အခန်း ၅
ရဲရင့် ကျောက်ခက်တို့ ပြိုနေဆဲ…
ငါ့အတွက် အဖြေရှာနေတုန်းပေါ့
တချို့တွေနေနိုင်လွန်းတယ်
(တေးရေးကိုနေဝင်း၊ နောက်ဆုံးအိပ်မက်)
သူတို့ ရင်ခုန်သံကို သူတို့ ပြန်ကြားနေရသည်။ ထိုအချိန်သည် သူတို့ကံကြမ္မာကို ဆုံးဖြတ်မည့် တခဏဖြစ်သည်။ လုံ ထိန်းတွေ စစ်သားတွေသည် ရေချိုးခန်းကို စေ့စေ့စပ်ရှာဖွေလျင် သူတို့ကို မိတော့မည်။ အကယ်၍ တံခါးကို ဝတ်ကျေ တန်းကျေသာ ဖွင့်ကြည့်ပြီး လှည့်ပြန်သွားလျင် သူတို့ လွတ်နိုင်သေးသည်။
မျက်နှာချင်းဆိုင်နံရံပေါ်တွင် မှန်ရှိသည်။ မှန်ထဲကနေ လှမ်းကြည့်လျင် ရေချိုးခန်းဝင်ပေါက်ကို မြင်ရသည်။ ဝင်ပေါက် ကနေ ထိုမှန်ကို ကြည့်လျင်လည်း သူတို့ကို မြင်ရမည်သာ။ သူတို့ စိတ်မလုံ။ ကိုယ်ကို တတ်နိုင်သမျှ ကြုံ့ထားကြသည်။ မလှုပ်ရဲကြ။ လှုပ်လျင် မျက်လုံးထောင့်ကမြင်ရစေဦးတော့
သတိပြုမိသွားနိုင်သည်။ သည်တော့ တတ်နိုင်သမျှ ငြိမ်ငြိမ် နေကြရသည်။ အကယ်၍ ဝင်လာသူသည် မှန်ကို မကြည့်ဘဲ အခန်းထဲကိုသာ ဝေ့ကြည့်ပြီးလှည့်ပြန်သွားလျင် သူတို့ကို မြင်မည် မဟုတ်။ သူတို့ လွတ်နိုင်သေးသည်။
ရေချိုးခန်းတံခါးသည် ကျွိကနဲ ပွင့်သွားသည်။ ကျယ်လောင်လှဘိတကား။
သို့သော် ရေချိုးခန်းထဲသို့ ဝင်လာသူသည် သူတို့ မျှော်လင့်ထားသလို စစ်သားတယောက်မဟုတ်ပေ။ ဆရာမ တယောက် ဖြစ်သည်။ ထဘီကို ရင်လျားထားသည်။ တဘက်တထည်ဖြင့် အပေါ်ပိုင်းကို လွှမ်းခြုံထားသည်။ လက်ထဲ တွင် ရေခွက်၊ ဆပ်ပြာခွက်တွေနှင့်။ တချို့သူတွေ ပြေးနေကြဆဲ။ တချို့သူတွေ လိုက်နေကြဆဲ။ တချို့သူတွေက ပုန်း အောင်းနေကြသည်။ သို့သော် တယောက်သော သူကတော့ အေးအေးဆေးဆေး ရေချိုးဖို့ ရေချိုးခန်း ထဲရောက်လာ သည်။ လောကကြီးသည် သူစိမ်းဆန် လှချေသည်တကား။
ဆရာမသည် သူတို့ကို မမြင်။ သူတို့က ဆရာမ လုပ်နေသမျှကို မှန်ထဲက မြင်နေရသည်။ ဆရာမသည် တဘက်ကို တန်း ပေါ်တင်လိုက်သည်။ ဆရာမ၏ ရင်ညွန့်ဝင်းဝင်းကို မြင်လိုက်ရသည်။ သို့သော် သူတို့ မျက်နှာ မလွှဲရဲကြ။ အသက်မရှူဘဲ မှန်ထဲသို့ စိုက်ကြည့် အကဲခတ်နေကြသည်။ ဆရာမသည် သီချင်းတပုဒ်ကို ခပ်တိုးတိုးညည်းလိုက်သေးသည်။ ရေတ ခွက်ကိုခပ်ပြီး လောင်းလိုက်သည်။ ထို့နောက် ဘာစိတ်ကူး ပေါက်သည် မသိ။ ရေကန်တဘက်ခြမ်းသို့ လျှောက်လာ သည်။ လူသုံးယောက်ကို ဘွားကနဲ သူတွေ့လိုက်လေသည်။ ဆရာမသည် အမလေးဟု အလန့်တကြားအော်ပြီး ထွက် ပြေးလေသည်။ သူ့အသံ သည် ဘယ်အထိပြေးသွားလေမည်မသိ။
သည်နေရာသည် မလုံခြုံတော့။ စိုးအောင်တို့ ရေချိုးခန်းထဲက ထွက်ရပြန်သည်။ ရုတ်တရက်တော့ ဘယ်သူမျှ ရောက်မ လာ။ အဆောင်တခု၏ ထောင့်ချိုးကို သူတို့ အကာအကွယ်ယူပြီး လမ်းပေါ်သို့အကဲ ခတ်ကြသည်။ လုံထိန်းတအုပ်စု ရောက်လာကြသည်။ အဆောင်ထောင့်ချိုးတွင် သူတို့ ငြိမ်နေကြသည်။ ထိုလုံထိန်းစစ်သား အုပ်စု ဖြတ်သွားသည်နှင့် သူတို့ အမြန်ထွက်ပြီး လမ်းတဖက်ကို ဖြတ်ကူးလိုက်ကြသည်။
သို့သော် သူတို့ ဖြတ်အကူးတွင် တခြား ထောင့်ချိုးတခုမှ လုံထိန်းတွေ ဘွားကနဲ ပေါ်လာကြပြန်သည်။ နောက်ပြန်ဆုတ် ဖို့ အချိန်မမီတော့။ သူတို့ မျက်စိမှိတ်ပြီးရှေ့ကို မြန်မြန်ပြေးကြသည်။ ကံကောင်းသည်။ လုံထိန်းတွေသည် သူတို့ကို မမြင်။ သူတို့သည် တခြားအဆောက်အဦတွေကို အကာအကွယ်ယူပြီး တနေရာပြီးတနေရာ ကူးလာကြသည်။ နောက် ဆုံးတော့ အတန်အသင့် လုံခြုံသောနေရာတခုသို့ ရောက်လာသည်။
ထိုနေရာသည် ဆောက်လက်စ အဆောက်အဦတခု ဖြစ်သည်။ အဆောက်အဦထဲရောက်ပြီးမှ ပြင်ပကို ချောင်းကြည့် အကဲခတ်ကြရသည်။ စီးပွားရေးတက္ကသိုလ်ကျောင်းသား ဝင်းစိန်သည် အလုပ်သမားတန်းလျားတွင် အလုပ်သမားတွေ ကို ကူညီရင်း ထမင်းချက်၊ ကလေးထိန်းပေးနေသည်ကို မြင်ရသည်။ စောစောက လုံထိန်းတပ်သားတွေ အလုပ်သမား တန်းလျားဘက် ရောက်လာတာကို အဆောက်အဦထဲတွင် ပုန်းအောင်းရင်း စိုးအောင် မြင်နေရသည်။ မြင်ကွင်းကား စဉ်းစားကြည့်လျင် အသဲယားစရာ မြင်ကွင်းပေတကား။ စွပ်ကျယ်ချိုင်းပြတ်နှင့် ကလေးကို တဘက်တွင် ခါးထစ်ခွင် ချီထားရင်း မီးဖိုကမီးကို တဖူးဖူးမှုတ်နေသော ဝင်းစိန်ဘေးမှ လုံထိန်းတွေ ဥဒဟို ဖြတ်သန်းသွားလာနေကြသည်ကို လှမ်းမြင်နေရသည်။ စိုးအောင် စိတ်ထဲက ကြိတ်ပြုံးမိသည်။ သည်လို အခြေအနေကို ဖြတ်သန်းဖို့ရာ သတ္တိကောင်းဖို့ လိုသလို ဣနြေ္ဒကောင်းဖို့၊ မင်မောင်းကောင်းဖို့လည်းလိုသည်ဟု စိုးအောင်တွေးပြီး ချီးကျူးမိသည်။
