ကောင်းကင်တောင်တန်းကြီး
အဖေ ..
တောအုပ်ပင်လယ်ကြီး
အမေ...
စိမ်းလန်းတဲ့အနာဂတ်
သမီးလေး
သုံးချောင်းထောက်
ပန်းချီကားချပ်တခု
အလိုမကျရင် ငိုမယ်
စိတ်ဆိုးရင် ခြေဆောင့်တယ်
လိုအပ်သလောက်စိတ်ကောက်တတ်တယ်
တခုခုပူဆာနေတုန်း
နောက်တခုပေါ်လာတဲ့ခေတ်ကို
သိစရာမလိုဘူး။
သစ်ရွက်လှုပ်ရင်တောင်
ရင်ခုန်ရယ်မောတတ်တဲ့အရွယ်
လည်လည်ဝယ်ဝယ် ဘယ်နေတတ်မတုန်း
သမီးတွေးသလောက်
အဖေက စဉ်းစားတယ်
သမီးပြောသလောက်
အမေက ဖတ်တယ်
သမီးလေးက
ခေတ်ကိုအတောင်စမ်းနေတာဖြစ်သလို
မိဘတွေက
ခေတ်ကို ပူးသတ်နေရတယ်။
သူ့ဘဝ သူ့အရွယ်
သူ့ကစားကွင် ခပ်ကျဉ်းကျဉ်း
တောင်တန်းနဲ့ ပင်လယ်
လမင်းနဲ့ အရိပ်ကြားမှာပဲ
သူ့ကိုယ်ပိုင် စမ်းချောင်းလေးတခု
စီးဆင်းခွင့်ပြုခဲ့တယ်။
တောင်ကြီး ပြိုမယ်
ပင်လယ်ကြီး ခန်းမယ်လို့
သူကလေး ဘယ်တွေးခဲ့မှာတဲ့လဲ
တကယ်ဖြစ်ခဲ့ပါတယ်
ရန်သူမျိုးငါးပါးထဲမှာပါတဲ့
ငလျင်ကြီးတခုကြောင့်
တောင်ကြီး ပြိုတယ်
ပင်လယ်ကြီး ခန်းတယ်
ဘယ်တော့ ပြန်လာမယ်ဆိုတာ
ပြက္ခဒိန် တရွက်
ပြီးတော့လဲ တရွက်ပေါ့
စိမ်းလန်းတဲ့အနာဂတ် သမီးရေ
ပန်းပွင့်ဒါးတွေ
ချောကလက်ထောင်ချောက်တွေ
အနမ်းဒုံးကျည်တွေ
မုသားမိုင်းတွေနဲ့
ဘဝဆိုတာ
စစ်မြေပြင်အရပ် တခုဖြစ်တယ်
အပြုံးတွေနဲ့ ခြုံခိုတိုက်ခိုက်ပြီး
အမုန်းတွေနဲ့ လက်ဆွဲနှုတ်ဆက်ကြတယ်။
ပရိယာယ်တွေ အတိပြီးတဲ့
ခရီးဟာ
သုံးချောင်းထောက်ပန်းချီကားတခု
မဟုတ်တော့တဲ့အခါ
ညည်း ဘယ်လိုစီးဆင်းမယ်ဆိုတာ
တိုးသစ်
No comments:
Post a Comment