Thursday, July 4, 2013

အရေးပေါ်ကြေငြာချက် (သို့မဟုတ်) တက္ကသိုလ်မင်းခန့် ကွယ်လွန်ခြင်း


သမ္မတကြီးကို
မချစ်နိုင်မှန်း သိရက်နဲ့
နှလုံးသားမှာ နေရာပေးလိုက်
ရသောအခါ

လွှတ်တော်ထဲက
ထိုးဇာတ်များ
ငိုက်မြည်းသန်းဝေသံ
ကြားရသောအခါ


အမျိုးသား ရင်ကြားစေ့ဖို့
ကချင်တောင်တန်းတွေပေါ်က
ဗုံးမိုးရွာသံတွေ ကြားရသောအခါ

ပွဲလန့်ချိန်ရောက်မှ
ကလေးနှစ်ယောက်မွေးဥပဒေနဲ့
ရခိုင်ပြည်ကြီးကို
ချစ်ပြလိုက်သောအခါ

အထင်ကြီး လေးစားခဲ့ရသမျှ
ဓါးခုတ်ရာထဲ
လက်တွေ ဝင် ဝင် လာသောအခါ

နောက်ကြောင်းပြန်မလှည့်ဖို့
နောက်က လိုက် လိုက်ပြီး
ပြောနေသော ခြေလှမ်းများ
နောက်ကျ ကျန်ရစ်ခဲ့သောအခါ

တခါ တခါ
လူ့အခွင့်အရေး ဇာတ်ရည်
မလည်မှုတွေ ကြား
နိုင်ငံသားအခွင့်အရေးများ
နှာခေါင်းသွေးထွက်ခဲ့ရသော အခါ

လူထုခေါင်းဆောင်အပေါ်
ဘဝတခုလုံး ပုံအပ်ပေးလိုခဲ့သော
စိတ်အား
အခေါင်းထဲထည့်ပြီး
ကဗျာဆရာဟာ
သူ့ အလောင်းသူထမ်းလို့
မှောင်ကြီးမည်းမည်း
သင်္ချိုင်းကုန်း လမ်းကလေးထဲ
ရဲရဲကြီး တိုးဝင်သွားခဲ့ပေါ့။

တက္ကသိုလ်မင်းခန့်
ကွယ်လွန်သူကဗျာဆရာ

1 July 2013
မှတ်ချက် ... မူချောကိုပြန်လည်
တင်ပြခြင်း ဖြစ်ပါသည်။

No comments: