Friday, June 28, 2013

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၆)

“ကိုယ့်ကိုကိုယ်ကလွဲရင်  ဘယ်သိုင်းဝိုင်းလက္ခဏာကိုမှ အရေးပေးဖို့ မရှိခြင်း” နှင့် မတူပေမယ်လို့ အဲသလိုပဲ မဖုတ်မ ကင် ရှင်းပြပုံမျိုးပဲဖြစ်သည့် နောက်ပုံစံတမျိုးသည်ကား “တဖွဲတည်းနှင့်သာ သင်းပင်းဖွဲ့ခြင်း” ဟု ခေါ်စကောင်းသည့် မျက်ရမ်းမှန်းဆအယူ ပါတည်း။ ထို အနုမာန၏ ယူပုံမှာ လူ့ဘဝဖြစ်တည်မှု အဓိပ္ဗာယ်ဟူသည် တဦးတယောက်သည် တခြားဘာမဆိုထက် အနှစ်သာရဖြစ်သော အုပ်သင်းတခုခုထဲတွင် အပြီးအပြတ် ပါဝင်ခြင်းပါတဲ့။ ဟုတ်ကဲ့လားကွယ် မောင်တို့၊ နင်တို့က ပြင်လို့မရဘူးဆိုတဲ့ မွေးဇာတ်ကို လက်ညှိုးထိုးပြီး
သည်လိုပြောပုံရပါ၏ ။ ကပေမယ့်လည်း ဖွားမြင် မြောက်ကာ ကြီးပြင်းလာသောအခါ လူ့ဘဝဇာတ်ခုံပေါ် ငါတို့တတွေ စုရုံးမိတ်သဟာပြုမိတာတွေဟာ အလွန်များပြား၊ စင်စစ် [သင်းကွဲ] လက္ခဏာများစွာနှင့် ဒို့လူသားပါ၊ မောင်တို့။ ငါတို့ မဖြစ်မနေ ဝင်ကကြရတဲ့ အုပ်သင်း တခုချင်းစီဟာ လည်းပဲ လူတွေကို သွေးသောက်ရောင်းရင်းစိတ်မျိုးနှင့် အုပ်စုအပေါ် သစ္စာရှိခြင်းကို ဆင်ကြီးလည်းဆင်အထွာ ကြွက် သေးလည်းကြွက်အထွာ အုပ်စုအလျောက် ဖြစ်ပေါ်စေပါတယ်၊ နှမတို့။ သို့ဖြစ်လင့်ကစား တခုထီးထီးတည်းသော အုပ်စု သည်သာ ပဓာနဖွဲ့သင်းရာဟူသော အယူအစွဲမျိုးသည် အံ့သြဖွယ်ကောင်းလောက်အောင် လူကြိုက်များတတ်ပြီး အဲ သည် ဒိဌိသည် လူမှုရေးပညာ သီအိုရီရှင်များ၏ တွေးခေါ်စဉ်းစားပုံကို နောက်ကွယ်ကာလကာမှ  လွှမ်းမိုးနေတတ်ပါ၏။

အသိုင်းအဝိုင်းသာပဓာန ဝါဒရှင်များနှင့် ယဉ်ကျေးမှုနှင့်နွယ်သော နိုင်ငံရေးဆိုပြီး လုပ်တတ်သည့် သီအိုရီသမားများ သည် ဤ ပဲကြားတလုံး ပုတ်တင်းတလုံး ဒိဌိစွဲဖြင့် ကမ္ဘာတဝှမ်းလုံးမှ လူတွေကို မြို့ ပြယဉ်ကျေးမှု ပုတ်တင်းတွေထဲ ထည့်ပြီးတော့သာ ကြည့်မြင်လာပါတော့သည်။ ထိုသူတို့သည် ရှုပ်ထွေးမြားမြောင် လောကီလူ့ဘောင်ဟူသော သဘော ကို မသိကျိုးကျွံကြ၊ တွယ်ရာနွယ်ရာ များလုပါရလူ့ဘဝဟူသော သဘောကို ကျိုးကျွံဖျောက်ဖျက်ကြ၊ သွေးသည်အနိစ္စာ တို့ခန္ဓာလျှင် သစ္စာစောင့်ရာစုံလင်စွာကို ဖျောက်ဖျက်ထိန်ဝှက်ကုန်ကြပါ၏။ အဲသည် ပညာရှင်ဆိုသူတို့သည် ကြီးကျယ် တယ်လို့ ထင်ရသလောက် နုံနဲ့ကျဉ်းမြောင်းတဲ့ ဖော်မြုလာတွေထုတ်လာပြီး ကိုယ်ရွေးချယ်ရာ သွားချင်ရာကို သွားနိုင်တဲ့ ဒုလ္လဘလူသားတို့ကို နွားခြေရာတခွက်တည်းက မထွက်တတ်တဲ့ ဖားသူငယ်လေးတွေအလား အတင်းစွပ်စွဲတင်ပြလာ တတ်ကြပါသည်။

[သင်းကွဲ] ဝေါဟာရ တခုတည်းကို သုံးစွဲလင့်ကစား သုံးစွဲသူ၏ စေတနာနှင့် ဝန်းကျင်ကိုလိုက်၍ အနက်သည် များစွာကွဲ ပြားသွားကြောင်းကို အောက်ပါ ဝါကျနှစ်ခုတွင် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။

ဝါကျ (၁) သင်းကွဲလက္ခဏာများစွာနှင့် တို့လူသားပါ၊ မောင်တို့။

ဝါကျ (၂) သင်းကွဲအုပ်စု အမုန်းတရား ဖြစ်ထွန်းရေးခေါင်းဆောင် ဝီရသူ ကဲ့သို့ အစ္စလမ် ဘာသာကို တုံ့ပြန်ခြင်း မဟုတ် ရေးချ မဟုတ်နိုင်ပါသတည်း။

ပထမဝါကျမှာ သုံးထားသော သင်းကွဲသည် လိုလားနှစ်ခြိုက်အပ်သော အာရုံကို ဖြစ်ပေါ်စေပြီး ဒုတိယဝါကျမှာပါသော သင်းကွဲသည်ကား စက်ဆုပ်ကြောက်ရွံ့ဖွယ် အာရုံကို ပေါ်ပေါက်စေပါသည်။ သိမှတ်နားလည်အပ်သည့် သဘောမှာ ငါတို့၏ လောကဟူသည် စရိုက်တမျိုးတည်းကိုပဲ ကြည့်ရှုသူ၏ ကြည့်မြင်ခံစားသော စေတနာကို မူတည်၍ နတ်ဘုံအ လား၊ ငရဲဘုံအလား ကွဲပြားဖြစ်ပေါ်သည် ဆိုသော သဘောကိုပါတည်း။ ဒုတိယဝါကျက ပြသည့် ဝီရသူ ၏ အာရုံထဲတွင် မြင်နေသည့် သင်းကွဲလက္ခဏာ စရိုက်သည် ခုတွင်ပင် မြန်မာပြည်ကြီးသည် ငရဲပွက်နေပြီး ပျက်စီးသုဉ်းပါးသွားတော့ မည့် အလား ဖြစ်ပါ၏။ ပထမဝါကျကပြသည့် အမားတီးယားဆင်း၏ အာရုံတွင်ပေါ်သည့် သင်းကွဲလက္ခဏာ စရိုက်သည် ကား ထိုသင်းကွဲလက္ခဏာတို့ စုံလင်ခြင်းသည်ပင် ငါတို့မြန်မာပြည်သည် သိကြားနေသောပြည်ကဲ့သို့ ကြွယ်ဝငြိမ်းချမ်း သည့် အဓိကအကြောင်းရင်းမ ဖြစ်သလို အလွန်တရာမှပင် နှစ်ခြိုက်မြတ်နိုးဖွယ်ရာ ဆိုသည်ကိုပါတည်း။

ဘုရားရှင်လက်ထက်တော်က ဒေဝဒတ်က သံဃာကို သင်းခွဲရန် ကြံစည်ခဲ့ပုံကို ငါတို့ အတန်ငယ် စူးစမ်းကြည့်ကြပါစို့။ ဒေဝဒတ်သည် ကိုယ်တော်မြတ်ကြီးကို ရဟန်းသံဃာဟူသည် တောထဲမှာသာ နေရမည်၊ ဆွမ်းခံပြီးရသော ဆွမ်းကိုသာ စားရမည်၊ ဖျင်ကြမ်းဖြင့်ရက်လုပ်သော သင်္ကန်းကိုသာ ဝတ်ရမည်၊ အမိုးအရံရှိသော ကျောင်းဝင်းတွင်းတွင် မနေရ၊ သတ်သတ်လွတ်သာ စားရမည်ဟု အချက်ငါးချက်ကို တောင်းဆိုခဲ့ပြီး ဒါတွေမှ မရလျှင် သံဃာကို သင်းခွဲမည်ဟု ခြိမ်း ခြောက်အကြပ်ကိုင်ခဲ့ပါသည်။ အနှစ်ချုပ်လျှင် ဒေဝဒတ်သည် သာသနာတွင် ရဟန်းသံဃာတို့ ကိုယ်စီကိုယ်ငှ သူတို့ တတ်သည့်အားလျော်စွာ ကွဲပြားစွာ ကျင့်ကြံခြင်းကို သည်းညည်းမခံနိုင်ကြောင်းကို ပြနေတာဖြစ်ပြီး ရဟန်းဆိုတာ သည် လိုမျိုး လက္ခဏာ တမျိုးတည်းပဲရှိရမည်၊ သည်တမျိုးတည်းကိုပဲ လုပ်ရမည်ဟု ကျဉ်းမြောင်းသေးသိမ်စွာ မြင်နေတာ ဖြစ် သလို သူက အနှစ်အမှန်ဟု စိတ်ကူးကျရာလက္ခဏာကို သံဃာတွေအားလုံး စုစည်းလိုက်နာအောင် ခြိမ်းခြောက်အကြပ် ကိုင်နိုင်မည့် အာဏာကိုလိုချင်နေခြင်း မုချပါတည်း။

ဗုဒ္ဓကိုယ်တော်မြတ်ကြီး အတွက်မှာတော့ အစုံအလင်သော ရဟန်းသံဃာတို့ သူတဦးချင်း တတ်သည့်အားလျော်စွာ ကွဲပြားစွာ (‘သင်းကွဲ’) ကျင့်ကြံခြင်းသည်ပင် အံဖွယ်ရှစ်ဖြာ ဗုဒ္ဓသာသာနာ၏ ဗဟုစုံလင် လက္ခဏာကြီးတခု ဖြစ်ပါသည် (ညွန်း။ ပဟာရဒသုတ္တ ၏ ခုနှစ်ခုမြောက် အမှတ်လက္ခဏာ)။ ရဟန်း၏ ကျင့်ကြံမှုမည်သည် သမ္ဗပဓာန်တရားလေးပါးကို စောင့်စည်းဖို့သာ အခြေခံသ၍ မြတ်ဗုဒ္ဓသည် ရဟန်းသံဃာတို့၏ ထိုစုံလင်ကွဲပြားသော အကျင့်အကြံတို့ကို သာသာနာ ၏ ပိုမိုကျယ်ပြော ကောင်းမွန်စုံလင် တိုးတက်ရာအဖြစ်သာ ရှုမြင်၊ နှလုံးအေးချမ်း လိုလားစွာဖြင့် ကိုယ်တော်မြတ်ကြီး ခွင့်ပြုသည်သာတည်း။ သည်မှာ အထူးခြားနားအပ်သော အမြင်နှစ်မျိုးသည်ကား မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး၏ ဗဟုစုံလင်ကွဲပြားခြင်းကို လိုလားနှစ်သက်ခွင့်ပေးတော်မူသော ကျယ်ပြန့်ပျော့ပျောင်းသည့်အမြင်နှင့် ဒေဝဒတ် ရဟန်း မိုက်က ထို ဗဟုစုံလင်ကွဲပြားခြင်း စရိုက်ကိုပင် ယနေ့ပင် သာဿနာကြီးသည်ပင် ပျက်သုဉ်းရတော့မည့် အန္တရာယ်ကြီး အဖြစ် စက်ဆုတ်ရွံရှာစွာ ရှုမြင်ပိတ်ပင်ချင်သော ကျဉ်းမြောင်းတင်းမာသည့် အမြင်ကိုပါတည်း။

ဟုတ်ကဲ့၊ ဝီရသူ ၏ တွေဝေမိုက်မဲသော အာရုံတွင် မြန်မာလူ့ဘောင်၏ ဗဟုစုံလင်ကွဲပြားသော လက္ခဏာတို့သည် လို လားနှစ်ခြိုက်ဖွယ် အာရုံအဖြစ် ပေါ်မလာတတ်၊ ကနေ့ပင်လျှင် မြန်မာပြည်ကြီးသည် ကုလားတွေမျို၍၊ ဒါမှမဟုတ်လည်း NLD က မျို၍၊ (သူ့ဟာသူ ကဗျာတဖွဲ့ စာတလဲ့နဲ့ နေသည့် ကိုမင်းကိုနိုင် သည်ပင် မသက်သာ) မင်းကိုနိုင်ကြီးကမျို၍ ပျက်သုဉ်းတော့မည့်အလားသာ ကျဉ်းကြုတ်သေးသိမ်စွာ မြင်နေပါ၏။ ဒေဝဒတ် ရဟန်းမိုက်သည် သာဿနာအရေးဟု လက်ညှိုးထိုးကာ ဘုရားနေရာတက်ယူဖို့ ကြိုးစားနေသလို သည်လူမိုက်ဟာလည်း ဘာအရေး၊ ညာအရေးတွေကို လက်ညှိုးထိုးပြီး တနိုင်ငံလုံး၏ခေါင်းဆောင် တက်ပြီးလုပ်လို အာဏာရူးနေသည်မှာ အထင်းပါတည်း။ သည်မှာ ကျနော် ပြောလိုသည်မှာ စရိုက်တမျိုးတည်းကိုပဲ မကောင်းသောစိတ်၊ ကျဉ်းမြောင်းသေးသိမ်သောစိတ်ဖြင့် လူတို့သည် မြင်လျှင် မြင်တတ်သလို လောကသည် ငရဲဘုံသဖွယ် ပြောင်းလဲပူလောင်လာတတ်သည် ဆိုကြောင်းသည်လျှင် လိုရင်းပါတည်း။

ဤစာကို ရေးနေစဉ်မှာပင် ဝီရသူနှင့်စပ်၍ ရေးသားထားသော မဟန်နဘိခ်ျ၏ တိုင်းမဂ္ဂဇင်းပါ ဆောင်းပါး The Face of Buddhist Terror ကို မလိမ္မာသော အစိုးရနှင့် ရောယောင်လိုက်တတ်သော လူတချို့က “ဗုဒ္ဓဘာသာကို အကြမ်းဖက် ဘာသာအဖြစ် စော်ကားတာပဲ” ဆိုပြီး ဒေါသူပုန်တွေ ထကြသော ကိစ္စကို ပြောရပါဦးမည်။ သည် ဒေါသူပုန်ထတဲ့ ကိစ္စ ဟာ ဝီရသူက လက်ရှိ မြန်မာလူ့ဘောင်ကို ငရဲပွက်နေပြီဆိုပြီး ဘာသာပြန်ပြတဲ့ ကိစ္စလောက်တော့ ဘေးဥပဒ် မကြီးမား ပါ။ သို့သော်ငြားလည်း ဒါဟာ ဝေါဟာရတခုတည်း (စရိုက်တခုတည်း) ကို ကြည့်မြင်သောသူ၏ ကျဉ်းမြောင်းသေးသိမ် သော စေတနာပေါ်လိုက်ပြီး အဓိပ္ဗာယ် မှားယွင်းစွာဖြင့် ကောက်ယူတဲ့ နေရာမှာတော့ အတူတူပါပဲ။ နောက်ပြီး ပညာ မျက်စိ မြင်မရှိတဲ့ အစိုးရနဲ့တကွ လူပေါ်လူဇော်လုပ်လိုသလောက် အသိကျဉ်းမြောင်းတဲ့ တချို့သူတွေကနေပြီး

“အန္တရာယ် အန္တရာယ်” ဆိုတာကိုပဲ စောင်းပေးပြီး ဖွင့်ပုံမျိုးကတော့ ဝီရသူက လက်ညှိုးထိုး အမြတ်ထုတ်တဲ့ “အမျိုးသား ရေး အန္တရာယ်” ဆိုတာနဲ့ တသဘောတည်း သွားတာဟာတော့ အင်မတန် ရင်လေးစရာပါ။ တကယ်ကတော့ ဆောင်း ပါးခေါင်းစဉ်ဟာ အင်မတန် ကျယ်ဝန်းကောင်းမွန်တဲ့ စေတနာနဲ့ မဟန်နဘိက သုံးထားတာ ဖြစ်ပါသည်။ ဤအကြောင်း ကို အတန်ငယ်မျှ ဆက်သွားပါအံ့။

လေ့လာမယ်ဆိုရင် ကျယ်ဝန်းများမြောင်တဲ့ ဗုဒ္ဓဘာသာ ကျမ်းဂန်စာပေတွေဟာ သည် တွေဝေရှုပ်ထွေးကုန်တဲ့ ကိစ္စတွေ ကို ရှင်းလင်းသေချာ ကြည့်မြင်နိုင်ဖို့ သာဓကတွေ အထင်အရှားပါတာဟာ အံ့သြဖွယ်ပါ။ ပါဌိတော်မှာ မြတ်စွာဘုရား ကိုယ်တော်တိုင် “ငါဘုရားဟာ တပည့်သာဝကတို့ကို ရိုက်နှက်ခြင်းအားဖြင့်လည်းကောင်း၊ သတ်ခြင်းအားဖြင့်လည်း ကောင်း” ဆုံးမ၏ဟု အတိအလင်း ပြောထားပါသည်။ ဤသည်ကို “ဘုရားရိုက်သည်၊ ဘုရားသတ်သည်” ဟု စာသားကို ပဲ ကြည့်ပြီး နောက်ခံရည်ရွယ်ချက် စေတနာကို မကြည့်ဘဲ ဇွတ်ပြန်ဆိုလို့ မရပါ။

ဟုတ်ကဲ့၊ ၁၉၈၀ နှစ်ပိုင်းတွေမှာ ထိုင်းနိုင်ငံတွင် ဘုန်းကြီးလူမိုက်တွေဟာ ခု ကျနော်ပြောတဲ့ ပိဋိကတ်စာသားကိုပဲကြည့် ပြီး “နိုင်ငံအန္တရာယ် ကွန်မြုနစ်တွေကို သတ်ခြင်းဟာ လူသတ်ခြင်းပေမယ့် အကုသိုလ်ကောင်တွေကို ရှင်းလင်းလိုက်ခြင်း ဖြစ်တဲ့အတွက် အကုသိုလ်မဟုတ်” လို့ ကြွေးကျော်၊ တယ်လီဗေးရှင်းအစီအစဉ်တွေမှာ သည် ပိဋကတ် အကိုးအကားကို အင်တာဗျုး၊ ပြည်သူလူထုတော်တော်များများကလည်း နားယောင်မိပြီး ဗုဒ္ဓဟာ အကုသိုလ်ကောင်တွေရှင်းဖို့ ခွင့်ပြုထား တယ်လို့ ယုံကြည်လာခဲ့တာဟာ သမိုင်းမှာ တော်တော်ဆိုးခဲ့တဲ့ အဖြစ်အပျက်ပါပဲ။ စင်စစ် မြတ်စွာဘုရားကပြောတဲ့ ရိုက်တယ်၊ သတ်တယ်ဆိုတာ လူကိုဆိုလိုတာ မဟုတ်ပါ။ တရားနာသူတွေရဲ့ အခံမှာရှိတဲ့ ညစ်ညမ်းမိုက်မဲသော အနုသယတွေကို ဆိုလိုခြင်းဖြစ်တယ်၊ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးဟာ သည်အနုသယတွေမှာ အိပ်မောသက်ဝင် နေတဲ့ လူတွေကို ‘လန့်’ သွားအောင် နိုးလာအောင် စေတနာကောင်းနဲ့ သုံးနှုန်းတာဖြစ်တယ် ဆိုတာကို နည်းနည်းလေး စူးစမ်းစဉ်းစားရုံနှင့်ပင် ကျနော်တို့ သိသာနိုင်ပါသည်။

