ဒါ့အပြင် အဲဒီအမတ်မင်းက သမ္မတဦးဆောင်တဲ့ “ဗဟိုကော်မတီ” မှာ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး (ဗိုလ်ရွှေမန်းနှင့် ဗိုလ်ခင် အောင်မြင့်) နဲ့ အခြားပါသင့်ပါထိုက်သူများပါဝင်လို့ ပြဿနာဖြေရှင်းနိုင်ရန် မှန်ကန်သောခြေလှမ်းဖြစ်တယ်လို့
သူက မှတ်ချက်ချလိုက်ပါသေးတယ်။
ဗဟိုကော်မတီ ပြင်ဆင်ဖွဲ့စည်းတယ်လို့ ဆိုပေမယ့် တကယ်တော့ အဲဒီဗဟိုကော်မတီထဲမှာ လစ်လပ်သွားတဲ့ အဖွဲ့ဝင် များဖြစ်တဲ့ ဒုတိယသမ္မတ ဗိုလ် (ဦး) တင်အောင်မြင့်ဦး၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်လှမင်း၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ် သိန်းဌေးတို့နေရာတွေကို ဒုတိယသမ္မတ ဗိုလ် (ဦး) ဉာဏ်ထွန်း၊ ဗိုလ်ဝေလွင်၊ ဗိုလ်သက်နိုင်ဝင်းတို့နဲ့ အစားထိုးလိုက် သာ ဖြစ်ပါတယ်။
ဒါ့အပြင် သမ္မတရုံးညွန်ချုပ်ဖြစ်တဲ့ ဦးမင်းဇော်ကို ဦးလှထွန်းနဲ့ အစားထိုးလိုက်တာတွေပဲ ဖြစ်ပါတယ်။ အသစ်အဆန်း ဘာမှမပါဘူး။
လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးဖြစ်တဲ့ (ဗိုလ်)ဦးရွှေမန်းနဲ့ (ဗိုလ်)ဦးခင်အောင်မြင့်တို့ဟာ ဗဟိုကော်မတီ စတင်ဖွဲ့စည်းစဉ်ကတည်း က ပါရှိပါတယ်။ အခုမှ ထပ်မံထည့်သွင်းခဲ့တာ မဟုတ်ပါဘူး။
အရေအတွက်ဘက်ကပြောမယ်ဆိုရင် ယခင်ကလည်း ဗဟိုကော်မတီ ၁၁ ဦး၊ ယခုပြင်ဆင်ဖွဲ့စည်းရာမှာလည်း ၁၁ ဦးပဲဖြစ်လို့ အရေအတွက်အရလည်း တိုးမလာသလို၊ လျှော့လည်းမသွားပါဘူး။
ဗဟိုကော်မတီ ၁၁ ထဲမှာ(ယခင်ကရော/ ယခုပြင်ဆင်ဖွဲ့စည်းပြီးတဲ့အခါမှာပါ) အမှတ်စဉ် (၁ မှ ၉ ထိ) ပါဝင်သူများဟာ (ကာလုံ) အဖွဲ့ဝင်များသာ ဖြစ်ပါတယ်။
သမ္မတဗိုလ် (ဦး) သိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတဗိုလ် (ဦး) ဉာဏ်ထွန်း၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ (ဗိုလ်) ဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ (ဗိုလ်) ဦးခင်အောင်မြင့်တို့ဟာ ကြံ့ဖွံ့ပါတီထိပ်သီးများ ဖြစ်ပါတယ်။ ဒေါက်တာစိုင်းမောက်ခမ်းမှအပ ကျန်သူအားလုံးဟာ စစ်ဗိုလ်ဟောင်းများ ဖြစ်ပါတယ်။
ကာချုပ်ဗိုလ်မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ကိုကို၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ဝေလွင်၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်သက်နိုင်ဝင်းတို့ဟာ စစ်တပ်မှတာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်များ ဖြစ်ပါတယ်။
အထက်ပါ ကြံ့ဖွံပါတီမှ ထိပ်သီး ၅ ဦးနှင့်စစ်တပ်မှထိပ်သီး ၄ ဦးတို့ဟာ လက်ရှိ (ကာလုံ)အဖွဲ့ဝင်များဖြစ်ပါတယ်။ ဒါကြောင့် ဒီဗဟိုကော်မတီမှာ ပါဝင်ဖွဲ့စည်းထားတဲ့သူတွေကိုကြည့်လိုက်တာနဲ့ ဘယ်လိုသဘောထားနဲ့ဖွဲ့စည်းထားတယ်ဆိုတာ သိမြင်နိုင်ပါတယ်။
ဒါ့အပြင် ဒီဗဟိုကော်မတီဟာ မူဝါဒချမှတ်ခြင်း၊ ကြီးကြပ်ခြင်း၊ နိုင်ငံခြားအဖွဲ့အစည်းများနှင့်ဆက်ဆံခြင်း၊ ရန်ပုံငွေထူ ထောင်ခြင်းသုံးစွဲခြင်း စတဲ့သော့ချက်ကျတဲ့ကိစ္စတွေကို ချုပ်ကိုင်ထားတာ ဖြစ်တယ်။
