Saturday, July 27, 2013

မာ့က်စ်ဝါဒနှင့် ဖြစ်တည်မှုဝါဒ နှိုင်းယှဉ်လေ့လာခြင်း (အပိုင်း ၁)

ဖြစ်တည်မှုဝါဒ နှင့် မာ့က်စ်ဝါဒကို ကျနော်တို့ခေတ်၏ အဘိဓမ္မာ သမားအတော်များများက အကျယ်တဝံ့ ဆွေးနွေးခဲ့ ကြပါတယ်။ ဖြစ်တည်မှုဝါဒက အနောက် ဥရောပနိုင်ငံတွေမှာ စတယ်။ ပထမဦးဆုံး ဥရောပမှာ ခေတ်စားတယ်။ သူ့ ကြော်ကြားမှုက နောက်ပိုင်းမှာ အမေရိကန်နိုင်ငံသို့ ကူးဆက်လာပါတယ်။ မာ့က်စ်ဝါဒကတော့ ကွန်မြူနစ်စနစ်ရှိတဲ့ နိုင်ငံအားလုံး၏ တရားဝင် သဘောတရားကိုယ်ထည်ပါ။ ဒီ့အပြင်
ကမ္ဘာကြီးပေါ်မှာ ဖြစ်ဖြစ်ခဲ့သမျှ လူထုလှုပ်ရှားမှုတွေ၊ လူနှင့် လူထုကိုအခြေပြုတဲ့ ပါတီနဲ့ အသင်းအဖွဲ့တွေ အားလုံး၏ သဘောတရားလမ်းညွှန်အဖြစ် ခုထိ လက်ခံထားကြဆဲ ဖြစ်ပါတယ်။

လွန်ခဲ့သည့် နှစ် ၂ဝ အတွင်း ဒီအတွေးအမြင် ကျောင်း ၂ ကျောင်းက ပုဂ္ဂိုလ်ကြီးငယ်တွေဟာ သူ့ကျောင်း ငါ့ကျောင်း စသဖြင့် အငြင်းပွား၊ စကားရေလု စစ်ထိုးကြပါတယ်။ ဒီ ကျောင်း၂ကျောင်းက ကျောင်းထွက်တွေ တဖက်နဲ့တဖက် အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်ကြပြီဆိုလျှင်၊ ဝေဖန်သံ အကဲဆုံးအရပ်က ပြင်သစ်ပဲ ဖြစ်ပါတယ်။

သိကြတဲ့အတိုင်း နိုဘယ်ဆုရသွားတဲ့ စာတတ် စကားတတ် ယွန်းပေါဆတ်နှင့် သူ့ လုပ်ဖေါ်ကိုင်ဖက်များ၊ သူ့ သာဝက များက ဖြစ်တည်မှုဝါဒကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့စတဲ့ အချိန်ကိုပြန်ကြည့်လျှင်၊ ဖြစ်တည်မှုသမားတွေဟာ မာ့က်စ်ဝါဒ အားကောင်းနေဆဲမှာပဲ မာ့က်စ် အတွေးအခေါ်ကို ထိပ်တိုက်တိုး ယှဉ်ပြိုင်ချင်စိတ်နဲ့ပေါ်ပေါက်လာတဲ့ အယူ ဖြစ်ပါတယ်။

ဖြစ်တည်မှုဝါဒကျောင်း စထောင်ခဲ့သူတွေဟာ အမေရိကနှင့် ယဉ်ကျေးမှု လုံးလုံးလျားလျားမတူတဲ့ ဥရောပတိုက်နိုင်ငံမှာ နေထိုင်ကြသူများ ဖြစ်တယ်။ ပြင်သစ်နိုင်ငံ၏ ဆိုရှယ်လစ်ဇင်ဟာ အများသူငါ လူထုဘဝထဲမှာ နှစ်ပေါင်း ၁ဝဝ ကျော် ကျော် အတော်ကြီး လွှမ်းမိုးခဲ့တယ်။ သူတို့ပါလီမန်မှာ ကွန်မြူနစ်တွေ ဆိုရှယ်လစ်တွေက ခုံအရေအတွက် စုစုပေါင်း၏ လေးပုံတပုံ ၂၅% ခန့် ဝင်နေရာယူနိုင်ထားခဲ့တယ်။ ကွန်မြူနစ်ခေါင်းဆောင်တွေ၊ ရာဒီကယ် အင်တဲလက်ကျူရယ် လို့ ခေါ်တဲ့ သဘောတရား အပြင်းထန်ဆုံး ခေါင်းအုပ်စု၊ အသိဉာဏ်သမားတွေ နောက်မှာ (သူတို့နဲ့ သိပ်မတူတဲ့) လူထုကြီး ရှိတယ်။ ထိပ်ပိုင်းက လူနည်းစု လက်ဝဲတွေမှာရှိတဲ့ လူထု တာ ဝန်က မသေးလေဘူး။

ဒီတော့ ပြင်းထန်တဲ့ ရာဒစ်ကဲလ် ခေါင်းဆောင်တွေအပေါ် သူမတူတဲ့ဖိအားတွေဖြစ် ဖြစ်လာတယ်။

ဒီလိုအခြေအနေတွေကြောင့် ထိပ်ပိုင်းက လက်ဝဲဗြူရိုကရက် သမားတွေဖက်ကလည်း ရသလိုစင်ထိုးနိုင်မဲ့ အခွင့်ဖြစ် လာတိုင်း ဒီအခွင့်ကိုယူတယ်။ မာ့က်စ်ချပေးတဲ့ သဘောတရားလမ်းဆီသို့ တဖြေးဖြေး ဖြစ်ပေါ်ပြောင်းလဲမှု အဆင့်ဆင့် ကိုပဲ လိုအပ်ချက်တရပ်လို သူတို့ တစင်ထောင်ပြောဆိုမှုတွေ ဖြစ်ပေါ်လာခဲ့တယ်။

ယွန်းပေါဆာ့ဒ်၏ ဖြစ်တည်မှုအယူမှာ ရှေ့နောက် မညီညွတ်မှုတွေရှိတယ်။ မိမိပြောပြီးသား၊ မိမိလက်နဲ့ရေးတဲ့အဆိုကို မိမိ ခြေနှင့်ပြန်ဖျက်တဲ့ စကားလုံးတွေ၊ လွဲနေတဲ့သဘောထားတွေ ကို အထူးသဖြင့် ဆာ့ဒ် ရေးသားမှုတွေမှာတွေ့ရ တယ်။

ဆာ့ဒ် ကျမ်းကိုးတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်လျှင်၊ မာ့က်စ်ကို တမင်ဆန့်ကျင်ခဲ့သော၊ ရုပ်အမြင်မရှိသော မာတင် ဟေးဒက်ဂါ (Martin Heidegger)၊ အက်ဒ်မန်ဟတ်ဆား (Edmund Husserl) စတဲ့ဒဿန ဆရာတွေ ဖြစ်နေတာကို သွားတွေ့ရတယ်။ ဆာ့ဒ်ရေးခဲ့တဲ့ ဖြစ်တည်နေခြင်းနှင့် ဘာမှမဟုတ်ခြင်း (Being and Nothingness 1943 )၊ ရုပ်ဝါဒနှင့် တော်လှန်ရေး (Materialism and Revolution 1947) ဒီစာအုပ် ၂ အုပ်ကို ကြည့်ပါ။

ဆာ့ဒ် က ပြောပါတယ်။ သူဟာ မာ့က်စ်ပြုစုခဲ့တဲ့ အနုလောမ ရုပ်ဝါဒကို အစားထိုးစရာအနေနဲ့ ဒီစာအုပ်တွေရေးခဲ့တယ် လို့ ပြောတယ်။

