Tuesday, July 16, 2013

အာဏာရှင်တွေ ဒေါသူပုန်ထလို့ (နိဂုံးပိုင်း)

“၇ ဇူလိုင် (သို့) အာဏာရှင်ရဲ့ သတ်ဖြတ်မှု နိဒါန်း”

“ညနေ ၅ နာရီကျော်လောက်မှာ ဗိုလ်နေ၀င်းရဲ့ ကိုယ်ရံတော် သနက (၄) စစ်တပ်က ၀င်လာတယ်။ တက္ကသိုလ် တလျှောက် စစ်သားတွေ ဖြန့်ကျက် နေရာယူ ထားတယ်။ ကျောင်းသားတွေကလည်း အစောပိုင်းကပဲ ဆန္ဒပြခဲ့ ခဲနဲ့ပေါက် ခဲ့လို့ မောပြီး တချို့က မြက်ခင်းမှာတချို့ကလည်း ရပ်ပြီး နားနေတဲ့အချိန်၊ သေနတ်နဲ့ တန်းစီချိန်ထားတဲ့ စစ်သားတွေကို တချို့ကငေးမောကြည့်နေတာပေါ့၊ မန္တလေး၊ ရာမည၊ အမရပူရ၊ တောင်ူ က စာသင်ဆောင်တွေမဟုတ်ဘူး၊ ကျောင်းသား အဆောင်တွေ၊ ကျောင်းသားတော်တော်များများက အဆောင်တွေပေါ်က လှမ်းအကဲခတ်ကြည့်နေတယ်။ စာတိုက်ဖက် က ပုဂံတို့တကောင်းတို့က ကျောင်းသားတွေကလည်း ငေးကြည့်နေတယ်။

အဲ.. အဲဒီအချိန်မှာ အေးအေးဆေးဆေးပဲ၊ ပစ်မယ်ခတ်မယ်လို့ ဘယ်သူမှမထင်ဘူး”
ရှင်းပြနေတဲ့ သူ့အသံက တယ်လီ ဖုံးစကားပြောခွက်ထဲမှာ နည်းနည်းမာပြီးကျယ်သွားလို့ သူ့ဘေးက တယောက်ယောက်က သတိပေးလိုက်ဟန်တူတယ်၊ သူ့အသံ နည်းနည်းတိုးသွားတယ်။ “ခန့်မှန်း ၆ နာရီ ၁၅-၂၀ မိနစ်လောက်ရှိမယ်၊ ကားတစီးရောက်လာပြီး စစ်ဗိုလ်တ ယောက်က ကျောင်းရှေ့မှာ ကွပ်ကဲ နေတဲ့ ဒုဗိုလ်မှူးကြီး စိန်လွင် (၁၉၈၈ သမတ၊ သားသတ်သမားလို့ နာမည်ကြီး) ဒုဗိုလ်မှူးကြီး လှမြင့် (သနက ၄ တပ်မှူး၊ သံချပ်ကာယန္တယားတပ်ညွှန်မှူး) ကို စာရွက်တရွက်ပေးလိုက်တယ်၊ သိပ်မကြာ ဘူး၊ စစ်ဗိုလ်တယောက်ရှေ့ထွက်လာပြီး လက်ကို ၃ ကြိမ် ၀ိုက်ပြီးရမ်းပြတယ်။ ကျနော်တို့ကတော့ ဘာအချက်ပေးမှန်း သိမှ မသိဘဲဗျ၊ ဒါနဲ့ သူတို့လက်ထဲက ဂျီသရီးတွေနဲ့ ဒလစပ်ပစ်တော့တာပဲဗျာ…” တယ်လီဖုံးထဲက အသံကို အသံဖမ်း စက်နဲ့ ဖမ်းယူနေတဲ့ ကျနော်ကိုယ်တိုင် အသက်ရှူဖို့ မေ့နေတယ်၊ ဖုံးလိုင်းထဲက သူ့အသံ ပြတ်ကျမသွားဖို့ စိတ်ထဲမှာ တချိန်လုံး ဆုတောင်းနေမိတယ်။ ဗမာပြည်ဆက်တဲ့ ဖုံးလိုင်းတွေက အနှောက်အယှက်ပယောဂရှိတတ်တယ်။

“ဂျာမဏီထုတ် ဂျီသရီးကို ဗမာပြည်က ရန်ကုန်တက္ကသိုလ်ဝန်းမှာ စမ်းသပ်ပစ်ခတ်တာပေါ့ဗျာ.. ကျည်တကပ်ပစ်ပြီး အသစ်လဲရင် ကျနော်တို့က ထပြေးလိုက်၊ နောက်တကပ်နဲ့ ထပ်ပစ်ရင် မြေပေါ်ဝပ်ချလိုက်၊ ကျည်ကပ်လဲတုန်း ထပြေး လိုက်ပေါ့.. သေလားရှင်လားတွေလည်း မသိဘူး၊ လဲပြိုကျတဲ့လူ အတုန်းအရုန်းလည်း ဘယ်ကြည့်နိုင်မှာလဲ.. ကိုယ် တောင် အသက်လုပြေးရတာပဲဗျာ” သူ့အသံနားထောင်ပြီး ကျနော်ပါမောနေတယ်။ အဲဒီနေ့က ၂၀၀၂ ခုနှစ် ဇူလိုင်လ ၇ ရက်ဖြစ်တယ်။ အာအက်ဖ်အေ ရေဒီယိုကနေ ဆဲဗင်းဇူလိုင် ကျောင်းသားအရေးအခင်း နှစ် (၄၀) အထူးအစီအစဉ် ဆောင်းပါး အသံလွှင့်ဖို့သတင်းထောက်ဖြစ်တဲ့ ကျနော်ဟာ နယူးဒေလီကနေ ရန်ကုန်က အသိမိတ်ဆွေတချို့နဲ့ ချိန်းဆို ပြီး တယ်လီဖုန်းအင်တာဗျူးလုပ်နေတာ ဖြစ်တယ်။ ၁၉၆၂ ခုနှစ် ဇူလိုင် (၇) ရက်မှာ ကိုယ်တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက် တွေကို ဟိုတုန်းက ကျောင်းသား ကျောင်းသူတွေက ကျနော့ကို ပြန်ပြောပြခဲ့တာ ဖြစ်တယ်။

သူတို့နာမည်တွေကို မပြောပြဘူး။ ကျောင်းသူဟောင်းတယောက်ကိုတော့ ဒေါ်ခင်မာအေး (ကွယ်လွန်) ဆိုတာ ကျနော် မှတ်မိနေတယ်။ ကျောင်းသားသမဂ္ဂ္ဂ အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ် အိုးဝေမဂ္ဂဇင်းတာဝန်ခံလည်းဖြစ်တဲ့ ကျောင်းသား ခေါင်းဆောင်ကိုလှရွှေ (နိုင်ငံရေးအကျဉ်းသားဟောင်း) ရဲ့ ဇနီးဖြစ်တယ်။ ကျောင်းသားသမဂ္ဂ္ဂ လှုပ်ရှားမှုအတွင်းမှာ ဖူးစာဆုံခဲ့ကြတဲ့ ငယ်ရွယ်နုပျိုတဲ့ ချစ်သူနှစ်ဦးဟာ ဇူလိုင် ၇ မတိုင်ခင် ၂ ရက်အလို ဇူလိုင်လ ၅ ရက်နေ့မှာ လက်ထပ်ခဲ့ပြီး လက်ဖွဲ့ပစ္စည်းလေးတွေကို သမဂ္ဂ္ဂအဆောက်အဦထဲ သိမ်းဆည်းထားရာက ဇူလိုင် (၈) ရက် မနက်သမဂ္ဂ္ဂကြီး ဗုံးနဲ့ဖြိုဖျက် ခံရမှုနဲ့အတူ ပါသွားခဲ့တယ်လို့ ပြောပြဖူးခဲ့တယ်။

“ကျောင်းသားတွေကိုဘာ့ကြောင့်မုန်း”

၇ ဇူလိုင် အရေးအခင်းဟာ ၁၉၆၂ မတ်လ ၂ ရက် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တဲ့တော်လှန်ရေးကောင်စီ စစ်အာဏာသိမ်း ပြီး ဗွေဆော်ဦးအနေနဲ့ ကျောင်းသားတွေကို ဦးချိုးတဲ့သတ်ဖြတ်မှု ဖြစ်တယ်။

အမှန်တော့ စစ်အာဏာသိမ်းပြီး ၂ ရက်အကြာမှာပဲ လူထုတရားဝင်ရွေးကောက်ထားတဲ့ ဒီမိုကရေစီကရေစီအစိုးရကို လက်နက်အားကိုးဖြုတ်ချလို့ တကသ၊ ရကသ၊ ဗကသ တို့က ကန့်ကွက်ခဲ့တယ်။ တော်လှန်ရေးကောင်စီကို ထောက်ခံ ကြောင်းလက်မှတ်ထိုးထုတ်ပြန်တဲ့ ဗကသဥက္ကဋ္ဌ ကိုခင်မောင်အုန်းကိုလည်း ဗကသအမှုဆောင် အစည်းအဝေးက ဖြုတ်ချပြီး ဒုဥက္ကဋ္ဌ ကိုသက်ကို (၇ ဇူလိုင် မတိုင်ခင် ဖမ်းခံရ) ဥက္ကဋ္ဌ တင်လိုက်တယ်။ အာဏာသိမ်းအစိုးရက ၀ါဒဖြန့် ကောင်းပေမဲ့ ကျောင်းသားအများစုက မထောက်ခံဘူး။ အာဏာသိမ်းတုန်းကလည်း ကျောင်းသားတွေရဲ့ စာမေးပွဲရာ သီကြီး။ စာမေးပွဲအပြီး ကျောင်းပိတ်လိုက်တာဆိုတော့ ကန့်ကွက်မှုတွေမကျယ်ပြန့်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် အာဏာသိမ်း စစ်အစိုးရအဖို့ တက္ကသိုလ်ကျောင်းသားဆိုတာ လည်ချောင်းထဲစူးဝင်နေတဲ့ ဆူးတချောင်း။

တက္ကသိုလ်သြဇာ

အဲဒီကာလက တက္ကသိုလ်ဆိုတာကလည်း ဒီခေတ် နိုင်ငံတကာက တက္ကသိုလ်တွေလိုပါပဲ နိုင်ငံရေးဂိုဏ်းပေါင်းစုံတယ်။ ဆိုရှယ်နီတွေ၊ ကွန်မြူနစ်ထောက်ခံသူတွေ၊ ဖဆပလ ထောက်ခံသူတွေ၊ နိုင်ငံရေးရောင်စုံပဲ။ ဒါကို တော်လှန်ရေး ကောင် စီကဖြိုချင်တယ်။ ပညာတတ် နိုင်ငံရေး ခေါင်းဆောင်တိုင်း တက္ကသိုလ်ကထွက်တဲ့ အစဉ်အလာရှိတယ်။ တက္ကသိုလ်မှာ ၁၉၂၀ ကတည်းကပြဋ္ဌာန်းထားတဲ့ တက္ကသိုလ် အက်ဥပဒေဆိုတာရှိတယ်။ ဒီဥပဒေအရ တက္ကသိုလ်အုပ်ချုပ်မှုဟာ သီး သန့်လွတ်လပ်မှုရှိတယ်။ တက္ကသိုလ်ကောင်စီနဲ့ တက္ကသိုလ်ဆီးနိတ်ဆိုပြီး ဦးဆောင်အဖွဲ့ ၂ ခုကပဲ ထိမ်းထားတယ်။ အုပ် ချုပ်ရေးရော ဘဏ္ဍာရေးရော သီးခြားလွတ်လပ်မှုရှိတယ်။ တက္ကသိုလ်ဆီးနိတ်ကတော့ ပါမောက္ခတွေ၊ ဆရာတွေရဲ့ ကိုယ်စားလှယ်တွေပါပြီး စာသင်ကြားရေး၊ စာမေးပွဲ၊ စာအုပ်စာတမ်းထုတ်ရေး စတဲ့ပညာရေးကိစ္စတွေ လုပ်တယ်။ တက္ကသိုလ်ကောင်စီကတော့ နိုင်ငံရေးပါတယ်။ ကိုယ်စားလှယ်လည်း အလွှာစုံတယ်။ ပြင်ပစီးပွားရေးနယ်ပယ်နဲ့ ကုန်သည်တွေလည်း ကိုယ်စားလှယ်ပါတယ်။ တက္ကသိုလ် ဌာနအသီးသီးက ပါမောက္ခတွေနဲ့ ကျောင်းသားသမဂ္ဂ္ဂက ကိုယ်စားလှယ် ၂ယောက်လည်းပါတယ်။ တက္ကသိုလ်ကောင်စီဟာ တက္ကသိုလ်လောကနဲ့ နိုင်ငံရေးအတွက်ပါ အရေးပါ တဲ့ အဆင့်မှာရှိတယ်။

