Tuesday, July 9, 2013

မငိုပါနဲ့ မိရှည်

ဒုက္ခတွေနဲ့ စီချင်းထိုးရတဲ့အရပ်
ယုံကြည်ချက်တွေကိုသာ
ရင်မခုန်တတ်ရင်
ရူးပြီ။

ခေတ်ကိုပုခုံးနဲ့ ထမ်းမရလို့
နှလုံးသားနဲ့ ထမ်းလိုက်ရတာပါ။
လေးလံလွန်းလှပါတယ်။

ဘာများထူးဆန်းလို့လဲကွယ်
အိမ်ထောင်သက်တလျှောက်လုံး
ကိုယ်က

အပူပြင်ဆုံးမေတ္တာတွေ
အရက်စက်ဆုံးအချစ်တွေကို
ခွက်ဆင့်တိုက်ခဲ့သူလေ

မစို့မပို့ပျော်ရွှင်မှုလေးတချို့နဲ့
မိသားစုကိုဖြားယောင်းပြီး
နှစ် နှစ်ဆယ်လုံးလုံး
သောက ပူပူတွေကိုသာ
တနင့်တပိုးပေးအပ်ခဲ့သူ မဟုတ်လား။

ထွက်ပေါက်မျိုးစုံကိုအကြောင်းပြ
ဝါသနာတွေကို ဦးစားပေး
မင်းရဲ့ဆန္ဒတွေကို ထုချေခဲ့လို့
အိမ်ထောင်တာဝန်မကျေခဲ့သူလေ
ဒါတောင် ကိုယ်ညံ့တာ အကုန်မဟုတ်သေးဘူးနော်။

ဖအေမမြင်ဖူးခဲ့တဲ့ သမီးကို
ဖခင်နဲ့အနီးဆုံးဆွဲယူပြခဲ့တဲ့
ရိုက်ချက်မျိုး
ဘယ်မိခင်မျိုးက
တတ်နိုင်မတုန်း။

ကိုယ်ရယ် မင်းရယ် သမီးရယ်
သုံးယောက်သာရှိတဲ့
ကမ္ဘာငယ်လေးကို
သာသာညှင်းညှင်း လည်ပတ်စေခဲ့သူ။

ဘာသာရေး
လူမှုရေး
စီးပွားရေး
ချက်ဆိုနားခွက်ကမီးတောက်
မင်းက လက်ကုန်တော်လေ
ငါက ပုံပြင်ထဲက ငန်းပိုင်ရှင်လိုစဉ်းစားလေ
ဒါ ... ဆန်းသလား။

သမီးကို သခင်
လင်ကို ဘုရား
ချစ်ခြင်းမေတ္တာကို အတိုင်းအဆမဲ့
မွမ်းမံပြရင်း
ဒဏ်ရာတွေ
တခု ပြီး တခု ရတာတောင်
ရယ်မောဖို့ မမေ့ခဲ့သူလေ

မငိုပါနဲ့ မိရှည်
နိုင်ငံရေးသမားတဦးရဲ့ ဇနီးဟာ
လောကဓံကို ပြက်လုံးထုတ်နိုင်တဲ့
အရည်အချင်းလည်း
ရှိရမယ်မဟုတ်လား
ဝါဒရေး
နိုင်ငံရေး
ပုဂ္ဂိုလ်ရေး
ရောင်စုံစိတ်ကူးတွေနဲ့
ငါ့ရဲ့ တာဝန်မကျေခဲ့တာတွေကို
စကားလုံးတွေနဲ့ စွပ်စွဲလိုက်စမ်းပါ
ပုံရိပ်တွေနဲ့ ပေါက်ကွဲလိုက်စမ်းပါ
နိုင်ငံရေးသမားတယောက်ရဲ့
အတ္တကြောင့်
မင်းရဲ့မျက်ရည်တွေကို
အလဟသ မဖြစ်စေနဲ့ကွယ်

လွမ်းစရာရှိရင် နာစရာနဲ့ဖြေပါ
တတိုင်းပြည်လုံး ဘေးသင့်နေတုန်းပါကွယ်
ကျေးဇူးပြု၍
ဒုက္ခတွေနဲ့ခဏလောက်
လက်ပွန်းတတီး
ရင်ချင်းအပ်ဆက်ဆံပေးပါ

စစ်အာဏာရှင်အောက်က
အားလုံးလွတ်မြောက်တဲ့အခါ
မင်းစိတ်ရှိသလောက်
ငိုရပါစေ့မယ်။

တိုးသစ်

No comments: