Wednesday, August 14, 2013

မ၀င်းမော်ဦး (သို့မဟုတ်) ကမ္ဘာလောကရဲ့ သမီး

ပန်းချီ .. စစ်ငြိမ်းအေး
၇-၈-၂၀၁၃ (အော်ကလန်၊ နယူးဇီလန်)

အဲဒီ့နေ့က ၈-လေးလုံးအထိမ်းအမှတ် ငွေရတုအခမ်းအနားအတွက် ကျနော် လုပ်ပေးနိုင်တာလေး တွေကူညီဖို့ဆိုပြီး ပထမဦးဆုံး ၈-လေးလုံးကာလကဓာတ်ပုံတွေကို စစုပါတယ်။ အဲဒီမှာ ထိပ်ဆုံးက ပါတာတွေထဲမှာတော့ စစ်ခွေးတွေပစ်ခတ်မှုနဲ့
ကျည်သင့်ထားလို့ သွေးသံတရဲရဲဖြစ်နေရှာတဲ့ မ၀င်းမော်ဦးလေးကို ဂျူတီကုတ်ဝင်ဆင်ထားသူ ကျန်းမာရေးဝန်ထမ်းနှစ်ဦးက ပွေ့ချီလာတဲ့ ကမ္ဘာကျော်ခဲ့တဲ့ပုံပေါ့။

ကျနော့်ဘေးနားမှာက ကလေးတသိုက်။ သူတို့ကလဲ အခမ်းအနားမှာ လိုအပ်မယ့် ဒေါင်းအလံတွေကို နဖူးစီးမှာသုံးဖို့ အနီရဲရဲပိတ်ပိုင်းစတွေပေါ်မှာ ကော်ကပ်ပေးနေကြရင်း ကျနော်သုံးနေတဲ့ကွန်ပျူ တာမျက်နှာပြင်ကို မျက်လုံးတွေက ရွက်လွှင့်ထားကြ။ မ၀င်းမော်ဦးရဲ့ ကြေကွဲဖွယ်ထိခိုက်ဖွယ်ပုံ လေးပေါ်လာတော့ ကလေးတသိုက်ဟာ ဗွက်ခနဲထအန်လိုက်တဲ့မီးတောင်လို ဆူဆူပွက်ပွက် ဖြစ် သွားကြတယ်။ “ဘဘ .. သူ ဘာဖြစ်တာလဲဟင်” တဲ့။ စိတ်စက်မကောင်းတဲ့ မျက်လုံးလေးတွေက အဖြေတခုကို သိချင်နေကြတဲ့ငံ့လင့်မှုနဲ့အတူ လက်ပထက်သန်။

ကလေးတွေအကြောင်းကို ပြောပြချင်သေးတယ်။ သူတို့က နယူးဇီလန်က အော်ကလန်ဆိုတဲ့ မြို့လေးကို ဒုက္ခသည်ဘ၀နဲ့ ယခုဆယ်စုနှစ်များတ၀ိုက်မှာ လာရောက်ခိုလှုံနေကြသူတွေပေါ့။ တချို့လည်း ဒီကိုရောက်မှ မြန်မာနိုင်ငံသားမိဘနှစ်ပါးက မွေးဖွားတဲ့ တိုင်းတပါးသားတွေဖြစ်လို့။ သူတို့ မိဘတွေကတော့ တချိန်က ထိုင်း-မြန်မာနယ်စပ် တောတောင် လျှိုမြောင်တွေအကြား မြန်မာစစ်အာဏာရှင်စနစ်ကို နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ ဒီမိုကရက်တစ်တော်လှန်ရေး ရဲဘော် ကြီးတွေပါ။ ခုတော့လဲ သူတို့တွေဟာ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံလေးပေါ် သူတို့မိသားစု ဘ၀ရှေ့ရေးကိုမျှော်တွေးပြီး ခိုလှုံနေထိုင်ကြရသူတွေ ဖြစ်ခဲ့ကြရ။ ဒါပေမယ့် ဒီလို ၈-လေးလုံး အခါ သမယကိုရောက်လေတိုင်း သူတို့မေးရိုးကြီးတွေဟာ ထောင်းထောင်း ထလာကြတာပါပဲ။ အံကို တင်းတင်းကြိတ်လိုက်ကြတာပါပဲ။ တက်,ခေါက်သံတွေ သံပြိုင်ထွက်လာကြတာပါပဲ။ လက်သီးတွေ ကျစ်ကျစ်ပါအောင်ဆုပ်၊ မျက်လုံးတွေက ၀င်းဝင်းတောက်တောက်။

၈-လေးလုံးအရေးတော်ပုံ မှော်ဓာတ်ဟာ သူတို့သွေးကို လှည့်ပတ်စီးဝင် နိုးထစေတော့တာပါပဲ။ သူတို့က ကျနော့်ကိုပြောတဲ့ အထဲမှာ ကျနော်တို့ရဲ့မျိုးဆက်သားသမီးတွေကိုလဲ ၈-လေးလုံးစိတ်ဓာတ် သွင်းပေးချင်တယ်တဲ့။ သူတို့ဖြတ်သန်း ပါဝင်ခဲ့တဲ့သမိုင်းတဖြတ်ကို သူတို့သားသမီးတွေ လက်ဆင့်ကမ်းပေးချင်ပါတယ် တဲ့။

ဒီတော့ ကျနော်ဟာ အခွင့်သင့်နေပြီဖြစ်တဲ့အခြေအနေလေးမှာ ၈-လေးလုံးကာလက စစ်အာဏာ ရှင်ဘီလူးသဘက်တွေလက်ချက်နဲ့ အသက်ပေးခဲ့ရတဲ့ မ၀င်းမော်ဦးရဲ့ရင်နင့်ဖွယ် လေးစားဦးညွှတ် ဖွယ်အဖြစ်ကို သူတို့လေးတွေသိခွင့်ရအောင်  ပြောပြနိုင်ပြီပေါ့။ မ၀င်းမော်ဦးရဲ့သွေးက ၈-လေးလုံး သမိုင်းအရေးနဲ့အတူ လက်ထဲမှာ ဒေါင်းအလံတွေ ကိုယ်စီကိုင်ထားကြတဲ့ သူတို့လေးတွေရဲ့ စိတ် နှလုံးသားတွေဆီ စီးဝင်သွန်းလောင်း နိုးထပေးခဲ့ပြီပေါ့။

တကယ်တော့ တချို့သောကလေးတွေဆို ဒီကျွန်းလေးပေါ်မှာ မွေးဖွားခဲ့ကြရတာမို့ ဗမာစကား တောင် ကောင်းကောင်းပြောနိုင်ကြရှာတာမဟုတ်ဘူး။ သူတို့မိဘတွေ အတန်တန်ဖိအား ပေးထား လို့သာ ဗမာစကားကိုနားလည်နိုင်ကြပေမယ့် သူတို့နှုတ်က ထုတ်ပြောဖို့ရာကြတော့ ခက်နေကြရှာ တာလေ။
ဆိုတော့ ကျနော်က ၈-လေးလုံးအရေးတော်ပုံကာလပုံရိပ်တွေပါတဲ့ ဗီဒီယိုဖိုင်တွေ ဖွင့်ပြရင်း သူ တို့စိတ်မှာစာနာမှုနဲ့အတူ ဂုဏ်ယူနေကြတဲ့ မ၀င်းမော်ဦးလေးအကြောင်းကို ပြောပြရတာပေါ့။
၈-လေးလုံးပုံရိပ်တွေထဲမှာ သူတို့အရွယ်ကျောင်းသားကျောင်းသူလေးတွေ ဗိုလ်ချုပ်အောင်ဆန်းပုံ ကိုရင်ခွင်ပိုက်ပြီး ကြွေးကြော်ချီတက်လာတာတွေကလဲ သူတို့စိတ်ကို ၀ီရရသတွေ သွန်းလောင်း ပေးနေသလိုပေါ့။ မ၀င်းမော်ဦးလေးဟာ အဲဒီ့တိုက်ပွဲထဲမှာ ကျဆုံးသွားခဲ့ရရှာတယ်ကွယ်လို့ .. ကျနော့်စကားကိုအနားသတ်လိုက်စဉ်မှာတော့ သူတို့လေးတွေရဲ့မျက်ဝန်းမှာ မျက်ရည်ဖြိုင်ဖြိုင် ကျ ကြရပြီ။

အဲဒီ့နောက် ကျနော်က ၈-လေးလုံးက မွေးဖွားပေးလိုက်တဲ့ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး တိုက်ပွဲဝင်ကြပုံတွေ၊ တော်လှန်ရေးသမားကြီးတွေဖြစ်သွားတဲ့ သူတို့မိဘ တွေရဲ့ဖြတ်သန်းမှုတွေကို ရှင်းပြတော့ သူတို့မျက်လုံးလေးတွေဟာ ရွှန်းမြလက်ပ ပြိုးပြက်လာကြ။ သူတို့ရဲ့မိဘတွေအတွက် လေးစားဂုဏ်ယူစိတ်ကို ၀င်းဝင်းပပတွေ့ရ။
အဲဒီ့အချိန်မှာ ကျနော့်စိတ်ကူးလေးတချက် ပြက်ခနဲပေါ်လာတယ်။ မ၀င်းမော်ဦးကို သူတို့ကိုယ်တိုင် ဂုဏ်ပြုနိုင်အောင်၊ ပြီးတော့ ငွေရတုတိုင်ခဲ့ပြီဖြစ်တဲ့ ၈-လေးလုံးအရေးတော်ပုံကြီးကို သူတို့ကိုယ် တိုင်ဂုဏ်ပြုနိုင်အောင်။

သူတို့မိဘတွေကလည်း သူတို့ရဲ့မျိုးဆက်သားသမီးတွေကို ၈-လေးလုံးစိတ်ဓာတ် သွပ်သွင်းပေးချင် ကြတယ်မဟုတ်လား။ ကျနော့်စိတ်ထဲမှာ ၈ ရက်နေ့မှာလုပ်မယ့် ၈-လေးလုံးငွေရတုအခမ်းအနားမှာ သူတို့လေးတွေကိုယ်တိုင်ပါဝင်တဲ့ ဒေါင့် (ထောင့်) တထောင့် ဘယ်လိုစီစဉ်ရင် ကောင်းမလဲ တွေး နေတယ်။

၈-၈-၂၀၁၃ (အော်ကလန်၊ နယူးဇီလန်)

ဒီနေ့ဟာ ရုံးဖွင့်ရက် ကျောင်းဖွင့်ရက်ဆိုတော့ အချိန်က ကောင်းကောင်းမရတော့ ဘူး။ ပထမ စိတ် ကူးထဲရှိတာလေးရယ် သူတို့လေးတွေလည်း သိပ်ခက်ခက်ခဲခဲ မကြိုးစားရဘဲ ၈-လေးလုံးသမိုင်း ဇာတ်ဝင်ခန်းတခန်းမှာ ကိုယ်တိုင်ခံစားပါဝင်စေချင်တာရယ်ကြောင့် ခပ်မြန်မြန်ပဲ ကျနော်စီစဉ်လိုက် တယ်။ သူတို့ပါဝင်တဲ့အစီအစဉ်လေးကို ၈ ရက်နေ့မှာ ၈-လေးလုံးဝိညဉ်နဲ့အသက်ဓာတ်ကို အမိဖမ်း ကျင်းပခဲ့တဲ့ ၈-လေးလုံးငွေရတုအခမ်းအနားကျင်းပရေးကော်မတီက Youtube မှာ တင်ထားခဲ့ပြီ။ စာဖတ်သူတို့လည်း ကလေးတွေကိုအားပေးမယ်ဆိုရင် Youtube မှာ 8888 Silver Jubilee in New Zealand 8 August 2013 ဆိုပြီး ၀င်ကြည့်ရင် အဖြူအစိမ်းဝတ် ဒေါင်းအလံနဖူးစီးနဲ့ ဗိုလ်ချုပ် အောင်ဆန်းပုံကိုရင်ခွင်မှာပိုက်ပြီးထွက်လာတဲ့ ကျောင်းသားကျောင်းသူလေး ၈ ယောက်ကို တွေ့ပါ လိမ့်မယ်။ သူတို့ဟာ မ၀င်းမော်ဦးရဲ့သံမဏိစိတ်လိပ်ပြာနဲ့ သတ္တိဗျတ္တိကို ဘယ်လိုမွေးစားကူးယူပြီး သေနတ်သံတွေကို ဘယ်လိုရင်ဆိုင်ခဲ့ကြသလဲဆိုတာတွေ့ရပါလိမ့်မယ်။ အစီအစဉ်အားနည်းချက် တချို့ကြောင့် တင်ဆက်ချိန်က တိုတောင်းလှပါတယ်။  တမိနစ်စာလောက်ပဲ ဖြစ်ပါတယ်။ အား ပေးကြစေချင်ပါတယ်။ ပြီးတော့ အဲဒီ့ Performance အကွက်လေးနဲ့တဆက်တစပ်ထဲဖြစ်တဲ့ ကဗျာ တပုဒ်ကို ကျနော်က ရွတ်ဆိုဂုဏ်ပြုထားပါတယ်။

ကဗျာက “ ကမ္ဘာလောကရဲ့ သမီး ” ဆိုတဲ့ နာမည်ကျော်ကဗျာတပုဒ်ပါ။ တော်လှန်ရေးနယ်ပယ်က ထုတ်ဝေတဲ့ စာစောင် ဂျာနယ်တို့မှာ အကြိမ်ကြိမ်ယနေ့ထက်တိုင် ရိုက်နှိပ်ထုတ်ဝေ ဖော်ပြလို့မဆုံး တဲ့ကဗျာပါ။ ၈-လေးလုံးအရေးတော်ပုံကို၊ မ၀င်းမော်ဦးနဲ့တကွ ၈-လေးလုံးအရေးတော်ပုံအတွင်း အသက်ပေးလှူကျဆုံးသွားခဲ့တဲ့ ကျောင်းသားကျောင်းသူလေးများကို ဂုဏ်ပြုစပ်ဆိုထားတာပါ။
ကဗျာဆရာက ယနေ့ထက်တိုင် တော်လှန်ရေးထဲမှာ ခိုင်ခိုင်မာမာ ရပ်တည် တိုက်ပွဲဝင်နေတဲ့ ဆရာ ဌေးအောင်ဖြစ်ပါတယ်။ ကဗျာကိုလည်း မဖတ်ဖူးသေးတဲ့စာဖတ်သူများ ဖတ်ရှုခံစားနိုင်ဖို့ဖော်ပြပေး လိုက်ပါတယ်။

ကမ္ဘာလောကရဲ့ သမီး

ဆီရွှဲပြီး နက်ပြောင်နေတဲ့ ဆံပင်ကို
အကျအနဖီးလို့
သနပ်ခါးကို မှုန်နေအောင် လိမ်းထားတဲ့
သမီးလေးဟာ
စိမ်းမြတဲ့ ရွက်နုတွေအကြား
ငုံနေတဲ့ စပယ်ဖြူလေးလို
လှပလန်းဆန်းနေတယ်။

အိပ်ရာထ၊ မျက်နှာသစ်၊ အ၀တ်လဲ
ကျောင်းသွားဖို့
ပြင်ဆင်နေတဲ့
သမီးလေးဟန်ပန်က
လေပြေနဲ့အတူ
ယိမ်းနွဲ့နေတဲ့ စပယ်ငုံလေးပေါ့။

သမီး
လမ်းကူးရင် သတိထားနော်
ဆော့လည်းမသွားနဲ့
ကျောင်းလွှတ်ရင် အိမ်ကိုတန်းပြန်ခဲ့
ဟုတ်လား… သမီး၊
နားထောင်နေတဲ့ သမီးလေးဟာ
ပါးချိုင့်လေးနဲ့ တခါပြုံး
အဖေ့ပါးကို တစ်ချက်နမ်းလို့
ပေါ့ပါးစွာပြေးထွက်သွားခဲ့တယ်
လွယ်အိတ်လေးကို
မနိုင့်တနိုင်ဆွဲလို့
ဂါဝန်လေးက လေမှာလွှဲလို့
ပြန်ရောက်မလာတော့ပါလား၊

“ကလေးတွေ သတ္တိ ရှိလိုက်ကြတာ
ခွေးတွေ ရက်စက်လိုက်ကြတာ
ကောင်မလေးတစ်ယောက်ဆိုရင်….”
အို…
တော်ကြပါတော့ တော်ကြပါတော့
ဆက်မပြောကြပါနဲ့တော့ဗျာ၊

သမီးလေးရယ်
အဖေနဲ့အမေတို့ရဲ့
အချစ်တွေနဲ့တင် မလုံလောက်လို့
ကမ္ဘာလောက တစ်ခုလုံးရဲ့အချစ်ကို
သိမ်းကြုံးပြီး အရယူသွားလေရော့သလကွယ်။

ဌေးအောင်

( မ၀င်းမော်ဦး - ၁၆နှစ် ၊၁၉.၉.၁၉၈၈ ၊ ည ၇း၃၅တွင် ကျဆုံး )

စာကြွင်း- ယခုအစီအစဉ်ကိုတင်ဆက်ခွင့်ပေးခဲ့တဲ့ ၈-လေးလုံးအရေးတော်ပုံငွေရတုအခမ်းအနား ကျင်းပရေးကော်မတီနှင့် ကဗျာကိုရွတ်ဆိုခွင့်ကို ခွင့်ပြုချက်တရားဝင်တောင်းခံနိုင်ခြင်းမရှိခဲ့သည့် ကဗျာဆရာ ဌေးအောင်.. ကို အထူးကျေးဇူးတင်ရှိကြောင်း အလေးအနက် ဆိုအပ်ပါသည်။ ထို့ပြင် ပါဝင်ကူညီပေးခဲ့သော ကျောင်းသားကျောင်းသူလေးများနှင့် ခွင့်ပြုပေးခဲ့သည့် မိဘများကိုလည်း ကျေးဇူးစကားဆိုပါရစေ။

ခင်လွန်း
၁၄ သြဂုတ် ၂၀၁၃
ဟင်မင်တန်မြို့။ နယူးဇီလန်

No comments: