လွန်ခဲ့တဲ့သုံးရက်က မန္တလေးကအကိုကြီးဆီ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောဖြစ်တယ်။ သူက အင်တာနက် လိုင်းမကောင်းတဲ့အကြောင်း၊ ဝန်ထမ်းတွေ အကျင့်ပျက်တာ မပျောက်နိုင်တဲ့အကြောင်း၊ ၉၆၉ တွေ အိမ်တိုင်းစေ့ စည်းရုံးရေးလုပ်နေတဲ့အကြောင်း ပြောပြတယ်။ “မလန်းဘူး” “ ပြုန်းနေပြီ” “ကွိုင်စားတယ်” နဲ့ သူ့စကားထဲက ဝေါဟာရ တချို့ကို
ကျနော် ကြောင်အမ်းအမ်းဖြစ်နေလို့ ပြန်ရှင်းပြနေသေးတယ်။ “အခုခေတ်ပေါ် ဘန်းစကားပါကွာ” တဲ့။
အကိုကြီးနဲ့ ကျနော်က အသက်အများကြီး ကွာတယ်၊ ပြီးတော့ အကိုကြီးက နည်းနည်းရှေးရိုးဆန်တယ်လို့ ထင်နေတာ၊ အခုလို ခေတ်ပေါ်စကားတွေပြောနေတော့ ကျနော်လည်း ပြုံးချင်ချင် ဖြစ်သွားတယ်။ “အကိုကြီး လမ်းသရဲစကားတွေ သုံးနေပြီလား” လို့ ဆိုတော့ အကိုက ရယ်တယ်။ “လူငယ်တွေကို ပြုပြင်ချင်ရင် သူတို့စိတ်ထဲကအရာတွေ အရင်သိ အောင် လုပ်ရမယ်” လို့ ပြောပါတယ်။ အကိုကြီးက ကျန်းမာရေးဝန်ထမ်းဘဝကနေ အငြိမ်းစားယူပြီးတဲ့နောက် ကျောင်း သားတွေကို အင်္ဂလိပ်စာ သင်ပေးနေပါတယ်။
ကျနော်တို့ ငယ်စဉ်ဘဝလျှောက်လုံး ရှေးရိုးစွဲလူကြီးတွေရဲ့ ဝေဖန်မှု၊ ဖိနှိပ်မှုတွေကို တောက်လျှောက်ကြုံခဲ့ရတယ်။ နိုင်ငံရေးစနစ်ကလည်း အာဏာရှင်ယန္တယား ခိုင်မာအောင် အားထုတ်နေချိန်၊ အုပ်ချုပ်ရေးစနစ်အပေါ် ဆန့်ကျင်မှု၊ ဝေဖန်မှုတွေကို သည်းမခံအချိန်၊ ကျောင်းသားလူငယ်တွေနဲ့ ပဋိပက္ခအရှိန် မကျသေးတဲ့ကာလဆိုတော့ ဦးနေဝင်းရဲ့ မဆလပါတီနဲ့အတူ ကြီးပြင်းလာတဲ့ ကျနော်တို့မျိုးဆက်ဟာ ပညာရေးအရ အမျိုးမျိုးစမ်းသပ်အခံရဆုံး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုအရ အထိုးနှက်ခံရဆုံး၊ အတွေးအခေါ်အရ အပိတ်အဆို့ အခံရဆုံး၊ နိုင်ငံရေးအရ အဖိနှိပ်အခံရဆုံး အချိန် ကာလတွေ ဖြစ်တယ်။ (နအဖခေတ်မှာ ပိုဆိုးရွားသွားပါတယ်)။
ကျနော်တို့ ဆယ်ကျော်သက်ရွယ်မှာ နိုင်ငံကြီးတွေရဲ့ ဗိုလ်ကျစစ်၊ ကျူးကျော်စစ်တွေအပြီး ကမ္ဘာ့စစ်အေးခေတ် အလွန် ကာလမို့ ကမ္ဘာ့လူငယ်ထုအကြား ငြိမ်းချမ်းရေး ရချင်တယ်ဆိုတဲ့ အားကောင်းမောင်းသံ အသံတွေကို ကြားရပါတယ်။ ဘီးတဲလ် တေးသီချင်းသံတွေနဲ့ အနောက်တိုင်းတူရိယာ ဂီတာသံ၊ ဒရမ်ခေါက်သံတွေကို သဘောကျနေချိန်လည်း ဖြစ်တယ်။ လမ်းဘေးအုတ်ခုံပေါ် ဂစ်တာတီးတာ အားကျနေတဲ့ကာလဖြစ်တယ်။ အနောက်တိုင်းတူရိယာနဲ့ တီးခတ်တဲ့ (စတူဒီယိုသီချင်းလို့ အလွယ်ခေါ်ကြတယ်) ကိုယ်ပိုင်သံစဉ်သီချင်းတွေ၊ ကော်ပီသီချင်းတွေ တဖြည်းဖြည်းခေတ်ထနေ သလို၊ တဖက်ကလည်း ကွန်ဆာဗေးတစ် အရူးချီးပန်း တေးဂီတ၊ လမ်းသရဲသီချင်းလို့ နာမည်ပေးပြီး သတင်းစာ ဆောင်းပါးတွေကနေတောင် ထိုးနှက်ကြတယ်။
လူငယ်ဆိုတာ အဟောင်းကို ငြီးငွေ့တယ်၊ အသစ်အဆန်းကို လိုချင်တယ်၊ စူးစမ်းရှာဖွေတယ်၊ ထိုးဖောက်စွန့်စားတာ သဘောကျတယ်ဆိုတာကို အုပ်ချုပ်ရေးနယ်ပယ်က လူကြီးတွေ မသိချင်ယောင်ဆောင်ခဲ့ကြတယ်။ လူငယ်တွေကို အသိအမှတ်မပြုဘူး၊ မိမိတို့လိုရာစနစ်ဆီကို အတင်းအဓမ္မကျုံးသွင်း မောင်းနှင်တယ်၊ လူငယ်တွေဟာ အစွမ်းအစ မရှိဘူး၊ နိုင်ငံချစ်စိတ် မရှိဘူး၊ ထကြွသောင်းကျန်းလိုသူတွေဖြစ်တယ်လို့ လွယ်လွယ်လေး ကောက်ချက်ဆွဲခဲ့ကြတယ်။ အဲဒီတော့ လူငယ်တွေ နေရာမရဘူး၊ အမြဲ ဝေဖန်ခံရတယ်၊ ဖိနှိပ်ဆုံးမတာချည်း ကြုံနေရတယ်။ ဒီတော့ အိုးရွဲ့ စလောင်းရွဲ့နဲ့ လမ်းလွဲလိုက်ကုန်တယ်။ မူးယစ်ဆေးတွေနဲ့ ထွက်ပေါက်ရှာလာတယ်။ ကျနော်တို့ကိုယ်တိုင် ငယ်ငယ် ရွယ်ရွယ်နဲ့ ဆေးလိပ်သောက်တတ်၊ ဆေးခြောက်ရှူတတ်လာခဲ့တယ်။
ကျနော်တို့ခပ်ငယ်ငယ်က ဟစ်ပီ ဆိုတဲ့စကားလုံး ရေပန်းစားခဲ့တယ်။ ၁၉၆၀ လောက်က အမေရိကန် အပါအဝင် ကမ္ဘာ တလွှားက လူငယ်တွေရဲ့လှုပ်ရှားမှုတခုလို့ ဆိုပါတယ်။ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနဲ့ တေးဂီတအသစ်၊ ဖက်ရှင်အသစ်၊ လူမှုအတွေးအခေါ်အသစ်ကို တောင်းဆိုတဲ့ကာလဖြစ်တယ်။ ရန်ကုန်မြို့မှာဆို ဆံရှည်တွေ၊ ဆေးမှင်ကြောင်တွေ၊ ခေါင်းလောင်းဘောင်းဘီ၊ ကိုယ်ကြပ်အင်္ကျီတွေဝတ်တဲ့ လူငယ်တွေများလာတယ်။ တယောက်နဲ့တယောက် ဘန်းစကား တွေနဲ့ ဝေါဟာရတွေတီထွင်ပြီး ပြောဆိုကြတယ်။ အဆိုတော် မင်းမင်းလတ်ဟာ အဲဒီခေတ် ၁၉၇၀ နှောင်းပိုင်းက လမ်းဘေးဝေါဟာရများဆိုပြီး ဘန်းစကားတွေပြုစုထားတဲ့ စာအုပ်တောင် ထုတ်လိုက်သေးတယ်။
အဲဒီခေတ် သီချင်းတွေထဲမှာတောင် ဘန်းစကားတွေ ထည့်သုံးကြတယ်။ အာလူးလာမပေးနဲ့ သီချင်းဟာ နိုင်ငံကျော်ပဲ။ အဲဒီခေတ်က ဘန်းစကားတွေထဲမှာ လှပပြီး အတော်ကောင်းတဲ့ ဝေါဟာရတွေရှိသလို တချို့ ဘန်းစကားတွေက နားဝ ကြားရမသက်သာပါ။ ဒါကြောင့်လည်း လူကြီးတွေ မျက်စေ့စပါးမွှေးစူးစရာ ဖြစ်လာတယ်။ ဆရာမြသန်းတင့်ရဲ့ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်” ဝတ္တုဟာ အလုပ်သမား၊ အရင်းရှင် အမြတ်ကြီးစား၊ ပညာတတ် တွေဝေသူနဲ့၊ လူငယ် ဇာတ်ကောင်ထားပြီး ရေးထားတယ်။ လူငယ်တွေအပေါ်မှာလည်း အပြုသဘောထားနဲ့ စိတ်ဓာတ် မြှင့်တင်ထားတဲ့ စေတနာတွေကို အဲဒီဝတ္တုမှာ တွေ့ရတယ်။
အဲဒီကာလတုန်းက ပေါ်နေတဲ့ဘန်းစကားက အမျိုးသမီးကို “စော်” တဲ့။ ဒီနေ့အထိ နှုတ်ကျိုးသွားကြပြီ။ ဆရာမြသန်းတင့်ရဲ့ ဓားတောင်မှာ အဲဒီစကားလုံးကို မနှစ်မြို့ဟန် ဝေဖန်ထားတယ်။ “ဆယ်စုနှစ်ကျော်ကာလအတွင်း ဝေါဟာရတခုရဲ့အနက်အဓိပ္ပာယ်ပြောင်းလဲမှုကို အံ့သြရတယ်” လို့ ဓားတောင်ဝတ္တုတနေရာမှာ ဖော်ပြခဲ့တယ်။ ဘန်းစကားတလုံးဟာ အနက်အဓိပ္ပာယ်ပါ ပြောင်းသွားတဲ့အထိဖြစ်ရတာ မလှပဘူး။ ကျနော်တို့ငယ်ငယ်က “ဘဲကြီး” “စော်လေး” “တဗွေထဲ” “ဒိုးမယ်” “လန်တယ်” ဆိုတဲ့စကားတွေ အခု ကျနော်တို့ အသက် ၅၀ ကျော်အထိ မြိန်ရေရှက် ရေ သုံးလို့ကောင်းတုန်း။
ဆရာမြသန်းတင့်လိုပဲ လူငယ်တွေနဲ့ပတ်သက်ပြီး အမြဲတစေ ခွန်အားပေးစိတ်ဓာတ်မြှင့်တင်ပေးသူက ဆရာကြီး ဦးအောင်သင်း ဖြစ်တယ်။ သူ့ရဲ့မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့တို့ ဆိုတဲ့စာတွေ၊ မျိုးဆက်သစ်တွေအတွက် ရေးသားခဲ့ တဲ့ စာတွေအပြင် ဆရာ့ရဲ့စာပေဟောပြောမှုတွေမှာ လူငယ်တွေအတွက်ပဲ ဦးစားပေး ဟောကြားလေ့ရှိတယ်။ ၁၉၈၈ နှောင်းပိုင်းမှာ ကျောင်းသားလူငယ်အများအပြား တောခိုတော့ ဆရာကြီး ဦးအောင်သင်း စိတ်မကောင်းဘူး။
တက္ကသိုလ်တွေဖွင့်ခါစ ကျောင်းသားတွေ သပိတ်မှောက်တော့ ဆရာက ကျောင်းပြန်တက်ဖို့ ဟောပြောတယ်။ နိုင်ငံရေး တက်ကြွသူ ကျောင်းသားတွေ မကျေမနပ်ဖြစ်တယ်။ နောက်ပိုင်းမှ ဆရာကြီးရဲ့စေတနာကို နားလည်သွားကြတယ်။ ကျောင်းဆရာတယောက်အနေနဲ့ ကျောင်းသားတွေ ပညာမတတ်ရင် တိုင်းပြည်ကြီး ပိုပြီးနောက်ကျကျန်ရစ်မှာကို ဆရာကြီး မလိုလားဘူး။
ဘန်းစကားနဲ့ပတ်သက်ပြီး ကျနော်တို့အရွယ်ရောက်စဉ်ကလည်း ကိုယ့်အချင်းချင်းစကားပြောတာ အများမသိအောင် ကိုယ့်ဖာသာကိုယ်ပဲ နားလည်နိုင်တဲ့ ဝေါဟာရအသစ်တွေ တီထွင်ခဲ့ဖူးတယ်။ အများအားဖြစ် စကားလုံးတွေရဲ့ အတိုကောက်တွေ၊ အင်္ဂလိပ်စကားလုံးကိုဖျက်ပြီး ပြင်တာတွေ၊ မိမိတို့ဖာသာ စကားလုံးအသစ်တခု ရွေးနှုတ်ယူတာတွေ လုပ်တတ်ကြတယ်။ သေချာစိစစ်ကြည့်တော့ ဒီကနေ့လူငယ်တွေသုံးတဲ့ ဘန်းစကားတွေက အတော်လေးလှတာကို တွေ့ရတယ်။ ဥပမာ “လန်းတယ်” “ပြိုင်းတယ်” စတာတွေက သုံးလို့ကောင်းတဲ့ စကားလုံးတွေပါပဲ။ လန်းတယ်ဆိုတာ စိတ်ကို လန်းဆန်း၊ ကြည်လင်တယ်၊ ရွှင်ပျတယ်၊ အေးငြိမ်းတယ်ဆိုတဲ့ အဓိပ္ပာယ်ဖော်ဆောင်ပါတယ်။ ဒါကြောင့်လည်း ကျနော့်အကိုကြီးလို အသက် ၇၀ ကျော်အဖိုးကြီးတောင် ယူသုံးတာ ဖြစ်ပါလိမ့်မယ်။
နော်ဝေးနိုင်ငံရောက်တော့ ကျနော်တို့ နော်ဝေးစာ၊ နော်ဝေးစကားတွေ သင်ရတယ်။ တနေ့ စကားတွေသင်ရင်း ဘန်း စကားတွေအကြောင်း ရောက်သွားတယ်။ ကျောင်းသားတွေအများစုက နိုင်ငံခြားသားတွေဖြစ်တယ်။ ဆရာက သင်ပုန်း ပေါ်မှာ အားလုံးသိသမျှ ဘန်းစကားတွေ ချပြီးရေးပြတယ်။ တယောက်တပေါက်နဲ့ သူတို့သိတဲ့ နော်ဝေးဘန်းစကားတွေ ချရေးပြလိုက်တာ သင်ပုန်းတခုလုံးတောင် မဆန့်တော့ဘူး။ သင်ကြားပေးတဲ့ ဆရာမတောင် တုန်လှုပ်သွားတယ်။ သူမသိတဲ့ ဝေါဟာရတွေ အများကြီးပဲတဲ့။ ဆရာက အဲဒီစကားလုံးတွေ သေချာမှတ်ထားတယ်။ အဲဒီနေ့က နော်ဝေး နိုင်ငံက ဘန်းစကားအကြောင်းတွေလည်း ရှင်းပြတယ်။
သူတို့ဆီမှာ ဘန်းစကားကို အသိအမှတ်ပြုပေးတယ်။ ရှင်းလင်းလွယ်ကူပြီး လှပတဲ့ဘန်းစကားတွေကို လူမှုနယ်ပယ်၊ အနုပညာနယ်ပယ်ထဲမှာ အသုံးပြုလာတယ်။ ဘန်းစကားသုံးတဲ့ လူငယ်တွေကို အပြစ်လို့မမြင်ကြပါဘူး။ လူငယ်တွေရဲ့ စိတ်ကို မြင်အောင်ကြည့်တယ်။ လူငယ်တွေ ဖြစ်ချင်တာ၊ လုပ်ချင်တာ ဘာတွေလဲဆိုတာကို လေ့လာပြီး လမ်းဖွင့်ပေး တယ်။ ဒီကလူငယ်တွေက ကျနော်တို့ထက် စိတ်ပိုင်းယဉ်ကျေးမှုမှာ ပိုသာတယ်။ ကျနော်တို့က လူကြီးရှေ့ခါးကိုင်းပြီး ရိုကျိုးပြနေပေမယ့် ကွယ်ရာမှာ စော်ကားချင်စော်ကားကြတယ်။
ဒီကလူငယ်တွေက လွတ်လပ်ပွင့်လင်းတယ်၊ နေထိုင်လှုပ်ရှားမှုနဲ့ အမူအရာက သက်တောင့်သက်သာနဲ့ လွတ်လွတ် လပ်လပ်ဟန်ပေါက်နေလို့ ရိုင်းသလိုလို ထင်ရပေမယ့် သူတို့ဟာ စာနာယိုင်းပင်းစိတ်၊ ကူညီဖေးမမှုရှိတယ်။ မဟုတ်မတရား မလုပ်၊ လိမ်ညာမှု၊ ဟန်ဆောင်မှု မရှိဘူး။ လူရှေ့မှာ အားနာသလိုလို၊ ရှက်ရွံ့သလိုလိုလုပ်နေပြီး ကွယ်ရာမှာ စိတ်တမျိုးနဲ့ နေထိုင်သူတွေလည်း မဟုတ်ဘူး။ လူတဖက်သားအပေါ် နှုတ်နဲ့လည်း မစော်ကားတတ်ဘူး။ ကျနော်တို့ထက်တောင် ရင့်ကျက်တယ်။
ကျနော်တို့ ကြီးပြင်းလာတဲ့ ခေတ်ကြီးတလျှောက်လုံး လူကြီးတွေရဲ့ စိုးရိမ်ကြောက်ရွံစိတ်နဲ့ ဟန့်တား ပိတ်ပင်ခံရမှုတွေ ကြောင့် အကြောက်တရားတွေ၊ မကျေမနပ်စိတ်တွေ၊ စိုးရိမ်စိတ်တွေ၊ မလုပ်ရဲ မကိုင်ရဲ၊ မတီထွင်ရဲစိတ်၊ ဖိနှိပ်မှုကို ရွံရှာ စိတ်၊ လွတ်မြောက်လိုစိတ်၊ ထွက်ပေါက်ရှာလိုစိတ်တွေ ဖြစ်ပေါ်ခဲ့ရတယ်။ နောက်ဆုံး အာဏာရှင်စနစ်ရဲ့ အပြင်းထန်ဆုံး နှိပ်ကွပ်ဗိုလ်ကျမှုကို မခံနိုင်တဲ့အဆုံး လူငယ်ကျောင်းသားတွေရဲ့ ပုန်ကန်မှုတွေ ပေါ်လာရတယ်။
ကျနော်တို့မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အလိုမကျမှုတွေကြောင့် အငုံ့စိတ်တွေရှိနေပြီး ဒီနေ့ထိ တော်လှန်ထကြွလို စိတ်တွေ ကြွင်းကျန်နေတယ်။ တိုင်းရင်းသားပြည်သူတွေနဲ့ လူငယ်တွေမှာလည်း အဲဒီ အငုံ့စိတ်တွေ ရှိနေကြတယ်။ ဗမာလူမျိုးဆိုတာ ဖိနှိပ်သူတွေ၊ နယ်ချဲ့တွေ၊ ငါတို့လူမျိုးတွေအပေါ် ကျွန်လိုကျင့်ကြံသူတွေလို့တောင် မြင်နေကြပြီ။
အဟောင်းအမြင်းတွေ နေ့စဉ် မကြားချင်မပြောချင်လို့၊ အသစ်အဆန်းတွေ တီထွင်ပြီး မိမိတို့ရဲ့ သင်္ကေတစကားလုံးတွေ ဖန်တီးရင်းနဲ့ ဘန်းစကားတွေ ပေါ်လာတယ်။ လှပတဲ့ ဝေါဟာရတွေဆိုရင် တွင်တွင်ကျယ်ကျယ် သုံးလာတယ်။ ဖိနှိပ်မှု၊ လူရာမသွင်းမှု၊ အနိုင်ကျင့်မှုတွေကနေ အုံကြွမှုနဲ့ တော်လှန်စိတ်တွေ၊ အမုန်းတရားတွေ ဖြစ်ပေါ်လာကြတယ်။ ခေတ်ဆိုး ကြီးတလျှောက်လုံး အရှိတရားနဲ့ ဖြစ်တည်နေတဲ့ အခြေအနေနဲ့ အကြောင်းတရားတွေကို ခေါင်းမာမာနဲ့ ငြင်းဆန်ခဲ့လို့ တိုင်းပြည်ကြီးဟာ အဆုံးအရှုံးများစွာနဲ့ ကြုံခဲ့ရတယ်။ ဒီကနေ့ ကျနော်တို့ ဘယ်လိုစိတ်ဓာတ် သဘောထားတွေကို အခြေခံပြီး ဘယ်နည်းဘယ်ပုံ လျှောက်ရမယ်ဆိုတာ လွန်ခဲ့တဲ့ အတွေ့အကြုံနဲ့ရခဲ့တဲ့ သင်ခန်းစာတွေက လမ်းညွှန်နေပါ လိမ့်မယ်။
ကိုညို (အော်စလို)
၂၅ ဇူလိုင်၊ ၂၀၁၃
No comments:
Post a Comment