(ဗိုလ်) ဦးအောင်မင်း ဒုတိယဥက္ကဋ္ဌတဦးအဖြစ် ပါဝင်နေတဲ့ “လုပ်ငန်းကော်မတီ” ဟာ အထက်မှာတင်ပြခဲ့တဲ့ “ဗဟိုကော် မတီ” ကို တာဝန်ခံရတဲ့ အချိန်နဲ့တပြေးညီ အစီရင်ခံနေရတဲ့ အဖွဲ့အစည်းသာ ဖြစ်ပါတယ်။ (ဗိုလ်) ဦးအောင်မင်း ဟာ သူ့သဘောနဲ့သူ ပြောချင်တာ၊ သူလုပ်ချင်ရာလုပ်ခွင့် မရှိပါဘူး။ ဗဟိုကော်မတီနဲ့ ဆန့်ကျင်ကွဲလွဲပြီး လုပ်ငန်းကော်မတီ အနေနဲ့ ပြောခွင့်လုပ်ခွင့် မရှိပါဘူး။ ဒါကြောင့် “ကားပါမစ်တွေ” ပေးနေတယ်ဆိုတာ (ဗိုလ်)အောင်မင်းတို့၊ ဦးလှမောင်ရွှေ တို့ကို အထက်ကခွင့်ပြုထားလို့ ပေးတာပါ။
ဒါကြောင့် ဒီလို ကြံ့ဖွံ့ထိပ်သီးတွေ၊ စစ်တပ်ထိပ်သီးတွေချည်း ပါဝင်ဖွဲ့စည်းထားတဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေး ဗဟိုကော်မတီ” ထဲမှာ ဒီချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းဖွဲ့စည်းခြင်းမရှိတာ မဆန်းပါ ဘူး။ မထည့်ချင်လို့ကို မထည့်တာ ဖြစ်တယ်။ အကယ်၍ထည့်မယ်ဆိုလည်း ထည့်လို့ရတာပဲ။
ဒါပေမယ့် ဒီ ဗဟိုကော်မတီက အဓိကကိုင်တွယ်နေရတဲ့ကိစ္စက ပြည်တွင်းစစ်ကိစ္စ ဖြစ်တယ်။ တိုင်းရင်းသားလူမျိုးများ အရေး ဖြစ်တယ်။ ဒီလိုလုပ်ငန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းဖွဲ့စည်းလိုက်ရင် ကျားကို အတောင်ပံတပ်ပေး သလိုဖြစ်မယ်ဆိုတာ သူတို့ ကောင်းကောင်းတွက်မိတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က “ဖိတ်ခေါ်ရင်ပါဖို့ အသင့်ပဲလို့” ပြောနေတာကို သူတို့သိပါတယ် ဒါပေမယ့် မသိချင်ယောင်၊ မကြားချင်ယောင် တမင်ဆောင်နေကြတာပါ။ ဒီတော့ စတင် ဖွဲ့စည်းစဉ် (၂ဝ၁၂ ခုနှစ်၊ မေလ ၃ ရက်) က မထည့်သွင်းခဲ့သလို ပြင်ဆင်ဖွဲ့စည်းတဲ့ (၂ဝ၁၃ ခုနှစ်၊ မေလ ၅ ရက်) အခါ မှာလည်း မထည့်သွင်းခဲ့တာဟာ သာမန်တိုက်ဆိုင်မှုမဟုတ်ဘူး။ သူတို့အသေချာ စဉ်းစားပြီးဆုံးဖြတ်ခဲ့တာ ဖြစ်တယ်။
ဒါက (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရက ဦးဆောင်ပြီးဖွဲ့လို့ မထည့်တာပါ။ (ဗိုလ်) ဦးရွှေမန်း၊ (ဗိုလ်) ဦးခင်အောင်မြင့်တို့ လွှတ်တော်ဘက်က ဖွဲ့တာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်မှာပါလို့ ပြောချင်သလား။
ကြံ့ဖွံ့ပါတီဟာ ဘယ်လိုကော်မတီအမျိုးအစားတွေမှာသာ ဒေါ်အောင်ဆန်းစုကြည် ကို ပါဝင်စေလိုသလဲဆိုတာကို ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ကော်မတီများ ကော်မရှင်များကို လေ့လာကြည့်ရအောင်ပါ။ လောလောဆယ် အချိန်ထိ ပြည်သူ့လွှတ်တော်ကဖွဲ့စည်းထားတဲ့ အမြဲတန်းကော်မတီ (၄) ခု၊ အခြားကော်မတီ (၂ဝ) နဲ့ ကော်မရှင် (၁) ရှိပါတယ်။ အဲဒီ ကော်မတီ/ကော်မရှင်တွေအနက် ကော်မတီတခုဖြစ်တဲ့ “တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီ” မှာသာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် (အခြားကော်မတီ) တခုဖြစ်တဲ့ “တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ” လိုမျိုးမှာတော့ ကြံ့ဖွံ့ပါတီထိပ်သီး၊ (ဗိုလ်) ဦးသိန်းဇော်ကိုသာ ဥက္ကဋ္ဌအဖြစ်ထားပြီး ဖွဲ့စည်းပါတယ်။ ဒီအချက် ကလည်း ကြံ့ဖွံ့ပါတီသဘောထား ထင်ရှားပေါ်လွင်နေတဲ့ သာဓကတခု ဖြစ်ပါတယ်။
