ယာဉ်စထွက်ချိန်ကနေ သုံးနာရီကျော်အကြာမှာ မိတ်ဆွေများက ဖုန်းဆက်မေးပါတယ်။ ဘယ်ရောက်ပြီလဲတဲ့။ အောင် မင်္ဂလာမှာပဲ၊ ကားပေါ်ပိတ်မိနေပြီ ဆိုတော့ နောက်တယ် ထင်နေကြတယ်။ နောက်မှ တကယ်ယုံသွားပြီး၊ ညစာလာပို့ ပေးရမလားလို့ မေးကုန်ကြတယ်။ ပြောသာပြောရတယ်။ သူတို့လဲ လာလို့ ဘယ်ရပါ့မလဲ။ ကားတွေက ကားကွင်းထဲက ထွက်လို့ မရအောင်ကို အပြင်က လမ်းမကြီးက
ပိတ်နေပြီကိုး။
ဒီလိုနဲ့ ကားတွေ ပိတ်ပြီး၊ ညနေ ခြောက်နာရီကနေ ညဆယ်နာရီအထိ ကားက အဝေးပြေးဂိတ်ထဲမှာပဲ တရွေ့ရွေ့နဲ့။ အဖျားကလဲ တက်နေ၊ ဗိုက်ကလဲဆာ၊ ကားပေါ်ကလူတွေကလဲ ညည်းညူပြောဆိုနေကြတယ် ဆိုပေမယ့် ဘဝမှာ ခုမှ ကြုံဖူးတဲ့ အတွေ့အကြုံသစ်ဆိုတော့ မတတ်သာတဲ့အဆုံး ရီလို့သာ နေလိုက်ရပါတော့တယ်။
ကားကွင်းထဲကနေ ကားထွက်လာတော့ လမ်းမပေါ်မှာ လူတွေကလဲ အဖွေးသား။ ဘုရားပွဲဈေးထက်ဆိုးတယ်။ အထုပ် ကိုယ်စီနဲ့ မိုးရွာထဲ ပြေးလွှားနေကြရတာ။ လေးနာရီကျော် အဝေးပြေးကားခရီးစဉ်တွေ ကမောက်ကမ ဖြစ်ကုန်တာဆို တော့ ကားလိုင်းတွေရော၊ ခရီးသည်တွေရော အလုပ်တွေ ရှုပ်ကုန်ကြတော့တာပေါ့။ ကားပေါ်ရောက်ပြီးမှ ဖြစ်တာကိုပဲ တော်သေးတယ်လို့ မှတ်ယူရတော့တယ်။ မိုးရေထဲမှာ အထုပ်တွေနဲ့ လေးနာရီ ကားစောင့်ရမယ်သာဆို ဘယ်လိုလုပ်ပါ့ မလဲ။ စောင့်ရသူတွေအတွက် စိတ်မကောင်းဖြစ်မိသွားတယ်။
ဒီလိုနဲ့ ကားထွက်လာလိုက်တာ ညတနာရီခွဲကျမှ ညစာစားရတော့တယ်။ ခရီးစဉ်တွေ နောက်ကျနေလို့ အမြန်မောင်းနေ တဲ့ ကားဆရာကို အမှတ် (၃) လမ်းမကြီးပေါ်မှာ ယာဉ်တိမ်းမှောက်မှုတွေ အဖြစ်များနေတာကြောင့် ဖြည်းဖြည်းပဲ မောင်းဖို့ တောင်းပန်သတိပေးစကား ပြောလိုက်ရသေးတယ်။
ရောက်ချင်တဲ့အချိန်သာ ရောက်ပေရော့။ နိုင်ငံရပ်ခြားမှာလို အချိန်တိကျမှုကိုသာ ရှေ့တန်းတင်နေရမယ်ဆိုရင် စိတ် ဖိစီးမှုတွေနဲ့ နှလုံးရောဂါ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင်လဲ ကားမှောက်သေမယ့် အခြေအနေ ရှိနေလေတော့ အချိန် တိကျမှုဆို တာကိုလဲ ရှေ့တန်းမတင်ရဲတော့သလောက်ပဲ။
နံနက်မိုးလင်းတော့ ကားက ပခုက္ကူမှာ အရင်ရပ်တာကြောင့် နံနက်စာကို ပခုက္ကူမှာ စားလိုက်ရတယ်။ အာဇာနည်နေ့ နံနက်မှာ ရဟန်းအာဇာနည်၊ လူအာဇာနည်များ ပေါ်ထွန်းခဲ့ရာ ပခုက္ကူမြေကို ခြေချခွင့်ရတဲ့အတွက် အတိုင်းမသိ၊ ဝမ်းသာရပါတယ်။
အစတုန်းကတော့ လက်ဖက်ရည်လောက်ပဲသောက်ဖို့ ရည်ရွယ်တာပါ။ မိတ်ဆွေက ထမင်းကြော်မှာလိုက်ချိန်မှာ ပုဇွန် ချဉ်၊ တို့စရာ၊ အသီးအရွက်ကြော်၊ ပဲပုတ်ကြော်တွေပါ လာချတော့ ဖျားတာလဲ ဂရုမစိုက်နိုင်တော့ဘဲ ထမင်းကြော်မှာပြီး စားပစ်လိုက်တော့တာပဲ။ အစားဘယ်လောက်တောင် ကောင်းကြသလဲဆိုရင် ကားထွက်ဖို့ ခေါ်တာတောင် သတိမ ထားမိလို့ ပြေးလိုက်ရတဲ့ အထိ။
ပခုက္ကူကနေ ကမ္မဘက်ကို ဆက်ထွက်ကြရပါတယ်။ ကမ္မရောက်တော့မှ ဂျစ်ကားငှားပြီး၊ ပေါက်မြို့ကို ဆက်သွားကြရပါ တယ်။ ဒီလမ်းမှာ ကားလမ်းအကွေ့အကောက်တွေက အလွန်များပါတယ်။ တောတောင် ရေမြေတွေကို ကြည့်ရင်း၊ သီချင်းတအေးအေးနဲ့ လိုက်ပါသွားလိုက်တာ အဖျားတောင် ဆေးမသောက်ရဘဲ ပျောက်သွားတဲ့အထိပါပဲ။ ချော်လဲထား တဲ့ အရှိန်တွေလဲ ကားဆောင့်တဲ့အရှိန်တွေကို ကြောက်လို့ ပြေးသွား လေသလားမသိ။ လူက လန်းလန်းဆန်းဆန်း၊ တက်တက်ကြွကြွ ဖြစ်သွားပါတော့တယ်။
ပေါက်မြို့ကို ရောက်ဖို့ သဲချောင်းလေးတွေကို ဖြတ်သန်းရပါတယ်။ လမ်းမှာ သဲချောင်းလေးတွေထဲ ကားမနစ်အောင် ကူညီလုပ်ကိုင်ပေးနေတဲ့ အသက်ဆယ်နှစ်အောက် ကလေးငယ်များစွာကို တွေ့ခဲ့ရပါတယ်။ ဒီကလေးတွေကို ခရီးသွား တွေက မုန့်ဖိုးလေးတွေ ပေးကြပါတယ်။ ကလေးတွေက ကျောင်းနေခွင့် မရကြရှာပါဘူး။ သူတို့ရခဲ့တဲ့ မုန့်ဖိုးလေးတွေကို မိဘကို ပြန်ပေးပြီး၊ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန် နေကြရရှာပါတယ်။
ဒီလိုနဲ့ ပေါက်ကို ရောက်ပြီး၊ ကျောင်းပြင်ပ ကလေးငယ်များအတွက် အဆောင်ကျောင်းထားရှိပြီး၊ ကလေးငယ်များရဲ့ ပညာရေးအတွက် ကူညီစောင့်ရှောက်မှု လုပ်ဆောင်ရန် ပြင်ဆင်နေတဲ့ ဆရာကိုလူမော်၊ မလွင် တို့နဲ့ တွေ့ဆုံကြရပါ တယ်။ ဘဏ္ဍာရေးရာလိုအပ်တာတွေကို သြစတြေးလျအခြေစိုက် မြန်မာဖြစ်တဲ့ အန်ကယ် ဦးမောင်မြင့် ဦးစီးတဲ့ MDG Focus ပညာရေးအဖွဲ့မှ ပံ့ပိုးပေးရေးအတွက် ဆွေးနွေးဖြစ်ကြပါတယ်။
ဆွေးနွေးနေဆဲမှာပဲ သက်ဆိုင်ရာက ပညာရေးဟောပြောပွဲမပြုလုပ်ရန် တားဆီးလာတာကြောင့် မြို့ခံပြည်သူများနဲ့ အတူ သက်ဆိုင်သူတွေဆီ သွားရောက်ညှိနှိုင်းမှု လုပ်ရပါသေးတယ်။
ခရီးထွက်လာရတာ ပျော်စရာတော့ အကောင်းသား။ ပညာရေးဟောပြောမယ့် လူတွေကို သက်ဆိုင်ရာက အတော်ဂရု စိုက်တယ်လို့ ဆိုရမယ်။ ဟောပြောပွဲအတွက် ညဘက်ပြင်ဆင်နေကြတုန်းမှာ လမ်းထောင့်လေးတွေဆီ လာထိုင်ရင်း လုံခြုံရေးယူပေးတဲ့ အရပ်ဝတ်တွေ၊ ကားနဲ့ လှည့်ပတ်ကြည့်ရှုပေးနေတဲ့ ယူနီဖောင်းဝတ် လုံခြုံရေးတာဝန်ကျတွေလဲ ရှိတယ်ဆိုတော့ အိပ်ချင်စိတ်တောင်ပြေပြီး သေချာပြင်ဖြစ် သွားရပါတော့တယ်။
နောက်တနေ့ နံနက်ဟောပြောပွဲစတော့ ဟောပြောမယ့် အကြောင်းအရာတွေ၊ စာရွက်တွေကို ကြိုပေးဖို့ လူငယ်လေး တယောက်က လာတောင်းပါသေးတယ်။ ဒါနဲ့ပဲ ဟောပြောပွဲမှာ ဟောပြောသူတွေက ပြောသမျှကို စာရွက်ကြိုပေးရ တယ်ဆိုတာ နိုင်ငံတကာအဆင့် ထုံးစံမဟုတ်ကြောင်း၊ ဘာပြောတာလဲဆိုတာ သိချင်ရင် ထိုင်နားထောင်ဖို့လိုကြောင်း ပြောပြီး၊ ခေါ်လိုက်ရသေးတယ်။ မဆိုးပါဘူး။ တနေ့လုံးတက်ပြီး နားထောင်လိုက်၊ တကုတ်ကုတ်နဲ့ မှတ်သားလိုက်တော့ လုပ်ရှာသား။
ပညာရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲကို အပိုင်းနှစ်ပိုင်းခွဲလုပ်ဖြစ်ပါတယ်။ ပထမပိုင်းက ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ဆက်မီနာဖြစ်ပြီး၊ ဒုတိယပိုင်းက ဒေသတွင်း ပညာရေးဆိုင်ရာ လိုအပ်ချက်များအား ဆန်းစစ်ချက် အလုပ်ရုံ ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ပေါက်မြို့ခံ ပြည်သူများသာမက၊ ကျေးရွာများမှ ကျောင်းဆရာများ၊ ကျောင်းသားများလဲ တက် ရောက်ခဲ့ကြပါတယ်။
နံနက်ပိုင်းမှာ ပညာရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာ သင်ယူမှုဝန်းကျင်ဆိုင်ရာ ခေါင်းစဉ်များကို ပညာရှင်များက ဟောပြောခဲ့ကြပါတယ်။ နိုင်ငံခြားတက္ကသိုလ်၊ ပရော်ဖက်ဆာကိုတော့ ပညာရေးနဲ့ ပတ်သက်ပြီး မဟောပြောဖို့၊ ပရိသတ်နဲ့ မိတ်ဆက်ပေးပြီး၊ လေ့လာစောင့်ကြည်သူ အဖြစ်ပဲ တက်ရောက်ဖို့ သက်ဆိုင် ရာမှ မေတ္တာရပ်ခံတာကြောင့်၊ ဘာသာပြန်ဖို့ အလုပ်သက်သာသွားရပါတယ်။ ကျမတို့ တိုင်းပြည်မှာ သက်ဆိုင်ရာက နိုင်ငံသူ၊ နိုင်ငံသားတွေကို အလွန်စောင့်ရှောက်တာပါလားလို့ အတွေးတောင် ဝင်သွားမိပါသေးတယ်။ ကမ္ဘာတဝှမ်းမှာ က နိုင်ငံခြားပညာရှင်တွေကို ဖိတ်ခေါ်ပြီး၊ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေကို ဘာသာပြန်သူတွေနဲ့ ပြုလုပ်ကြလေ့ရှိ တာ ဆိုပေမယ့်၊ ကျမတို့ကိုတော့ ဘာသာပြန်ပေးနေရရင် အလုပ်ရှုပ်မှာစိုးလို့ သက်သာအောင် စောင့်ရှောက် ပေးတာ ကိုပဲ ကျေးဇူးတင်ရမယ် ထင်ပါရဲ့။
နံနက်ပိုင်းဟောပြောပွဲပြီးချိန်မှာတော့ ဒေသခံပြည်သူများနဲ့ နေ့လည်စာကို ပျော်ပျော်ပါးပါး ဝိုင်းဝန်း စားသောက်ကြပါ တယ်။
နေ့လည်စာစားပြီး၊ လန်းလန်းဆန်းဆန်းဖြစ်သွားအောင် အပြင်ထွက်ပြီး ဂိမ်းလေးတွေ ကစားဖြစ်ကြပါတယ်။ သီချင်းဝိုင်း ဖွဲ့ဆိုပြီး၊ ကသူတွေကလဲ ကနဲ့ လန်းလန်းဆန်းဆန်းကို ဖြစ်သွားတော့တာပါပဲ။
ညနေပိုင်းမှာတော့ ပညာရေးဆိုင်ရာ ဒေသတွင်းလိုအပ်ချက်များအား ဆန်းစစ်ချက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ပြု လုပ်ဖြစ်ခဲ့ပါတယ်။
ဆွေးနွေးပွဲပြီးတော့ ဆွေးနွေးထားချက်တွေကို အုပ်စုတခုချင်းစီအလိုက် presentation လုပ်ကြပါတယ်။ သူတို့ တင်ပြ နေတာတွေကို နားထောင်ရင်း၊ တက်ခဲ့ဖူးတဲ့ နိုင်ငံတကာ တက္ကသိုလ်ကြီးတွေဆီက အလုပ်ရုံဆွေးနွေးပွဲတွေကို သတိ သွားရမိပါတယ်။
ဖွံ့ဖြိုးဆဲတိုင်းပြည်ထဲက ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒီဒေသလေးက ပြည်သူတွေရဲ့ ပညာရေးအမြင်တွေ၊ တင်ပြနိုင်စွမ်းအား တွေ၊ ကဏ္ဍအလိုက်ခွဲခြားဆွေးနွေးတတ်မှုတွေ၊ လက်တွေ့ဘဝထဲက အတွေးအခေါ်တွေဟာ နိုင်ငံတကာ တက္ကသိုလ် တွေက ဆွေးနွေးပွဲတွေထက် မသာရင်သာနေမယ်၊ မလျော့ဘူးဆိုတာ ကျမ ပြောရဲတယ်။ ဘာကြောင့်များကွာ၊ ဒီလို ပြည်သူတွေရှိတဲ့ ငါတို့ တိုင်းပြည်ကြီးက ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ တိုင်းပြည်ထဲ ပါနေရတာတဲ့လဲ။ စိတ်မကောင်းဖြစ် လိုက်ရတာ။
ဆွေးနွေးပွဲပြီးသွားတော့ နဂါးနီသီချင်းကို သံပြိုင်သီဆိုကြရင်း၊ တနေ့တာ ဟောပြောဆွေးနွေးပွဲကို အဆုံးသတ် ဖြစ်ခဲ့ ကြပါတယ်။
ဆွေးနွေးပွဲပြီးတော့မှပဲ တလျှောက်လုံး ပင်ပမ်းခဲ့သမျှ ယောချောင်းထဲ ရေဆင်းချိုးရင်း အနားယူဖြစ်ခဲ့ကြပါတယ်။
ပြီးတဲ့အခါ အနီးအနားက ရွာတွေကို အလည်သွားဖြစ်ရင်း၊ ရွာသူရွာသားတွေက စေတနာနဲ့ ကျွေးမွေးတဲ့ မုန့်ဆီကြော်နဲ့ မြန်မာမုန့်တွေကို စားခွင့်ရခဲ့ပါတယ်။
နောက်တနေ့ကျတော့ ချင်းပြည်နယ်၊ မင်းတပ်ကို ခရီးဆက်ထွက်ဖြစ်ခဲ့ပါတယ်။ လမ်းခရီးမှာ အန်ဂျီအိုအဖွဲ့တခုက ကူညီ ထောက်ပံ့ပြီး ဖွင့်ထားပေးတဲ့ ကိုယ်ထူကိုယ်ထ ကျောင်းလေးကို ဝင်ကြည့်ဖြစ်ခဲ့ကြပါတယ်။
ပုံတောင်ပုံညာဒေသကို နာမည်သာ ကြားဖူးပြီး၊ ရောက်ခွင့်မကြုံခဲ့ပါဘူး။ အခုတော့ ပုံတောင်ထိပ်ကို ရောက်ရတဲ့အတွက် အရမ်းကို ဝမ်းသာရပါတယ်။
ချင်းပြည်နယ်ကို သွားတဲ့ခရီးက ပျော်စရာ အလွန်ကောင်းလှပါတယ်။ ပခုက္ကူအထိ လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်ပြီး၊ ပေါက်မြို့ကနေ မင်းတပ်အထိ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်နေပေမယ့်၊ ကြားထဲက ပေါက်မြို့နယ်တခုပဲ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ဖြစ်နေရတာကို သတိထားမိပါတယ်။ ရာသီဥတု အခြေအနေကြောင့် စိုက်ပျိုးသီးနှံ ဖြစ်ထွန်းမှုမှာလဲ ကွာခြားမှုတွေ ရှိနေတာကို တွေ့ရှိရပါတယ်။
မင်းတပ်မှာ တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး တည်ထောင်ခဲ့တဲ့ တောင်ပုလုကျောင်းသို့ သွား ရောက်ပြီး၊ လက်ရှိသတင်းသုံးနေတဲ့ ကျောင်းထိုင်ဆရာတော်ဘုရားကြီးကို ဝင်ရောက်ဖူးမြော်ခဲ့ပါတယ်။
မိတ်ဆွေများနဲ့အတူ ထမင်းလက်ဆုံစားပြီးတဲ့နောက် အပြန်မှာ ပေါက်မြို့အနီးတဝိုက်က ရွာတွေရဲ့ ဖိတ်ကြားချက်အရ အလည်သွားဖြစ်ခဲ့ပါတယ်။
ကျောင်းပြင်ပက လေးငယ်တွေကို အဆောင်ကျောင်းဖွင့်ပြီး၊ သင်ကြားပေးရာမှာ တက်ရောက်ကြမယ့် မိဘမဲ့ ကလေး ငယ်လေးများ၊ မိဘက စွန့်ပစ်ထားခံရသော ကလေးငယ်လေးများကိုလဲ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။ ဒီလို ကလေး ငယ်လေးတွေရဲ့ ဘဝကို ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရာမှာ တစုံတရာ ပါဝင်ဆောင်ရွက်ခွင့်ရတဲ့အတွက်လဲ အထူးပဲ ဝမ်းသာမိပါတယ်။ ကလေးငယ်လေးတွေရဲ့ မျက်ဝန်းလေးတွေက တစုံတရာ တာဝန်တွေကို ကျမတို့ဆီ ပေးနေသလိုပဲ ခံစားရတယ်။
ကလေးတွေနဲ့ သွားတွေ့ပြီးချိန်မှာတော့ စာကြည့်တိုက်ဖြစ်မြောက်ရေး ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေတဲ့ ရွာလေးတ ရွာမှာ ညစာသွားစားဖြစ်ခဲ့ကြပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး၊ စီးပွားရေးအခြေအနေ နိမ့်ကျ၊ ဖွံ့ဖြိုးတိုးတက် ရေး နောက်ကျကျန်နေတဲ့ ဒီလို ဒေသလေးမှာ အနာဂတ်မျိုးဆက်တွေ မျက်စိ၊ နား ဖွင့်ပေးရေးအတွက် ကိုယ်ထူ ကိုယ်ထ ဝိုင်းဝန်းဆောင်ရွက်နေကြသူတွေကို တွေ့မြင်ရတဲ့အခါ၊ ဒီနယ်လေးကို ဖွံ့ဖြိုးတိုးတက်အောင် တနိုင်တပိုင် ဝိုင်းပေးချင်တဲ့ စိတ်လေးတွေ ပေါက်ဖွားလာရပါတယ်။
နောက်တနေ့၊ ဇူလိုင် (၂၂) ရက်နေ့မှာတော့ ပေါက်မြို့ကနေမထွက်ခွာခင် ဒေသခံများကို နှုတ်ဆက်ရပါတယ်။ ဒီလို ပညာရေး ဟောပြောဆွေးနွေးပွဲလေးဖြစ်လာအောင် လုပ်ဆောင်ပေးတဲ့ ကိုလူမော်နဲ့ မလွင် တို့ မိသားစု၊ ဒေသခံ ပြည်သူများကို ကျေးဇူးအရမ်းတင်မိပါတယ်။ အဆောင်ကျောင်းလေး ဖြစ်မြောက်လာအောင် ဝိုင်းဝန်းလုပ်ဆောင်နေတဲ့ MCEC သင်တန်းကျောင်း၊ အလှသစ္စာ ကျောင်းကော်မတီ၊ MDG Focus တို့ကိုလဲ ကျေးဇူးတင်ရပါတယ်။ သြစတြေးလျ အခြေစိုက် MDG Focus မှာ အရင်တုန်းက အင်္ဂလန်မှ အကြံပေးအဖြစ်သာ ပါဝင်နိုင်ခဲ့ရာက၊ အခုလို ပြည်တွင်းမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခွင့် ရသွားတဲ့အတွက်လဲ ဝမ်းသာမိတာ အမှန်ပါပဲ။
ခွင့်ပြုချက်များ ချမှတ်ပေးခဲ့တဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မိုးလင်းမိုးချုပ်၊ ညပါမကျန် အမြဲစောင့်ကြည့်ပြီး လုံခြုံရေး တာဝန်ယူပေးခဲ့သူများနဲ့ နံနက် ထွက်ခွာခါနီး၊ ရေချိုးနေချိန်မှာတောင် ရေကန်ရှေ့မှ တကူးတက လာရောက်စောင့် ကြည့်၊ လုံခြုံရေးယူပေးခဲ့ကြတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများကိုလဲ အလွန်တရာကို ကျေးဇူးတင်မိတာ အမှန်ပါပဲ။
ကားနဲ့ပြန်ဖို့ အခက်အခဲ ကြုံလာရတာကြောင့် ပုဂံကို ဆိုင်ကယ်များနဲ့ပဲ ဒေသခံများက လိုက်လံ ပို့ဆောင် ပေးခဲ့ကြပါ တယ်။
ဝါးထရံများခင်းထားတဲ့ သစ်သားတံတားလေးကို ဖြတ်ပြီး၊ ချောင်းကူးရချိန်မှာ တစုံတရာက ကျမရဲ့ အတွေးထဲ ဝင်လာပါ တယ်။
ဒီချောင်းမှာ လုံခြုံခိုင်ခံ့စွာ တည်ဆောက်ထားတဲ့ ကွန်ကရစ်တံတား မရှိပါဘူး။ ဖြစ်သလို ခင်းထားတဲ့ ကိုယ်ထူကိုယ်ထ တံတားလေးပဲ ရှိပါတယ်။ ဒီတံတားလေးက လုံခြုံမှုလဲ မရှိပါဘူး။ ဆိုင်ကယ်က ဝါးထရံနဲ့ ချိတ်မိလိုက်တာနဲ့ လူတွေက ရေထဲထိုးချသွားပါမယ်။ ဒါပေမယ့် မဖြစ်မနေ ခရီးတခုကို သွားဖို့လိုလာတဲ့အခါ၊ လုံခြုံခိုင်ခံ့တဲ့ တံတားတည်ဆောက်ပြီး ချိန်ကို ကျမတို့ စောင့်လို့ မရတော့ပါဘူး။ ခရီးရောက်ဖို့ကိုသာ ဦးစားပေးစဉ်းစားဖို့ လိုအပ်လာပါတော့တယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်၊ ပေါက်မြို့နယ်လေး ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဆုတောင်းမိရင်း၊ တတ်နိုင်သမျှ တနိုင်တပိုင် ပါဝင်ဆောင်ရွက်ဖို့ကိုလဲ ဆုံးဖြတ်လိုက်မိပါတယ်။
ခင်မမမျိုး
၂၄၊ ၇၊ ၂ဝ၁၃
No comments:
Post a Comment