ဒီနေ့ သြဂုတ်လ (၁) ရက်၊ နောက်တပတ်ဆို ကျောင်းသားများနှိုးဆော်တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး (၂၅) နှစ်ပြည့်မြောက်တော့မယ်။ (၂၅) နှစ်တောင်ပြည့်မြောက်ခဲ့ပေမယ့် “ဒီမိုကရေစီရမှ အမျှဝေပါ” ဆိုတဲ့ ကျနော်တို့ရဲ့ နှမလေး၊ သတိရတိုင်း ဦးညွတ်ဂုဏ်ပြုရင်း စံထားအားယူရတဲ့ ကျနော့ရဲ့အာဇာနည် အထက်တန်းကျောင်းသူလေး မဝင်းမော်ဦး လို၊ ကိုသက်ဝင်းအောင် တို့လို ပြည်တွင်းလမ်းပေါ်နဲ့ ထောင်တွင်းတိုက်ပွဲများနဲ့ ပြည်ပနယ်ခြား တောတွင်း တိုက်ပွဲများမှာ
အသက်ခန္ဓာကိုယ်လက်အင်္ဂါနဲ့ ဘဝများရင်းနှီးပေးဆက်ခဲ့ကြတဲ့ ကျောင်းသားသူရဲကောင်း အထောင် အသောင်းတို့ရဲ့ မျှော်မှန်းချက်အိပ်မက် မိဘလူထုကြီးရဲ့ ရည်မှန်းချက် ဒီမိုကရေစီဆိုတာကတော့ မှုန်ဝါးဝါးတောင်မမြင် ရသေး။ ဒါတောင်တချို့ကတော့ နောက်ကြောင်းပြန်လှည့်မှာကြောက်နေကြသေးသတဲ့လေ။ တချို့ကလည်း ငွေရတု ဆိုပြီး ဝဲချီးသြဘာနဲ့ ပွဲခံကြအုံးမတဲ့။ ငွေရတုကိုချီးမြောက်ကြမယ့် ပုဂ္ဂိုလ်တွေ၊ ဖြတ်ညှပ်ကပ် စာတမ်းတွေနဲ့ အာကြမယ့် ပုဂ္ဂိုလ်တွေစာရင်းဖတ်ရတာ ကြည့်ရတာကလဲ အက်စစ် ငရဲမီးကို မျက်စဉ်းခတ်တာကမှ သက်တောင့်သက်သာ ရှိအုံး မယ်။ အန်ဂျီအိုဂုဏောနဲ့ အာမီဂုဏော အနန္တော ရောသွားပြီ။ ခွင့်လွတ်လိုက်ကြပါတော့ မဝင်းမော်ဦးနဲ့ ကျောင်းသား အာဇာနည်အပေါင်းတို့ရေ။ ကျနော်တို့ကတော့ ခင်ဗျားတို့အတွက် အမျှမဝေနိုင်သေးပါဘူး။
တခါတလေ မြင်ခင်းစိမ်းစိမ်းပေါ်က သစ်ရိပ်သာယာမှာ တကိုယ်တည်းကျေးငှက်သာရကာတွေရဲ့ သံစုံကိုနာခံရင်း သဘာဝလောကကြီးထဲကို စူးနစ်ထဲပေါက်ပျော်ဝင်ကြည့်မိတဲ့အခါ၊ မိခင်ကမ္ဘာမြေကြီးနဲ့အထိစပ်နိုင်ဆုံး လျောင်းစက်ရင်း အာကာသဟင်းလင်းပြာကြီးကို နီးနီးကပ်ကပ်ရှုကြည့်မိတဲ့အခါ သြကာသလောကကြီးထဲမှာ သိမှတ်နိုင်စရာမရှိအောင် သေးနုပ်ဝေဝါးလှတဲ့ ကိုယ့်ကိုကိုယ်အထင်အရှား မြင်ရတတ်တယ်။
နှစ်အစိပ်လောက် နေထိုင်ကျင်လည်ခဲ့တဲ့ မဟာဘာရတ် (Mahabharat) အိန္ဒိယမဇ္ဈိမကို ဇူလိုင် (၂၁) ရက်နေ့က စွန့်ခွာခဲ့ရပြီး တောင်ကမ္ဘာခြမ်းက သြစတြေလျားကို ဇူလိုင် (၂၂) ရက်မှာ ရောက်ခဲ့တယ်။ ဆယ်ရက်ရှိခဲ့ပြီ။ သူ့နိုင်ငံ သူစနစ်ထဲဝင်ဆန့်နိုင်အောင် ဟိုရုံးဝင်ဒီရုံးထွက် မှတ်ပုံတင်ခြင်း၊ လျောက်ထားခြင်း၊ စစ်ဆေးခံခြင်းစတဲ့လုပ်ငန်းတွေနဲ့ ပြီးခဲ့တဲ့သြစတြေးလျ ရှေ့ဦးရက်တွေကုန်ခဲ့ရသလို ဒီနေ့လဲ အဲလိုရုံးလုပ်ငန်းနှစ်ခုကို အပြီးသတ်ခဲ့ရတယ်။ သူနိုင်ငံ သူစနစ်တွင်းပျော်ဝင်ရေး လုပ်ငန်းစဉ်က လက်စသတ်စရာတချို့ကျန်တာကလွဲလို့ ပြီးသလောက်ရှိသွားပြီ။ အဲဒီ ဝင်ထွက်ခဲ့ရသမျှ ရုံးတွေအားလုံးက လူတိုင်းအတွက် လူကိုလူလိုဆက်ဆံနိုင်ဖို့ ပီပြင်ပြည့်ဝတဲ့လူဖြစ်ရေး မဟာလုပ် ငန်းတွေကို နိုင်ငံတော်ဘဏ္ဍာ လူထုအခွန်ငွေတွေနဲ့ အားပေးကူညီနေတဲ့ရုံးတွေ ဖြစ်တယ်။ ဗမာပြည်ကလို ဆီးဟောက် ငွေညှစ်နဲ့ အာဏာကိုအလွဲသုံးပြီး လူထုကို ပြစ်မှားဗိုလ်ကျနေတဲ့ ဓါးပြရုံးတွေလို မဟုတ်ဘူး။ ဝန်ထမ်းတွေကလည်း ကိုယ့်လို သူဆီခိုလှုံလာသူကိုလည်း အပြုံးမျက်နှာတွေနဲ့ သူ့တာဝန်ကို လေးလေးစားစားဆောင်ရွက်ကြတယ်။
ဒီလိုနဲ့ ပြည်ပြေးဖြစ်နေတဲ့ဘဝရဲ့ တတိယအချိုးအဆစ်ကို စခဲ့တယ်။ ဘဝ ပထမအချိုးအဆစ် (၂၅) နှစ် ရာစုတစိပ်ကို ပထမ တိုင်းပြည် အမိမြေဗမာပြည်မှာ ကုန်ဆုံးတော့ မင်းဆိုးမင်းညစ်ဒဏ်နဲ့ စွန့်ခဲ့ရတယ်။ ရှက်ရှက်နဲ့ ကိုယ့်ပေါင်ကိုယ် လှန်ထောင်း ဝန်ခံရရင် ခုလည်း ဘဝ ဒုတိယအချိုးအဆစ် (၂၅) နှစ် ကျင်လည်ခဲ့ရတဲ့ ဗုဒ္ဓမြေ အိန္ဒိယ မဇ္ဈိမကို အကြောင်းကြောင်းတွေကြောင့် ပြည်တော်မပြန်နိုင်သမျှတော့ ဒီ အိန္ဒိယမဇ္ဈိမမှာပဲ အရိုးချမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြင်ပြီး မဇ္ဈိမ အိန္ဒိယကို စွန့်ခဲ့ရပြန်ပြီ။ လေဆိပ်အထွက်ရွှေဝါရောင်ကျောင်းလို့သမုတ်ထားတဲ့ ဒေလီဗီကတ်ပူရီ (Vikaspuri) အရပ်ကအခန်းလေးမှာ ဖြစ်သလိုသီတင်းသုံးနေကြတဲ့ ရွှေဝါရောင်လှုပ်ရှားမှုက သံဃာတွေကို နှုတ်ဆက် ကန်တော့စဉ် ဆရာတော်လည်း ဆုကိုဖြောင့်ဖြောင့်မပေးနိုင် ကိုယ်လည်း ပျပ်ဝပ်ကပျာကယာ မျက်နှာဖွက်လိုက်ရတဲ့ ခွဲခွာမှုနဲ့ ဒေလီကို စွန့်ခဲ့ရတယ်။ လေဆိပ်ရောက်တဲ့အထိ တရိပ်ရိပ်နောက်ကျန်ရစ်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ယဉ်ပါးခဲ့ ရတဲ့ မဇ္ဈိမအိန္ဒိယပုံရိပ်တွေကို သတိမမူနိုင်ပဲ အငှားကားလေးပေါ်မှာ အသက်မဲ့သလိုလိုက်ပါရင်း လေဆိပ်ကိုရောက် ခဲ့ရတယ်။ ဘဝပထမအချိုးအဆစ်အဆုံး ပထမတိုင်းပြည် အမိဗမာပြည်ကို စွန့်ခွာခဲ့ရတဲ့ လွန်ခဲ့တဲ့နှစ်အစိပ်ကထက်ပိုပြီး ကြေကွဲဝမ်းနည်းခံစားနေမိတော့ နောက်ကြောင်းကိုပြန်လှည့်မကြည့်နိုင်၊ အလိုလို ရှေ့ကိုသာငိုက်စိုက် စူးစိုက်ထားရ တယ်။
ဟိုတုန်းကပထမတိုင်းပြည်ကိုစွန့်ခွာစဉ်ကတော့ မျှော်လင့်ချက်တွေပြည့်လျှမ်းနေတဲ့ နုပျိုတက်ကြွတဲ့ လူငယ်တယောက် အနေနဲ့ ဖြတ်ကျော်ခဲ့ရတာဖြစ်ပြီး ဒီတခါ ကျင်လည်ရာ ဒုတိယတိုင်းပြည်ကို စွန့်ခွာခြင်းကတော့ တတိယအရွယ် အရှုံး သမားတယောက်အနေနဲ့ စွန့်ခွာရတာဆိုတဲ့ အခြေနေခြင်းမတူတာကြောင့် ဒီလို နစ်နဲကြေကွဲခံစားရတာ ဖြစ်မယ်။ ဟို တုန်းက ကုလားမိတ်ဆွေရဲဘော်တွေကို “ဗမာပြည်က ငါ့ရဲ့အမိမြေ (Motherland ) ဆိုရင် ကုလားပြည် မဇ္ဈိမအိန္ဒိယ ဟာ ငါ့ရဲ့ အဖွားမြေ (Granmotherland )ကွ၊ ဘာကြောင့်လဲဆို ငါတို့ ဗမာ့ယဉ်ကျေးမှုဆိုတာ ဗုဒ္ဓဝါဒအခြေခံ ယဉ်ကျေးမှုဆိုတော့ ဟိမဝန္တာ၊ ဂင်္ဂါ၊ ကပိလ၊ နာလန္ဒာ၊ သုဇိတာ၊ မင်္ဂလသုတ်၊ လောကနီတိ၊ ဓမ္မပဒစတဲ့ မဇ္ဈိမ အိန္ဒိယ ဒေသအမည်တွေနဲ့ အကြောင်းချင်းရာဖြစ်စဉ်တွေကို ဗမာကလေးတွေဟာ ငယ်စဉ်ဘဝတည်းက အဖိုးအဖွားရင်ခွင်မှာ ကြားနာယဉ်ပါးခဲ့ကြရတယ်” လို့ နောက်တီးနောက်တောက် ပြောခဲ့တဲ့စကားက မှန်နေသလိုပါပဲ။
ရောက်ပြီးကတည်းက သြစတြေးလျအစိုးရ ဒုက္ခသည်စောင့်ရှောက်ရေး အေဂျင်စီတွေက ယာယီချထားပေးတဲ့အခန်းမှာ အိပ်တာ ဒီညဟာ တတိယညသာဖြစ်ပြီး ကျန်ရက်တွေမှာ လူချင်းယဉ်ပါးခွင့်နည်းပေမယ့် တော်လှန်အမြင် ခံစားချက် ချင်းနီးစပ်ခဲ့ရတဲ့ ရဲဘော်သူငယ်ချင်း ကိုစိုးလွင်ရဲ့အခန်းကျဉ်းလေးထဲမှာပဲ ကုန်လွန်ခဲ့တယ်။ သူ့နောက်ကြောင်း ကိုယ့် နောက်ကြောင်းတွေကို ပြန်ပြောမိမှ သူနဲ့ကိုယ်ကြားက တော်လှန်အမြင်ခံစားချက်ချင်း နီးစပ်ရတဲ့ အကြောင်းရင်းတခုကို တွေ့ရတယ်။ မတ်လ (၁၆) အင်းလျားကန်ဘောင်အရေးအခင်းမှာ တံခါးဖွင့်ပေးထား ခြံနံပါတ် (၁၉) ထဲကို အတူပြေးဝင် ခဲ့ကြတာ ခုမှသိရတယ်။ လူချင်းတော့ မသိနိုင်ခဲ့ကြဘူး။ သူက (၁၄၁) အုပ်စုနဲ့ နောက်နေ့မှာ အဖမ်းခံသွားရတယ်။ အဲဒီနေ့က ခြံနံပတ် (၁၉) ထဲပြေးဝင်လွတ်မြောက်ခဲ့ကြသူက မိန်းကလေးကျောင်းသူ (၃၀) လောက်အပါအဝင် လူ (၁၀၀) လောက် လွတ်ခဲ့ကြတယ်။ ကျနော်နဲ့အတူပါခဲ့သူ ပေါလုကြီးကတော့ သေရှာပြီဆိုတာလည်းခုမှ သိရတယ်။ ကျနော်တို့အားလုံး မလွတ်မြောက်ဘဲကျန်ခဲ့ကြတဲ့ ကျောင်းသားသူငယ်ချင်းတွေအတွက် ငိုကြွေးရင်း ဝမ်းနည်းဒေါသနဲ့ အင်စိန်လမ်းမပေါ်ရောက်တော့ အစိုရဘတ်စ်ကား နှစ်စီးတွဲကြီးကို မီးရှို့ဖို့ ကြိုးစားကြတယ်။ မတတ်တော့ မအောင်မြင် တော့ ကားကြီးကိုပဲ ခဲတွေနဲ့ဝိုင်းထုခဲ့ကြတယ်။
သူက အရှေ့ဖက်ကိုထွက်တယ်။ ယိုးဒယားမှာ အစောကြီးကတည်းက နေမရ လုပ်မရလို့ သြစတြေးလျကိုရောက်တာ (၁၅) နှစ်လောက်ထဲရောက်ခဲ့ပေမယ့် သူကော သူ့မယားပါ အလုပ်လုပ်နေတဲ့ကြားက ခုထိ အိုးပိုင်းအိမ်ပိုင်မဖြစ်သေး။ ဖြစ်ချင်တော့ ကိုယ်ရောက်လို့မှ မကြာခင် မော်တော်ဆိုင်ကယ် စတန့်ပိုးထိုးနေတဲ့ ကိုယ်တော်ချောက သူ့အလုပ်အသွား ဘာလူ ဘာကားမှမရှိတဲ့ ကားလမ်းပေါ်မှာ သူတစီးတည်း အစွမ်းပြလိုက်တာ ရုပ်ရှင်ထဲက စတန့်မင်းသားလို ဆိုင်ကယ် ကို ရုတ်တရက်ဘရိတ်ဆွဲပြီး ဂျွမ်းပစ်ကောင်းလိုက်ပုံက သုံးလေးပတ်လောက် လေမှာဝဲသွားပြီ ညာဖက်ပုခုံး ညှပ်ရိုး ကျိုးသွားတယ်။ ဒါကြောင့် အစိုးရစာရိတ်နဲ့ အော်ပရေးရှင်းဝင်လိုက်ရတယ်။ အမေရိကားက ဝယ်လာတဲ့ သူ့ဒူးကာ ပုခုံး ထောက်တွေနဲ့ ပြိုင်ပွဲဝင်ဝတ်စုံအားကိုးနဲ့ အစွမ်းပြတာပဲ။ တန်တော့တော်တော်တန်တယ်။ ဒီလူ အဲဒါတွေသာမပါရင် ခုလောက်ဆို ခွတ်ဒေါင်းအလံ ခြုံအိပ်နေရလောက်ပြီ။ အဲလိုဖြစ်တော့ သူ့မယား မမေရီအပါအဝင် သူမိတ်ဆွေတွေက ဝမ်းသာလို့၊ ဒီလောက်အန္တရာယ်များတဲ့ ပြိုင်ဆိုင်ကယ်ကိုမစီးဖို့ ဘယ်သူ ဘယ်လိုမှပြောမရခဲ့တာခုမှ ပြောစရာအချက် ကောင်းရသွားတာကိုး။ အဆိုးထဲကအကောင်း သူနဲ့ကိုယ်လည်း ခုမှအချိန်ပေါပေါနဲ့ လေဖောခွင့်ရတယ်။
မနေ့ညက ကိုတင်မြင့်ဆီမှာ မဖြစ်စလောက်လက်ကျန် အရက်ကလေးသောက်ရင်း လေပစ်ကြတယ်။ ကိုတင်မြင့်နဲ့ နေစိုးက အရက်မသောက်ဘဲ ဘီယာနဲ့ပဲဝင်ဖောကြတယ်။ လူချင်းခုမှတွေ့ကြတော့ ပြောစရာတွေကများလွန်းပြီး ဘယ် အကြောင်းအရာမှ လက်စမသတ်နိုင်ဘဲ တောင်ရောက်မြောက်ရောက်။ လေကဖြတ်မရဘဲ သူ့အခန်းကျဉ်းလေးထဲ ပြန် ရောက်တော့ ပြန်ဆက်ပြီး မုန်တိုင်းထန်လိုက်ကြတာ မနေ့ကမှ အော်ပရေးရှင်းခန်းကထွက်လာတဲ့သူလည်း သူ့အနာ ဘယ်ရောက်သွားမှန်း မသိဘူး။ ည (၁၂) နာရီကျော်သွားပြီလို့ သတိပေးလာမှ အိပ်ယာဝင်ကြတယ်။ အခန်းကျဉ်းလေး ထဲမှာ ကျုပ်တို့လေမုန်တိုင်းဒဏ်ကြောင့် မနက်စောစောကျောင်းသွားရမဲ့ သူသမီးလေးက မအိပ်နိုင်ဘူးလေ။ ကျီတိ ကြောင်တောင်နဲ့ မနက်လေးနာရီမထိုးခင် ပြန်နိုးလာတယ်။ ကျနော့် အသံကြားတော့ အနာက နာလာလို့ မနက် သုံးနာရီလောက်တည်းက အိပ်မရလို့ဆိုပြီး သူလည်းထလာတယ်။
နှစ်ယောက်သားကော်ဖီဖျော်သောက်ရင်း ညကစကားဝိုင်းကို ပြန်ဆက်ကြတယ်။ အရှေ့အနောက်က ကျောင်းသားတွေ ဖြတ်သန်းခဲ့ကြရတဲ့ အခက်အခဲတွေ၊ အန္တရာယ်တွေ၊ ရဲဘော်ကျောင်းသားအသီးသီးကြုံတွေ့ခဲ့ရတဲ့ နစ်နာဆုံးရှုံးမှုတွေ၊ မြောက်ပိုင်းက ကိုထွန်းအောင်ကျော်တို့လို ဝမ်းနည်းဖွယ်အဖြစ်ဆိုးတွေနဲ့ ပြန်လည်ကြားသိရတဲ့ မိဘဆွေမျိုးသားချင်း တွေ ချုံးပွဲချရတဲ့ ကြေကွဲဖွယ်အဖြစ်အပျက်တွေ၊ ဒီကြားကပဲ ဒီကောင်တွေ ကြောက်လို့ထွက်ပြေးသွားတဲ့ကောင်တွေလို့ လက်ညိုးထိုးခံနေရတာတွေနဲ့ အပြင်ကအန်ဂျီအိုအပေါင်းအပါ လုပ်စားလောက်ကောင်တွေကို လက်ညိုးထိုးပြီ ဒေါ်လာ စားလို့ ပုတ်ခတ်နေတာတွေ၊ ပြီးတော့ သန့်စင်ရေးဆပ်ပြာခွက်အညှိတက်သလို ရွှံစရာကောင်းတဲ့ မတရားမှုကို တိုက် ဖျက်မယ်ဆိုတဲ့ အင်အားစုတွေကြားက မတရားမှုတွေနဲ့ဖောက်ပြန်မှုတွေ၊ ဘယ်ချိန်ကဘယ်လို ပြည်ထဲရောက်သွားမှန်း မသိလိုက်ရတဲ့ အပြင်က ဒီလိုစရိုက်ပျက်တွေရဲ့ အန္တရာယ်အကြောင်းတွေ၊ နောက် အတွင်းအပြင်က ဦးတည်ရာအညီ အတူလျောက်ခဲ့ကြတဲ့ အများစုမိတ်ဆွေရဲဘော်ဟောင်းတွေ စစ်အာဏာရှင်တိုက်ဖျက်ရေး ဦးတည်ရာကို ဘယ်ချိန်က ခေါက်ချိုးပြောင်းသွားမှန်းမသိလို့ မူလလမ်းကြောင်းပေါ်မှာ ခေါင်းမာသူတွေ၊ လက်တွေ့မကျသူတွေ၊ စာအုပ်ကြီးသမား ဘုတ်ကြောင်တွေ၊ ဟော ခုတော့ပြည်ပြေးတွေဆိုတဲ့အဖြစ်နဲ့ ပြူးပြူးကြီးကျန်ခဲ့ရတဲ့အဖြစ်တွေကို သူတပြန်ကိုယ်တပြန် ပြောရင်း ဟားတိုက်ကြတယ်။ တခုတော့ရှိတယ်၊ တော်လှန်အမြင် ခံစားချက်တူသူတွေကိုတော့ ဒီဟားတိုက်သံတွေရဲ့ အောက်က ကြေကွဲမှုတွေကို မမြင်အောင်ဖုံးကွယ်လို့ရမယ် မထင်ဘူး။
ခုနှစ်နာရီခွဲတော့မှ ကဲအရှုံးသမား အမုန်းတွေထပ်မပွားချင်တော့လို့ လူဖြစ်ရေးရုံးတွေကိုသွားပြီး တပြန်နုအတက်နဲ့ သက်ကြီးကျောင်းသားကျောင်းတက်ဖို့ သွားလုပ်ရအုံးမယ်ဆိုပြီး စကားဖြတ်ရတယ်။ အမည်ဗျုပ္ပတ်မသိရသေးတဲ့ ဘလက်တောင် (Blacktown) မှာ ကိုယ့်ကိုကူညီနေတဲ့ မျိုးချစ်ကရင်လူငယ် ကိုအောင်ငြိမ်းဟန်နဲ့ ဆုံပြီး မက္ကာရီ ရွှေ့ပြောင်းအခြေချ သက်ကြီးပညာရေး အစီအစဉ်ဌာန (Macquarie, Adult Migrant Education Programme) ကို သွား၊ အင်္ဂလိပ်စာအရည်အချင်း စစ်ခံရတယ်။ အဆင့်သုံးဆင့်ပါတဲ့ နာရီ (၅၁၀) စာ သင်ခန်းစာပို့ချရေးမှာ နောက်ဆုံး နံပါတ်သုံးအဆင့် ဒုတိယတန်းမှာတက်ရမယ်လို့ ချက်ချင်းဆုံးဖြတ်တယ်။ မင်းအဲဒီမှာ သုံးလလောက်တက်ရမယ် ထင်တယ်၊ ပြီးတော့မှ နာရီ (၂၀၀) စာ အဆင့်မြင့်အင်္ဂလိပ်စာကိုတက်ပါလို့ စစ်ဆေးသူအမျိုးသမီးကြီးက ပြောတယ်။ သူရေးခိုင်းတဲ့ မမေ့နိုင်ဖွယ်နေရာဌာနတခုအဖြစ် မိခင်ရန်ကုန်တက္ကသိုလ်ကြီးအကြောင်း ရေးထားတာကိုဖတ်ပြီး တနေ့ တော့ငါတို့ မင်းဆီက စိတ်ဝင်စရာအကြောင်းတွေကို ဖတ်ရလိမ့်မယ်မျှော်လင့်တယ်လို့ အမျိုးသမီးကြီးက ပြောတယ်။ မသိလို့တတ်ဖို့ မကျိုးစားသူ၊ တတ်ကျွမ်းနားလည်မရှိသူတွေထက် သိပါရက်နဲ့ အရွယ် အလုပ်နဲ့ညီအောင် ကျိုးစားဖို့ ဖြည့်ဆည်းဖို့ ပျက်ကွက်သူတွေက ပိုပြီး နုံအ လူဖျင်းကျတာကိုတော့ ခင်ဗျားစဉ်းစားမိမယ် မထင်ပါဘူး၊ ဒါက ကိုယ်တွေ့ ကြုံမှသိနိုင်လွယ်တာလို့ စိတ်ထဲကပြန်ပြောမိတယ်။
ကိုအောင်ငြိမ်းဟန်နဲ့ လမ်းခွဲပြီးယာ ယီခိုလှုံရာအဆောင်ပြန်ရောက်တော့ ဘယ်သူမှမရှိ ကိုယ်တယောက်တည်း။ ပတ် ဝန်းကျင်ကလည်း အိမ်တွေထိစပ်ရှိနေပေမဲ့ တိတ်ဆိတ်စဲညံ့လို့။ တချက်တချက်ပေါ်လာတဲ့ မနီးမဝေးလမ်းမက ကား သံကလွဲလို့ ကျေးသံငှက်သံတွေကသာ ပတ်ဝန်ကျင်ကို စိုးမိုးထားတယ်။ အဆောင်နောက်က မြက်ခင်းစိမ်းစိမ်းပေါ်က နေ အာလုတ်သံနဲ့ ပြတ်တောင်းပြတ်တောင်း အာနေတဲ့ သြစတြေးလျ ကျီးကန်းအသံကို နားစွင့်စူးစမ်းရင်းကနေ မြက် ခင်းပေါ်လှဲချ ကွက်တိကွက်ကြားရှိနေတဲ့ ဖျာတချပ်စာအရွယ် တိမ်ဖြူတချို့နဲ့ ကောင်းကင်ပြာကြီးကိုကြည့်ရင်း အတွေး နယ်ချဲ့နေမိတော့မှ သူတကာတွေ ငွေရတုဆိုပြီး ဝဲချီးသြဘာ ပွဲခံနေကြချိန်မှာ မဝင်းမော်ဦးနဲ့ ဒီမိုကရေစီသူရဲကောင်း တွေကို အမျှမဝေနိုင်သေးယုံမက တတိယတိုင်းပြည် သြစတြေးလျမှာ အရှုံးသမားတယောက်လို ဘဝ တတိယအချိုး အဆစ်ကို ပျိုးနေရတဲ့ ကိုယ့်ရဲ့သေးနုပ်မှုကို ဘွားဘွားကြီးတွေ့လိုက်တယ်။ ကြိုးတိုက်ထဲရောက်ခဲ့ရတဲ့ မျိုးချစ် သူရဲ ကောင်း ဗိုလ်မှူးချစ်ကောင်း စကားအတိုင်းပြောရရင် တိုင်းပြည်အတွက်ဆိုပြီး လုပ်လာလိုက်တာ နှစ်အစိပ်ရှိလို့ ကိုယ့် ကိုကိုယ် ပြန်ဆန်းစစ်ကြည့်တော့ ပြည်ပြေးဖြစ်နေတယ်။
ဒီနေ့ မြက်ခင်းစိမ်းစိမ်းပေါ်က သစ်ရိပ်သာယာမှာ တကိုယ်တည်းကျေးငှက်သာရကာတွေရဲ့ သံစုံကိုနာခံရင်း သဘာဝ လောကကြီးထဲကို စူးနစ်ထဲပေါက်ပျော်ဝင်ကြည့်မိတော့၊ မိခင်ကမ္ဘာမြေကြီးနဲ့အထိစပ်နိုင်ဆုံး လျောင်းစက်ရင်း အာကာ သဟင်းလင်းပြာကြီးကို နီးနီးကပ်ကပ်ရှုကြည့်မိတော့ သြကာသလောကကြီးထဲမှာ သိမှတ်နိုင်စရာမရှိအောင် သေးနုပ် ဝေဝါးလှတဲ့ ကိုယ့်ကိုကိုယ်အထင်အရှား မြင်လိုက်ရတယ်။ ဒီထက်ဝမ်းနည်းစရာကောင်းတာက အများတကာနဲ့ လိုက် လျောညီထွေ ဖောရှောရေစုန်မမျှောတတ်ရင် အထီးကျန်ပြည်ပြေးဖြစ်တတ်တဲ့ သင်ခန်းစာကို ရင်မှာပိုက်လိုက်ရတဲ့ အဖြစ်ပါပဲ။
ရဲဘော်ကျော်သန်း
သြဂုတ်လ (၁) ရက်၊၂၀၁၃
2 comments:
ကိုကျော်သန်းရေ-
ကျွန်တော်က ခင်ဗျားရဲ့ စာဖတ်သူတယောက်ပါ။
ဆောင်းပါးဖတ်ရလို့ ခင်ဗျား အော်ဇီရောက်နေတာသိရတယ်၊
အထီးကျန်လို့ စိတ်ဓါတ်ကျစရာမလိုပါဘူး။ အဓိကလုပ်သင့်တာက အင်္ဂလိပ်စာသင်တန်းကိုတက်ပြီးသေချာလေ့လာပါ။ အကျိုးရှိတာတွေ့ပါလိမ့်မယ်။
ကျေးဇူးပါကိုစံထွန်း..
Post a Comment