သိပ်မကြာပါဘူး။ ၁၉၆ဝ မရောက်ခင် လေးမှာပဲ ဆာ့ဒ်ဟာ သူ မူလယူထားတဲ့လမ်းက ပြန်ကွေ့လျှောက်လာခဲ့ပြီး ခုတော့ မာ့က်စ်ဝါဒသာ အစစ်အမှန်ပါလို့ပြောဆိုကာ အပြောသက်သက်နဲ့ မာ့က်စ်အတွေးအမြင်တွေကို လူသိရှင်ကြား ထောက် ခံပြနေပါတယ်။ မကြာသေးခင်က သူ့အကြောင်းသူပြန်ရေးတဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိမှာ ဆာဒ်က (မာ့က်စ်ဝါဒကို နောက် ပိုင်းသူ ပြန်ပွေ့ဖက်ရခြင်းကြောင့်) သူငါ ပုဂ္ဂလဓိဋ္ဌာန်စွဲမရှိတဲ့ လောကထက် သာလွန်တဲ့ ကိုယ်ပိုင်အစစ်အမှန်တရား တခုစီ သူ့ဆိုက်ရောက်လာပါတယ်လို့တောင် ဆိုလိုက်ပါသေးတယ်။

ဆာ့ဒ် နောက်ဆုံးရေးခဲ့တဲ့၊ (The Critique of Dialectical Reason 1960 ) အနုလုံပဋိလုံ ဆင်ခြင်မှုကို ဝေဖန်မှုလို့ အမည်ရတဲ့ ဒဿနကျမ်းကိုကြည့်။ ဒီစာအုပ်၏ ပထမခန်းဟာ နည်းကိုရှာဖွေခြင်း Search for a Method ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်္ဂလိပ်ဘာသာဖြင့်ထွက်လာခဲ့တယ်။ သူ့ “နည်းကိုရှာဖွေခြင်း” ပထမ ခန်းမှာပဲ ဆာ့ဒ်က

“ဖြစ်တည်မှုဆိုတာ နောက်ဆုံးတော့ မာ့က်စ် ဝါဒထဲ ဆင်းသက်လာတဲ့လက်အောက်ခံဆင့်ပွား။ မာ့က်စ်ဝါဒက လှုံ့ဆော် ပေးလို့ ဖြစ်ပေါ်လာတဲ့အရာ။ ဒီလို တဆင့်ခံ အခက်အလက်တခုက မူလ မာ့က်စ်ဝါဒကို ပိုဆန်းသစ် ပိုကြွယ်ဝလာစေဖို့ အတွက်သာ ဖြစ်တည်မှုဝါဒဟာ ပေါ်ပေါက်ခဲ့ရတာာဖြစ်တယ်”
လို့ ရေးသားခဲ့တယ်။

သည်လိုနည်းနဲ့ ၁၉၄ဝ ကျော်နှစ်တွေမှာ ကားလ်မာ့က်စ် ၏ ဒိုင်လက်တစ် ရုပ်အမြင်ဟာ အမှားကြီးတရပ်ဖြစ်တယ်။ မာ့က်စ်ဝါဒဟာ လူ့သားလွပ်လပ်မှုကို ရန်ပြုထားသည့် အတွေးအမြင်ပါလို့ ကျယ်လောင်စွာ ရှုတ်ချခဲ့သူကြီး၊ တနည်း ဖြစ်တည်မှုဝါဒရဲ့ သဘောတရားဆရာကြီး ဆာဒ်ဟာ ခုများတော့ မာ့က်စ်ဝါဒနဲ့ သူ့ဖြစ်တည်မှုကို လက်ထပ်ထိမ်းမြား ပေးဖို့ အဆိုတင်သွင်းနေပါတယ်။ ကဲ ... ဒါဆို သူ့ အလိုအတိုင်း ဒီ ဒဿန ၂ မျိုး (မာ့က်စ်အဘိဓမ္မာနှင့် ဖြစ်တည်မှု ဒဿန) ကို ဘယ်အတိုင်းအတာအထိ ပေါင်းစပ်ပေးမှာလဲ။ ဒီ ၂ ခု လက်ထပ်ပေးစားလို့ဖြစ်လာတဲ့ အရာကရော့.. မူလအဘိဓမ္မာတွေနှင့် အတူတူ ရှင်သန်နိုင်ပါ့မလား …

ဒီဝါဒ ၂ ခု ပေါင်းစပ်လိုက်ခြင်းအားဖြင့်၊ တခုစီက အကောင်းဆုံး ပွိုင့်တွေပါတဲ့ အယူသစ်တခု ဘယ်လိုနည်းနဲ့မှ ဖြစ်မ လာနိုင်ဘူးဆိုတာ ပြောဖို့ ကျနော် ဒီဆောင်းပါးကို အားထုတ်ရေးခဲ့ရတာ ဖြစ်တယ်။ အဓိက ရည်ရွယ်ချက်ကတော့ … ရုန်းကန်နေရဆဲ လက်ရှိကမ္ဘာကြီးပေါ်က ဆန့်ကျင်ဖက်အတွေး အမြင်တွေဟာ အမှားအမှန်အဖြေရှာရေးမှာ ဘယ်လို နည်းမှ ပေါင်းစပ်ပေးလို့မရဘူး၊ မတူတာတွေကို သဟဇာတဖြစ်အောင် လုပ်ပေးလို့မရဘူး။ မတူတာ၂ ခုကို အတင်း ပေါင်းစပ်ပြီး ကောင်းတာလေးတွေချည်း စုကောက်သင်းကောက်ရွေးထည့်ထားတဲ့ ဒဿနသစ်ဆိုတာ လုံးဝ ဖြစ်နိုင်ချေ လုံးဝမရှိဘူးဆိုတာကို ကျနော် အလေးထားပြောရပါလိမ့်မယ်။

နံမည်ကြီး အထင်ကရ ပြဿဒါးဆရာက ရေနဲ့မီးရောပြီး၊ လူတွေ မျက်စေ့လည်စေမယ့်၊ သို့သော် နှစ်ခြိုက်သဘောခွေ့ စေမယ့် ရေစုံမီးစုံ တန်ခိုးပြနိုင်တယ်လို့ တွေးမိလိမ့်မယ်။ အမှန်က ရေနဲ့မီးဆိုတာ တခု ပျောက်ပြယ်မှသာ နောက်တခု ဖြစ်ခွင့်ရှိတယ်။ ယှဉ်တွဲဖြစ်လို့ရတဲ့ အမျိုးအစားတွေ မဟုတ်ပါဘူး။ မာ့က်စ်ဝါဒနဲ့ ဖြစ်တည်မှုဝါဒဟာ ရေနဲ့မီး ဥပမာ အတိုင်းပဲ။ တခုဖြစ်ဖို့ တခုက ပျက်ပေးမှရတယ်။

မာ့က်စ်ဝါဒနဲ့ ဖြစ်တည်မှုဝါဒဟာ အခြေခံအရကို ရပ်တည်တဲ့နေရာ ကွဲတယ်။ ဒီတော့ ဒဿနနဲ့ လူမှုဗေဒအရေးအရာ တွေကစလို့ ကွဲလာလိုက်တာ အဆင့်မြင့် ကိုယ်ကျင့်အဘိဓမ္မာနဲ့ နိုင်ငံရေးပိုင်းတွေအထိ ကွဲနေတုန်းပဲ။ ဒီလို အမျိုးအ မယ်များလှတဲ့ ပြဿနာရပ် အသီးသီးအပေါ်မှာ အခြေခံယူပုံယူနည်း လုံးလုံးမတူတဲ့ ဒဿန ၂ ခုကို ပေးစားဖို့၊ အတူ ပေါင်းခိုင်းဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။

သူတို့ ၂ ခု ကို မပေါင်းအပ်ဘဲ ပေါင်းကြည့်ပါ။ ပေါင်းစပ်လို့ရလာတဲ့ အပိုင်းသစ်က ဘာမှ အထူးတလည် စွမ်းဆောင်နိုင်၊ တတ်နိုင်မှာ မဟုတ်လေဘူး။ ဖြစ်တည်မှု ကျောင်းနဲ့ မာ့က်စ် ကျောင်း၊ ဒီကျောင်း ၂ ခု အလွန်အရေးကြီးတဲ့ ကိစ္စရပ် တွေမှာ ကျောခိုင်းသဘောကွဲလွဲမှုတွေကြောင့် ရထားတဲ့ရလဒ်တွေထက် ပိုထူးခြား၊ ပိုလုပ်နိုင်တာမျိုးလည်း ထပ်ထွက် လာမှာ မဟုတ်ဘူး။

ဒီတော့ ပထမဆုံး သဘာဝတ္ထသရုပ်မှန်လောကနဲ့ သိပ္ပံအကြောင်း ခြင်းရာပေါ်မှာထားတဲ့ ဆန့်ကျင်ဖက်အမြင်တွေကိုပဲ ပြန်စဉ်းစားကြမယ်။ ကမ္ဘာကြီးအကြောင်းကို စုံစမ်းထောက်လှမ်းဖို့၊ ကမ္ဘာကြီးကိုသိဖို့၊ လူသားတွေ ကြံသမျှ အားထုတ်မှု အားလုံးမှာ သရုပ်မှန်သဘာဝလောက၏ ဝိရောဓိတရားကို နားလည်အောင်ကြံစည်တာထက် ပိုမြင့်မားတဲ့အားထုတ်မှု ဆိုတာမရှိနိုင်သေးဘူး။ 

သိပ္ပံနှင့် သရုပ်မှန်တရား ပုံပန်းမကျခြင်း (Science And The Absurdity Of Reality)

ဖြစ်တည်မှုကျောင်းက ပြောပါတယ်။ စကြဝဠာကြီးဟာ ယုတ္တိကင်းတယ်လို့ သူတို့က ဆိုတယ်။ မာ့က်စ်ကျောင်းသားတွေ ကတော့ လောကကြီးဟာ နိယာမတရားအရ ဖြစ်ပျက်နေတာလို့ ပိုင်းဖြတ်တယ်။

ဖြစ်တည်မှုကျောင်းထွက်တွေ၏ သြကာသလောက၊ သတ္တလောက ဆိုတာကိုပုံဖေါ်မှုဟာ အပြောင်းအလဲဖြစ်စေတဲ့ ဓါတ်သဘောတွေပါတဲ့ လူ့အတွေ့အကြုံ စက်ဝန်းထဲမှာပေါ်ကပဲ သူတို့ အဆိုတွေကိုတင်နေခြင်း ဖြစ်တယ်။ သူတို့အ ဆိုအရ ကမ္ဘာကြီးပေါ်မှာ လူဟာ ဘာရည်ရွယ်ချက်မှ တိတိကျကျမရှိဘဲ လူဖြစ်လာတယ်။ ကျေနပ်စရာကောင်းတဲ့ အကြောင်းပြချက် မပါဘဲ လူ့ဘဝကိုရခဲ့တယ်။ ဖြစ်တည်မှုသဘောကို ယုတ္တိ ယုတ္တာ သက်သေပြစရာ အကြောင်းမရှိဘူး။ ဒီလိုဖြစ်နေတာ အစီအစဉ်တကျလည်းမဟုတ်ဘူး။ လောကထဲမှာ ဖြစ်နေတာ၊ ရှိနေတာတွေဟာ၊ လိုအပ်ချက်မပါဘဲ သူ့ဖာသာသူ ဖြစ်နေတယ်လို့ ဆိုကြတယ်။

သူတို့ဆိုပုံကြီးက ဖြစ်တည်မှုကို ဖြစ်နေတဲ့အတိုင်းပဲ၊ လူတွေက အရှိတရားအဖြစ်ခံယူရမယ်လို့ ခံဓါတ် ကံဓါတ်နဲ့ ဆိုနည်း ဖြစ်တယ်။ (အပြုခံဓါတ်) နဲ့ သက်သက်နဲ့ ကသိကအောင့်ဖြစ်၊ ခံစားနေရသူတွေ၏ တွေ့ရှိပုံမျိုး၊ အော်သံမျိုးဖြစ်တယ်။

ကြည့်ပါဦး။ ဖြစ်တည်မှုနှင့် ဘာမှ မဟုတ်ခြင်း (Being and Nothingness 1943) မှာ ဆာဒ့်ရေးခဲ့တာက ဒီလိုပါ။

လူသားအတွေ့အကြုံဆိုတာ သြကာသလောက အဓိပ္ပါယ်မဲ့တည်ရှိပုံမျိုးနဲ့ ထပ်တူထပ်မျှ အဓိပ္ပါယ်မရှိပြန်ဘူးလို့ သူက ဆိုပါတယ်။

ဆာ့ဒ်ရဲ့ မူးရစ်ဝေအော်ကလီဆန်ခြင်း စာအုပ် (Nausea) ထဲက ဇာတ်ကောင်တဦးကလည်း အောက်ပါအတိုင်း ပြော ပြန်တယ်။

ကျနော်တို့ မွေးဖွားလာခဲ့တာ ကမောက်ကမ၊ ဘာအဓိပ္ပါယ် မရှိ။ သေရတာလည်း ကမောက်ကမ ဘာအဓိပ္ပါယ်မှ မရှိ။ ဘယ်ကရောက်လာမှန်းလည်း ကျနော်တို့မသိ။ ဘာကြောင့် ဒီနေရာရောက်နေတယ်ဆိုတာလည်း မသိ။ ဘာအလုပ်လုပ် ရမယ်ဆိုတာလည်း မသိ၊ ဘယ်ရောက်ဘယ်ပေါက်မယ်လည်း မသိ။ သတ္တဝါတကောင်ဟာ အကြောင်းမရှိဘဲ သတ္တဝါ ဖြစ်လာရ၊ ပြီးတော့ သူ့ အားနည်းချက်နဲ့သူ ဒီသတ္တဝါဟာ ဘဝကို နေမြဲ ရွေ့မြဲ အင်နားရှားအတိုင်း ကုတ်ကပ်တွယ်နေ ကြတယ် သေချိန်ကျတော့လည်း အခွင့်ကြုံတိုက်ဆိုင်လို့ သေရပြန်တယ်။

ဆာ့ဒ် ပြောဆို ကြွေးကြော်နေသလို ကမ္ဘာကြီးဟာ ဘာအဓိပ္ပါယ်မှ မရှိတာမှန်ခဲ့လျှင်၊ ယတ္တိဗေဒနဲ့ ချဉ်းကပ်တဲ့ဒဿန အတွေးအမြင် ပညာမှန်သမျှဟာ ဘယ်လိုလုပ်ပြီး ကမ္ဘာကြီးမှာ တိုးပေါက်နိုင်ပါတော့မလဲ။ ဒါဆို ဖြစ်တည်မှုဆိုတာကြီး ကို ပြောပြောနေတဲ့ဒဿနကရော သူရေးတာ သူ့ဖာသာသူ သူ့ခြေနဲ့ဖျက်၊ ဝိရောဓိဖြစ်မနေလေဘူးလား။

ဒဿနဗေဒဟာ လျှို့ဝှက်ဆန်းပြားတဲ့ ဘာသာရေးနဲ့ မူကွဲတယ်။ ဒဿနိကတွေ့ရှိမှုဆိုတာ အရှိတရား၊ မျက်မှောက် တရားကို မျက်ဝါးထင်ထင် မီးမောင်းထိုးပြပေးတဲ့ လမ်းပြအလင်း၊ လူတွေကို ကူညီစဉ်းစားအဖြေရှာပေးတဲ့ ကရိယာ။

ဆာဒ့်က ကမောက်ကမ လောကကြီးဟာ ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူးလို့ တဖက်မှာ တပြောတည်းပြောနေပြီး၊ နောက် တဖက်မှာတော့ ကိုယ်ထောင်တဲ့ အယူအတွက် ဒီ ကမောက်ကမ လောကကြီးထဲမှာပဲ ဒဿနခြေကုပ်ခံတပ် ရှာနေတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါမလဲ။

ဆိုရန် ခီရာခက်ဂါ့ဒ် Soren Kierkegaard ကတော့ ဒီလို ကြိုးစား ပြောခဲ့တယ်။ စိတ္တဇလည်းဖြစ်၊ ဒဿနအခြေခံထားတဲ့ လူ့အသိဉာဏ်၏ တွေးသိနိုင်မှုက လွတ်ထွက်နေတဲ့ ဘဝ၏အရှိတရား (reality of life) ဆိုတာကို စနစ်တကျ စဉ်းစားဖို့ ဆိုတာဟာ လုံးဝ မဖြစ်နိုင်ဘူး။ ဒီ့အပြင် တွေးနေဖို့တောင် မသင့်တော်တဲ့အရာလို့ ဆိုတယ်။

နောက်တယောက် အဲလ်ဘတ်ကမူး Albert Camus က တော့ ရှင်းရှင်းပြောတယ်။ ဖြစ်တည်မှုဝါဒီတွေ တစင်ထောင် လျှက်၊ သူတို့ ယူပုံယူနည်းကို ဒဿနကြီးတရပ်လို လိုက်ရှင်းလင်းနေကြတာတွေအားလုံးကို အပြတ်ငြင်းပယ်ခဲ့တယ်။ ကမူးက …

“ယုတ္တိကျပြီးသားအရာကို ယုတ္တိမကျပါဘူးလို့ ကြိုးစားပမ်းစားရှင်းချက် ထုတ်နေကြတာတွေဟာ မျှော်လင့်ချက်မဲ့နေပြီ ဆေးမတိုးနိုင်တော့ဘူး။ ဖြစ်တည်မှု၏ ကမောက်ကမ အဓိပ္ပါယ်မဲ့ခြင်းဆိုတာက နေစရာကိုနေပစ်လိုက်။ ခံစရာရှိခံပစ် လိုက်။ ဖီဆန်စရာရှိဖီဆန်လိုက်၊ ဆိုတဲ့သဘော။ သို့သော် ဖြစ်တည်မှုဆိုတာကြီးကို ကျေနပ်မှုရသည့်အဆင့်အထိ ရှင်းလင်းချက်ထုတ်နေတဲ့ အလုပ်ဖြစ်ကို မဖြစ်နိုင်” လို့ ပြောခဲ့တယ်။

မည်သို့ပင်ဆိုစေ၊ ဖြစ်တည်မှုကျောင်းထွက်တို့ဟာ သူတို့အယူအဆအတွက် ဒဿနဆိုင်ရာ သေကြောင်းကြံစီမှုမျိုး (philosophical suicide) ကိုလည်း မလုပ်ချင်ကြပြန်ဘူး။ သူတို့နည်းသူတို့ဟန်နဲ့ တဖက်မှာ ပိုပြီး ဆက်တိုးတိုးလာတာ တွေပဲ တွေ့နေရတယ်။ သူတို့အပြောအရတော့ ကမောက်ကမလောကကို ရှင်းလင်းဖို့ဆိုပဲ။ သည်လိုနဲ့ သူတို့ဟာ သူတို့၏ ဖြစ်တည်မှု အတွေးအခေါ်တရပ်ကို အကြီးအကျယ်စမ်းတင်လျှက် မိုင်ကုန် ရွက်ဖွင့် ရေးသားပြောဆိုမှုတွေ လုပ်ခဲ့ကြတယ်။ ကမ္ဘာကြီး ယုတ္တိမရှိဘူးလို့ ပြောသူတွေကပဲ တဖက်မှာ ယုတ္တိမတန်တာတွေလုပ်နေကြတယ်။ သူတို့ ယုတ္တိမဲ့မှုက တဖန် ယုတ္တိရှိနေပြန်တယ်။

(သူတို့အပြောအရ) အရာခပ်သိမ်းဟာ လူ့အလို မလိုက်ဘူး၊ ကိုယ့်ကိုဆန့်ကျင်ဖက်ပြုတယ်၊ ကိုယ့်ကို ရှေ့နောက်မညီ စေတဲ့ ဝိရောဓိတွေချည်းဖြစ်စေတယ်ဆိုလျှင်၊ ထိုသူတို့၏ ဖြစ်တည်မှုဝါဒကျမှ ဘာကြောင့် ခြွင်းချက်ဖြစ်ပြီး အဓိပ္ပါယ်တွေ ရှိနေစေချင်ရတာလဲ။

သူတို့က ပြောပြန်တယ်။ သူတို့တာဝန်က ဘဝ၏ အဓိပ္ပါယ်မဲ့မှုကို အဓိပ္ပါယ်ပေါ်လာအောင်ဖေါ်ပေးရတာပါလို့ ဆိုတယ်။ အနိမ့်ဆုံးအနေနဲ့ နားလည်ရခက် နက်ရှိုင်းတဲ့ စကြဝဠာကြီးကို ကျနော်တို့ လူ့စကား လူ့အလုပ်တွေကတဆင့် အဓိပ္ပါယ် ရှာပေးနေသူတွေပါလို့ ပြောကြတယ်။

လောဂျစ်ပါတဲ့ သိပ္ပံနည်းကျ ရုပ်ဝါဒ Dialectical Materialism

လောဂျစ်ပါတဲ့ သိပ္ပံနည်းကျ ရုပ်ဝါဒ ဆိုတာကတော့ အကြောင်းအရာတွေဟာ အကြောင်းအကျိုးတွေကြောင့် ဖြစ်နေရ တယ်၊ ဒီလိုကြောင်းကျိုးဆက်သွယ်ချက်ကတဆင့် နိယာမဥပဒေသအဖြစ် တိုးတက်ဖြစ်ပေါ်လာခဲ့တယ်။ ဒီ နိယာမကို ယုတ္တိဗေဒနှင့် အပြည့်အဝ ရှင်းလင်းပြနိုင်တဲ့ လောဂျစ်အခြေခံရုပ်ဝါဒ ပါ။

လူ့သမိုင်းနှင့် သဘာဝတရား ကြောင်းကျိုးဆက်နွယ်လျှက် ယုတ္တိကျနေမှုဟာ လှုပ်ရှားပြောင်းလဲနေတဲ့ ရုပ်လောကနှင့်ပဲ တိုက်ရိုက်ငြိနေတယ်။ လူ့သမိုင်းဟာ ရုပ်ကမ္ဘာထဲမှာပဲ တည်ရှိတယ်။ စကြဝဠာထဲက ကောစမို အဖြစ်အပျက်တွေ ကြောင့် ကြောင်းကျိုးဆက်သွယ်မှုတွေ ဖြစ်လာတယ်။ တဖန်ကြောင်းကျိုး ဆက်စပ်နိယာမကမှ ဖြစ်ပေါ်ပြောင်းလဲ လာတဲ့ အရာခပ်သိမ်း၏ အရည်အသွေးကို ပိုင်းဖြတ်ပေးတယ်။ သြကာသလောက က အရင်စဖြစ်ထားတယ်။ သတ္တလောက နောက်ပိုင်းမှာ လိုက်ဖြစ်ပေးရတယ်။သတ္တလောကကြောင့် လူမှုလောက ဖြစ်ရပြန်တယ်။ တဖန် လူမှု လောကကြောင့် စိတ်ဝေဒနာ ပါဝင်တဲ့၊ အာရုံသိမှုတွေ ဖြစ်လာရတယ်။

လူသား သမိုင်းကြောင်းတလျှောက်လုံးမှာ သည်နည်းနဲ့ပဲ ရုပ်ကမ္ဘာနှင့် လူမှုပတ်ဝန်းကျင်ဟာ အချင်းချင်း အပြန်အလှန် ရိုက်ခတ်၊ အကျိုးပြုလာကြတယ်။သိပ္ပံ၏ ရည်ရွယ်ချက်က ပထမဆုံးအရေးကြီးတဲ့ ကြောင်းကျိုး ချိတ်ဆက်မှုတွေကို ရှင်းလင်းစွာ ဖေါ်ထုတ်ပြမယ်။ ပြီးရင် လူ့အလုပ် (ကာယကံ ဝစီကံ မနောကံ) နှင့် လူပြုသောအမှုတွေကို ပဲ့ကိုင်ထိန်း ကျောင်းပေးနိုင်မဲ့ လောကနိယာမ ဥပဒေသများအဖြစ်ရောက်အောင် သိပ္ပံက ဝန်ဆောင်ပေးနေရပါတယ်။

ဆက်ရန်          

အေးအေးစိုးဝင်း

ဘာသာပြန်
ဂျော့ခ်ျ နိုဗက်၏ သမိုင်းကို နားလည်ခြင်း
မာ့က်စ်ဝါဒ နှင့် ဖြစ်တည်မှုဝါဒ နှိုင်းယှဉ်လေ့လာခြင်း (၁၉၇၂)
George Novack’s Understanding History:
Marxism Versus Existentialism


photo from: http://www.independent.co.uk/news/science/african-fossils-hailed-as-the-rosetta-stone-of-humanity-1939866.html

1 comment:

Kyaw Lu Thar said...

၁၉၇၂ ခုနှစ်က အတွေးအခေါ် ကို ဘာသာပြန်ထားတာလား? ခေတ်ရှေ့ပြေးတယ် :-)