“အသက်ပေါင်းများစွာ စတေးထားပြီး ဖြစ်လို့ လက်လျော့လို့တော့ မဖြစ်ဘူး။ ဒါ့အပြင် ကျနော်တို့က အထက်စီး ရနေ တယ်လို့ ကျနော်တို့ ယုံကြည်ကြတယ်။ ပြည်သူတွေအနေနဲ့လည်း ကျနော်တို့ကို ကိုယ်ချင်းစာပြီး အားပေးကြပါတယ်။ တက္ကသိုလ်အတွင်း ဆန္ဒပြပွဲတိုင်းလိုလို ထမင်းထုပ်တွေ၊ ငွေတွေ၊ ဆေးပေါ့လိပ်တွေ ပို့ပေးကြတယ်။ မဟုတ်မဟတ် အုပ်ချုပ်နေတဲ့ အစိုးရကို လူတွေက စိတ်ကုန်နေကြတယ်ဆိုတော့လဲ ကျနော်တို့ကို ဆက်လက်ဆန္ဒပြကြဖို့ အားပေး ကြတယ်။ ကြောက်စိတ်ဝင်ဖို့ နေနေသာသာ ဆန့်ကျင်လှုပ်ရှားမှုတွေမှာ လူထုက ပိုမိုအားပေးလာတယ်”
ရန်ကုန် တက္ကသိုလ် ပင်မ နယ်မြေ၊ လှိုင်နယ်မြေ၊ ဗိုလ်တထောင် နယ်မြေ၊ ကြည့်မြင်တိုင် နယ်မြေ စသည့် ကျောင်းဝင်း လေးခု၊ ဆေး တက္ကသိုလ် ၂ ခု၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် တို့အပြင် အထက်တန်းကျောင်းများနှင့်ပါ ဆက် သွယ်ရေး လုပ်ငန်းများကို
လျှို့လျှို့ဝှက်ဝှက် တိတိကျကျ ဖြစ်ရေးအတွက် အောင်ဝင်းနှင့် ကျောင်းသားတစုကလည်း ဆောင်ရွက်ခဲ့ကြသည်။
ဆန္ဒပြဖို့ လမ်းမပေါ် ပထမ ဦးဆုံး ထွက်လာကြတုန်းက ကျနော်တို့ အတွေ့အကြုံ မှ မရှိကြဘဲ။ ဒါနဲ့ ကျနော်တို့ ၁၉၇၄ ခုနှစ် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ လှုပ်ရှား ခဲ့တဲ့ ကျောင်းသား ဟောင်းတွေနဲ့ ဆက်သွယ်ပြီး အကြံဉာဏ် တောင်းခဲ့ကြတယ်။ သူတို့ အတွေ့အကြုံတွေကို ကျနော်တို့ လေ့လာခဲ့ကြတယ်”
ကျောင်းသားလှုပ်ရှားမှု အဖွဲ့အစည်း သဏ္ဌာန်ကို စစ်တပ်နှင့် မဆလ ပါတီ၏ပုံစံမျိုး အတုယူ ဖွဲ့စည်းကြခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ရသည်မှာလည်း စစ်တပ်နှင့် မဆလ ပါတီအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံတို့နှင့်သာ ထိတွေ့နားလည်ခဲ့ကြရသော ကြောင့် ဖြစ်သည်။ ပြန်ကြားရေးဌာနတခုဖွင့်ပြီး၊ စာရွက်စာတမ်းနှင့် ပိုစတာများ ထုတ်ဝေ ဖြန့်ချိရေး၊ ကျောင်းသားများ၏ တောင်းဆိုချက်များကို လူထုအား အသိပေး ဖြန့်ချိရေးတို့ကို တာဝန်ယူ လုပ်ကိုင်ခဲ့ကြသည်။
ဘဏ္ဍာရေးဌာန တခုဖွင့်ပြီး အလှူငွေကောက်ခံ၍ ထမင်းထုပ်နှင့် ရေတို့ကို တက္ကသိုလ်နယ်မြေရှိ ဆန္ဒပြ ကျောင်းသား များထံ ဝေငှဖြန့်ဖြူး ပေးကြသည်။ ကြက်ခြေနီအဖွဲ့ဝင် ကျောင်းသားကျောင်းသူများက ဆေးဝါးများ ကောက်ခံစုဆောင်း ကာ ရှေးဦးသူနာပြု တာဝန်များကို ဆောင်ရွက်ကြသည်။
လုံခြုံရေးဌာနဟုခေါ်သော အဖွဲ့တခုဖွဲ့စည်းပြီး စစ်တပ်နှင့်ရဲများ၏ လှုပ်ရှားမှုများကို အထဲတွင် စိမ့်ဝင်နေသော အစိုးရ သတင်းပေးများကို စိစစ်ဖော်ထုတ်ခြင်း ဖြစ်သည်။ အစပိုင်းကတည်းက ပြည်သူများသည် သတင်းပေးနှင့် ထောက်လှမ်း ရေး များကို လွန်စွာမုန်းတီးခဲ့ကြသည်။ သို့သော် ကျွမ်းကျင်ထက်မြက်လှသော စစ်ထောက်လှမ်းရေး ယန္တရား၏ ဘေး အန္တရာယ်ကို ကျောင်းသားများက ကောင်းစွာသဘောပေါက် ကြသည်။
မတ်လ ၁၈ ရက် သောကြာနေ့
တဖြေးဖြေး ရုပ်လုံးပေါ်လာသော ကျောင်းသားအဖွဲ့အစည်းသည် မြေစမ်း ခရမ်းပျိုး တိုက်ပွဲဝင်လေတော့သည်။ အသစ် တဖန် ဖွဲ့စည်းလိုက်သော ကျောင်းသားသမဂ္ဂက ၁၇ ရက်နေ့ကို နောက်ဆုံးထားပြီး လက်ဘက်ရည်ဆိုင် အရေးအခင်း နှင့် ဆက်စပ်ဖြစ်ပွားခဲ့သော ပြဿနာများ၏ ဖြစ်ရပ်မှန်များကို သက်ဆိုင်ရာက ကြေညာပေးရမည်ဟု အစိုးရအားရာဇသံ ပေးခဲ့သည်။
အာဏာပိုင်တို့က ကျောင်းသားများ၏ တောင်းဆိုချက်ကို ဥပေက္ခာ ပြုပြီး သူတို့ ဖွဲ့စည်း ထားသော စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ကျောင်းသားတဦးသေဆုံးရခြင်းကိစ္စနှင့် ထိုကဲ့သို့သော အမှုကိစ္စမျိုး ထပ်မံမဖြစ်ပွားစေရန်၊ လိုအပ်သော တရားဝင် အစီရင်ခံစာကို တလအတွင်း ပြုစုတင်ပြရန် တာဝန်ပေးလိုက်သည်။ (နောက်ဆက်တွဲ (၃) မဆလ စုံစမ်းရေး ကော်မရှင်၏ ဝန်ခံချက်များကိုကြည့်ရန်၊ မှတ်ချက်စုဆောင်း တင်ပြသူ)
“ဒီအချက်ကို မူတည်ပြီးတော့ ကျနော်တို့ဟာ တက္ကသိုလ် နယ်မြေများနဲ့ အင်းလျား တဝိုက်ကနေ အပြင်ထွက် မြို့ထဲ ဝင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြဖို့ ဆုံးဖြတ် ကြတယ်” ဟု ထွန်းဦးက ပြန်ပြောပြသည်။
“ကျောင်းသူ ကျောင်းသားတွေဟာ အဖွဲ့လေးတွေခွဲပြီး ဆိုင်ရာတက္ကသိုလ်များနဲ့ ကျောင်းဆောင်များကနေ ထွက်လာခဲ့ ကြတယ်။ တယောက်စကား တယောက်နားရောက်အောင် သတင်းဖြန့်ကြတယ်။ ကျနော်နဲ့ နောက် ၅ ယောက်ဟာ ကားစီးပြီး ဆူးလေဘုရားလမ်းကို ချိန်းဆိုထားတဲ့ မွန်းတည့် ၁၂ နာရီ အချိန်မှာ ရောက်လာကြတယ်။ ဒီနောက်တော့ စောင့်နေတဲ့ လူအားလုံး စုစည်းပြီး တန်းစီလှည့်လည် ကြတော့တာပဲ”
အံ့သြတုန်လှုပ်သွားသော မြို့သူမြို့သားများက ကျောင်းသားများကို ကြည့်ရှုနေကြစဉ် ကျောင်းသား ၃၀၀ ခန့်သည် လက်သီးလက်မောင်းတန်းကာ ကြွေးကြော်သံများ ဟစ်ပြီး မြို့လည်ခေါင်ရှိ ဆူးလေဘုရားကို ပတ်၍ ချီတက် ဆန္ဒပြခဲ့ ကြသည်။ အတွေဝေဆုံး အထိတ်လန့်ဆုံး ဖြစ်သွားခဲ့သူများမှာ နိုင်ငံခြားသားခရီးသည် လူငယ်တစုပင်ဖြစ်သည်။ သူတို့ လက်ထဲရှိ လမ်းညွှန်စာအုပ်များ၊ မြေပုံများကို ပစ်ချပြီး စိတ်ရှုပ်သွားကြသည်။ ဤ နိုင်ငံသည် ငြိမ်းချမ်းသာယာသော မြန်မာရွှေပြည်မှ ဟုတ်ပါလေစ။
ထိုရုံးမှ မိန်းကလေးများသည် သံဘာဂျာတံခါးကို အလျင်အမြန် ပိတ်လိုက်ကြသည်။ နိုင်ငံခြားခရီးသည် လူငယ်တဦးက သံတံခါးပေါက်ကြားမှ နေ၍ သူ၏ ကင်မရာဖြင့် ဓာတ်ပုံရိုက်ယူလိုက်သည်။ ထိုဓာတ်ပုံများသည် နောင်တွင် ကမ္ဘာ့ သတင်းများက ဖော်ပြခဲ့သော မြန်မာပြည်မှ မတ်လဆန္ဒပြပွဲ ဓာတ်ပုံများပင် ဖြစ်သည်။ ကမ္ဘာ့သတင်း ဓာတ်ပုံများတွင် အခြား ကမ္ဘာလှည့်ခရီးသည်တဦးက တည်းခိုခန်းတခုအပေါ်မှ ရိုက်ယူသွားသော ဓာတ်ပုံအချို့ကိုလည်း တွေ့မြင် ရသည်။
“ဘာဖြစ်တာလဲဗျ”
စိုးရိမ်သွားသည့် ကမ္ဘာလှည့် ခရီးသည်တဦးက မေးလာခဲ့သည်။
“အဲ့ဒါ ကျောင်းသားတွေပေါ့။ သူတို့ အစိုးရကိုဆန္ဒပြပြီးဆန့်ကျင် နေတာလေ” အမျိုးသမီး စာရေးမငယ်တဦးက တည် ငြိမ်စွာဖြင့် ဖြေလိုက်သည်။
“ခင်ဗျား သူတို့ကို ထောက်ခံ သလား”
“ထောက်ခံတာပေါ့ရှင်။ ဒီအစိုးရကို လူတိုင်းက စိတ်ကုန်နေပြီ။ ဒါပေမဲ့ ကျွန်မတို့ ဘာတတ်နိုင်မှာလဲ။ သူတို့မှာ သေနတ် ရှိတယ်။ ကျွန်မ လက်ထဲမှာ ဘာမှမရှိဘူး”
“တနာရီ အတွင်းမှာ ပြည်သူ ၁၂၀၀၀ ကနေ ၁၅၀၀၀ အထိ ကျောင်းသားတွေနဲ့ ပူးပေါင်းလာကြတယ်။ တချို့ ပြတင်း ပေါက်ကနေ အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတိုင်းကို လက်ခုပ်တီးပြီး အားပေးကြတယ်။ ကျောင်းသားတွေက အစိုး ရပိုင်ပစ္စည်းတွေကို ဖျက်ဆီးကြပြီး နိုင်ငံပိုင်ကားတွေကို မီးရှို့ကြတော့ ပြတင်းပေါက်မှာရှိတဲ့ လူတွေက အားရပါးရ အော်ဟစ် အားပေးကြတယ်” ဟူ၍ ထိုနေ့က ဟိုတယ်နှင့် ခရီးသွားလာရေးရုံးအတွင်း ရှိနေခဲ့သော ဘာလင်မြို့မှ အနောက် ဂျာမန်ကျောင်းသားတဦးဖြစ်သူ သောမတ်စ်က သူ့အတွေ့အကြုံကို ပြန်ပြောပြသည်။ သူက ဆက်၍ “လူတွေ က အသေအချာ ရွေးပြီးမှ လုပ်တာ။ မီးပွိုင့်တွေကို ရိုက်ချိုး၊ အစိုးရကားတွေကို မီးရှို့နဲ့ အစိုးရပိုင် ပစ္စည်းတွေကိုပဲ ဖျက် ဆီး ကြတာပါ။ ပုဂ္ဂလိကပိုင် ပစ္စည်းတွေကို ဖျက်တာမျိုး ဗရမ်းဗတာ လုယက်ကြတာမျိုး တခုမှ ကျနော် မမြင်ခဲ့ပါဘူး” ဟု ဆိုသည်။
ဆူးလေ ဘုရားအနီးရှိ မဟာဗန္ဓုလပန်းခြံ၌ တာဝန်ကျနေသော ပြည်သူ့ရဲတပ်ဖွဲ့မှ တပ်သား ၅၀ ခန့်သည် ဒေါသ ထွက် နေသော လူအုပ်ကြီးကိုမြင်၍ ထိတ်လန့်တကြား ဖြစ်ပြီး ထွက်ပြေးကုန်ကြသည်။
သို့သော် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော လုံထိန်းများ မိနစ်အနည်းငယ်အတွင်း ရောက်ရှိလာပြီး နံပါတ် တုတ်များဖြင့် ဝင်ရိုက်ကာ လူစုပေးတော့သည်။ ဤနေရာသည် ရန်ကုန်မြို့လယ်ရှိ နိုင်ငံခြားသံရုံးများ၏ ရှေ့တွင် ဖြစ် သောကြောင့် အခြေအနေမှာ လွန်ခဲ့သော တံတားဖြူတွင် ဖြစ်ပွားခဲ့သည့် အနေအထားမျိုး မဟုတ်တော့ပေ။ အချုပ်ကား များ၊ စစ်ကားများ တဝုန်းဝုန်း တဂျုံးဂျုံး ထိုးဆိုက်လာကာ ရာပေါင်းများစွာသော ဆန္ဒပြသူများကို ဖမ်းဆီးပြီး အချုပ်ကား ပေါ်သို့ တင်၍ အင်းစိန်ထောင်သို့ ဦးတည်မောင်းလေတော့သည်။
“ကျနော် ပလီတွေကိုအသွား အော်ဟစ်သံတွေနဲ့အတူ သေနတ်ပစ်ဖောက်တဲ့ အသံတွေကိုပါ ကြားလိုက်ရတယ်။ အချိန်ကတော့ ၂ နာရီခွဲလောက် ရှိမယ်။ ရွှေတိဂုံဘုရားလမ်း သိမ်ကြီးဈေး ညာဘက် ပြည်သူ့ကုန်တိုက်ကြီးရှေ့မှာ လူအုပ်ကြီး က မနည်းဘူး။ အဲဒီ လူအုပ်ကြီးထဲက တချို့ ကုန်တိုက် အောက်ထပ်ကို မီးရှို့ကြတော့ ဘေးမှာရှိတဲ့ လူထုကြီးက လက် ခုပ်တီးပြီး အားပေးကြ၊ အစိုးရဆန့်ကျင်ရေးကြွေးကြော်သံတွေ အော်ကြနဲ့ တကယ့်ပွဲကြီးပွဲကောင်းပါပဲ” ဟု ရန်ကုန်မြို့မှ အသက် ၂၃ နှစ်အရွယ် မူဆလင် ကျောင်းသားတဦးဖြစ်သူ ဇော်ဇော်က ပြန်ပြောပြသည်။
ထိုအချိန်တွင် ရန်ကုန်မြို့၌ ရပ်ကွက်အလိုက် ‘အုံကြွမှုကြီးများ’ ဖြစ်ပွားလာလေပြီ။ လုံထိန်းများလည်း ဟိုမှ သည်ပြေး ကာ လူစုခွဲရန် ကြိုးစားခဲ့ကြသည်။ သို့သော် အချည်းနှီးပင်။ အခြေအနေကား ထိန်း၍ မရနိုင်တော့ပြီ။
ပြည်သူ့ကုန်တိုက်ကြီး မီးစွဲလောင်နေသည်။ မီးငြိမ်းသတ်ရန် ဗိုလ်ချုပ် အောင်ဆန်းလမ်းတလျှောက် မောင်းနှင် လာသော မီးသတ်ကား ၃စီးကို ဒေါသမီး တောက်လောင်နေသည့် လူအုပ်ကြီးက ပိတ်ဆို့ကာ ကားတစီးကို စတင်၍ မီးရှို့လိုက်ကြ သည်။ နောက်မှ လိုက်လာသော ကျန်မီးသတ်ကားနှစ်စီးမှာ အမြန်ပြန်ကွေ့ပြီး မောင်းပြေးတော့သည်။ လူအုပ်ကြီးက တယ်လီဖုန်းကြိုးများကို ဖြတ်တောက်ပစ်၍ မီးပွိုင့် များကိုလည်း ပိုမိုရိုက်ခွဲခဲ့ကြသည်။ ချက်ချင်းပင် မြို့တော်နေရာအနှံ့ အပြားမှ မီးခိုးလုံးမဲကြီးများ တလူလူတက်လာသည်။
ထိုနေ့ မွန်းလွဲပိုင်း၌ ကရင်ပြည်နယ် မြို့တော် ဖားအံမြို့တွင် စခန်းချထားသော တပ်မ ၂၂ မှ တပ်သားအမြောက်အမြား သည် ကားများနှင့်ရောက်ရှိလာကြသည်။ ထို့နောက် ယင်းမြို့တွင် အခြေစိုက်သော တပ်မ ၄၄ မှ လည်းကောင်း၊ ရန်ကုန်မြောက်ဘက် မှော်ဘီလေတပ်စခန်းရှိ တပ်မ ၇၇ မှ လည်းကောင်း၊ အထူးတပ်သားများ ရောက်ရှိလာကြသည်။ သံချပ်ကာကားများမှာ သမ္မတ နေအိမ်တော်နှင့် ဦး နေဝင်း၏ အေဒီလမ်းရှိ အင်းလျားကန် အနီးမှနေအိမ်တို့ကို စောင့် ကြပ် နေရာယူထားသည်။ မြို့လယ်သို့ ကျောင်းသားများ ထပ်မံ၍ အင်အားမဖြည့်ဆည်းနိုင်ရန် ရွှေတိဂုံဘုရားလမ်း တလျှောက်တွင် ဘရင်းကယ်ရီယာများဖြင့် စောင့်ကြပ်ပိတ်ဆို့ထားသည်။
အနောက် ဂျာမန် ကမ္ဘာလှည့် ခရီးသည်တဦးဖြစ်သူ သောမတ်စ်သည် ရွှေတိဂုံရင်ပြင်၌ အင်္ဂလိပ်လိုရေးထားသော စာ တမ်းတခုကို တွေ့ရှိ၍ သူ့မှတ်စုစာအုပ်တွင် ကူးယူလာခဲ့သည်။ ထိုစာတမ်းတွင် တက္ကသိုလ် ကျောင်းသားများက ကမ္ဘာ့ကုလသမဂ္ဂမှတဆင့် တိုင်းမ် မဂ္ဂဇင်း အယ်ဒီတာထံသို့ အကူအညီ တောင်းခံထားသည်။
S.O.S To Editor Time
c/o UN
Help us!
Burma University Students
မြင်မြင်သမျှ လူများကိုဖမ်းဆီးရန် အာဏာပိုင်များက အမိန့် ပေးထားပုံရသည်။ သောကြာနေ့ မွန်းလွဲပိုင်းဖြစ်သည့် အတွက် ထောင်နှင့်ချီသော မူဆလင်များသည် ဆူးလေဘုရားအနောက်ဘက် ကုန်သည်လမ်းတဝိုက်ရှိ ပလီများတွင် ‘ဂျူမ’ ဘုရားရှစ်ခိုးပြီး ပြန်လာချိန် ဖြစ်သည်။ ဘုရားရှစ်ခိုးပြီး ပြန်လာသူများကို အချုပ်ကား၊ လော်ရီကားများနှင့် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ အင်းစိန်ထောင် မဆန့်တော့သည့်အခါ ကားကြီးကားငယ် အသွယ်သွယ်ဖြင့် လမ်းပေါ်မှ ပြည် သူများကို ရန်ကုန်မြို့ မြောက်ဘက် ကီလိုမီတာ ၁၀၀ ဝေးသော သာယာဝတီထောင်သို့ ပို့ဆောင်ချုပ်နှောင် ထားလိုက် သည်။
အုံကြွမှုကြီးကို ဦးဆောင်သည်ဟု သံသယရှိသူများအား မင်္ဂလာဒုံရှိ နာမည်ကြီးအကျဉ်းထောင် ‘ရေကြည်အိုင်’သို့ အပို့ခံ ရပြီး ခရီးဆုံးကြရသည်။ ယင်း ထောင်မှာ ကြောက်မက်ဖွယ် သူရဲဖြစ်သော စစ်ထောက်လှမ်းရေးအဖွဲ့၏ ကြီးစိုးရာနေရာ ဖြစ်သည်။
ရန်ကုန်မြို့တွင် တာဝန်ကျနေသော မူဆလင်နိုင်ငံတခုမှ သံတမန်တဦးက သူ၏ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အစီရင် ခံရာတွင် ပြည်သူများကို ဖမ်းဆီးရန် အမိန့်ပေးပုံကို ဤသို့ကောက်ချက်ချ ထားသည်။
“လူစုလူဝေးဟူသော ဝေါဟာရသည် တောင်အာရှတိုက်နွယ်ဖွားများကို ဆိုလိုရာရောက်နေသည်။ ထိုသူများ အားလုံး လိုလိုသည် နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြားများ ကိုင်ဆောင်ထားသည့် နှိမ်ထားခြင်းခံရသူများ ဖြစ်ကြသည်။ ၁၉၈၂ ခုနှစ်တွင် အတည်ပြုသော နိုင်ငံသား ဥပဒေပုဒ်မအရ ဧည့်နိုင်ငံသားဟုဆိုကာ စွန့်ပယ်ခြင်းခံရသော မြန်မာပြည်သူများ ဖြစ်ကြသည်။ အများစုမှာ ရန်ကုန်မြို့လယ်တဝိုက်တွင် လမ်းဘေးဈေးသည် အဖြစ်ဖြစ်စေ၊ နေ့စား အလုပ်သမား အဖြစ် ဖြစ်စေ၊ အသက်မွေးဝမ်းကျောင်း ပြုကြရသည်။ မြို့တွင်း၌ ဖြစ်ပေါ်နေသော လှုပ်ရှားမှုတို့က မူဆလင်များအတွက် ပြဿနာတရပ် တိုးလာစေသည်။ အဘယ့်ကြောင့်ဆိုသော် သောကြာနေ့ ဘုရားရှစ်ခိုးအပြီးတွင် လမ်းမပေါ်သို့ စုပြုံ ထွက်လာသော မူဆလင်များသည် အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ညံနေသော ဆန္ဒပြပွဲများအလယ်တွင် အမှတ်မထင် ရောနှောကာ ချောင်ပိတ်မိ၍ ဖြစ်သည်။”
ဆန္ဒပြပွဲများတွင် ပါဝင်လှုပ်ရှားရန် မြို့တော်ရန်ကုန်သို့ ရရာကားကြုံ၊ ရထားကြုံ စီးပြီး ဆင်းလာကြသော အထက်အညာ တက္ကသိုလ်များမှ ကျောင်းသားများမှာ ကုသိုလ်ကံကောင်းသည်ဟု ဆိုရမည်။ မန္တလေးတက္ကသိုလ်မှ ကျောင်းသား ၇၀ နှင့် ပျဉ်းမနား ရေဆင်းတက္ကသိုလ်မှ ကျောင်းသား ၂၀ တို့ကို သက်ဆိုင်ရာက ရန်ကုန်မြို့ အနီးရှိ လှည်းကူးဘူတာမှ တားဆီး၍ နေရပ်သို့ ပြန်ပို့လိုက်ကြသည်။
အဓိကရုဏ်း ၇ ရက် မြောက်သောနေ့ဖြစ်သည့် သောကြာနေ့ညပိုင်းတွင် ရန်ကုန်မြို့သည် စိတ်တုန်လှုပ်ခြောက်ခြား ဖွယ် တိတ်ဆိတ်ငြိမ်သက်နေသည်။ မြန်မာ့အသံအဆောက်အဦအနောက်ဘက်ရှိ ကြံတောသုဿန် မီးသင်္ဂြိုလ်စက်၏ မီးခိုးခေါင်းတိုင်မှ မီးခိုးလုံးကြီးများမှာ အဆက်မပြတ် တလူလူထွက်လျက်ရှိသည်။ ပစ်ခတ်သတ်ဖြတ်ပွဲမှ လူသေ အ လောင်းများကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်၏။ ထောင်နှင့်ချီပြီး အဖမ်းခံခဲ့ရသောကြောင့် လမ်းတကာတွင် လူသူကင်းရှင်း နေသည်။ ညမထွက်ရအမိန့်ကို တရားဝင်ကြေညာခြင်းမရှိဘဲ အစိုးရကားများက တလမ်းဝင်တလမ်းထွက် အသံချဲ့စက် ဖြင့် မြို့နေလူအပေါင်းတို့အား လမ်းပေါ်သို့ မထွက်ကြရန် အမိန့်ပေး ကြေညာလျက်ရှိသည်။ ပြည်သူများက လမ်းပေါ်သို့ မထွက်ကြတော့သော်လည်း ပထမဆုံး လူထုအုံကြွမှုကြီးမှာ ရန်ကုန်တမြို့လုံးကို ကိုင်လှုပ်နိုင်ခဲ့သည်။ အမျက်ဒေါသ ထွက်နေသော ပြည်သူတရပ်လုံး၏ ပစ်မှတ်မှာ လုံထိန်းများ၏ အကြီးအကဲလည်းဖြစ်၊ ဦးနေဝင်း၏ လူယုံလည်း ဖြစ်နေ သော ဦးစိန်လွင် သာ ဖြစ်တော့သည်။ တိုက်ဆိုင်မှု သက်သက်ဟု ဆိုရမည်မှာ အရေးအခင်းစတင်ခဲ့ရာ ကြို့ကုန်း အနောက်ပိုင်းရှိ လက်ဘက်ရည်ဆိုင် အမည်သည် ‘စန္ဒာဝင်း’ ဖြစ်ပြီး ဦးနေဝင်း အချစ်ဆုံးသမီး၏ အမည်သည်လည်း ‘စန္ဒာဝင်း’ ဖြစ်နေခြင်း ဖြစ်သည်။
ပြည်ပတွင် ထုတ်ဝေဖြန့်ချိခဲ့တဲ့ (၁၇) နှစ်မြောက် အာဇာနည် ဖုန်းမော်နေ့ လက်ကမ်းစာစောင်မှ ကောက်နှုတ်ချက်များ။
၁။ မောင်ဖုန်းမော်- ၂၅နှစ် (ဆေးရုံ မရောက်မီ သေဆုံး) ပဉ္စမနှစ် ရန်ကုန် စက်မှုတက္ကသိုလ်-ဓာတု အင်ဂျင်နီယာ ကျောင်းသား။
၂။ မောင်စိုးနိုင်- ၂၂နှစ် ( ဆေးရုံတွင် ခွဲစိတ် ကုသမှု ခံယူပြီးနော် ၅-၄-၈၈ နေ့တွင် သေဆုံးသည်) ပဉ္စမနှစ် စက်မှု တက္ကသိုလ်- သတ္တုတူးဖော်ရေး ကျောင်းသား။
၃။ မောင်မြအောင် - ၂၃နှစ်၊ တတိယနှစ် ရူပဗေဒကျောင်းသား၊ အိုအေစစ် အဆောင်၊ အနောက်ကြို့ကုန်း။
၎။ မောင်မြသင်း-၁၉နှစ်၊ ပထမနှစ် စက်မှုတက္ကသိုလ် ကျောင်းသား၊ အဆောင် A ၂၅၊ စက်မှုတက္ကသိုလ် ကျောင်းသား။
၅။ မောင်မြင့်ဦး- ၂၃နှစ်၊ နောက်ဆုံးနှစ် စက်မှုတက္ကသိုလ် ကျောင်းသား၊ အဆောင် A ၂၅၊ စက်မှု တက္ကသိုလ်ဝင်း။
၆။ မောင်ဌေးဝင်း-၂၁ နှစ် ဒုတိယနှစ် စက်မှုတက္ကသိုလ် ကျောင်းသား။
၇။ မောင်သန်းဝင်း -၂၂နှစ်၊ နောက်ဆုံးနှစ် စက်မှုတက္ကသိုလ် ကျောင်းသား။
၈။ မောင်ဇော်ဝင်း- ၂၈ နှစ်၊ အရပ်သား၊ ဘီ ၉၊ ကျိုက်ဝိုင်း ဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်။
(၂) စိုးနိုင်- ဒဏ်ရာ ရပြီးနောက် မကျဆုံးမီ ပြောဆိုသွားသော စကားများ
“ကျနော်တို့ ထွက်ပြေးသည့် နောက်ဘက်မှလှမ်းပစ်သည်ကို ခံလိုက်ရသဖြင့် ကျောတွင်ပူကနဲ ဖြစ်သွားပါသည်။ နောက်မှ ပြေးရင်း အောင့်လာသဖြင့် လက်ဖြင့်စမ်းကြည့်ရာ လက်တွင် သွေးများပေနေပါသည်။ သွေးများ ယိုစီးလာ ပြီးနောက် နာကျင်လာသဖြင့် ငါတော့ထိသွားပြီလို့ ပြောသည့်အခါ သူငယ်ချင်းများက ဆရာတယောက်အိမ်သို့ ပွေ့သွား ပါသည်။
ဆေးကုသခံနေရစဉ်အတွင်း ခြေထောက်ကို လက်ထိပ်ဖြင့် ခတ်ထားသဖြင့် စိတ်မချမ်းမြေ့ဖွယ်ရာများ ခံစား နေရပါ သည်”
(စိုးနိုင်သည် ၁၄.၃.၈၈ နေ့ နံနက် ၁:၂၅ နာရီတွင် ဆေးရုံသို့ တက်ရောက်ခဲ့ပြီး ၅.၄.၈၈ ညနေ ၆း၃၀ နာရီတွင် ကွယ် လွန်သည်။)
(၃) မဆလ စုံစမ်းရေး ကော်မရှင်၏ ဝန်ခံချက်များ
အချို့ တပ်ဖွဲ့ဝင်များ၏ အပြုအမူနှင့် အမူအရာများမှာ ကျောင်းသားများကိုသာ ဦးတည်နှိမ်နင်းသည့် အမူအရာကို ပြသသည်ဟု ယူဆဖွယ်ရှိပါသည်။ အနီးအနားတွင်ရှိနေသော ဆရာအချို့၏ အဆိုအရ လုံထိန်းတပ်ဖွဲ့ဝင်များသည် ကျောင်းသားအုပ်စုကိုသာ အဓိကဦးတည်လိုက်ခြင်းကြောင့် မူလကမျှော်မှန်းထားသကဲ့သို့ အရပ်သားများကိုရော၊ ကျောင်းသားများကိုပါ လူစုခွဲလိမ့်မည်ဟု အထင်ရှိနေသည့် ကျောင်းသားများသည် လုံထိန်းတပ်ဖွဲ့ဝင်များအပေါ် ဒေါသ ဖြစ်ကာ ကျောင်းသားနှင့်လုံထိန်း အပြန်အလှန်ခဲပေါက်သည်ကို တွေ့ရပါသည်။
ထို့ကြောင့်လည်း ကျောင်းသားများက စတင်၍ ခဲများဖြင့်ပစ်ပေါက်ကြ၍ လုံထိန်းတပ်ဖွဲ့ဝင်များကလည်း ကျောင်းသား များ ပစ်သောခဲများဖြင့် ပြန်လှန်ပစ်ခတ်ခြင်း ပြုရာမှအစ ကျောင်းသားများနှင့်အရပ်သား အဓိကရုဏ်းအသွင်မှ ကျောင်း သားများနှင့်လုံထိန်းတပ်ဖွဲ့ဝင်များ အဓိကရုဏ်းအသွင်သို့ ကူးပြောင်းသွားသည်ဟု ကော်မရှင်က သုံးသပ်ပါသည်။
လူစုခွဲရာ၌ မျက်ရည်ယိုဗုံးများဖြင့် စတင်ပစ်ခတ်ကြောင်း၊ လေတိုက်ခတ်မှုကြောင့် မျက်ရည်ယိုဗုံးများမှာ ထိရောက်မှု မရှိဘဲ လူစုကွဲမသွားသဖြင့် ၁၂ ဘိုး ရီမင်တန် ပြောင်းချောသေနတ်များဖြင့် ပစ်ခတ်ကာ လူစုခွဲလိုက်ရကြောင်း၊ ထိုသို့ မဆောင်ရွက်မီ လူစုခွဲကြရန်နှင့် လူစုမခွဲလျှင် အင်အားသုံး၍ လူစုခွဲရပါမည်ဟု လည်းကောင်း၊ ၁၀ မိနစ် ခြား နောက် ထပ်မံ၍ လူစုခွဲကြရန်နှင့် လူစုမခွဲလျှင် မျက်ရည်ယိုဗုံးပစ်၍ လူစု ခွဲမည်။ လူစုမကွဲလျှင် သေနတ်ဖြင့်ပစ်ခတ်မည်ဟူ၍ လည်းကောင်း၊ ၃ ကြိမ်စီ သတိပေးကြေညာကြောင်း အဓိကရုဏ်းနှိမ်နင်းရေး တပ်စုမှူးက ဆိုပါသည်။ လူစုခွဲရန် အမိန့် ကို လိုက်နာရန် တာဝန်ရှိသည့် ကျောင်းသားများကမူ ယင်းသို့ ကြေညာသည်ကို မကြားရကြောင်း ထွက်ဆိုသည့်အပြင် ပတ်ဝန်းကျင်ရှိ ဆရာအချို့ကလည်း ထိုကဲ့သို့ သတိပေးကြေညာသည့်အသံကို မကြားရကြောင်း လက်ပစ်ဗုံးပစ်သံနှင့် တဆက်တည်း သေနတ်သံကဲ့သို့ အသံများကြားရသည့်သဘော ထွက်ဆိုထားကြပါသည်။ ထိုကြောင့် လူစုခွဲသည့် ပုဂ္ဂိုလ်က သေနတ်မပစ်မီ ကြိုတင်သတိပေး ကြေညာရာ၌ လိုက်နာရန်တာဝန်ရှိသော ကျောင်းသားများ ကြားနိုင်အောင် ကြေညာသင့်သည်ဟု ကော်မရှင်က သုံးသပ်ခဲ့သည်။
ယခု အရေးအခင်း၌ အဓိကရုဏ်း နှိမ်နင်းရာတွင် ပါဝင်ကွပ်ကဲဆောင်ရွက်သည့် ပုဂ္ဂိုလ်များမှာ တပ်မတော်မှ ပြည်သူ့ ရဲတပ်ဖွဲ့သို့ အသွင်ကူးပြောင်းလာသည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့ပြင် အဓိကရုဏ်းနှိမ်နင်းသည့် အတွေ့ အကြုံ မရှိခဲ့သေးကြောင်းလည်း ကော်မရှင်မှ မေးမြန်း၍ သိရပါသည်။ ထို့ကြောင့် အဓိကရုဏ်းနှိမ်နင်းရာတွင် မြို့ပြ အင်အားကို အသုံးပြုဆောင်ရွက်ရာ၌ လိုက်နာရမည့် အဆင့်ဆင့်သောအချက်များကို တပ်အင်အားဖြင့် နှိမ်နင်းသည့် နည်းလမ်းများဖြင့် ရောထွေးကာ ကိုင်တွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟုလည်း ကော်မရှင်က သုံးသပ်ပါသည်။
အမိန့်ပေးသူ- ရန်ကုန်တိုင်း ပြည်သူ့ရဲတပ်ဖွဲ့မှူး ဦးဖေကြည်။
Field commander မှာ အဓိကရုဏ်းနှိမ်နင်းရေး တပ်စုမှူး ဦးအောင်မြင့်။
သေနတ်ဒဏ်ရာနှင့် လဲနေသော မောင်မြသင်း၊ သေနတ်မှန်မည်စိုး၍ ပုန်းကွယ်ဝပ်နေကြသော မောင်ဇော်ဝင်း၊ မောင်ဌေးဝင်း၊ မောင်သန်းဝင်း တို့ ကဲ့သို့သော အန္တရာယ်မပြုနိုင်တော့သည့် သူများကို အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့ ဝင် လူငယ်အချို့က တုတ်ဖြင့်ရိုက်ခြင်း၊ ခြေဖြင့်ကန်ခြင်း၊ လက်သီးဖြင့် ထိုးကြိတ်ခြင်း၊ သေနတ်ဒင်ဖြင့် ရိုက်ခြင်း စသည် တို့ကို ဆက်လက် ပြုမူခြင်းမှာ မပြုလုပ်သင့်ဟု ဆိုခဲ့ပါသည်။
ဘာတီးလင့်တနာ Bertil Lintner- Outrage Burma struggle for Democracy စာအုပ်ကို စံဝင်းမောင်နှင့် မင်းမျိုးနိုင် တို့ ဘာသာပြန်ထားသော “ဒေါမာန်ဟုန်- ဗမာပြည် ဒီမိုကရေစီတိုက်ပွဲ” အခန်း(၁) “ရန်ကုန်ကို ကိုင်လှုပ်သောထို (၇) ရက်” ကို မူရင်းအတိုင်း မျှဝေပါသည်။
ဓာတ်ပုံ- အင်းလျားကန်ဘောင် အောက်မေ့ဖွယ် အခမ်းအနားတွင် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် အလံတဝက်လွှင့်ထူခဲ့ကြပုံ (၁၉၈၈ စက်တင်ဘာ ၅ရက်)
ဆက်လက် ဖော်ပြပါဦးမည်
လေးစားစွာဖြင့်
ကျော်နိုင်
June/29/2013
No comments:
Post a Comment