ဂရပ်ဖစ်ဒီဇိုင်း .. သီဟမောင်မောင် |
“လာဗျို့ ခင်ဗျားလာတာနဲ့အတော်ပဲ မနေ့က ဗမာပြည်က အာဇာနည်နေ့လှုပ်ရှားတာတွေကြည့်ပြီး ပိတိဖြစ်ရတာတွေ ဝမ်းနည်းတာတွေ ဒေါသဖြစ်စရာတွေ ပြောချင်နေတာဗျာ ကိုယ့်လူတွေကလဲ နောက်ကျလိုက်တာ ဘယ်သူမှ ရောက်မလာနိုင်ကြသေးဘူး။ ကဲ .. ဘာသောက်မလဲ
ကော်ဖီပဲလား၊ ကော်ဖီတခွက်ပေးပါဟေ့” ဆိုပြီး စားပွဲထိုးလေးကို လှမ်းပြောလိုက်တယ်။
ကျနော်လည်း ခုံမှာ ဝင်ထိုင်လိုက်ပြီး
“ဟုတ်တယ် အန်ကယ်ကြီးရေ.. မနေ့က အင်တာနက် စာမျက်နှာမှာတော့ အာဇာနည်နေ့ သတင်းချည်း ဝေဆာနေရောပဲ”
နန်းကြီးသုတ်ပန်းကန်ထဲက လက်ကျန်ကို အပြတ်ရှင်းနေတဲ့ အန်ကယ်ကြီးက ...
“ဟုတ်ပါ့ဗျာ အစိုးရက အာဇာနည်နေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဥသြဆွဲအလေးပြုဖို့ အစီအစဉ်မရှိဘူး၊ မလုပ်ဘူးဆိုပေမယ့်၊ အာဇာနည်တွေကျဆုံးတဲ့အချိန်ရောက်တော့ ဥသြဆွဲသံတွေ ကားဟွန်းတီးတာတွေ၊ လူတွေကားတွေရပ်ပြီး အလေးပြုတာတွေ လုပ်သွားတာကတော့ လူထုနဲ့ ကျောင်းသားလူငယ်တွေရဲ့ ရင်ထဲက တကယ့်ခံစားချက်ကို ဖွင့်ပြလိုက်တာပဲဗျ” ပြောပြီးတာနဲ့ ငှဲ့ပြီးအအေးခံထားတဲ့ ရေနွေးကြမ်းခွက်ကိုကောက်မော့လိုက်တယ်။
“ဒါနဲ့ ၈၈ အုပ်စုနဲ့ လူထုတွေကိုတော့ အာဇာနည်ဗိမာန်ထဲ ဝင်ခွင့်မပေးဘဲ တားထားလို့ ရောက်တဲ့နေရာမှာပဲ ပန်းခွေချ အလေးပြုခဲ့ကြရတယ်တဲ့ အန်ကယ်ကြီး ရေ ...”
“ဖြစ်ရမယ်လေ အာဇာနည်နေ့တိုင်း သက်ဆိုင်ရာမိသားစု၊ သံတမန်အသိုင်းအဝိုင်း၊ အစိုးရလူကြီးတွေပဲ ပန်းခွေချဖို့ သူတို့ ကန့်သတ်ထားတာ၊ လုံခြုံရေးအကြောင်းပြတာပေါ့ဗျာ၊ ပန်းခွေချတဲ့လူများရင် ဗုံးတွေဘာတွေ ပါလာမလားပေါ့ဗျာ၊ တလွဲစိုးရိမ်နေကြတာ”
“အာဇာနည်ကြီးတွေကို လေးစားတန်ဘိုးထားတဲ့ ဗမာပြည်သူတွေက ဒီလိုဖျက်လိုဖျက်ဆီး လုပ်ပါ့မလား တွေးပုံတွေးနည်းကတော့ တော်တော်တော့လွဲတယ်နော် အန်ကယ်ကြီး”
“ဒါပေါ့ဗျာ၊ ဒါနဲ့ ပတ်သက်လို့ ခင်ဗျားကို တခုပြောပြမယ်၊ မြောက်ကိုရီးယားတွေ လာဆော်သွားတဲ့ အာဇာနည်ဗိမာန်အဟောင်းကို မှတ်မိတယ်မဟုတ်လား အဲဒါက အဟောင်း၊ အခု ပန်းခွေသွားချနေတာက အသစ်ဗျ၊ အဲဒီ အာဇာနည်ကုန်းကို ဗုံးထောင်ပြီးအခွဲခံရတဲ့ ကာလက ၁၉၈၃၊ ဦးနေဝင်း စစ်တပ်က အာဏာသိမ်းပြီး တိုင်းပြည်က မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှစ်လစ်စနစ်ထဲမှာ ဆင်းရဲတွင်းထဲနစ်နေတဲ့ကာလ၊ ဝန်ထမ်းပေါင်းစုံ အကျင့်ပျက်ခြစား၊ ရရာနည်းနဲ့ ရှာဖွေစားသောက်နေကြရတဲ့ ကာလပေါ့၊ အဲဒီ အကျင့်ပျက်ခြစားမှုကြီးထဲမှာပါ အာဇာနည်ကုန်လည်း ဓားစာခံ ဖြစ်ခဲ့ရရှာတယ်။
အဲဒီအချိန်ကာလက အာဇာနည်ကုန်းမှာ စစ်သားအစောင့်တွေထား လုံခြုံရေးတာဝန်ယူရတယ်။ စစ်သားတွေလဲ စားဝတ်နေရေးက အဆင်မပြေတော့ သူတို့ပိုင်တဲ့ဂွင်ထဲကနေ လုပ်စားကိုင်စားကြတာပေါ့။ နေ့ခင်းပိုင်းတွေမှာ အာဇာနည်ကုန်း ဆိုပေမယ့်၊ ညပိုင်းမှာ အတွဲတတွဲကို ၃၀၀ ကျပ်ပေးရတဲ့ “ဘိ” ဖြစ်သွားတယ်။ ဒီခေတ်စကားနဲ့ ပြောရရင် ဝမ်းစက်ရှင် ကျပ် ၃၀၀ ပေါ့ဗျာ၊ အဲဒီတုန်းက ၃၀၀ ဆိုတာ မနည်းဘူး၊ လ္ဘက်ရည်တခွက်မှ တမတ် ငါးမူးပေးရတဲ့ ခေတ်ဗျ၊ ညဘက် အာဇာနည်ကုန်းမှာ လာလာပျော်ပါးနေကြတာ ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းတွေ၊ သံတမန်အသိုင်းအဝိုင်းတွေလဲပါတာပဲ၊ ဒီလိုလုပ်စားရတော့ အစောင့်ကျတဲ့ စစ်သားတွေလဲ ငွေဝင်လမ်းက ဖြောင့်နေကြတာပေါ့။ အဲဒီကာလ အကြံသမား မြောက်ကိုရီးယား ဗုံးထောင်သမားတွေက၊ ဒီ ဟာကွက်ကို အသုံးချပြီး အာဇာနည်ကုန်းကို ဝင်လေ့လာ ဗုံးထောင်သွားတာပဲဗျို့၊ ဒါ စကားစပ်မိလို့ ပြောပြတာ၊ အကျင့်ပျက်ခြစားနေတဲ့ တိုင်းပြည်မှာ လုံခြုံရေးဟာကွက်တွေက အများသားမဟုတ်လား၊ ဘယ်အပေါက်ကဝင်ဝင် ဝင်လို့ရတယ်။
အာဇာနည်ကုန်းကို ပန်းခြင်း၊ ပန်းခွေလာချတဲ့ လူထုမှာ ဗုံး ပါ မပါ စိုးရိမ်ဖို့မလိုဘူး၊ အကျင့်ပျက်ခြစားနေတဲ့ အပေါက်တွေကသာ တိုင်းပြည်ရဲ့ လုံခြုံရေးကို တိုက်ရိုက်ထိခိုက်တယ်ဆိုတာကို ပြောချင်တာပါဗျာ”
စကားဆုံးတာနဲ့ အန်ကယ်ကြီးလည်း လက်ကနာရီကိုငုံ့ကြည့်လိုက်တယ်...
“စကားပြောရတာလဲ ကောင်းတယ်၊ ကျောင်းပိတ်တုန်း မိန်းမဆီသွားလည်လိုက်အုံးမယ်ဗျို့” ဆိုပြီး ထလစ်သွားပါလေရော ...
ခန့်အောင်
No comments:
Post a Comment