြေသိမ်းအမှုတွဲ များတွင် မြေသိမ်းခံပြည်သူများရဲ့ ထိုးမြဲလက်မှတ်တချို့ဟာ အစစ်အမှန်မဟုတ်ကြောင်း တွေ့ရှိရခြင်းတို့ပါဝင်တယ်။ မြေယာလုယက်မှုမှာ အင်အား (အာဏာ) အသုံးပြုပြီး လူထုကို ဗိုလ်ကျနိုင်ကျင့်မှုတွေကြောင့် လယ်သမားတွေအနေနဲ့ ခါးသည်းနာကျည်းမှုများဖြင့် ခွင့်လွတ်နိုင်ဘွယ်ရာ မမြင်မိပါ။
ဒီအချက်တွေကို လေ့လာမိတဲ့အခါ - ခေတ်သစ်မြေရှင်လူတန်းစားနဲ့ ခေတ်သစ်မြေကျွန်လူတန်းစားတို့ရဲ့အကြားမှာ တ ကယ်ဖြစ်တည်လာနေတာက မပြေငြိမ်းနိုင်တဲ့ လူတန်းစားပဋိပက္ခဆိုတာပါပဲ။ အဲဒီနောက် ပြင်းထန်သည်းသန်တဲ့ ဘက် ဆီိသို့ တဖြေးဖြေး ဦးတည်ရွေ့လျားနေတယ်ဆိုတာတွေ့လိုက်ရတယ်။ တခုတော့ရှိပါတယ် "ဖိနှိပ်မှုရှိရင် အုံကြွမှုရှိတယ်" ဆိုတဲ့ သဘောတရားဟာ လှိုင်းထနေတဲ့ လူ့အဖွဲ့အစည်းထဲကနေပဲ ပေါ်ထွက်လာတတ်တယ်ဆိုတာ မမေ့ကြဘူးဆိုရင် ပေါ့ ..။
(အခန်း ၂ ဆက်လက်ဖော်ပြမည်)
ရဲဘော် ဒိုး
၁၃.၆.၁၃
(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဝက်ဘ်ဆိုက်အတွက်)
No comments:
Post a Comment