နတ်သံနဲ့
ရီမစ်လုပ်ထားတဲ့
စစ်ချီသီချင်းနဲ့စဖွင့်တယ်
မြင်ကွင်းက
လက်ဖျံရိုးထဲက ဖောက်ထွက်လာတဲ့
လောက်တကောင်နဲ့စဖွင့်တယ်
မြင်ကွင်းက
မင်းနန္ဒာကြိမ်လုံးသံကြားရင်
ချစ်သူ့ရင်ခွင်ထဲကတောင်
အလန့်တကြားနိုးထ
အရှင့်ခြေတော်ရင်းဆီဦးခိုက်ဖို့
ငမိုးရိပ်ရဲ့သစ္စာစောင့်သိမှုနဲ့စ
၈၈ မိုင်ရှုခင်းမှာ
ခံစစ်ကုန်းတွေတလုံးပြီးတလုံး
အပေါင်ဆုံးလို့
၈၈ မိုင်ရှုခင်းမှာ
နာယကပလ္လင်ထက်
အောင်နက်တောင် နတ်လမ်းဂွေ့ခ်ျနဲ့ဟောင်လို့
၈၈ မိုင်ရှုခင်းမှာ
ကွင်းပြင်ထဲ
ငြိမ်းချမ်းရေးဠင်းတတွေဝဲလို့
၈၈ မိုင်ရှုခင်းမှာ
ကျီးကန်းတအုပ်
ခွေးသေကောင်ပုပ်ကို
ရေစုန်မှာဖောင်လုပ်စီးလို့
၈၈ မိုင်ရှုခင်းမှာ
ရန်သူက ဝါရှင်တန်ဒီစီအထိ တက်သိမ်းထားပြီး
သူရဲကောင်းတွေက ကမ္ဘာလှည့်လို့
သူတော်ကောင်းတွေက ရွှေတိဂုံဘုရားဖူးထွက်လို့
၈၈ မိုင်ရှုခင် တောင်ကွယ်နေစွယ်ချိန် တိမ်အိုတိမ်မင်းတွေ
လူသတ်ကုန်းကို ပြခန်းစောင့်လုပ်လို့
ဂျော့ဆိုးရောစ်နဲ့သားများကုမ္ပဏီ
သုမနကျောက အရေပြားကို
တလက်မချင်း လှီးဖြတ်
ဆယ်လီဗျစ်တီတွေက လက်မှတ်ထိုးရောင်းလို့
ဆိုင်းသံဗုံသံတွေအောက်မှာ
အတိတ်ကို လူသတ်အလောင်းဖျောက်လို့
ပစ္စုပ္ပန်ငရဲပျက်ကို တိတ်တိတ်ပုန်းကိုယ်ဝန်ဖျက်လို့
အနာဂတ်ကို လက်ပြန်ကြိုးတုပ်
အနောက်မုခ်ကထုတ်လို့
၈၈ မိုင်ရှုခင်းကနေ
တပ်တော်ဦးဆီမျှော်ကြည့်တော့
ဖက်ဆစ်တော်လှန်ရေးသမားတွေကနေ
ဖက်ဆစ်တပ်မတော်ကြီး
အများပြည်သူသဘောမတူ
အမိန့်အာဏာဟူသမျှ ဖီဆန်ကြကနေ
မီးလောင်ဗုံးမဟုတ်ဘူး မီးခုံးဗုံး
၈၈ မိုင်ရှုခင်းကနေ
တပ်တော်ဦးဆီမျှော်ကြည့်တော့
မျှော်ရလှချည်လား
ညောင်ရမ်းမင်းမှသည်
ဒေါ်အောင်ဆန်းစုကြည်
မျှော်ရလှချည်လား
ရေနန်းယာဉ်သာသင်္ဘော ပြီးတော့
စကြာဝတေးဘုရင်ရဲ့ဗုံးကြဲလေယာဉ်
မျှော်ရလှချည်လား
၁၉ ၉ ၀မှသည်
၂၀၁၅
မျှော်ရလှချည်လား
စုတ်ဖြဲထားတဲ့ လက်ထပ်စာချုပ်တစောင်လို
ကျကွဲသွားတဲ့ထွေးခံတလုံးလို
အစိတ်စိတ်အမွှာမွှာ
၈၈ မိုင်ရှုခင်းရဲ့အနာတရမြေပုံကို
တစချင်းဆက်စပ်ကြည့်မိတော့
သမိုင်းပါမက
ပထဝီဝင်ပါကွေးလို့
သစ်ကောင်းအိမ်
(၃ သြဂတ်စ် ၂၀၁၃)
No comments:
Post a Comment