ထိုအချိန်တွင် မောင်အေးတို့၊ အုပ်စုက ရတနာဆောင်ထဲ ရောက်သွားသည်။ သို့သော် သူတို့ အတွက်လည်း မလုံခြုံပါ။ ရဲလား စစ်သားလာမသိသော လုံခြုံရေးတွေက မိန်းကလေးဆောင်ထဲအထိ ဝင်ရောက်ရှာဖွေကြသည်။ မိန်းကလေး ဆောင်၏ အိမ်သာနှင့် ထဘီသေတ္တာပါမကျန် အားလုံးလှန်လှောရှာဖွေကြလေသည်။ သို့သော် ကျောင်းသူတွေက ကျောင်းသားတွေကို လွယ်လွယ်နှင့် အဖမ်းမခံ။ ယောက်ျားလေးတွေကို မိန်းကလေးတွေက ဝိုင်းရံထားပြီး ကာကွယ် ထားကြသည်။
အဆောင်ရှေ့ကွက်လပ်တွင် ကျောင်းသားနှင့် ကျောင်းသူတို့သည် တယောက်ခြားစီ လက်ချင်းချိတ်ပြီး စက်ဝိုင်းပုံ ရပ်နေကြသည်။ ထိုစက်ဝိုင်း၏ အလယ်တွင် ကျောင်းသားတယောက်က ဂစ်တာတီးနေသည်။ ကျောင်းသားကျောင်းသူ တွေက ဝိုင်းပြီး သီချင်းသီဆိုကြသည်။ ကမ္ဘာမကြေသီချင်း။
ထိုစက်ဝိုင်း၏ ဘေးတွင်လည်း အဆောင်ကျောင်းသူ အများအပြားက ထပ်မံဝိုင်းရံထားပြီး လုံထိန်းတွေက ခပ်လှမ်းလှမ်း က ချောင်းနေလေသည်။
လုံထိန်းတို့မှာ ရှေ့မတိုးသာ။ ရှေ့တိုးလျင် အဆောင်ကျောင်းသူ မိန်းကလေးတွေကို အရင် ရိုက်နှက် ရပေလိမ့်မည်။
ပါမောက္ခချုပ် ဒေါက်တာချစ်ဆွေ ရောက်လာပြီး ကျောင်းသားတွေ လိုက်သွားကြဖို့ ဖျောင်းဖြသည်။ ကျောင်းသားတွေ ရော ကျောင်းသူတွေကပါ သဘောမတူ။ ကျောင်းသားတွေကို မဖမ်းဖို့ အာမခံပါသည်ဟု ဒေါက်တာချစ်ဆွေက ဆို သည်။ ဒါဆို အချုပ်ကားနဲ့မခေါ်နဲ့ ဘတ်စ်ကားနဲ့ ခေါ်လှည့်ဟု ကျောင်းသားတွေက တောင်းဆိုသည်။ ဒေါက်တာ ချစ်ဆွေက အာဏာပိုင်တို့နှင့် တိုင်ပင်ဆွေးနွေးသည်။ ထို့နောက် သူတို့ သဘောတူပြီး ဘတ်စ်ကား စီစဉ်ပေးသည်။
ဘတ်စကားသည် ကျောင်းကိုပတ်ပြီး တက္ကသိုလ် ဓမ္မာရုံသို့ မောင်းသွားသည်။ တက္ကသိုလ်ဓမ္မာရုံထဲသို့ ရောက်သော အခါ မောင်အေးတို့အဖွဲ့ကို အချုပ်ကားထဲပြောင်းထည့်လိုက်သည်။ ငြင်းဆန်ကန့်ကွက်သူတို့ကို နံပါတ်တုတ်ဖြင့် ရိုက် နှက်သည်။ သေနတ်ဒင်နှင့် ထုသည်။ နောက်ထပ် တခြား ကျောင်းသားတွေကိုလည်း သည်ကားထဲမှာပင် ထိုးသိပ်ထည့် သည်။ နောက်ထပ်ရောက်လာသော တချို့ကျောင်းသားတွေကို အသားတင်သော အလုံပိတ်ကားထဲတွင် ထိုးသိပ်ထည့် သွားသည်ဟုဆိုသည်။ ထိုနေ့က သူတို့ကိုဖျောင်းဖျကြသော ပါမောက္ခချုပ်ဒေါက်တာချစ်ဆွေကို အာဏာပိုင်တို့က လိမ် လိုက်လေ သလား။ ဒေါက်တာချစ်ဆွေကပင် သူတို့ ကျောင်းသားတွေကို လိမ်လိုက်လေသလား ဆိုသည်ကိုကား သူတို့ မသိပါချေ။ ယနေ့တိုင် မသိပါချေ။
ထိုနေ့က ကားတွေထဲတွင် ကျောင်းသား တရာကျော် အသက်ရှူကြပ်သေဆုံးခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ ထိုသို့သတင်းတွေ ထွက်ပေါ်ပြီးနောက် ကားထဲတွင် ကျောင်းသား ၄၁ ယောက် သေဆုံးခဲ့သည်ဟု အစိုးရက နောက် ပိုင်းတွင် အတည်ပြုဝန်ခံခဲ့သည်။
စိုးအောင်တို့ သုံးယောက်သည် ဆောက်လက်စ အဆောက်အဦကြီးထဲတွင် နာရီအတန်ကြာ ပုန်းအောင်းနေကြရသည်။ စိုးအောင်သည် ဟိုဟိုသည်သည် မျက်စိကစားကြည့်ရှုထားသည်။ သည် အဆောက်အဦထဲကို လုံထိန်းတွေဝင်လာလျင် ဘယ်လိုဆက်ပြေးမည်၊ ဘယ်မှာ ပုန်းအောင်းမည်ဆို သည်ကို စိတ်ကူးတွေးတောနေသည်။
အုတ်နီခဲတွေပုံထားတာတွေ့ရသည်။ လုံထိန်းတွေဝင်လာပြီး သူတို့ကို ရိုက်နှက်လျင် သည်အုတ်ခဲတွေနှင့် ခုခံကာကွယ် ရမည်လားဟု သူစဉ်းစားသည်။ သိပ်မကောင်း။ လုံထိန်းတယောက်တလေကို သူနိုင်ချင်နိုင်မည်။ သတိမေ့သွားအောင် လုပ်ချင်လုပ်နိုင်မည်။ သေချာသည်မှာကား သူမလွတ်နိုင်။ သေပင်သေသွားနိုင်သည်။ လုံထိန်းတွေသည် တယောက် ချင်း မလာ။ အုပ်စုနှင့်သာ လာကြ၊ လှုပ်ရှားကြသည်။ သူတို့သည် တိုက်ခိုက်ဖို့ရော၊ သတ်ဖြတ်ဖို့ရော လေ့ကျင့်ထားကြ သူများ ဖြစ်သည်။ သူတို့ကို ခုခံလျင် သူတို့က သတ်မည် မုချ။ သူတို့သည် သတ်ဖို့ အမိန့်ရထားပြီးသား ဖြစ်ကောင်း ဖြစ် နိုင်သည်။ သူတို့သတ်လျင် တရားဝင်သည်။ ဥပဒေနှင့် ညီသည်။ ကိုယ်ကသတ်လျင်ကား လူသတ်မှု ဖြစ်သည်။ ဥပဒေ ဆိုသည်ကား သည်သို့ပါတကား။ စိတ်ထဲက ကြိတ်ပြီး သရော်လိုက်မိသေးသည်။ ခုခံဖို့ အကြံကို သူလက်လျော့လိုက် သည်။ ထောင်ကျတာကမှ လွတ်လမ်းရှိဦးမည်။ ခုခံတာက သေလမ်းဘက် ပိုများသည်။ လုံထိန်းစစ်သားတွေကို သတ် လိုက်ရလျင်လည်း မိမိအတွက် ဘာမျှ အကျိုးမရှိ။ သူတို့သည် ရန်သူမဟုတ်။ သူတို့သည် ရန်သူ၏ လက်ပါးစေမျှသာ ဖြစ်သည်။ မိမိတို့ တိုက်ဖျက်နေသည်မှာ ထိုသူတွေကို မဟုတ်။ စစ်အာဏာရှင်စနစ်ကိုသာ ဖြစ်သည်။
ဘိလပ်မြေအိတ်တွေ ပုံထားတာတွေ့ရသည်။ ထိုဘိလပ်မြေအိတ်တွေကြားမှာ ပုန်းလို့ရနိုင်သည်။ ရွေဘော်ထိုးလက်စ အသားတို အသားစတွေကိုလည်း တွေ့ရသည်။ ဆောက်လက်စ ထိုအဆောက်အဦထဲ တွင် အတိုအစတွေ ဆောက်လုပ် ရေး ပစ္စည်းတွေ ရှုပ်ပွေနေလေသည်။
ညနေစောင်းသည်အထိ လုံထိန်းတွေ ရောက်မလာကြ။ နေရောင်ကျသွားချိန်တွင် သူတို့၌ အခြားစိုးရိမ်စိတ် တမျိုးဝင် လာပြန်လေသည်။ ညအချိန်ရောက်လျင် ထပ်မံပြီး ပိုက်စိပ်တိုက် ရှာဖွေကြဦးမလားဆိုတာ သူတို့ စိုးရိမ်လာသည်။ ည အချိန်ထပ်မံစီးနင်းလျင် ဘယ်သူမှ သိကြမည်မဟုတ်။ တခါတည်း ကိစ္စတုံး ဖျောက်ဖျက် သတ်ဖြတ်ပစ်တာမျိုးအထိ လုပ်ကောင်းလုပ်နိုင်သည်ဟု သူတို့ တွေးတောမိကြသည်။ သည်အဆောက်အဦထဲမှာ ညအိပ်ဖို့ ဘယ်လိုမှ မသင့်။ မမှောင်ခင် သူတို့ ထွက်ခွာဖို့ စီစဉ်ကြသည်။
သူတို့ အဆောက်အဦထဲက ထွက်လာသောအခါ ဝင်းစိန် တို့သည်လည်း အလုပ်သမားတန်းလျားမှ ပြန်ကြဖို့ ပြင်ဆင် နေလေပြီ။ ကျောင်းဝန်းထဲတွင် လုံထိန်းတို့မရှိကြတော့။ သို့သော် ကျောင်းဝန်း ပတ်ပတ်လည်ကို စစ်တပ်က ဝိုင်းထား တုန်း ဖြစ်သည်။
အံ့သြစရာတော့ကောင်းသည်။ လွတ်နေသော ကျောင်းသားတွေ တော်တော်များသေးသည်။ ကျောင်းထဲတွင် လုံထိန်း တွေလည်း မရှိတော့သလို အပုပ်ချိန်လည်းရောက်လာပြီမို့ ဟိုကသည်က အလျှိုအလျှို ထွက်လာကြသည်။ တကယ် တော့ တက္ကသိုလ်နယ်မြေသည် ကိုယ့်အိုးကိုယ့်အိမ် ဖြစ်သည်။ ထို့ကြောင့်လည်း လုံထိန်းတွေ ပိုက်စိပ်တိုက်ရှာဖွေသည့် တိုင် ကျောင်းသားတချို့ လွတ်အောင်ပြေးနိုင်ခဲ့ကြသည်ဟု ဆိုရမည်။
ကျောင်းဝန်းထဲကထွက်နိုင်ဖို့ သူတို့ အကြံထုတ်ကြရပြန်သည်။ ကျောင်းကိုဝိုင်းထားသော စစ်သားတွေကို ဘယ်လို ဖြတ်ကျော်ကြမည်နည်း။ သူတို့ အကြံထုတ်နေစဉ်မှာပင် အဆောင်နေ ကျောင်းသားအုပ်စုတစုသည် သေတ္တာတွေ အိတ်တွေ တနင့်တပိုးသယ်ဆောင်ပြီး အဆောင်ထဲက ထွက်လာကြသည်။
“ဟေ့.... ခင်ဗျားတို့ ဘယ်သွားကြမလို့လဲဗျ။”
“ ကျောင်းပိတ်လိုက်ပြီလေ။ ခင်ဗျားတို့ မသိသေးဘူးလား။ ကျုပ်တို့ ဘူတာဆင်းကြတော့မလို့လေ။”
“ဟာ... ဟုတ်လား။ ပေး.... ပေး။ ခင်ဗျားတို့ အိတ်တွေ ကျနော်တို့ ကူဆွဲပေးမယ်။”
စိုးအောင်တို့ထဲက တယောက်က သွက်သွက်လက်လက် ဝင်ပြောလိုက်သည်။ သူကားလင်းအောင်။ လင်းအောင်သည် အရေးကြုံလျင် လှစ်ကနဲ ချက်ချင်းအကြံဥာဏ်ထွက်တတ် လောက်အောင် ဥာဏ်ကောင်းသူ ဖြစ်သည်။ ဉာဏ်ကောင်း သည်မှာ သိပ်မပြောလောက်သေး။ ချက်ချင်း ဉာဏ်ထွက်တတ်ခြင်း၊ ဉာဏ်သွက်ခြင်း၊ လှစ်ကနဲလှစ်ကနဲ ပါးနပ်လိမ္မာ တတ်ခြင်းမှာ ချီးကျူးလောက်သည်။ လူတကိုယ်တွင် တကွက်ကောင်း ရှိတတ်ကြလေသည်။
ဘူတာဆင်းမည့်ကျောင်းသားတွေကလည်း အခမဲ့ကူလီထမ်းမည့်သူတွေ ရောက်လာသောကြောင့် ဝမ်းသာကြသည်။ စိုးအောင်တို့ကလည်း ကျောင်းထဲကထွက်ဖို့ အခွင့်အလမ်းပေါ်လာသည့်အတွက် ဝမ်းသာကြလေသည်။ အပေါက်ဝတွင် စောင့်နေသော စစ်သားသည် ငယ်ငယ်ကလေးသာရှိသေးသည်။ ၁၆ နှစ်ပင် ပြည့်ဦးမည် မထင်ချေ။ ဘူတာဆင်းမည့် ကျောင်းသားများကို သူသည် ဘာမှ မစစ်မဆေးဘဲ သွားခွင့်ပြုလိုက်သည်။ အခက်အခဲကို အောင်မြင်စွာကျော်ဖြတ်နိုင်ပြီ မို့ စိုးအောင် အူမြူးပြီး နောက်ချင်လာသည်။ လက်တဖက်က အိတ်ကို ဆွဲထားရင်း ကျန်လက်တဖက်က ဆေးပေါ့လိပ် ကို ထုတ်လိုက်သည်။ စစ်သားကလေးအနားသို့ ကပ်သွားပြီး သေနတ်ပြောင်းဝကို လက်ညှိုးထိုးပြရင်း
“ညီလေး မီးတို့လို့ရလား။”
စစ်သားလေးသည် အူကြောင်ကြောင်နှင့် ခေါင်းကိုယမ်းပြလေသည်။
အပြန်လမ်းပေါ်တွင် ထောက်လှမ်းရေးတွေ နောက်ကလိုက်လာလျင် သူတို့ကို ကျောင်းသားမှန်းမရိပ်မိအောင်ဟုဆိုကာ စိုးအောင်နှင့် ညိုထွန်းက အရက်မူးသမားယောင်ဆောင်ပြီး ပေါက်ကရ လေးဆယ်လျှောက်ပြောသည်။ လင်းအောင်က မင်းတို့လုပ်တာတွေက ရှက်စရာကြီးကွာဟု ကန့်ကွက်သည်။ နောင်တွင် ပြန်တွေးကြည့်သောအခါ တခါတလေ စိုးအောင် ရှက်သည်။ တခါတလေ စိုးအောင် ရယ်ချင်သည်။ မှန်သည်။ သူတို့တွင် ထောက်လှမ်းရေး တစ္ဆေခြောက်ခဲ့ သည့် ကာလများရှိခဲ့ဖူးသည်။ ထောက်လှမ်းရေးကို ပိုတွက်မိသောကြောင့် သူတို့အချင်းချင်းအကြားတွင် မလိုလားအပ် ဘဲ သံသယပွားခဲ့ရတာတွေလည်း ရှိသည်။
ဘာပဲပြောပြော ထိုနေ့ကလည်း စိုးအောင်တို့ လွတ်ခဲ့ပြန်သည်။ စိုင်ကို မုဆိုးကပြေးနည်းသင်ခဲ့လေပြီ။ စိုးအောင်သည် ရှောင်တတ်တိမ်းတတ်သော ပါးပါးနပ်နပ် ကျောင်းသား နိုင်ငံရေးသမားတယောက် ဖြစ်လာသည်။ သူဘယ်လောက်ကြာ အောင် တိမ်းရှောင်နိုင်မည်ဆိုတာကိုတော့ သူမခန့်မှန်းတတ်ပါ။
မဆလ အစိုးရသည် ကျောင်းသားတို့ကို အကြိမ်ကြိမ် ရန်ငြိုးဖွဲ့ခဲ့ပြီ။ ပြည်သူလူထုကို အကြိမ်ကြိမ် စိမ်ခေါ်ခဲ့လေပြီ။ တောကြိုအုံကြားမကျန်၊ လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် တနိုင်ငံလုံး အုံကြွလှုပ်ရှားကြမည့် ရှစ်လေးလုံး အရေးတော်ပုံကြီး၏ ရှေ့ပြေးအချင်းအရာတို့ စုံလင်ခဲ့လေပြီ။ တိုင်းပြည်သိမ့်သိမ့်တုန်တော့မည်တည်း။
ဆက်နိုင်မင်း
Facebook .. Set Naing Min
No comments:
Post a Comment