ဖိနှိပ်တဲ့ဥပဒေ 

တော်လှန်ရေးကောင်စီတက်တော့ သူ့လည်ချောင်မှာ စူးနေတဲ့ဆူးကို အရင်ဆုံးထုတ်ဖို့ ကျိုးစားတယ်။ ဘာမှမစဉ်းစား ဘူး၊ တက္ကသိုလ် အက်ဥပဒေကို ဖျက်သိမ်းလိုက်တယ်။ အာဏာသိမ်းပြီး နောက်တလမှာပဲ (မေလ ၁၁ ရက်) တက္ကသိုလ်ကောင်စီဝင်တွေကို ဒဂုံရိပ်သာထဲဖိတ်ခေါ်ပြီး ဆရာတွေက အကျင့်ပျက်တယ်၊ ကျောင်းသားတွေအကြား နိုင်ငံရေး ပယောဂ၀င်တယ်ဆိုပြီး တက္ကသိုလ်ကောင်စီကို ဖျက်လိုက်တာပဲ။ တကယ်တော့ အိမ်နီးချင်း အိန္ဒိယနဲ့ တကမ္ဘာလုံးက တက္ကသိုလ်ကျောင်းသားတွေ မိမိယုံကြည်တဲ့ အယူအဆနဲ့ နိုင်ငံရေးလှုပ်ရှားကြတာပါပဲ။ တက္ကသိုလ် ကောင်စီကို အဓိပတိအဖြစ် ဗိုလ်မှူးချုပ်သန်းဖေ၊ အဖွဲ့ဝင် ဗိုလ်မှူးချုပ်စန်းယု၊ ဗိုလ်မှူးကြီးတင်စိုး၊ ဗိုလ်မှူးကြီးသိန်းစိန် တို့ကိုဆွဲထည့်ပြီး ဖိနှိပ်ရေးမူဝါဒအသစ်တွေ ရေးဆွဲတယ်။ အာဏာရှင်တွေထုံးစံအတိုင်း ဖိလက်စနဲ့ ခေါင်းမထောင် အောင် ဆက်တိုက်ပဲ ဖိနှိပ်ခဲ့တယ်။ ဇွန်လ၁၈ ရက် ကျောင်းဆောင်စည်းကမ်း ၂၂ ချက်ထွက်လာတယ်။ တက္ကသိုလ် ကျောင်းသားတွေကို အကျယ်ချုပ်ချလိုက်တဲ့ စည်းကမ်းတွေအဖြစ် ဒေါသသူပုန်ထကြတယ်။ တက္ကသိုလ်ဆန္ဒပြမှုဟာ အဲဒီ ကျောင်းဆောင်စည်းကမ်းက အစပြုတာ ဖြစ်တယ်။ အာဏာသိမ်းစစ်ကောင်စီက တက္ကသိုလ်အုပ်ချုပ်ရေးကိုပါ အာဏာသိမ်းလိုက်ပြီး ပညာရေးလောကထဲဝင်ရှုတ်တာ အဲဒီကနေ အစဉ်အလာလိုဖြစ်သွားတာပဲ။ တက္ကသိုလ် ပညာရေး ကဏ္ဍဟာ အဲဒီကစလို့ နိဂုံးရဲ့ အစဖြစ်ခဲ့တယ်။ အာဏာရှင်တွေထုံးစံအတိုင်းဖိလက်စနဲ့ဆက်တိုက်ပဲ ဖိနှိပ်လာခဲ့တယ်။

တချို့ကောက်နှုတ်ပြောရရင် ကျောင်းဝင်ခွင့်၊ အဆောင်နေခွင့်ကို လုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီခွင့်ပြုမှရမယ်၊ မိဘ အုပ်ထိန်းသူရဲ့ ၀န်ခံကတိနဲ့ ကျောင်းအပ်ရမယ်၊ ည ၈ နာရီဆို အဆောင်မှာရှိရမယ်၊ ၃ ကြိမ်ပျက်ရင် အဆောင်က ထုတ်မယ်၊ သက်သတ်လွတ်စားရင် တနှစ်လုံးစားရမယ် စတဲ့ကျောင်းသားတွေရဲ့သီးခြားလွတ်လပ်ခွင့်ပါ ပိတ်လာတော့ ပြဿနာမီးမွှေးတာနဲ့ တူနေတယ်။ ဒီဥပဒေတွေထုတ်ပြန်ဖို့ အရင်ဆုံး ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသာလှ ကို နှုတ်ထွက်ခိုင်းတယ်၊ စစ်တပ်နဲ့ပိုနီးစပ်တဲ့ ဦးကာ (သချာင်္ကထိက) ကို ပါမောက္ခချုပ် အစားထိုးတယ်။ “တင်းကြပ်တဲ့ စည်းကမ်းတွေကြောင့် ထောင်မှာနေရသလို ဖြစ်နေတယ်၊ ညပိုင်းအပြင်ထွက်တာလည်း မရတော့ဘူး၊ တကသ ကလည်း ကျောင်းသားတွေကိုယ်စားတင်ပြဖို့ ကိုယ်စားလှယ်ကမရှိတော့ဘူး” သပိတ်မှောက်ကျောင်းသားဟောင်းက ရှင်းပြတယ်။ တကသ ကျောင်းသူဟောင်း ဒေါ်ခင်မာအေးကလည်း “ကျမတို့ အမျိုးသမီးဆောင်တွေဆိုရင် ညနေ ၆ နာရီ ထိုးပြီး နာမည်စာရင်းခေါ်ပြီးရင် ၇ နာရီနောက်ပိုင်း တခန်းနဲ့တခန်းမကူးရဘူး၊ စာကျက်ရမယ်၊ ည ၉ နာရီ နောက် ပိုင်းအခန်းတံခါးမီးမှိတ် အိပ်ရတယ်၊ အဲဒီကြားထဲ ကျောင်းဆောင်ရရှိရေး အခက်အခဲကလည်း ရှိနေတယ်၊ အဆောင် တိုးချဲ့ရေးကိုလည်း ဘာမှမလုပ်ပေးဘူး၊ အဆောင်မလုံလောက်၊ ဆရာမလုံလောက်ဖြစ်နေတယ်” ။

အာဏာဖီဆန်ပြီ။

နောက်တော့ ရန်ကုန်ခရို င်ကျောင်းသားသမဂ္ဂ္ဂ (ရကသ) က သမဂ္ဂ္ဂခန်းမမှာ ကမောက်ကမ ပညာရေးစနစ်ဖျက်သိမ်းရေး၊ မတရားအဆောင်စည်းကမ်းရုတ်သိမ်းရေး တောင်းဆိုဆန္ဒပြပွဲကို ဇူလိုင် ၃ ရက်နေ့မှာ လုပ်တယ်။ ဇူလိုင် ၆ ရက်နေ့မှာ တော့ ရွှေဘိုဆောင်မှာ ညပိုင်း သဟာရနဲ့စာဖတ်အသင်းဖွဲ့တယ်၊ အဖွဲ့ကကွဲတော့ မကြေနပ်တဲ့ ကျောင်းသားတွေက ခံစားချက်တွေ ထအော်တယ်၊ မတရား အဆောင်စည်းကမ်းအပေါ် တအုံနွေးနွေးဖြစ်နေတော့ တခြားအဆောင်က ကျောင်းသားတွေလည်း အဆောင်စည်းကမ်းမကြေနပ်လို့ ဆန္ဒပြကုန်ပြီလို့ထင်ပြီး ၀န်းဝိုင်းကြတယ်၊ အဆောင်စည်း ကမ်းဖျက်သိမ်းရေး ကြွေးကြော်သံအော် ဆန္ဒပြတယ်။ တက္ကသိုလ်အုပ်ချုပ်ရေးမှူး ဦးယုခင်နဲ့ ပါမောက္ခ ဦးကာအိမ်ကို ၀ိုင်းဆန္ဒပြတယ်။ အဲဒီ ဇူလိုင် ၆ ရက်ည ဆန္ဒပြပွဲဟာ နောက်တနေ့ ဇူလိုင် ရ ရက် နေ့လည် တနာရီသမဂ္ဂ္ဂခန်းမမှာ ကျင်းပမဲ့ ကျောင်းသားထုအစည်းအဝေးကို တွန်းအားပေးလိုက်သလို ဖြစ်သွားတယ်။ ဇူလိုင် (၇) ရက် သမဂ္ဂ္ဂ အစည်းအ ဝေးမှာ အာဏာသိမ်းအစိုးရရဲ့တက္ကသိုလ် အက်ဥပဒေဖျက်သိမ်းရေး၊ မတရားအဆောင်စည်းကမ်း ရုတ်သိမ်းရေး ဆုံး ဖြတ်ချက်ချပြီး ကျောင်းဝန်းထဲလှည့်ပတ်ဆန္ဒပြတယ်။ နေ့လည် ၂ နာရီခွဲလောက် ကျောင်းဝန်းထဲ ရဲတွေရောက်လာပြီး ဗကသ ဥက္ကဋ္ဌ ကိုသက်၊ တကသ ဥက္ကဋ္ဌ ကိုဗဆွေလေး၊ ရကသ အတွင်းရေးမှူး ကိုဉာဏ်ဝင်းနဲ့ ကျောင်းသားခေါင်း ဆောင်တချို့ကို ဖမ်းခေါ်သွားတယ်။ အဲဒီမှာ ကျောင်းသားတွေ ဟစ်အော်ဆန္ဒပြပြီး အဓိကရုဏ်း နှိမ်နင်းရေးရဲတွေနဲ့ ထိတ်တိုက်တွေ့တယ်။ ပစ်ခတ်မှုဖြစ်ပေမဲ့ ထိခိုက်ဒါဏ်ရာရတာကလွဲလို့ အသေအပျောက်မရှိဘူး။ နောက်ပိုင်း ကျောင်း သားထုကပိုတက်ကြွလာတယ်။

ညနေ ၄ နာရီနောက်ပိုင်း ကျောင်းဝန်းတလျှောက် လက်နက်ကိုင်စစ်သားတွေ ရောက်လာတော့တာပဲ။ အဲဒီနောက်ပိုင်း စောစောက ဆန္ဒပြမှုမှာပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်းကြီး ပြောပြသလို ပစ်ခတ်မှုတွေ ဖြစ်ကုန်တယ်။ ကျဆုံးသေ ကြေသူတွေ (၄၀) လောက်ရှိပြီး တချို့ဒါဏ်ရာအပြင်းအထန်တွေရကုန်တယ်လို့ သိရတယ်။ အာဏာပိုင်တွေကတော့ ကျောင်းသား (၁၇) ယောက်သာသေဆုံးတယ်လို့ ဆိုတယ်။ အဲဒီတုန်းက မန္တလေးဆောင်တခုထဲတင် စာရင်းအရ (၁၇) ဦး သေဆုံးတယ်လို့ သိရတယ်။ မန္တလေးဆောင်နံရံမှာ မြောင်းမြက ကျောင်းသားကိုကျော်ဝင်း သူ့ခန္ဒာကသွေးနဲ့ ရေး သွားတဲ့ “ ၇-၇-၆၂ မမေ့ကြနဲ့” ဆိုတဲ့ စာသားဟာ ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘ၀ထိ မရိုးနိုင်တဲ့ သူရဲကောင်း ပုံပြင်တပုဒ်လို ကြားခဲ့ဖူးတယ်။

“သမိုင်းဝင် သမဂ္ဂ္ဂအဆောက်အဦ ဖြိုခွဲမှု”

“ဇူလိုင် (၈) ရက်နေ့ မနက် အိပ်ကောင်းတုန်း အုံးကနဲ ပေါက်ကွဲသံကြီးနဲ့ ကျမအဆောင်တခုလုံးနဲ့ မြေကြီးဟာ တုန် လှုပ်သွားတယ်၊ ကျမ ချက်ချင်းသိလိုက်တယ်။ ဟာ..ဒီကောင်တွေ သမဂ္ဂအဆောက်အအုံကို ဖြိုခွဲလိုက်တာပဲ၊ မိုက်ရိုင်း လိုက်ကြတာလို့တွေးပြီး နှမြောတတစိတ်နဲ့ မျက်ရည်တွေတောင် တောက်တောက်ကျခဲ့တယ်” တယ်လီ ဖုန်းထဲမှာ ကြားနေရတဲ့ ဒေါ်ခင်မာအေးရဲ့ အသံဟာ ခံစားချက်နဲ့ပြောနေမှန်း သိသာတယ်၊ မာဆတ်ပြီးတုန်ခါနေတယ်။

၁၉၉၈ ခု ဇူလိုင်လ ၈ ရက် VOA နဲ့ အင်တာဗျူးတခုမှာ ဗိုလ်ချုပ်အောင်ကြီးက “သမဂ္ဂမှာ ကျောင်းသားတွေက လက် နက်ကိုင်တဲ့လူတွေ ရှိတယ်၊ လူနာတွေဆွဲပြီး တံခါးတွေပိတ်သွားတယ် ဘာညာဆိုတော့ ညနေစောင်းမှာ ဥက္ကဋ္ဌကြီး (ဗိုလ်ချုပ်နေ၀င်း) က ပြည်ထဲရေးဝန်ကြီးကို တကယ်လို့ ညမိုးချုပ်သွားရင် အဲဒီအပေါ်ပစ်လားခတ်လားလုပ်ရင် ဒို့လူ တွေသေမယ်၊ အဲဒီတော့ အသေမခံနဲ့၊ ရကွိုင်းလက်စ် ဂန်းနဲ့ သမဂ္ဂကို ပစ်ခိုင်းလိုက်တာ” လို့ပြောခဲ့တယ်။ ဦးနေ၀င်း ကလည်း ၁၉၈၈ ဇူလိုင်လ သူရာထူးက အနားမယူခင် မဆလ အရေးပေါ်ညီလာခံမှာ သမဂ္ဂဖြိုခွဲမှုဟာ သူနဲ့မပတ်သက် ဘူးလို့ ပြောသွားတယ်။ ဘယ်လိုပဲဖြစ်စေ ကျွဲကူးရေပါဆိုသလို အဲဒီတုန်းက ကျောင်းသားအရေးကို အရေးယူဆောင် ရွက်နေတဲ့ စစ်ခေါင်းဆောင်တွေအားလုံးမှာ တာဝန်ရှိပါတယ်။ ဒီလိုသမိုင်းဝင် အဆောက်အဦတခုကို မစဉ်းစားမဆင်ခြင် ဖြိုဖျက်လိုက်တာဟာ နိုင်ငံရဲ့ သမိုင်းဝင်အဆောက်အဦတခုထဲ ပြိုကျသွားတာမဟုတ်ဘဲ တိုင်းပြည်အနာဂတ်တခုလုံး လဲပြိုသွားတာ ဖြစ်တယ်။ ကျောင်းသားသမဂ္ဂပြိုကွဲပြီးနောက် ဒီနေ့အထိ နိုင်ငံရဲ့ ခေါင်းဆောင်ပညာတတ် မျိုးဆက်ပြတ် သွားတယ်။ နိုင်ငံရေးမျိုးဆက်ပြတ်သလို ပညာရေးလည်း ပျက်ဆီးသွားတယ်။

“ကျနော်တို့ဟာ ဒီအဆောက်အဦကြီးကို သိပ်ပြီးသံယောစဉ်ကြီးခဲ့တယ်၊ မြန်မာ့လွတ်လပ်ရေးသမိုင်းလည်း ဒီအဆောက် အဦက စခဲ့တာကိုး၊ ကျောင်းသားခေါင်းဆောင်တွေ၊ ကျနော်တို့ခေတ်က ဒီအထဲမှာ ကျောင်းသားအရေးသာမဟုတ် ပြည်တွင်းငြိမ်းချမ်းရေးပါ လုပ်ခဲ့ကြတာပေါ့။ သမဂ္ဂကြီးပြိုသွားလို့ သိပ်နှမြောတာ၊ အဲဒီတုန်းက ကျနော်တို့ ကျောင်းသား တွေ မျက်ရေတောင်ကျခဲ့ကြတယ်” နောင်တော် ကျောင်းသားဟောင်းကြီး ခံစားချက်နဲ့ ပြောသွားတဲ့ အသံတွေ ဒီဂျစ် တယ်တိပ်နဲ့ အသံသွင်းထားလို့ အခုအထိ မပျောက်မပျက်ရှိနေသေးတယ်။ သူပြောပြလို့ အဲဒီ သမဂ္ဂအဆောက်အဦ ထဲမှာ အဖိုးတန်စာအုပ်တွေ၊ မှတ်တမ်းမှတ်ရာတွေ၊ သမိုင်းဝင်ကျောင်းသားလှုပ်ရှားမှု ဓာတ်ပုံတွေ စာရွက်စာတမ်းနဲ့ ဖိုင်တွေအပြင် ပန်းချီဆရာကြီး ဦးနန်းဝေ ရဲ့ လက်ရာမြောက်တဲ့ ပန်းချီကားကြီးတွေလည်း ပျက်ဆီးဆုံးရှုံးရပါတယ်။

နိုင်ငံရေးမျိုးဆက်ပြတ်၊ ပညာရေး မျိုးဆက်ပြတ်

ဒီလို သမိုင်းဝင် အဆောက်အဦတခုကို မစဉ်းစားမဆင်ခြင် ဖြိုဖျက်လိုက်တာဟာနိုင်ငံရဲ့ သမိုင်းဝင်အဆောက်အဦတခု ထဲ ပြိုကျသွားတာမဟုတ်ဖဲ တိုင်းပြည်အနာဂတ်တခုလုံးလဲပြိုသွားတာဖြစ်တယ်။ ကျောင်းသားသမဂ္ဂပြိုကွဲပြီးနောက် ဒီနေ့အထိ နိုင်ငံရဲ့ ခေါင်းဆောင်ပညာတတ် မျိုးဆက်ပြတ်သွားတယ်။ နိုင်ငံရေးမျိုးဆက်ပြတ်သလို ပညာရေးလည်း ပျက်ဆီးသွားတယ်။ အာဏာရှင် အဆက်ဆက်က ခေတ်မီတက္ကသိုလ်ပရ၀ုဏ်ထဲကသာ ပညာပြည့်ဝတဲ့ နိုင်ငံရေးသမား တွေ ထွက်လေ့ရှိတာကို ရိပ်စားမိလို့ တက္ကသိုလ်ပညာရေးကို ချိုးနှိမ်ခဲ့တယ်။ မိမိတို့အာဏာ ခိုင်မြဲရေးနဲ့ တိုင်းပြည် အနာ ဂတ်တိုးတက်ရေးကို သတ္တိကြောင်စွာ အလဲအလှယ်လုပ်ခဲ့တယ်။ တပ်မတော်မျိုးဆက်တွေကိုတော့ စနစ်တကျပျိုး ထောင်ပြီး နိုင်ငံခြားပညာသင်တွေစေလွှတ်ခဲ့တယ်။ အရပ်ဘက်ပညာတတ် နိုင်ငံရေးသမားတွေကို မျိုးဆက်တိမ်ကော အောင်လုပ်ပြီး တပ်မတော် မျိုးဆက်သစ်ကိုကြီးပွားအောင် မြှင့်တင်ခဲ့တယ်။ ဒါပေမဲ့ တက္ကသိုလ်က နိုင်ငံရေးမျိုးဆက်က မပျောက်သွားသလို နလံထပြီး ပိုပြီးခိုင်မာနေတာကို ဒီခေတ်ထဲအထိ တွေ့နေရတယ်။

မီးမလောင်တဲ့ အိုးဝေ

ဒီနေရာမှာ အနာဂတ်ရဲ့နမိတ်ပုံလို့ပဲ ပြောရမလား ၁၉၆၂ တကသ ကျောင်းသူ ဒေါ်ခင်မာအေး ပြောခဲ့တဲ့ သမဂ္ဂ အဆောက်အဦ ပြာပုံကြားက အိုးဝေမဂ္ဂဇင်းလေးအကြောင်း သူပြန်ပြောပြတာလေးနဲ့ပဲ ဖောက်သည်ချခဲ့ပရစေ။

“အင်မတန် အံ့သြစရာကောင်းတာက သူတို့တတွေ (စစ်အာဏာပိုင်များ) သမဂ္ဂမီးလောင်ပြင်ကို သတင်းစာ၊ စာနယ်ဇင်း သမားတွေကိုခေါ်ပြတဲ့အချိန် ပြာပုံတွေ အပျက်အဆီးတွေကြားကနေပြီး မီးမကျွမ်းဘဲ အကောင်းပကတိနဲ့ စာအုပ်လေး တအုပ်ကို တွေ့ရတယ်၊ အဲဒီစာအုပ်လေးက အိုးဝေမဂ္ဂဇင်းပါ ကျောင်းသားသမဂ္ဂရဲ့ နောက်ဆုံးထုတ် အိုးဝေမဂ္ဂဇင်း လေးပါ၊ ကျမကတော့ အဲဒီအိုးဝေမဂ္ဂဇင်းကို အံ့ဘွယ် အိုးဝေလိုသာ နာမည်ပေးလိုက်ချင်ပါတယ်။ သူတို့ဘယ်လိုပဲ ဖျက်ဆီးပလေ့စေ မပျက်ဆီးပါဘူး၊ သမဂ္ဂစိတ်ဓာတ်ဟာ အမြဲရှင်သန်နေအုံးမယ့် နိမိတ်ပုံလေးပါ”

ကိုညို(အော်စလို)

မှီငြမ်းကိုးကား..
၁။ မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်းအကျဉ်း (အောင်စောဦး)
၂။ ၇ ဇူလိုင်မှတ်တမ်း (အလင်းအိမ်စာစောင်-ဂျပန်)
၃။ အင်တာဗျူး ဒေါ်ခင်မာအေး၊ ၇ ဇူလိုင်မျက်မြင်ကျောင်းသားဟောင်းတဦး
(အာအက်ဖ်အေ- စိတ်ယဉ်ကျေးမှုမှတ်စုများ အစီအစဉ်)
၎။ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ (ဦးခင်အောင်)

No comments: