Sunday, July 21, 2013

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၁၁)

ဖက်ဆစ်စနစ်အကြောင်းကို အသေအချာ သုတေသနပြု လေ့လာခဲ့သူ အက်တွန်က ပြောခဲ့သည်မှာ ဖက်ဆစ်စနစ်၏ အခြေခံဖြစ်သော “နိုင်ငံတော်တည်းဟူသော ဝိညာဉ်” သည် ဘာနဲ့ ဆင်တူယိုးမှား သလဲဆို အရှေ့တိုင်း တရုတ်ပြည်မှာ ဘိုးဘွားဝိညာဉ်တွေကို ကန်တော့ကိုးကွယ်တဲ့ အစဉ်အလာမျိုးနဲ့ သွားလို့တူသည် ဟူသတတ်။ ခုစာရှုသူ ဖတ်ရှုနေသော ဘာသာရပ်ပိုင်းဆိုင်ရာ၏ ကမ္ဘာ့ထိပ်တန်းပညာရှင် ကားပေါ့ပါးမှ သုံးသပ်ပြသည်မှာ ဖက်ဆစ်စနစ်ဟူသည် “လူ့သမိုင်း ဟူသည် အတိအကျ ဦးတည်ရာ အဓိပ္ပာယ်ပြည့်ဝစွာဖြင့် ရွှေ့လျားနေသော ဝိညဉ်ကြီး” ရှိသည်ဟု ယူဆသော
သမိုင်း အနှစ်စဉ်လာ ဝါဒ (Historicism) ၏ အောက်တွင်ပင် ဖြစ်ပါ၏။ ပညာရှင်နှစ်ဦးတို့ ပြောခဲ့တာကို အနှစ်ချုပ်ပြမည် ဆိုပါ လျှင် “သီးသန့် အသိုင်းအဝိုင်းတခုတွင် အသိုင်းအဝိုင်း၏ အနှစ်ဝိညာဉ်ဟူသည် ရှိ၏။ ယင်းဝိညာဉ်ကြီးသည် အသိုင်း အဝိုင်းဝင် မည်သူမဆို၏ ကိုးကွယ်ရာ အထွတ်ဖြစ်ပြီး ယင်းဝိညာဉ်ကြီး သန့်စင်သေချာ အနှစ်သာရပြည့်စွာ ဆက်လက် ရွှေ့လျားဖို့ရန်အတွက် အသိုင်းအဝိုင်းဝင် ပုဂ္ဂိုလ်တို့မှ စတေးအနစ်နာခံ ထမ်းဆောင်ခြင်းသည် လူ့ဘဝ၏ အနှစ်သာရ အဓိပ္ဗာယ် (ဝါ) လူသား၏ တရားမျှတမှု (ဝါ) လူသား မည်သူမဆိုက ကျင့်သုံးရမည့် အမြတ်ဆုံး ကရုဏာနှင့် ပညာ ပေတည်း” ဟူသည်မှာ လွန်ခဲ့သော ရာစုနှစ်တွင် ကမ္ဘာကြီးကို အကြီးကျယ်ဆုံး ခြိမ်းခြောက်ခဲ့သည့် ဖက်ဆစ်ဝါဒ၏ အခြေခံ သဘောတရားတို့ ပေတည်း။ ဟုတ်ပေသပ၊ ကျနော်တို့ ဗမာတွေ အမှတ်မထားမိပေမယ်လို့ မြန်မာ ဝေါဟာရ တွေမှာ ထဲထဲဝင်ဝင် စွဲဝင်နေပြီဖြစ်တဲ့ ‘အမျိုးသားရေး စိတ်ဓာတ်’ ‘သမိုင်းပေးတာဝန်’ စသည်တို့သည် ဖက်ဆစ်ဝါဒကို တရွေးမလျှော့ ပြသနေတဲ့ စကားလုံးတွေ ဖြစ်ပါ၏။

အက်တွန်ရော ပေါ့ပါးကပါ ဖက်ဆစ်စနစ်ကို ပြောင်မြောက်စွာ ဥပမာပေးသည်မှာ ယင်းသည် Organic State (နိုင်ငံ တော်ဟူသည် ခြေလက်အင်္ဂါတို့ဖြင့် ဖွဲ့စည်းထားသည်ဟု မြင်သော) ဝါဒပေတည်း။ ဆိုလိုသည်မှာ လူတဦးချင်းသည် နိုင်ငံတော်၏ အဝိဉာဏိက အသက်မရှိသော တန်ဖိုးနိမ့်ကျသည့် ခြေလက်အင်္ဂါတို့သာဖြစ်ပြီး စုပေါင်းထားသော နိုင်ငံ တော်သာလျှင် ဝိဉာဏိက အသက်ဝိညာဉ် ရှိ၍ အထွတ်အမြတ် တရားဖြစ်သည်ဟု မြင်သော ဝါဒ ဖြစ်ပေသတည်း။ တကယ်တော့လည်း အရှေ့တိုင်း ဟိန္ဒူ ဗြဟ္မဏ ဝါဒ၏ ဗြဟ္မာကြီး၏ ကိုယ်လက်အင်္ဂါနေရာတို့မှ အမျိုးလေးပါးတို့ ပေါက်ပွားလာသည် ဆိုတာမျိုးနှင့်လည်း ဆင်ပါ၏ (အနောက်တိုင်း ဖက်ဆစ်စနစ် (ဝါ) နည်းစနစ်အားဖြင့် သမိုင်းစဉ်လာ ဖြူသန့်စင် ဝါဒစွဲသည် ဟိန္ဒူဗြဟ္မဏဝါဒကို အမွေခံခဲ့ကြောင်း သည်ဆက်စပ်မှုကို နောက်ပိုင်းဆောင်းပါး တနေရာတွင် ကျနော် အကျယ်တဝင့် ရှင်းပြပါအံ့)။ ဤတွင် ဖက်ဆစ်စနစ်က သွတ်သွင်းလိုက်သည်မှာ အထွတ်အမြတ်တရား ဖြစ် သော “အစုအပေါင်း ဝိညာဉ်တော်ကြီး” အတွက် ကိုယ်လက်အင်္ဂါတို့သည် ရုန်းကန်လှုပ်ရှား စတေးရမည် ဆိုသည်ကို ပေတည်း။

မူဆိုလီနီက လုပ်ဆောင်ခဲ့သည်မှာ ကလေးသူငယ် ဘဝ ကတည်းက သည်အစုအပေါင်း ဝိညာဉ်တော်ကြီးအတွက် စတေးရဲသည့်စိတ်ကို သွန်သင်ဆုံးမပေးရမည်၊ ခု လူကြီးဖြစ်နေသော သူတို့ကိုလည်း “အစုအပေါင်း ဝိညာဉ်တော်ကြီး” ၏ ရှုထောင့်အမြင်တို့နှင့်သာ ကြည့်မြင်လာတတ်စေရန်၊ မိမိ၏ ကိုယ်ကျိုးအတ္တကိုစွန့်ပယ်၍ အစုအပေါင်းတော်ကြီး အတွက် စတေးအနစ်နာခံ လုပ်ဆောင်စေရန် အဆက်မပြတ် လှုံ့ဆော်အားပေးရမည်ဟူ၏။ ဂျာမဏီက ဟစ် တလာ၏ နာဇီလူငယ် ဌာနချုပ်၏ အဝင်ပေါက်တွင် ရေးထွင်းထားသည်မှာ “ငါတို့သည် ဂျာမဏီ နိုင်ငံတော်အတွက် သေဖို့ရန် မွေးဖွားလာကြကုန်သည်” ဟူသတည်း။

တကယ်တော့ စတေးမှုကို အထွတ်အမြတ် ကျင့်စဉ်အဖြစ် ဖက်ဆစ်ဝါဒ နိုင်ငံတို့သည် ကျင့်သုံးခဲ့သည်မှာ မဆန်းပါ။ စင်စစ် အထွတ်အမြတ် အသိုင်းအဝိုင်းဝိညာဉ်တော်ကြီး (ဝါ) အမျိုးသားရေး စိတ်ဓာတ် ဟူသည်မှာ “လူစုလူဝေးသာ ပဓာန” (collectivism) သဘောတရား ဖြစ်ပြီး၊ ၎င်း အမျိုးသားရေး စိတ်ဓာတ် ‘ဝိညာဉ်’ (ဝါ) ‘အနှစ်လက္ခဏာ’ ဆိုတာကို နိုင်ငံတော်မူဝါဒ အဖြစ်ကျင့်သုံးလိုသော ဖက်ဆစ်တို့သည် များမြောင်လှသော လူတဦးချင်း၏ ကွဲပြားထင်မြင်သော အတွေးအခေါ် ပေါင်းစုံနှင့် မတူခြားနားသော ရသရည်ရွယ်ချက် မျိုးစုံ (individualism) ကို ဖျောက်ဖျက်ရမည် ဖြစ်ပါ၏။ သည်လို အမြောင်အမြား ကွဲပြားခြားနားသော အတွေးအခေါ် ရည်ရွယ်ချက်မျိုးစုံကို သိမ်းကြုံးပြီး ဖျောက်ဖျက်ပစ်ဖို့ အတွက်ဆို ထိုသူတို့ကို “နိုင်ငံတော် (သို့မဟုတ်) အမျိုးသားရေး (ဝါ) အထွတ်အမြတ် သန့်စင်ဝိညာဉ်တော်ကြီး တည် တံ့ရွှေ့လျားရေးအတွက် စတေးခြင်းသာ လူ့ဘဝ၏ ရည်ရွယ်ချက် (ဝါ) တရားမျှတမှု” ဟူပြီး သွန်သင်ရိုက်သွင်းတာ လောက် ထိရောက်မြန်ဆန်မှုကောင်းတာ မရှိလောက်ပါ။

သပ္ဗုရိသနွယ်ဝင် သူတော်ကောင်းတို့၊ ငါတို့ သတိချပ်ချပ် ထားကြပါစို့။ ဖက်ဆစ်ဝါဒကို အတိအလင်းပြသနေသော ၉၆၉ ၏ စတေးဆောင်ပုဒ်သည် ဝီရသူ၏ ကိုယ်ပိုင်ဉာဏ်သက်သက်ဖြင့် ရေးသည်ဟု ယုံကြည်ရန် ခက်ပါ၏။ သည် စတေး ဆောင်ပုဒ်ကို မြန်မာပြည်နေရာတိုင်းတွင် လိုက်လံဖြန့်ဝေနေသော ၉၆၉ ၏ အပြုအမူသည်တို့သည်လည်း ငါတို့အား သံသယကြီးမားစွာ ဖြစ်ရပါသည်။ အဘယ်ကြောင့်နည်းဟူမူ မူဆိုလီနီနှင့် ဟစ်တလာတို့က ဖက်ဆစ်ဝါဒကို ပြည်သူ လူထု၏ ခေါင်းမှာ သံမှိုရိုက်သလို စွဲစေရန် လုပ်ကြံသတင်းဖြန့်ခဲ့မှု (propaganda) တို့တွင် “ငါတို့သည် နိုင်ငံတော်အ တွက် မိမိကိုယ်ကို စတေးပါအံ့” ဆိုတာသည် အဓိက စာသားနှင့် အမှန်တကယ် ရည်ရွယ်ချက်လမ်းကြောင်းလည်း ဖြစ်ခဲ့သောကြောင့်ပါတည်း။

တကယ်မြင်တတ်ပါလျှင်လည်း ရှေ့ပိုင်း ၉၆၉ လှုပ်ရှားမှု၊ ခုအခါမှာ ပုံပြောင်းလာသော မျိုးစောင့် ဥပဒေ လှုပ်ရှားမှုတို့ ဟူသည်မှာလည်း “အစုအပေါင်းကို ကိုးကွယ်သော ဖက်ဆစ်စနစ်” ငါတို့ ပြည်သူလူထုတွင် ပေါက်ပွားလာစေရန် စနစ် တကျ ကြံစည်စုရုံးထားသော လုပ်ကြံသတင်းဖြန့် လှုပ်ရှားမှုလုပ်ရပ် ဟူ၍ ကြည့်မြင်တတ်သောသူတဦးသည် ကောင်းစွာ နားလည်နိုင်ပါပေသည်။ သည်နေရာတွင် ငါတို့အား များစွာစိုးရိမ်မိသည်မှာ ဂျာမနီမှ ပြည်သူထက်ဝက်နှင့် အီတလီမှ ပြည်သူလူထု ရာနူန်းပြည့်သည် လုပ်ကြံသတင်းဖြန့်မှုတို့မှ လွှင့်သော ဖက်ဆစ်မှိုင်းတို့ မိခဲ့သလို ငါတို့ မြန်မာပြည်သူ လူထု၏ ဂရုထားလောက်အောင် ကြီးမားနိုင်သော အစိတ်အပိုင်းသည်လည်း ဖက်ဆစ်မှိုင်းကို နာမည်ပြောင်းထားသည့် နိုင်ငံတော်မှိုင်း၊ အမျိုးသားရေးမှိုင်း၊ ဗုဒ္ဓသာသနာမှိုင်း စသည်တို့ဖြင့် အတိုက်ခံခဲ့ရပြီ၊ လုပ်ကြံသူတို့က ကျွဲအုပ်နွားအုပ်လို သူတို့လိုချင်ရာကို မောင်းချပစ်သော လမ်းကြောင်းပေါ်သို့ ငါတို့ပြည်သူတို့သည် အစုအအုံလိုက် ရောက်လာခဲ့ပြီဖြစ် ကြောင်းကို ဖြစ်ပါ၏။

သည်မယ် တချို့က ဤသို့လည်း ဝေဖန်ရာ၏ “မောင်ရင် ညိုထွန်းရယ်၊ စိုးရိမ်တတ်ရန်ကော။ ဒီမိုကရေစီခေတ်ကြီးက ဒို့ဗမာတွေ သည်လောက် မအပါဘူး။ ဖက်ဆစ်တွေ ရောင်းစားတဲ့ ချိန်ခွင်ပေါ် ငါတို့ မတက်လောက်ပါဘူး”။ ဟုတ်ကဲ့၊ တခုခက်သည်မှာ ဖက်ဆစ်စနစ်သည် ကိုယ့်ကိုကိုယ် ဖက်ဆစ်စနစ်ဟု ကြေငြာလေ့ မရှိ။ မဟုတ်တမ်းတရား ဆင်ထား သည့် ချိန်ခွင်တခုတည်းကို သည်ကနေ့ ဆေးနီဆိုး၊ နောက်တရက် ဆေးပြာဆိုးပြီး နည်းအမျိုးမျိုးနှင့် အများပြည်သူကို ညာစားတတ်ပါသည်။ အီတလီ ပြည်သူ တရာ ရာခိုင်နူန်းပြည့်နှင့် ဂျာမန်တိုင်းပြည် ထက်ဝက်ကို သိမ်းသွင်းနိုင်ခဲ့သည့် ဖက်ဆစ်စနစ်သည် နှယ်နှယ်ရရတော့ မဟုတ်ပါ။ သို့ဆိုလျှင် ငါတို့ မေးကြပါစို့၊ ဖက်ဆစ်စနစ်သည် မည်သို့သော အကြောင်းတို့ကို အခြေပြု၍ လူတွေကို သူ့ချိန်ပေါ်တက်လာအောင် ဆွဲဆောင်သိမ်းသွင်း နိုင်ပါသနည်း။

ကျနော်တို့ အရေးတကြီး သိမှတ်အပ်သည်မှာ ဖက်ဆစ်စနစ်၏ အောင်မြင်ကြောင်း အဓိကအခြေခံ အကြောင်းနှစ်ခုရှိပါ သည်။ ပထမ တခုမှာ အစောတုန်းက ဆိုခဲ့သည် လုပ်ကြံဝါဒဖြန့်ခြင်း လုပ်ငန်းစဉ်ကို “ထပ်ခါတလဲလဲ” လုပ်ခြင်းနှင့် ဒုတိယ တခုမှာ ဖက်ဆစ်ယန္တရား ၏ “မြန်ဆန်စွာ ခုတ်ရှင်းမှု” ဖြစ်ပါ၏။ တကယ်တော့လည်း သည်နှစ်ကြောင်းသည် အညမည ဆက်စပ်နေပါ၏။ ပထမတခုဖြစ်သော ဖက်ဆစ်ဝါဒ၏ လုပ်ကြံဝါဒဖြန့်ခြင်း လုပ်ငန်းစဉ်ဟူသည် ဘာမှ ထူးထူးခြားခြား မဟုတ်၊ သင်းတို့က ကြွေးကျော်ဝါဒဖြန့်သော သတင်းအားလုံး၏ အနှစ်သည်ကား “ရန်များကိုယ် ကိုယ်ရှင်းမယ်၊ ခုတင်ကိုပဲကွယ်၊ ချစ်သူမေကလေးရယ်” ဟု ဒုတိယတခု (ဝါ) သူတို့ အမှန်တကယ်ကိုလုပ်မည့် ပုံစံကို ပြန်ညွှန်းထားခြင်းပါတည်း။ လွယ်လွယ်မှတ်မည် ဆိုပါလျှင် ဖက်ဆစ်ဟူသည် ပြောလျှင်ပြောသည့်အတိုင်း လုပ်သည့် ဘီလူးတို့ ဖြစ်ပါသတည်း။

ဟုတ်ကဲ့၊ အလွန်တရာကို ထူးခြားလှသောအချက်မှာ ဖက်ဆစ်သမားတို့ဟူသည် ၎င်းတို့၏ လုပ်ကြံဝါဒဖြန့်စနစ်တွင် မည်သည့် ကျယ်ဝန်းစွာ အခြေခံထားသည့် ဝါဒသဘောတရားမှ မပါပါ။ အဘယ်ကြောင့်ဆိုသော် ဖက်ဆစ်စနစ်၏ ဝါဒဟူသည် သူတို့လုပ်မည့် လုပ်ငန်းစဉ်ပင်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်သည် ပြဿနာမှန်သမျှ “ချက်ချင်း” ရှင်းပစ်မယ် ဆိုတာမျိုး ဖြစ်တတ်သဖြင့် လူအားလုံးလိုလိုက ကြိုက်နှစ်ခြိုက်တတ်လေ့ပင် ရှိပါ၏။ နောက် ထပ်မံထူးခြား အံ့သြဖွယ် ကောင်းသော တချက်မှာ ဖက်ဆစ်စနစ်ကို ဘယ် ဝါဒရေးရာ ပညာရှင်တို့ကမှ လက်တွေ့တွင် နိုင်အောင် မတိုက်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဝါဒရေးရာသဘော ပရိယာယ်တို့သည် အလွန်ကျယ်ဝန်းတတ်၍ နက်နဲသိမ်မွေ့စွာ စဉ်းစားရ သလောက် လက်တွေ့အားဖြင့် ယင်းပရိယာယ်တို့ ဘယ်လိုအကျိုးသက်ရောက်မှု ရှိသလဲ ဆိုတာကို ရှင်းပြဖို့ဆိုတာ အင်မတန် ခက်ခဲပါ၏။ သည်မှာ သကောင့်သားတို့က ဤကဲ့သို့ ဝါဒရေးရာတိုင်းမှာရှိသော ကျယ်ဝန်းသိမ်မွေ့မှုကို အသာ စီးယူပစ်လိုက်သည်မှာ ဖက်ဆစ်သမားတို့သည် “လက်တွေ့” ရှုထောင့် ဆိုသော အကျဉ်းမြောင်းဆုံး အဆင့် (ဝါ) ရယူရန် ဆိုသည့် ရုပ်ဝတ္ထု လောကမှာပဲ ကိုယ့်ကိုကိုယ် ထိုင်ထားလိုက်ခြင်း ဖြစ်ပါ၏။ ဘယ်တော့မှလည်း ဖက်ဆစ်တို့သည် ပညာရှင်အဆင့် သုံးသပ်ချက်ဖြစ်သော သမုဒ္ဒရာကြီးကဲ့သို့ ကျယ်ပြောနက်ရှိုင်းသိပ်သည်းစွာ စဉ်းစားရသည့် လောက ပါလ (ဝါ) သိမ်မွေ့နက်နဲမှု အဆင့်မြင့် သဘောတရားသို့လည်း တက်မလာတတ်။ ထိုအစား အငြင်းအခုံ ကစားပွဲတွင် ဖက်ဆစ်တို့သည် ပညာရှင်အားလုံးတို့ကို သူတို့ ဖင်ခုထိုင်ထားသည့် လက်တွေ့ရှုဒေါင့် ပလ္လင်ပေါ်ကနေပဲ လှမ်းပြီး စိန်ခေါ်ပါသတတ်။ ဘယ်လောက်ပင် ကြီးကျယ်သည့် ပညာရှင်တဦးသည်ပင် ဖြစ်ပစေ ဖက်ဆစ်တဦးကို နိုင်အောင်တိုက်ဖို့ မရှိတတ်။ အဘယ်ကြောင့်ဆိုသော် ဖက်ဆစ်သမားဟူသည် ပညာရှင်ကို သူဖင်ထိုင်ထားသော “လက်တွေ့ ဖြစ်ပေါ်နေသည့် ပြဿနာတွေ” ဆိုပြီး သူလက်ညိုး အတင်းထိုးပြသော ရှုဒေါင့်ထဲကိုပဲ လာပြီး အဲသည် ရှုထောင့်ထဲကပဲ သုံးသပ်ရန် အတင်းလုပ်ခိုင်းခြင်းကြောင့် ပါတည်း။ ရိုးသားသော ပညာရှင် ဆိုသဟာ မျိုးဟာ ယင်းကဲ့သို့ ဖက်ဆစ်တို့၏ ဝါးလုံး တစ်ဖက်တည်းကပဲ ကြည့်မြင်နေသော ရှုထောင့်မျိုးထဲကို (moral relativism) ငုံ့ဝင်ပြီး သုံးသပ်ဖို့ဟာ မဖြစ်နိုင်။ အဲသလို မငုံ့ဝင်သော ပညာရှင်ကို လက်တွေ့သမား ဖက်ဆစ်တို့က ငရဲပွက်သလို ရူတ်ချဆူပွက်ကြသည်မှာ “ကြောင်သူတော်” လို့ ကင်ပွန်းတပ်ပစ်ခြင်း ပေတည်း။ ဤသဘောကို အနှစ်ချုပ်ပြပါအံ့၊ ဖက်ဆစ်သမား၏ အငြင်းအခုံ ဝါဒ ကစားပွဲဟူသည် ကစားပွဲကို သူကစားချင်သည့် တစ်ဖက်သတ် စည်းမျဉ်းတို့နဲ့ပဲ ကစားနေခြင်း ပေတည်း။ ထို့ကြောင့် သီလသမာရှိသော ပညာရှင်တို့သည် ယျေဘုယျအားဖြင့် ဖက်ဆစ်တို့နှင့် ဆွေးနွေးစကားပြောလေ့ မရှိ၊ တဖက်တည်းသော ရှုထောင့်ကနေပဲ သုံးသပ်ရမည်ဟူသော ဆွေးနွေးပွဲမျိုးကို အဘယ် ရိုးသားသောပညာရှင်သည် သူတို့ ဆင်ထားသည့် ချိန်ခွင်ပေါ် လာပြီး တက်ပါမည်နည်း။

စာရှုသူကို ဉာဏ်စမ်းတခု ထုတ်ရပါအံ့။ လူထုတရပ်လုံးကို ထိန်းချုပ်ရန် လက်တွေ့ပြဿနာရှုထောင့် ဆိုသည်မှာပဲ ဖင်ထိုင်ချင်သည့် ဖက်ဆစ်သမားသည် သူကပြောသော လက်တွေ့ပြဿနာ ဆိုသည်ကို ပြည်သူလူထုမှ လိုက်လံ နားလည်ကြည်ညိုစေရန် ဝါဒဖြန့်မည်ဆိုပါလျှင် မည်သို့သော လက်တွေ့ ပြဿနာမျိုးကို ဝါဒဖြန့်ပါမည်နည်း။ ၎င်းသည် လူထုတရပ်လုံးနှင့် ဆိုင်သော လက်တွေ့ပြဿနာဟူ၍လည်း ပြသရုံသာမက သူက ချက်ချင်းလက်ငင်း ဖြေရှင်းနိုင်သည့် ပြဿနာတို့ဖြစ်ကြောင်း လူထုကို ပြောရပါလိမ့်မည်။ သည်မှာ အဖြေကား ရှင်းပါ၏။ ဖက်ဆစ်သမားသည် “ရန်သူ ရန်သူ ရန်သူ…ရန်သူ…ဘုံရန်သူ ” ဟု တောက်လျှောက်ကို ပြည်သူလူထုကို အဆက်မပြတ် တပ်လှန့်ခြင်း ပေတည်း။ ဒါဆိုလျှင် ဘုံရန်သူဆိုတာ ဘယ်လိုမျိုးပါနည်းဟု ထပ်ပြီး ငါတို့ ဉာဏ်မြူးကြပါစို့။ ဘုံရန်သူအဖြစ် လက်ညိုးထိုးဖို့ အင်မတန် လွယ်တတ်သည်မှာ နိုင်ငံခြားတိုင်းပြည်တို့ နှင့် ပြည်တွင်းမှာဆို လာရောက်နေထိုင်နေသော နိုင်ငံခြားသားတို့ ပေတည်း။ ဒါကြောင့် ဖက်ဆစ်နိုင်ငံတို့တွင် ‘သစ္စာဖောက်တွေ’ ‘သူခိုးဂျပိုးတွေ’ ‘ရာဇဝတ်ကောင်တွေ’ ‘ငါတို့ နိုင်ငံကို လာပြီး ဂုတ်ခွစီးနေတဲ့ကောင်တွေ’ ‘ အကြံကြီး ကြံနေတဲ့ကောင်တွေ’ ‘ပြည်ပရန်စွယ်တွေ’ ဟူသော ဝေါဟာရတို့သည် နိုင်ငံ တခုလုံး ပွက်လောရိုက်နေတတ်ပြီး ၎င်း ဝေါဟာရတို့သည် ဖက်ဆစ်တို့၏ လုပ်ကြံသတင်းဖြန့်မှုအပေါင်း၏ ပါလေရာ ပဲခူးဆားပင် ဖြစ်ပါသတတ်။ ဒါကို ပြည်သူတို့ကို အယုံသွင်းသလို သူတို့ အယုံသွင်းတာကို သူတို့ဟာ သူတို့လည်း အမှန်တကယ် ပြန်ယုံလာသည့် ဖက်ဆစ်သမားတို့သည် မျိုးဖြုတ်သတ်ခြင်း (Nazism) ကဲ့သို့သော လုပ်ရပ်မျိုးကို နောက်ဆုံးတွင် ကျူးလွန်လာကြ လေ၏။

သည်ဘက်ခေတ်တွင် နီးနီးကပ်ကပ် ကြည့်မည်ဆိုပါလျှင် မြန်မာပြည်တွင် ၁၉၉၄ ရဝမ်ဒါမှာ ဖြစ်ခဲ့သော မျိုးဖြုတ်သတ် ခြင်းမျိုး (genocide) မဖြစ်နိုင်ဘူးဟု မထင်ပါနှင့်။ ကျနော့်တွင် ရဝမ်ဒါမှ သူငယ်ချင်းများစွာရှိရာ ၎င်း ဟူလူး၊ တွတ်စီ လူမျိုးတို့သည် မြန်မာလူမျိုးတို့လိုမျိုး စိတ်ခက်ထန်ခြင်းမျိုးပင် မတွေ့ရတတ်။ တနိုင်ငံလုံးကို ဖြန့်ကျက်လွှမ်းမိုးသည့် ခရစ်ယာန်ဘာသာကို ကြည်ညိုကိုင်းရှိုင်းသည့် အခြေခံဟု ထင်ပါသည်။ ဒါပေမယ့် မြှောက်သူကမြှောက်ပေး၍ ယုံကြည် သူတို့ကလည်း ယုံကြည်လာသောအခါ ထိုဘာသာတရား ကိုင်းရှိုင်းသူတို့သည်ပင် တဖက်လက်တွင် လက်ဝါးကပ်တိုင် ကိုမြှောက်၊ တဖက်လက်တွင် ရဲတင်းကို ကိုင်၍ တနိုင်ငံလုံး အချင်းချင်း လက်ဖြတ်ခြေဖြတ် ခုတ်ထစ်ကုန်ကြသတည်း။ ဒါကို ကျနော် နောက်ပိုင်းတွင် ရှင်းပြပါဦးမည်။ ခုခါမှာတော့ ဖက်ဆစ်သမား ဋီကာကို ဆက်သွားရပါအံ့။

ရှေ့ဖက်တွင် ဆိုခဲ့သည်တို့ကို “ဖက်ဆစ်စနစ်ဆိုတာ ဝါဒရင်းမြစ် မရှိဘူး၊ လက်တွေ့ ပြဿနာတွေကို အကြမ်းပတမ်း ကိုင်တွယ်တာမျိုး” ဆိုပြီး မရောထွေးသွားပါနှင့်။ ဖက်ဆစ်စနစ်သည် မျက်နှာနှစ်ဖက်ရှိသော ဘီလူးလို ဖြစ်ပါသည်။ ပညာရှင်တို့ကို ကိုယ်တွယ်ဖို့အတွက်ဆို ၎င်းသည် ဝါဒသဘောတရားဆိုတာကို စကားမဟတတ် မျက်မှောက်ဖြစ်ပေါ် နေသော ပြဿနာတို့ကိုသာ တန်းစီပြီး ပြတတ်ပါ၏။ ဒါပေမယ့် ပညာရှင်နှင့်တကွသော ပြည်သူလူထုတရပ်လုံးကို သူတို့အောက်ရောက်လာအောင် ကိုင်တွယ်ဖို့အတွက် သူ့တွင် ဝါဒ တိတိပပ ရှိပါသည်။ ၎င်းသည် အခြားမဟုတ်၊ ပြခဲ့သလို “လူအစုအပေါင်းသည် လူတဦးချင်းထက် အနိုင်းမသိ သာလွန်သည့် အထွတ်အမြတ် ဖြစ်သည်” ဟူသော ဝါဒပေတည်း။ အဲသည်ကနေ ဆက်၍သွားသည်မှာ လူအစုအပေါင်းတည်းဟူသော အသိုင်းအဝိုင်းအတွက်ဟူသော ရှုထောင့်မှ ဆုံးဖြတ်ခြင်းတို့သည်သာလျှင် တရားမျှတမှုဟု အတင်းအကြပ် ယူလာခြင်း ပေတည်း။ လူအစုအပေါင်း၏ ကောင်းရာကောင်းကျိုးအတွက် လုပ်တာမှန်သမျှသည် လူတဦးချင်း၏ မျက်နှာကို ဘာမှထောက်စရာ မလိုဟု လုပ်လာ ကြခြင်း ပေတည်း။

ဒါဆိုလျှင် “အမျိုးသားရေး၊ အမျိုးသားလုံခြုံရေး” ဟူသော ရှုထောင့်မှ ကြည့်မြင်မှသာလျှင် အမှန်တရား ရှုထောင့်ဖြစ် သည်ဟု ဆိုလာခြင်းတို့သည့် ဖက်ဆစ်စိတ်ကို ဖင်ဖော်ကပြနေသော ကြွေးကြော်မှုတို့ ဖြစ်ကြောင်း ငါတို့ ကောင်း ကောင်း ခန့်မှန်းနိုင်လောက်ပြီ ဖြစ်ပါ၏။ ဤ အမျိုးသားရေး ကြွေးကြော်မှုတို့သည် ဘယ်လိုသော ပုံစံမျိုးပင် တပ်သည် ဖြစ်ပစေ (အမျိုးသားစီးပွားရေး၊ အမျိုးသားတိုးတက်ရေး စသဖြင့် နာမည်မျိုးစုံ ပြောင်းတပ်လို့ရပါ၏) ရည်ရွယ်ချက်မှာ တမျိုးတစားတည်း သာတည်း ယင်းသည် ဖက်ဆစ်သမားတို့က အသိုင်းအဝိုင်းအပေါ် သစ္စာဖောက်ဟု ယူဆသော လူတဦးချင်းကို လိုလျှင်လိုသလို ကိုင်တွယ်ရန် ချိန်ရွယ်ထားသလို သူတို့လိုချင်သည့် လမ်းကြောင်းပေါ်ကို ပြည်သူလူထု တရပ်လုံးကို “တသွေး၊ တသံ၊ တမိန့်” စိတ်ကြိုက်မောင်းချရန်လည်း ဖြစ်ပါသည်။

ထို့ကြောင့်လည်း ဖက်ဆစ်နိုင်ငံတို့တွင် ဖြစ်တတ်သည်မှာ “ဟိုမှာ ရန်သူ… သည်မှာလည်း… ရန်သူ… နေရာတိုင်းမှာ… ဘုံရန်သူ” ဟူပြီး တပ်လှန့်ခံထားရသော စစ်သွေးကြွ ပြည်သူလူထုတော့ ဖြစ်ပါ၏။ ဒါပေသိ အဲသည် စစ်သွေးကြွ ပြည် သူလူထုသည် အင်မတန်မှပင် ငြိမ်ဝပ်ပိပြားနေတတ် ပါ၏။ ဘာလို့လဲဆိုတော့ “တသွေး တသံ တမိန့်” မှ တလက်မ ကလေးပင် သူတို့ကိုယ်သူတို့ ခွဲထွက်မည်ဆိုပါလျှင် ကိုယ်ကကျုး ကိုယ့်ဒူးတောင် မယုံရဆိုသလို “နိုင်ငံတော်” ဆိုတာ ကြီးနဲ့ ကိုင်ပေါက်ခံရပြီး စီရင်ခံရမှာကို စိုးရွံ့နေရသောကြောင့် ပါတည်း။ ဖက်ဆစ်သမားတို့၏ နိုင်ငံသည် လစ်ဘရယ် နိုင်ငံတို့ထက် များစွာ ပိပြားငြိမ်သက်တတ်ပါ၏။ သို့သော် ယင်းငြိမ်သက်ခြင်းသည် ကိုယ့်ကိုကိုယ်ပင် မယုံကြည်ရသဖြင့် သိမ်ငယ်နေသော ငြိမ်သက်ခြင်းမျိုးပါတည်း။ တဖက်တွင်လည်း လူစုလူဝေးဆိုသော အပေါင်းအစုထဲမှာ ကိုယ်က ယိမ်းကလိုက်ပါနေပြီဆိုပါမှ ငြိမ်သက်နိုင်သော ငြိမ်သက်ခြင်းမျိုးပါတည်း။ လူစုလူဝေးမှ ၂+၂ = ၅ ဆိုတာကို လိုက်ပြော ပါမှ မနက်ဖန် ဆက်ပြီး မျက်နှာသစ်နိုင်မည့် သီလပျက်ပြားနေသော ငြိမ်ဝပ်ခြင်း ပါတည်း။ ဟုတ်ကဲ့၊ အဲသလို ကိုယ့် ကိုကိုယ် ယုံကြည်မှု ပျက်ပြားနေသော စစ်သွေးကြွ ပြည်သူလူထု ဟူသည်မှာ မော်ဒန် မြန်မာဖက်ဆစ်သမားတို့က အနာဂါတ်မြန်မာပြည်ကို မြင်ချင်သော မြင်ကွင်းစစ်စစ် ပါတည်း။

သမိုင်းတွင် ဤသို့ ဖက်ဆစ်သမားတို့က နိုင်ငံတော်သာလျှင် သီလသမာဓိ တရားမျှတမှု ချိန်ခွင်တော်ကြီး ဖြစ်သည်ဟု လူတွေကို သူတို့ထင်သလို သန်းနှင့်ချီကာ သတ်ဖြတ်နှိပ်စက်ခဲ့ခြင်းကြောင့်လည်း ဒုတိယကမ္ဘာစစ် အပြီး ၁၉၄၈ တွင် “လောကအဝှမ်း လူသားတို့၏ အခွင့်အရေးကို ကြေငြာခြင်း” Universal Declaration of Human Rights ဟု နိုင်ငံ တော်လို့ ကိုယ့်ကိုကိုယ် လုပ်လာသူ မိစ္ဆာအစိုးရများနှင့် နိုင်ငံပေါင်းစုံက အစိုးရအားလုံးတို့ကို တန်ပြန်ထိန်းချုပ်ရန် ရည် ရွယ်ချက်ဖြင့် လူ့အခွင့်အရေး ဟူသည် ပေါ်ထွန်းလာခဲ့ရခြင်း ဖြစ်ပါ၏။ လူ့အခွင့်အရေးဟူသည် စင်စစ်လည်း ဖက်ဆစ် သမားတို့လိုမျိုး သူတို့ထိုင်ထားသည့် လက်တွေ့ရှုထောင့် တခုတည်းကိုပဲ လက်ညိုးထိုးပြပြီး ထင်သလိုလုပ်မည့် ကိစ္စ တို့ကို (ပြောခဲ့သလို) ငြင်းခုံနေလျှင်လည်း ဘယ်တော့မှပြီးမှာ မဟုတ်သည့်အတွက် တခါတည်းကို အဲသည် moral relativist မိစ္ဆာကောင်တွေကို ချည်တုပ်ထားလိုက်ခြင်း ပါတည်း။ အဲသမှာ ခက်သည်မှာ လည်ဝယ်ကောက်ကျစ်သော ဖက်ဆစ်သမားတို့က သူတို့ ကောက်ကျစ်ညဉ်ရိုး ရှိသည့်အတိုင်း “ဟေ့ နိုင်ငံတကာမှာ ချမှတ်ထားတဲ့ လူ့အခွင့်အရေး စည်းမျဉ်းတွေ သတ်မှတ်တာလည်း သတ်မှတ်ပေါ့၊ ငါတို့ဘာသာ ငါတို့ ပိုင်နက်အတွင်း လုပ်တာကို ဘယ် နိုင်ငံတကာက လာပြီး အပြစ်ပေးအရေးယူလို့ ရမှာမို့လဲ” အီးပေါက်ပြတတ်ပါ၏။

ဤ လူ့ကလိန်ကကျစ်တို့ ကပေမယ့် သူတို့ ဆိုသည့်အတိုင်းလည်း နိုင်ငံတကာ အသိုင်းအဝိုင်းဟူသည် လူ့အခွင့်အရေး ပိုင်းဆိုင်ရာကို အကောင်အထည်ဖော်ရန် လက်တွေ့ပြဿနာ စိန်ခေါ်မှုကြီးမားစွာရှိသည်ကိုတော့ ဝန်ခံရမည် ဖြစ်ပါ၏။ ဤသို့ နိုင်ငံတကာသည် ရာစုနှစ်၏ သုံးပုံနှစ်ပုံကျိုးကာလ ကြာရှည်လာသည့်တိုင်အောင် လူ့အခွင့်အရေးကို ဖော်ဆောင် မှု ပြဿနာ ကြီးမားစွာရှိနေမှု၏ အခြေခံအကြောင်းရင်းသည် နောင်အခန်းတွင် အမားတီးယားဆင်း၏ မူရင်းစာကို ကျနော် ဆက်ပြီဆိုပါလျှင် ပေါ်လွင်လာပါလိမ့်မည်။ စကားကြီးတွေ ပြောတတ်သလောက် ကိုယ်တိုင် အမြင်ကျဉ်းနေ သော နိုင်ငံကြီးတို့ဟူသည် နိုင်ငံငယ်တခုတွင် တရားမျှတမှုတို့ ဖြစ်ထွန်းအောင် ဝိုင်းဝန်းဖေးမမှုထက် နိုင်ငံငယ်အား မဟာဒုက္ခ တွင်းဆုံးကျအောင် ဝိုင်းနှိပ်စက်နေသလို ဖြစ်နေသည်ကို ယခုပြန်ဆိုနေသော ဒေါက်တာဆင်း ၏ မူရင်းကို ဘောဂဗေဒပိုင်းဆိုင်ရာ ပရိယာယ် အယူအဆတွေနှင့် ဆက်လက်ပြီး တို့ထိတွဲဆက် ဖွင့်ဆိုသွားပါဦးမည်။ အာရှဓနက စီးပွားရေးပညာရှင်တို့က မြန်မာပြည်တွင် တိုးတက်မှု အရိပ်အရောင်များစွာ ရှိသည်ဟု ပြောသည်မှာ ဝမ်းမြောက်စရာ ဖြစ်ရသည်ကား မှန်ပါ၏။ ဒါပေမယ့်လည်း တဖက်တွင်လည်း နိုင်ငံတခုလုံး ချောက်ထဲ တလိမ့်ကောက်ကွေး ကျသွား နိုင်သည့် ကိစ္စတွေကို ငါတို့တတွေသည် ချင့်နိုးဆင်ခြင်ထားအပ်သည် သာတည်း။

ညိုထွန်း

No comments: