Friday, August 30, 2013

ထောင် (၂)

ဒီမှာ
ဒီမှာ ... ဟေ့
အုပ်ရိုးလေးဖက်ထဲမှာ
ကိုယ်ပိုင်လက်ခုပ်သံများ မရှိပါ
လူထုထောက်ခံပွဲများမရှိပါ။

အရောင်းမြှင့်တင်ပွဲကြီးတွေမှာသုံးတဲ့
နောက်ဆုံးပေါ်
ကိစ္စ ဝိစ္စများလဲ မရှိပါ။

မိတ်ဆွေဆိုတာ
ရွေးချယ်စရာ စက်ကရိယာမလိုခဲ့တာ
သေသေချာချာ သိခဲ့တဲ့အရပ်။

အထပ်ထပ်အခါခါ
ပွတ်သပ်ရှာဖွေထားတဲ့
စည်းကမ်းတွေနဲ့
ဖရိုက်မျိုးစုံရှိတယ်။

လွတ်သွားသူတွေရှိတယ်
ကျလာသူတွေရှိတယ်
ရဲဘော်ရဲဘက်နဲ့တူတဲ့ သူငယ်ချင်းတွေရှိတယ်
သူငယ်ချင်းနဲ့တူတဲ့ ရဲဘော်ရဲဘက်တွေရှိတယ်။

ရယ်စရာနဲနဲရှိပြီး
မောစရာများများရှိတယ်
လွမ်းစရာတွေကို နာစရာတွေနဲ့
လုံးထွေးထားရတာရှိတယ်။

ကိုယ်ရေသွေးတီးလုံးတွေရှိတယ်
မြက်မစားတဲ့ ခြင်္သေ့တွေရှိတယ်
လွမ်းလောက်သူတွေရှိတယ်
အလံမျိုးစုံလဲရှိခဲ့တယ်
သမိုင်းကို ဘယ်သူမှ အတုလုပ်လို့မရဘူး။

အိပ်ရေးပျက်လောက်အောင် ခြေသံပြင်းတဲ့ သောကရေ..
ကိုယ့်စိတ်ကူးနဲ့ ကိုယ့်ကိုမျှားတဲ့ လရောင်လေးရေ..
ကိုယ့်မိန်းမ ကိုယ်ပြန်ပိုးရတဲ့ တနင်္ဂနွေရေ.. ။

ထောင်ဆိုတာ
ကိုယ်သောက်သုံးဖူးတဲ့ တူးအင်ဝမ်း
လ္ဘက်ရည်တွေထဲမှာ အခါးရည်အများဆုံးပါတဲ့ ခွက်
သွန်ပစ်ဖို့လဲ ခက်တယ်။

သွေးဆုံးကိုင်နေတဲ့ ခေတ်ကြီးထဲ
ဉာဏ်ပညာတွေ
ဥတုသုံးပါးလုံး ဝေဆာနေပေမယ့်
ခံစားမှုတွေ မြက်လိုထူထပ်လှတဲ့
ဟောဒီအရပ်မှာ
ပစ္စုပ္ပန်ကို ယုယဖို့
ဒီကဗျာကို ရေးချလိုက်တယ်။

တိုးသစ်

No comments: