Thursday, July 4, 2013

ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (အပိုင်း ၁)

ခရစ်နှစ် ၁၉၈၈ ခုနှစ်

(အခန်း ၁)

အဓိကရုဏ်းဆိုတာ နားမပါတဲ့လူတွေကို နားကြားလာအောင် စကားပြောတဲ့နည်းဖြစ်တယ်။
(မာတင်လူသာကင်း ဂျူနီယာ)

၁၉၈၈ ခုမတ်လ ၁၃ ရက်။

ခြေသံတွေကို သူကြားနေသည်။ ပြေးလွှားနေသော ခြေသံတွေ။ အရေးတကြီး ပြေးလွှားနေသော ခြေသံတွေ။ လူတ ယောက် နှစ်ယောက်၏ ခြေသံမဟုတ်။ လူတွေ အများကြီး၏ ခြေသံတွေ။

ဘာတွေဖြစ်နေကြသနည်း။ မီးလောင်နေသလား။ ကမ္ဘာကြီးပျက်စီးလေပြီလား။ လူတွေ ဘာကြောင့်များ အရေးတကြီး
ပြေးလွှားနေကြ ပါလိမ့်။

“ထွက်ကြဟေ့။ အားလုံးထွက်ကြ။ အားလုံးထွက်ကြ။”

ခြေသံတွေသာမက အော်သံဟစ်သံတွေကိုပါ သူကြားရသည်။ သူ့မျက်လုံးတွေကို ကြိုးစားအားယူပြီး ဖွင့်ကြည့်သည်။ မျက်လုံးတွေ တော်တော်နှင့် ဖွင့်မရ။ အိပ်မက်များ မက်နေသလား။ သူ့ဖာသာ မသေချာ။ သို့သော် သူ့စိတ်တွင် စိုးရိမ် နေသည်။ တစုံတခုက သူ့ကို လှုပ်နှိုးနေသည်။ တစုံတခုက သူ့ကို စေ့ဆော်နေသည်။ အန္တရာယ်တခုခုတော့ ကျရောက် နေပြီ။ သူထမှ ဖြစ်မည်။ မထလို့မဖြစ်။ မထမဖြစ်သော အကြောင်းတခုခုတော့ ဖြစ်ကိုဖြစ်နေပြီ။ ထစမ်း… စိုးအောင်… ထစမ်း။

သူ့ကိုယ်သူ နှိုးနေသည်။ သူ့… မျက်လုံးတွေကို အားယူဖွင့်ကြည့်လိုက်သည်။ စူးရှသော မီးရောင်သည် မျက်လုံးထဲသို့ တန်းတန်းမတ်မတ် ဝင်လာသောကြောင့် ရုတ်တရက် ပြန်မှိတ်လိုက်ရသည်။

သူဘယ်ကို ရောက်နေသနည်း။ ရုတ်တရက် ဝေခွဲမရ။ ခဏကြာအောင်စဉ်းစားပြီးမှ စက်မှုတက္ကသိုလ်ဝန်းထဲက အဆောင်ဘီမှာ သူအိပ်နေသောအဖြစ်ကို သူပြန်သတိရလာသည်။

သူအိပ်ရေးပျက်ခဲ့သည်မှာ သုံးရက်ဆက်တိုက်ရှိပြီ။ ကျောင်းသားမိသားစု ပျော်ပွဲစားခရီးစဉ်ကို ဦးဆောင်စီစဉ်ခဲ့သော ကြောင့် သုံးညဆက်တိုက် ကောင်းကောင်း မအိပ်ခဲ့ရ။ ညကတော့ ခရီးစဉ်ပြီးဆုံးပြီမို့ သူစိတ်ချလက်ချ အိပ်လိုက်သည်။ ဒါတွေကို တဖြည်းဖြည်း သူပြန်သတိရလာသည်။

ဒါဆို ဘေးကုတင်မှာ သူ့အခန်းဖော် မျိုးသိန်း ရှိရမည်။ သူမျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့ဘေးကုတင်သည် ဟာလာ ဟင်းလင်း။ သူ့သူငယ်ချင်း မျိုးသိန်း ခေါ် မျောက်သည် ဘယ်ကို သွားသနည်း။ မီးချောင်းကိုလည်း ဖွင့်ထားသည်။ ခြင်ထောင်သည် တင်တဝက် ချတဝက်။ စောင်တွေက တို့လို့တွဲလောင်း။ ခေါင်းအုံးတွေ ဖရိုဖရဲ။

စောစောက သူကြားခဲ့သော ခြေသံတွေကို နားစွင့်မိသည်။ ခုတော့ ဘာမှ မကြားရ။ အားလုံး တိတ်ဆိတ်နေသည်။ သူ ကြားခဲ့တာ တကယ်ပဲလား။ ဒါမှ မဟုတ် သူအိပ်မက်မက်နေခဲ့သလား။ ကုတင်ပေါ်မှ သူဆင်းလိုက်သည်။ အခန်းအ ပြင်ထွက်လိုက်သောအခါ ဝရန်တာတွင် လူရှင်းနေသည်။ ထူးတော့ ထူးသည်။ အခန်းတွေအားလုံးလိုလို တံခါးတွေ ပွင့်နေကြသည်။ သည်အချိန်သည် အခန်းတံခါးတွေပိတ်ပြီး အားလုံး တိတ်တိတ်ဆိတ်ဆိတ် အိပ်နေကြရမည့် အချိန် ဖြစ်သည်။ ဘာ့ကြောင့် တံခါးတွေ ပွင့်နေသနည်း။ ဘေးခန်းတွေကို သူကြည့်လိုက်သည်။ လူတယောက်မှမရှိ။ တခန်းပြီး တခန်း သူလျှောက်ကြည့်သည်။ အခန်းတိုင်းလိုလို တံခါးတွေပွင့်နေပေမဲ့ တခန်းမှ လူမရှိ။ လူတွေ ဘယ်ရောက်ကုန်ကြ သလဲ။ ဘာတွေ ဖြစ်နေသလဲ။ ဘာ့ကြောင့် ညလယ်သန်းခေါင်မှာ သူတယောက်တည်း အထီးတည်း ဖြစ်နေရသလဲ။ အင်မတန် ထူးဆန်းသော ခြောက်သွေ့ အထီးကျန်ခြင်းကို သူတမြေ့မြေ့ ခံစားရသည်။ စိုးရိမ်စိတ်တမျိုးက တစိမ့်စိမ့် ပျံ့နှံ့လာသည်။

ထိုစဉ် ဝေါကနဲ အသံတွေကို သူကြားရသည်။ ဘာသံတွေလဲ။ မကွဲပြား။ တော်တော်ဆူညံသော အသံတွေ ဖြစ်သည်။ လူစုလူဝေးကြီးဖြင့် အော်ဟစ်နေသော အသံတွေဖြစ်သည်။ အသံကြားရာ အရပ်သည် ပင်မအဆောင်ဖြစ်သော အဆောင်တစ်ဆီက အသံဖြစ်သည်။

အဆောင်တစ်ကို မြင်နိုင်မည့် ရှေ့မျက်နှာစာ ဝရန်တာဆီသို့ သူလျှောက်လာသည်။ သူ့ခြေလှမ်းတွေသည် လမ်းလျှောက်တတ်စ ကလေးငယ်လို ဒယီးဒယိုင်နှင့် ယိမ်းယိုင်နေဆဲ။ အိပ်ချင်စိတ်သည်လည်း မပြယ်သေး။ သူ့ခေါင်း ထဲတွင် မူးဝေနေသလိုပင်။ သို့သော် သိလိုစိတ်ကြောင့် သူအားတင်းပြီး လျှောက်လာသည်။ သူရပ်နေသော လေးထပ် ဝရန်တာမှ ရပ်ကြည့်လိုက်သောအခါ မြင်ရသော မြင်ကွင်းမှာ မယုံနိုင်စရာဖြစ်သည်။ ပင်မအဆောင်တစ်ရှေ့တွင် ကျောင်းသားတွေ စုရုံးရောက်ရှိနေကြသည်။ ရှိသမျှ ကျောင်းသားအားလုံး အဆောင်တစ်ရှေ့မှာ ရောက်နေကြသည်။ သူတို့ ဆူပူအော်ဟစ်နေကြသည်။ မကျေမနပ် အော်ဟစ်နေသော အသံတို့မှာ စုံလင်လွန်းသောကြောင့် ဘာကိုမှ သူကွဲကွဲပြားပြား မကြားရ။

ညဥ့်နက်သန်းခေါင်တွင် ကျောင်းသားတွေ အဘယ်ကြောင့် အဆောင်တစ်ရှေ့ ရောက်နေကြသနည်း။ ဘာကို မကျေ မနပ်ဖြစ်နေကြသနည်း။ ဘာကို အော်ဟစ်ကန့်ကွက်နေကြသနည်း။

“ငါတို့ကို ဘာလို့ ဝိုင်းထားတာလဲကွ။ ငါတို့ ကျောင်းသားတွေကို အရိုက်ခံရတာ။ ငါတို့ ကျောင်းသားတွေကို ဓါးထိုးခံ ရတာကွ။”

ကျောင်းသားတယောက်၏ စူးစူးဝါးဝါး အော်ဟစ်လိုက်သံသည် တခြားအသံတွေကို ကျော်လွန်ထိုးဖောက် ထွက်လာ သည်။ သည်တော့မှ ကျောင်းဝန်းအပြင်ဘက်တွင် ကျောင်းကို ဝိုင်းရံထားသော မီးသတ်ကားနှင့် လုံထိန်းတပ်သားတွေ ကို သူမြင်မိသည်။

မနှစ်ကဖြစ်ခဲ့သော ငွေစက္ကူတွေ တရားမဝင်ကြေငြာသည့် အဖြစ်အပျက်ကို သူသတိရလိုက်မိသည်။ အခုလည်း ဆိုးဆိုးဝါးဝါး အရေးအခင်းကြီးတခုဖြစ်နေပြီကို သူရိပ်မိလိုက်သည်။

ထိုအချိန်တွင် မီးသတ်ကားတွေက ကျောင်းသားတွေကို ရေပိုက်ဖြင့် ထိုးပက်သည်။ ကျောင်းသားတချို့က ခဲနှင့်ပြန် ပေါက်ကြသည်။ တချို့က အော်ဟစ်ဆဲဆိုကြသည်။

တချို့က မီးသတ်ပိုက်ကပက်လိုက်သည့် ရေထဲတွင် ကွေးနေအောင်ကကြသည်။

“သင်္ကြန်ကျပြီဟေ့။ သင်္ကြန်ကျပြီ။
သင်္ကြန်နှစ်ဦး တူးပို့တူးပို့ တူးပို့ မြူးသံသာ… သင်္ကြန်နှစ်ဦး တူးပို့တူးပို့ တူးမာရဲ့နော်ဗျာ။”

“ပိုက်စုတ်ကြီးနဲ့ ပက်တာလောက်တော့ ရယ်တာပေါ့။ ရယ်တာပေါ့။”

လက်နက်ကိုင်တပ်ဖွဲ့နှင့် ဝိုင်းထားသည့်ကြားမှာပင် ကခုန်အော်ဟစ်ပြောင်လှောင်နေသူတွေကို ကြည့်ပြီး သူပြုံးမိသည်။ အဖြစ်အပျက်၏ အကြောင်းရင်းကိုကား သူသေသေချာချာ မသိသေး။

သို့သော် ကြည့်နေရင်းမှာပင် သူ့ရင်ထဲ ထိတ်ကနဲ ဖြစ်သွားသည်။ လုံထိန်းတပ်သားတွေ ကျောင်းဝင်းဆီ တဖြည်းဖြည်း တိုးဝင်လာသည်ကို အဆောင်၏ လေးထပ်ဝရန်တာပေါ်မှ သူမြင်လိုက်ရသောကြောင့် ဖြစ်သည်။

တစုံတရာကို သူအော်ဟစ်သတိပေးလိုက်သေးသည်။ သို့သော် ဘယ်သူမှ မကြား။ သူ့နေရာက တော်တော်ဝေးနေ သည်။ ထို့အပြင် တခြားအသံတွေက ဆူညံနေလွန်းလှသည်။

မရှေးမနှောင်းမှာပင် ကမ္ဘာပျက်လောက်အောင် ဆူညံပွက်လောရိုက်စေသည့် သေနတ်သံတွေကို သူကြားလိုက်ရလေ သည်။

သူရုတ်တရက် မင်သက်မိသွားသည်။ မြင်ကွင်းမှာ မယုံနိုင်စရာ။ ကျောင်းသားတွေကို သေနတ်နှင့် ပစ်ခတ်နေချေပြီ။ လက်နက်မပါသော ကျောင်းသားတွေကို စစ်ဆင်ရေးကြီးဆင်နွဲနေသလို သဲကြီးမဲကြီး ပစ်လေပြီ။

မီးခိုးလုံးတွေ တလုံးပြီး တလုံးလိပ်တက်လာသည်။ ကွင်းပြင်တခုလုံးမှာ မီးခိုးတို့ဖြင့် သိပ်သည်းမည်းမှောင်လာသည်။ မီးခိုးငွေ့တွေကြားမှ ပွင့်ထွက်လာသော မီးရောင်တွေက တဝင်းဝင်း တလက်လက်။ သေနတ်သံတွေက တချက်နှစ်ချက် မဟုတ်။ တချက်ချင်း မဟုတ်။ ဆက်တိုက်ပစ်ခွင်းနေသည့် အသံတွေ ဖြစ်သည်။

ကျောင်းသားတွေ ဖရိုဖရဲ ထွက်ပြေးကြသည်။

သူပင် အယောင်ယောင် အမှားမှားနှင့် ဝရန်တာတွင် ဝပ်လိုက်မိသည်။

“အား….”

စူးစူးဝါးဝါး အော်သံတသံကို ကြားလိုက်ရသည်။

“ဖုန်းမော်။ ဖုန်းမော်”

ကျောင်းသား တယောက်၏အမည်ကို အော်ခေါ်လိုက်သံကြားရသည်။ သူ့ရင်ထဲ ထိတ်ကနဲ ဖြစ်သွားသည်။ လှေကား ကနေ ကတိုက်ကရိုက် ပြေးဆင်းသွားမိသည်။ ပစ်ခတ်နေသော အဆောင်တနေရာသို့ သူဦးတည် ပြေးလွှားနေခြင်း ဖြစ်သည်။ သို့သော် ဒုတိယထပ် အရောက်တွင် သူ့ခြေလှမ်းတွေ ရပ်တန့်သွားသည်။ သူသွားပြီး ဘာလုပ်မည်နည်း။ သူကရော ဘာတတ်နိုင်မည်နည်း။ လှေကားမှ ဆက်မဆင်းတော့ဘဲ ဒုတိယထပ် မျက်နှာစာ ဝရန်တာဆီ သူပြေးသွား လိုက်သည်။ ဝရန်တာတွင် ဝပ်ပြီး ချောင်းမြောင်း ကြည့်ရှုနေသော အခြားကျောင်းသားများကို သူတွေ့ရသည်။

“စိုးအောင် ဒီဘက်ကိုလာခဲ့ကွ။ ဒီဘက်လာ။ အဲဒီဘက်က ကျည်လမ်းကြောင်းကျတယ်။”

တိုင်အကွယ်မှ သူ့ကို လှမ်းခေါ်နေသူကို ကြည့်လိုက်တော့ မျိုးသိန်း။ သူ့အခန်းဖော် မျိုးသိန်းခေါ်မျောက်။ သူပြောတာ ဟုတ်မဟုတ်သူမသိ။ သို့သော် ဘာပဲ ပြောပြော အဖော်ရှိတော့ သူအားတက်သွားသည်။ မျိုးသိန်း ရှိရာသို့ စိုးအောင် ပြေးသွားလိုက်သည်။

ဆက်နိုင်မင်း
Facebook .. Set Naing Min

No comments: