အသက်ဆိုတဲ့ မီးတောက်လေး
ဟုတ်ခနဲ ငြိမ်းမသွားအောင်လို့ ...။
ဝမ်းမီးတောက်နေတာလေးတွေအတွက်
အားကိုးစရာ မြေလက်တဆုပ်
လက်ထဲမှာ မြဲမြဲဆုပ်ကိုင် တွယ်တာလို့ ...။
ကန်သင်းမှာ အားလျားမှောက်နေရာက
ရွှံ့တွေပေလူးရင်းက
ပေါင်းတွေကို ဖယ်ရှားရင်းကလက်သီးကို ဆုပ်ကာ ရင်ကော့မားမတ်လာကြတဲ့ သူတို့ ...။
လယ်တော ယာတောဆိုတာ ဟိုး.. မလိခကနေ ပင်လယ်ဝထိ
အရှေ့ရှမ်းရိုးမကနေ နေ၀င်တောင်တန်းများအထိ
ကျယ်ပြန့်သမျှ နက်ရှိုင်းပြီး
သမိုင်းတိုက်ပွဲတွေနဲ့ ပြည့်မောက်နေတဲ့ စာအုပ်တအုပ်။
စပါးနှံကြား ပွတ်သီးပွတ်သပ် တိုးဝှေ့တိုက်ခတ်ပြီး
လက်ပြနှုတ်ဆက်သွားတဲ့ ဧည့်သည်
အအေးပတ်ရုံ တိုက်ခတ်သွားတဲ့ လေစိမ်း
အနာအတွက် ပရုပ်ဆီဘူးလေးပဲ ပေးသွားတဲ့ ကူညီတဲ့ လက်များ
တော်ကြပါတော့ဗျာ ...
စာအုပ်ကို အပေါ်ယံပဲ ဟိုလှန်ဒီလှန် မလုပ်ကြပါနဲ့
ဟောဒီမှာ ကြည့်ကြ... ရင်ဘတ်မှာ ဒဏ်ရာ ဟက်တက်ကြီးနဲ့။
လယ်ကွင်းတွေကို သေနတ်နဲ့ချိန်ထားကြချိန်မှာ
မှိုင်းတိုက်ထားတဲ့ မြူခိုးဝေလမ်းသွယ်က
ခင်ဗျားတို့ လျှောက်လှမ်းနေကြမှာလား။
အာရပ်နွေဦးအကြောင်း သူတို့ကောင်းကောင်းမသိပေမယ့်
လယ်တောကနေ လမ်းပေါ်တက်လာနေကြတယ်။
မျိုးဆက်တချို့က သမိုင်းအဆက်ပြတ်နေကြပေမယ့်
သူတို့က တိုက်ပွဲအတွက် ထွန်တုံးကို ရဲရဲဆွဲကိုင်လိုက်ကြတယ်
မကြာခင် အလောင်းကိုထမ်းပြီး ပြည်သူကို တိုင်တည်ကြလိမ့်မယ်။
ရှမ်းရိုးမက မီးစောင်းတန်းလား
ထင်မှတ်မှားမနေကြနဲ့
တောင်ယာ ရှို့မီးလည်း မဟုတ်
အကြီးကျယ်အခမ်းနားဆုံး
မြေကြီးကိစ္စ
မိုးမြေကို ပြောင်းပြန်လှန်မှောက်ဖို့
တပြည်လုံးမှာ မြေကြီးက မီးတွေ ထတောက်နေတယ်။
ဟောဒီမှာ
ယိုင်တိယိုင်နဲ့ စာလုံးလေးတွေနဲ့
သင့်အတွက်
လယ်သမားတွေ ပေးလိုက်တဲ့ ဖိတ်စာတစောင် ... ။
မောင်လှဝင်း (မြင်းခြံ)
၁၉၊ ၇၊ ၂၀၁၃
(ဓါတ်ပုံ .. Ko Han Win Aung facebook)
No comments:
Post a Comment