(အဝေးကပေးစာတစောင်)
၂၀၁၃ခု၊ သြဂုတ် ၂၃
ကိုဟိုဒင်းရေ ...
ဟိုတလောကဖြစ်ခဲ့တဲ့ မြို့တော်နေပြည်တော် (အရင်ကတော့ မြို့တော်ရန်ကုန်လို့ဆိုလိုက်ရင် ပစပ်ထဲမှာရော၊ နားထဲမှာ ရောရှောရှောရှူရှူနဲ့ဗျ။ အခုဟာကြီးကတော့ မထိုက်တန်လို့လားမသိဘူး တော်နှစ်တော်နဲ့ထောင့်လိုက်တာနော်) ၀ဏ္ဏသိဒ္ဓိအားကစားကွင်းမှာဖြစ်ခဲ့တဲ့ ဘော့လုံးပွဲရန်ဖြစ်မှုကြီးကို ဧရာမအရေးကိစ္စကြီးအဖြစ်နဲ့ တဆိတ်ကိုတအိတ်လုပ် နေကြတာကို
ခင်ဗျားသတိပြုမိမယ် ထင်ပါတယ်။ တချို့ကဆိုရင် မြန်မာ့အားကစားသမိုင်းမှာ အဆိုးရွားဆုံးအဖြစ် အပျက်၊ မြန်မာပြည်သူတွေကို အရှက်ရစေတဲ့ ကိစ္စလို့အထိ ပြောနေကြတယ်။ ဒါ့အပြင် ဒါဟာဗမာလူမျိုးတွေရဲ့ ညံ့ဖျင်းတဲ့ ဘာကျင့် ညာကျင့်ဆိုပြီး ရမ်းရမ်းကားကား မှတ်ချက်ချတာလည်းကြားလိုက်ရတယ်။
တကယ်ကတော့ဗျာ ကျနော်တို့နိုင်ငံမှာရော ကမ္ဘာမှာပါ ဘော့လုံးပွဲကနေ ရန်ဖြစ်ကြတယ်ဆိုတာဟာ ဘာမှမဆန်း တဲ့ကိစ္စပါ။ နောက်ပြီး ကမ္ဘာမှာဆိုရင်လည်း အားကစားပွဲတွေကနေ အကြီးအကျယ် လူတွေသေတဲ့အထိ ဖြစ်နေကြတာကို နှစ်စဉ်လိုလို သတင်းစာ၊ တီဗွီ၊ အင်တာနက်တို့အပေါ်မှာတွေ့နေရတာပဲ။ ၁၉၈၉ခုနှစ်တုန်းက “ဥရောပလူယဉ်ကျေး” များ ရဲ့ အင်္ဂလန်နိုင်ငံ ရှဲ့ဖီးလ်မြို့ကဟီးလ်စဘရား အဖြစ်ဆိုးကြီး (Hillsborough Disaster) လို့နာမည်ကြီးတဲ့ ဘော့လုံးပွဲ ရန်ပွဲကြီးမှာ လူ ၉၄ ယောက်တောင်သေခဲ့တဲ့ မှတ်တမ်းရှိတယ်ဗျ။ အခုအထိ အဲဒီနေရာမှာ နှစ်စဉ်ပန်းစည်းတွေချ၊ ဖယောင်းတိုင်တွေထွန်းကြတုန်း။ ဒါ့အပြင် ဒီလိုအဖြစ်အပျက်တွေထဲက စံချိန်တင်ရတဲ့ အဖြစ်အပျက်တခု ပြောရမယ်ဆိုရင် ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလားပွဲအတွက် ခြေစစ်ပွဲလုပ်တဲ့ ၁၉၆၉ ခုနှစ်က အလယ်အမေ ရိကတိုက် ဟွန်းဒူးရပ်စ်နိုင်ငံနဲ့ အယ်လ် ဆာဗားဒိုးနိုင်ငံအသင်းတို့ရဲ့ပွဲ။ ဒုတိယအချီအဖြစ် ဟွန်ဒူးရပ်စ်နိုင်ငံရဲ့ မြို့တော် မှာ ကစားကြရင်း ပရိသတ်ချင်းရန်ဖြစ်ကြရာကနေ ‘ဘော့လုံးစစ်ပွဲ’ လို့ခေါ်တဲ့ နှစ်နိုင်ငံစစ်ပွဲကြီး ဖြစ်တာတောင် ရှိခဲ့ပါသေးတယ်။
ကျနော်တို့နိုင်ငံမှာဆိုရင်လည်း ၁၉၆၉ ခုနှစ် ကျွန်းဆွယ်အားကစားပွဲမှာ လက်ဝှေ့ပွဲနေရာမလောက်တာကနေ ကျွန်းဆွယ်အရေးအခင်းဆိုတာကြီး ဖြစ်ပေါ်ခဲ့တယ် မဟုတ်လား။ နောက်ပြီးဗျာ၊ မြို့တွေ ရွာတွေက ဘော့လုံးပွဲတွေမှာ လည်း ရန်ဖြစ်လိုက်ကြတာ တခြိမ်းခြိမ်းပါ။ ဗမာပြည်မှာ အသင်းတွေဘာတွေထဲပါပြီး တကယ် ဘော့လုံးကစားဖူးသူ မှန်သမျှ သူတို့ ဘော့လုံးသက်တမ်းအတွင်းမှာ (ရန်ဖြစ်တဲ့အထဲမှာ ကိုယ်တိုင်မပါရင်တောင်မှ) နှစ်ဘက်ရန်ဖြစ်တဲ့၊ ဘေးက ပရိသတ်တွေပါပါလာတဲ့ အတွေ့အကြုံတွေ အများကြီး ပြောပြနိုင်ပါတယ်။ အထက်က ကျွန်းဆွယ်အရေးအခင်း နဲ့ အချိန်မတိမ်းမယိမ်းမှာပဲ မန္တလေးမှာကျင်းပတဲ့ တိုင်းဘော့လုံးတပွဲမှာ မကျေနပ်တဲ့ပရိတ်သတ်က ခုံတွေကိုချိုး၊ ဖျက်ဆီးတာတွေရှိလို့ မန္တလေးတိုင်းအသင်းကိုပါ တနှစ်ပယ်လိုက်တာ ကျနော် မှတ်မိနေပါတယ်။