ရှေ့တွင် ရှင်းပြခဲ့သလိုပါပဲ၊ မဟန်နဘိခ်ျက ကျယ်ဝန်းကောင်းမွန်သော စေတနာနှင့်ပေးသော ခေါင်းစည်း၏ စရိုက်ကို ပရိယာယ် ကြွယ်ဝလေ့မရှိတဲ့ အစိုးရနှင့်တကွသော တချို့သောသူတွေက သူတို့မြင်နေကျအတိုင်း တိုင်လုံးတဖက် တည်းကနေ ကြည့်ပြီး မကောင်းဘူးလို့ မြင်နေခြင်းပါပဲ။ The Face of Buddhist terror ဆိုတာ မဟန်နဘက်က တချို့ ခုခံသူတွေ ဖြေတွေးသလို “ဗုဒ္ဓဘာသာ၏ အကြမ်းဖက်မှု မျက်နှာစာ” လို့တော့ အတိအကျ အဓိပ္ပာယ်မပေါက်ပါ။ ဟုတ် ကဲ့၊ နောက်တာတော့ မဟုတ်ပါဘူး။ မဟန်နက “ဗုဒ္ဓဘာသာ၏ သောက်ခွက် (မျက်နှာ)” လို့ သုံးထားတာတော့ အဟုတ်အမှန် ပါပဲ။ ဒါပေမယ့် အဓိက သိမ်မွေ့မွန်မြတ်တဲ့ စကားလုံးက သူမရဲ့ကြောက်ရွံ့ခံစားရပုံကို ဖော်ပြတဲ့၊ လူတွေက စော်ကားတယ်လို့ ထင်တဲ့ Terror ဝေါဟာရက အဓိက ဖြစ်ပါတယ်။ Terror ဆိုတဲ့ ဝေါဟာရဟာ အများသိ ကြသလို အကြမ်းဖက်မှုကိုတင် ဖော်ပြတာ မဟုတ်သလို သည်အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး လူတဦးချင်းမှာ ခံစားရ လေ့ရှိတဲ့ စိတ်ခံစားမှုဖြစ်တဲ့ “စက်ဆုပ်ကြောက်ရွံ့မိခြင်း” ကိုပါ အဓိကညွန်းဆိုပါတယ်။ ထို့ကြောင့် သူမပြောလိုတဲ့ အတိအကျ အဓိပ္ပာယ်က “ခြောက်ခြားစက်ဆုပ်စဖွယ် အကြမ်းဖက်မှုနှင့် ဗုဒ္ဓဘာသာဝင်၏ မျက်နှာ” လို့ အဓိပ္ပာယ်ထွက် ပါတယ်။ ဗုဒ္ဓဘာသာဝင်မျက်နှာ ဆိုတာကတော့ သူမ စက်ဆုပ်ကြောက်ရွံ့မိတဲ့ ဝီရသူကို တသီးပုဂ္ဂလိကချင်း ညွှန်းတာ တော့ မဟုတ်ပါဘူး၊ အကြမ်းဖက်မှုကို ဗုဒ္ဓဘာသာအမည်ခံပြီး လုပ်တဲ့သူအားလုံးကို ညွှန်းဆိုထားတာ ဖြစ်ပါတယ်။ အ များဆိုင်နာမ် (သို့) အစုပြနာမ်လို့ ပြောလည်းမှန်ပါတယ်။ ဟုတ်ကဲ့၊ သေချာပေသပေါ့၊ ခုချိန်မှာ ဝီရသူရဲ့  သောက်ခွက် ကတော့ အဲသည် ဗုဒ္ဓဘာသာအမည်ခံ စက်ဆုပ်ဖွယ်မျက်နှာတွေထဲမှာ ကြီးတောင့်ကြီးမား တခုအပါအဝင် ဖြစ်လို့ မျက်နှာဖုံးမှာကို တမင်ကိုထည့်ထား၊ ဗုဒ္ဓဘာသာဘုန်းကြီး အမည်ခံပြီး ရမ်းကားနေသူတွေရဲ့ ဘာသာရေး သောက်ခွက် တွေအားလုံးကို ရှုတ်ချချင်လို့ကို စိတ်ကူးကောင်းကောင်းနဲ့ အယ်ဒီတာက ထည့်ထားတာပါပဲ။

တကယ်က မဟန်နဟာ အင်မတန်ကောင်းမွန်တဲ့ စေတနာနဲ့ ပြောနေတာဖြစ်သလို မိုက်မဲလှတဲ့ မြန်မာအာဏာပိုင်တွေ၊ နောက်ပြီး မြန်မာနိုင်ငံရေးသမား အတိုက်အခံဆိုသူတွေကိုယ်တိုင် နှာစေးနေတဲ့ ပြဿနာကို ကမ္ဘာကြီးကို ကယ်တင် ပေးပါလို့ သူမ၏ စိတ်အားငယ်မှုကို စိတ်အရင်းခံအတိုင်း ဖော်ပြတောင်းဆိုထားတဲ့ ဆောင်းပါးရိုးရိုးလေးပါပဲ။ တကယ် ကတော့ ခု သူမရဲ့ စိတ်အားငယ်မှုဟာ ခုနေမှာရော နောင်နေခါမှာ ၉၆၉  ဂိုဏ်းရဲ့  နှိပ်စက်ခြင်းကို ခံရတဲ့ (ခံရမယ့်) လူတွေကို ကိုယ်စားပြုထားတာပါ။ အင်မတန် ရိုးသားကောင်းမွန်တဲ့ စေတနာဖြစ်ပြီး မိန်းကလေးပေမယ့် ပြောင်မြောက် လှတဲ့ သတ္တိလို့ ဒို့များတော့ ချီးကျုးမိပါတယ်။ နောင် ဆောင်းပါးကို ဆက်ကြည့်ရင် ပေါ်လွင်နေတာက သူမ ဘာ ဘာသာ လဲဆိုတာ ကျနော် မသိပေမယ့် သူမဟာ ဗုဒ္ဓမြတ်စွာရဲ့တရားဓမ္မကို လေးစားသူ ဖြစ်တယ်ဆိုတာ ကောင်း ကောင်း ခန့်မှန်းနိုင်ပါတယ်။ ဆောင်းပါးတခုလုံး၏ ဆိုလိုရင်းကို ဖော်ပြရလျှင် အင်မတန်လေးစားဖွယ် တရားဓမ္မတွေနဲ့ တကွ ကမ္ဘာ့ဘာသာတရားကြီးဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာဟာ ဝီရသူလို ဗုဒ္ဓဘာသာအမည်ခံ သောက်ခွက်နဲ့ စက်ဆုပ်ဖွယ် လူတွေကြောင့် ညှိုးနွမ်းရတော့မှာလားဆိုပြီး ဗုဒ္ဓတရားကို ကာကွယ်အသိပေးလိုတာ ဖြစ်ပါတယ်။ ဆောင်းပါး၏ နောက် ဆုံးစာပိုဒ်ကို ကြည့်ပါလေ။

မူဆလင်ဆိုရင် လူယုတ်မာပဲ ဆိုသော အဲသလို စိတ်ခံစားမှုမျိုးသည် မြန်မာဘင်လာဒင်က သြဘာပေးထောက်ခံ၍ လူထုကြားမှာလည်း လှုပ်ရှားလူးလွန့်စေလိုသော စိတ်ခံစားမှု ဖြစ်ပါသည်။ ဗုဒ္ဓ၏ ငြိမ်းချမ်းသော သုတ္တန်ဒေသနာတွေနဲ့ မူဆလင်တွေကို အကြမ်းဖက်သောကိစ္စ မြန်မာအများစုနေသည့် သူ့မြေတွင် အနှံ့အပြားဖြစ်ပေါ်နေခြင်းကို ဘယ်လို ညှိနှိုင်းလို့ ရမှာလဲဟု ကျွန်မ ဝီရသူကို မေးပါသည် (ဘွဲ့ရှေ့တွင် ‘ရှင်’ မထည့်သည်ကို သတိပြုပါ)။ “ဗုဒ္ဓတရားအရ ငါတို့ဟာ ရန်စောင်လို့ မရပါဘူး” ကလေးတယောက်ကို သူ လက်ချာပေးနေရသည့်နှယ်မျိုး သူက ပြောပါသည် (ကျွန်မသည် ဗုဒ္ဓကျမ်းဂန်ပါ သဘောတွေကို လေ့လာထားပါတယ်။ ကလေးလို ညာလို့ရတယ်လို့ သူထင်နေပုံ ရပါ၏ )။

“ဒါပေမယ့် ဒို့ဟာ ဒို့အသိုင်းအဝိုင်းကို ကာကွယ်ဖို့ ဘာမဆိုလုပ်ပိုင်ခွင့် ရှိတယ်” (နာဇီဝါဒ - moral relativism ကို တိုက် ရိုက်ဖော်ပြသော စာသားဖြစ်ပါ၏၊ ဒါကို ကမ္ဘာကြီးကို မဟန်နသည် အသိပေးလိုခြင်း ပါတည်း)။ နောက် ညနေတွင် သူလူအုပ်ကို တရားဟောသောအခါ ကျွန်မလိုက်နားထောင်ပါသည်။ ပြုံးနေကြတဲ့ အိမ်ရှင်မတွေ၊ ကျောင်းသားကျောင်း သူတွေ၊ ဆရာ ဆရာမတွေ၊ အဘွားအိုတွေနှင့် ကျန်သူတို့ကို သူဆိုတာကို နောက်ကလိုက်ဆိုခိုင်းပါ၏ “ဗမာလူမျိုးတို့ အတွက် ငါတို့ကိုယ် ငါတို့ အနစ်နာခံ (စတေး) ပါအံ့”။ ဗုဒ္ဓရှင်တော်သည် (စက်ဆုပ်ကြောက်ရွံ့ဖွယ်) ဤတရားကို ကောင်းချီးပေးလိမ့်မည်လို့တော့ ထင်မိဖို့ ခက်လှပါ၏။

ဘယ်မလဲ၊ ဗုဒ္ဓဘာသာကို အကြမ်းဖက်ဘာသာလို့ စွပ်စွဲတယ်ဆိုတဲ့ အဓိပ္ဗာယ်?  ဆောင်းပါးတခုလုံး အဲသလို အဓိပ္ပာယ်မျိုး ဘယ်နေရာမှာမှ ကျနော် မတွေ့မိပါ။

ညိုထွန်း

1 comment:

Anonymous said...

It(Thitagu sayadaw 's speech on Time Magazine cover article made at monks gathering at Aung San Town on 27th June) is sad really as this popular and 'celebrity' monk has quick openly and officially given his blessings to those base, racist and extremist monks groups like Weyathu and 969 groups. This is an inflammatory speech that totally approves all the hate speeches given ,over the years, by Weyathu and those who support him. Cunningly, he reduced The Buddha's own experiences down to nothing more than ordinary , 'raw'(pu-du-zin) human level to suit his own interpretations for (these monks') 'political end' , that is, a crusade against 'Islamist threats'; real or imagined . For this end , he selectively invoked ancient history to stirring up the prevailing paranoia caused originally by the like of Weyathu and 969 monks. Seemingly a son of peace-loving Buddha, he has noting to say for those Burmese-Muslim kids, women and men who were burnt alive in places like Mikehtilar and other towns by the Buddhist mobs commonly led by the Buddhist monks or those wearing yellow robes. This is not a peace-speech. This is not a Dhamma talk. This is a political instigation , a rabble-rousing speech that is very bad news for our country and our sarsana, the Buddha's true teachings. Surely many impacts will follow and they will hardly be pretty, and this monk will be responsible.