အထင်ရှားဆုံး သာဓကတခုကတော့ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက ဖွဲ့စည်းပေးတဲ့ “လက်ပံတောင်းကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်” ဖွဲ့စည်းတဲ့ကိစ္စ ဖြစ်ပါတယ်။ ကြောင်လက်နဲ့ ပြာပူယက်ခိုင်းလိုက်တာ ပါပဲ။ ဦးပိုင်အကျိုး စီးပွားကိုလည်း ကာကွယ်ပြီးသားဖြစ်စေ၊ လက်ပံတောင်းဒေသခံပြည်သူများနဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ထိပ်တိုက် တွေ့စေဆိုတဲ့ စေတနာဗလပွနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးလိုက်ပါတယ်။
(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ လိုချင်တဲ့အကွက်ထဲ တည့်တည့်မတ်မတ် ဝင်သွားပါတယ်။ ဦးပိုင်အကျိုးစီးပွားကို ပိုင်ပိုင် နိုင်နိုင်ကာကွယ်နိုင်ခဲ့သလို၊ “မီးလောင်ဗုံး” လည်း မီးခိုးဗုံးဖြစ်သွားရပြီး လက်ပံတောင်းဒေသခံပြည်သူများနဲ့ ဒေါ်အောင် ဆန်းစုကြည် တည့်တည့်တန်းတန်း ထိပ်တိုက်တွေ့ခဲ့ရပါတယ်။ လက်ပံတောင်းလက်တွေ့မှာတော့ ဒေါ်အောင်ဆန်း စုကြည် ကို ဒိုင်းအဖြစ် သူတို့ကောင်းကောင်းကြီး အသုံးချသွားနိုင်ခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲနဲ့ လွှတ်တော် ထဲဝင်သွားတဲ့အခါမှာလည်း “မရှိသုံးအခြေခံဥပဒေ” ပါလို့ အခုအခါမှာ ပြောဆိုနေကြတဲ့ “၂ဝဝ၈ အခြေခံဥပဒေ” ဟာ ဒီချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ (အရှိကို အရှိတိုင်းလက်ခံလိုက်တဲ့) လက်ခံရတဲ့ “အခြေခံဥပဒေ” ဖြစ်သွားပါတယ်။
အခုလည်း “အခြေခံဥပဒေသုံးသပ်ရေးကော်မတီ/ကော်မရှင်” ဆိုတာ ဖွဲ့ပါလိမ့်မယ်။ ဒီချုပ်က အမတ် ၇ ဦးစာရင်းပေး ထားပါတယ်။ ဖွဲ့သမျှ ကော်မတီ/ကော်မရှင်တွေကို “ညောင်နှစ်ပင်နည်း” နဲ့ ချည်းဖွဲ့မှာပါ။ အုတ်တချပ်သဲတပွင့် အဖြစ် တော့ “အားလုံး” ပါဝင်စေရမယ်။ ဒါပေမယ့် အဲဒီအားလုံးထဲမှာ အဓိကအဆုံးအဖြတ်ပြုနိုင်တဲ့ အများစုအင်အားကိုတော့ ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်က အသေအချာကိုင်ထားမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း (၁ဝ၅) ဦးမှာ ကြံ့ဖွံ့ပါတီက (၅၂) ဦး၊ စစ်တပ် က (၂၅) ဦးတဲ့။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကြံ့ဖွံ့အစိုးရကဖြစ်စေ၊ လွှတ်တော်ကဖြစ်စေ သဘောထားပုံခြင်းက အတူတူ ပါပဲ။ “လက်ပံတောင်း ကြေးနီစီမံကိန်း”လို ကိစ္စမျိုးသာပေါ်ပါစေ သူတို့ဘက်ကအသုံးချဖို့ လက်နှေးနေမှာမဟုတ်ပါဘူး။
လျှာအရိုးမရှိတိုင်း ပြောပြောနေတဲ့ သမ္မတကြီး ဦးသိန်းစိန်ကို ထားခဲ့ပြီး၊ လွှတ်တော်ဥက္ကဋ္ဌကြီးများဘက် အလေးထား အသားပေးနေပြန်ပါပြီ။ နေပြည်တော်မှာ နေသာနေတယ်ဆိုရင် တံလျှပ်ကိုရေမထင်မိဖို့ အရေးကြီးပါတယ်။
တူမောင်ညို
(၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်)
No comments:
Post a Comment