ဒါထက် ကျနော် ဒီလိုရေးလို့ ဒီလိုရန်ဖြစ်တာ ကောင်းတယ်လို့ဆိုလိုတာ မဟုတ်ဘူးနော်။ ဘော့လုံးပွဲနဲ့ရန်ပွဲ မခွဲနိုင်တာကို ပြောတာ။ ဘောလုံးပွဲယဉ်ကျေးမှုရဲ့ အစိပ်အပိုင်းတခုလို့တောင် ပြောရင်ရမလားပဲ။
ဒါနဲ့များ ဒီကိစ္စကို ဒါလောက်ရေးကြီးခွန်းကျလုပ်နေကြတာလဲ။ လူမျိုးပါကိုင်တုပ်နေကြတာလဲ။ ကျနော် စဉ်းစားမိတာတွေကို အောက်မှာဝေမျှလိုက်တယ်ဗျာ။
နံပတ်တစ်အချက်ကတော့ ဒီအဖြစ်အပျက်ဟာ သူတို့ရဲ့မင်းနေပြည်မှာဖြစ်တာမို့ပဲဗျ။ ဒီလို ထီးရိပ်နန်းရိပ်မှာဖြစ်ရ သလား၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူနေတဲ့ ရွှေမြို့တော်မှာမှ ဖြစ်ရသလားဆိုပြီး ရွှေဘောတော်မကျ၊ ရှက်ရမ်းရမ်းတာ ဖြစ်တယ်။
နံပတ်နှစ်အချက်က အဲဒီနဲ့တဆက်ထဲ လူထုမကျေနပ်မှုတွေ၊ ပေါက်ကွဲတာတွေဖြစ်လာမှာကိုစိုးတာပဲဗျ။ ပြောရရင် အထက်မှာပြောခဲ့တဲ့ ကျွန်းဆွယ်အရေးအခင်းလိုဟာတွေ သူတို့ရဲ့မင်းနေပြည်တော်မှာဖြစ်လာမှာစိုးတာပဲ။ ဘယ့်နှယ် ဒါတွေကိုကြောက်လို့ ပြောင်းလာပါတယ်ဆိုပါမှ လာဖြစ်နေပြန်ပြီလို့ တွေးမိတာဖြစ်မှာ။ မှန်တာပြောရရင် အခုအခါမှာ ဒီ အစိုးရဟာ သူတို့ကိုယ်တိုင်ဖန်တီးတဲ့ လူမျိုးရေး ဘာသာရေးအရေးအခင်းတွေကလွဲရင် တိုင်းပြည်မှာဘယ်သူ့ကိုမှ လမ်းပေါ်တက်ဆန္ဒပြစေချင်တာ မဟုတ်ဘူးဗျ။ လမ်းပေါ်တက်တယ်ဆိုရင် တွေ့ကရာပုဒ်မနဲ့ တရားစွဲတော့တာပဲ မဟုတ်လား။ နောက်ပြီး သူတို့ရဲ့အလိုတော်ရိတွေကိုလည်း လမ်းပေါ်တက်တာမကောင်းကြောင်း သဘောတရားတွေ ထူထောင်၊ ဟောပြောခိုင်းနေတာပဲ မဟုတ်လား။
တတိယအချက်ကတော့ မကြာမီကျင်းပတော့မယ့် ကျွန်းဆွယ်ပွဲအတွက် သူတို့စိုးရိမ်တာပါပဲ။ လူထုဆန့်ကျင်မှု ထမင်းလုံးတစ္ဆေအခြောက်ခံနေရတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အဖြစ်ပဲဗျ။
သူတို့နားမလည်နိုင်တဲ့အချက်၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုလှည့်စားပြီး မသိချင်ဟန်ဆောင်နေတဲ့ အချက်တခုက ဒီနေ့လို ဗမာပြည်သားတွေရဲ့ ရာခိုင်နှုန်း ၉၀ လောက်ရှိတဲ့ အလတ်တန်းစားနဲ့ ဆင်းရဲသားပြည်သူတွေ ဆင်းရဲကြပ်တည်း နေသမျှ မကျေနပ်မှုတွေ ပေါက်ကွဲထွက်လာတယ်ဆိုတာ နေရာတကာမှာ ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ပဲဗျ။ ဘော့လုံးပွဲ မပြောနဲ့ လက်ဖက်ရည်ဆိုင်ထဲမှာ သီချင်းဖွင့်တဲ့ကိစ္စလေးကနေ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပေါ်လာတာကိုပဲ ပြန်စဉ်းစားကြည့်ပါ။
ကျနော်ကတော့ သက်ဆိုင်ရာတာဝန်ရှိသူကြီးများကို ဖြစ်လာပြီဆိုရင် ထန်းလက်နဲ့ကာဖို့ မကြိုးစားကြပါနဲ့လို့ပဲ ပြောချင်ပါတယ် ကိုဟိုဒင်းရေ။
ဘယာဘေးကွာဝေးကြပါစေ
ယာတော်ကသာဗြော
No comments:
Post a Comment