Sunday, September 15, 2013

ခရစ္စတီးကျွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် အပြစ်မဲ့ အရပ်သူအရပ်သားများကို စုပြုံသတ်ခဲ့မှု

၁၉၉၈ ခုနှစ် မေလအတွင်း ခရစ္စတီးကျွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် အပြစ်မဲ့ အရပ်သူအရပ်သားများကို သတ်မိန့်ပေးခဲ့မှုကို ဘာအတွက်ကြောင့် အသတ်ခံခဲ့ရသည်ကိုမသိရှိဘဲ သေသွားခဲ့ရသော မွေးကင်းစ ခလေးငယ်လေးအပါဝင်ခလေး(၃)ဦး နှင့် အမျိုးသမီးများအပါအ၀င် လူစုစုပေါင်း (၈၁)ဦး ၏ ကိုယ်စား ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရမှု
အဖြစ်မှန်ကို တင်ပြလိုပါသည်။

၁၉၉၈ ခုနှစ် ဧပြီလ ဒုတိယအပတ်တွင် အိန္ဒိယ တပ်မတော်၏ သတင်းပေးချက်အရ မြန်မာရေပိုင်နက် ကော့သောင်မြို့၏အနောက်ဘက် ဇာဒတ်ကြီးရေတပ်စခန်း၏ တောင်ဘက် (အထက်ပါပုံ) ထိုင်း မြန်မာ ရေပြင် နယ်နမိတ်အနီး ခရစ္စတီးကျွန်း ဧရိယာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး တခုကို မေလအကုန်ထိ ပြုလုပ်ခဲ့ပါသည်။

အိန္ဒိယ တပ်မတော်မှပေးသည့် သတင်းမှာ တိုင်းရင်းသားလက်နက်ကိုင် ရခိုင်တပ်မတော်၊ ကေအင်ယူ အဖွဲ့များသည် အိန္ဒိယအစိုးရအားဆန့်ကျင်နေသော သူပုန်များကိုရောင်းချရန် လက်နက်မှောင်ခိုများထံမှ ၀ယ်ယူခဲ့သော လက်နက်ကြီးငယ် အများအပြားကို ခရစ္စတီးကျွန်း ဧရိယာတွင် ၀ှက်ထားကြောင်း သတင်းပေးခဲ့ပါသည်။ အဆိုပါ သတင်းအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မှ အောက်ပါ စစ်ဆင်ရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။

စစ်ဆင်ရေးဗဟိုကွပ်ကဲရေးအဖွဲ့

စစ်ဆင်ရေးဗဟိုကွပ်ကဲမှုအဖွဲ့ သည် ဇာဒတ်ကြီးကျွန်း ရေတပ်စခန်းတွင် အခြေပြု ပြီးစစ်ဆင်ရေးကို ကွပ်ကဲခဲ့ပါသည်။
၁။ ဗိုလ်မှူးချုပ်(ယာယီ) ကြည်မင်း (ရေ) (အဖွဲ့ခေါင်းဆောင်) စစ်ဦးစီးအရာရှိချုပ်(ရေ)
(နောင် ဒုတိယဗိုလ်ချုပ်ကြီး ကာကွယ်ရေးဦးစီးချုပ် (ရေ) ၊ လက်ရှိ ထားဝယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
၂။ ဗိုလ်မှူးချုပ်(ယာယီ) မြင့်ဆွေ (လေ) (အဖွဲ့ဝင်) စစ်ဦးစီးအရာရှိချုပ် (လေ)
(နောင်ဗိုလ်ချုပ်ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ဥိးနေ၀င်း၏မြေးများအာဏာသိမ်းအမှုနှင့်ပတ်သက်၍အဖြုတ်ခံရ)
၃။ ဗိုလ်မှူးချုပ်(ယာယီ) မြင့်အောင် (ကြည်း) (အဖွဲ့ဝင်) အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှူး (ဘုတ်ပြင်း)
(နောင် တပ်မ (၂၂) တပ်မမှူး၊ အရှေ့တောင်တိုင်း တိုင်းမှူး၊ အနောက်တောင်တိုင်း တိုင်းမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး စစ်ရေးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မှ နှုတ်ဖြင့်လျာထားခံရပြီးမှ ကာကွယ်ရေးဝန်ကြီးတာဝန်ပေးသည်ကို မကျေနပ်ပြီးအာခံခဲ့သောကြောင့် အဖြုတ်ခံရသူ)

ရှေ့တန်းစစ်ဆင်ရေးကွပ်ကဲရေးအဖွဲ့

ရှေ့တန်းစစ်ဆင်ရေးတာဝန် အဖြစ် ခရစ္စတီးကျွန်းတွင် အောက်ပါ အရာရှိများတာဝန်ထမ်းဆောင်ခဲ့ပါသည်။
၁။ ဗိုလ်မှူးကြီးဇော်မင်း (ကြည်း) (တာဝန်ခံ) စစ်ဗျူဟာမှူး၊ ကော့သောင်အခြေချစစ်ဗျူဟာအဖွဲ့
(နောင် မကွေးတိုင်း နအဖ ဥက္ကဋ္ဌ ၊ သမ၀ါယမ ၀န်ကြီး နှင့် ပြည်ခိုင်ဖြိုးအသင်းတွဲဘက်အတွင်းရေးမှူး ၊ လျှပ်စစ်(၁) ၀န်ကြီး)
၂။ ဒုတိယဗိုလ်မှူးကြီးစိုးတင် တပ်ရင်းမှူး အမှတ်(၂၆၂) ခြေလျင်တပ်ရင်း ကော့သောင်မြို့။ (နောင် စက်မှု (၁) ညွှန်ကြားရေးမှူး)
၃။ ဒုတိယဗိုလ်မှူးကြီးဝင်းဆွေ တပ်ရင်းမှူး အမှတ်(၄၀၃ သို့မဟုတ် ၄၀၄ ) ခြေလျင်တပ်ရင်း ။ (နောင် ဗိုလ်မှူးကြီး နည်းဗျူဟာမှူး)
၎။ တပ်မတော် (ရေ) စစ်ရေယာဉ်မှူးများ
၅။ ဗိုလ်မှူးမြင့်ဦး တပ်မှူး အမှတ် (၁၉) ထောက်လှမ်းရေးတပ် မြိတ်မြို့။ (နောင် ထောက်လှမ်းရေး (၁) တပ်မှူး မန္တလေး နှင့် လက်ရှိ အကျဉ်းကျခံနေရဆဲ ဟုယူဆရ)
ဦးစီးအရာရှိအဖွဲ့များ
ဗဟိုအဖွဲ့နှင့်အတူဇာဒတ်ကြီးကျွန်းတွင် အခြေပြုခဲ့ပါသည်။အောက်ပါအရာရှိများအနီးကပ်တာဝန်ထမ်းဆောင်ခဲ့ ပါသည်။
၁။ ဗိုလ်မှူးတင့်ဆန်း၊ စစ်ဦးစီးမှူး (ဒုတိယတန်း) ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးဌာနခွဲ (နောင် ဗိုလ်မှူးကြီး နှင့် လက်ရှိ ပြည်သူ့လွှတ်တော် တပ်မတော်ကိုယ်စားလှယ်)
၂။ ဗိုလ်မှူးမောင်မောင်လတ် (ရေ)၊ စစ်ဦးစီးမှူး(ဒုတိယတန်း) ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) စစ်ဆင်ရေးဌာနခွဲ
၃။ဗိုလ်မှူးမောင်မောင်သန်း(လေ)၊ စစ်ဦးစီးမှူး(ဒုတိယတန်း) ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) စစ်ဆင်ရေးဌာနခွဲ (လက်ရှိ ဦးတေဇ ၏ ရဟတ်ယာဉ် ကိုမောင်းစဉ်ပျက်ကျပြီး ခြေထောက်ပြတ်သွားခဲ့)
၎။ ဗိုလ်မှူးဝင်းမော် သို့မဟုတ် ထွန်းဦး၊ စစ်ဦးစီးမှူး(ဒုတိယတန်း) အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ ၊ ဘုတ်ပြင်းမြို့
၅။ ဗိုလ်မှူးအောင်လင်းထွဋ်၊ စစ်ဦးစီးမှူး(ဒုတိယတန်း) တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရုံး (စာရေးသူ)
၆။ ဒုဗိုလ်မှူးကြီးမောင်မောင်သစ် (ရေ) ဇာဒတ်ကြီးရေတပ်စခန်းမှူး
ရ။ တပ်မတော် (လေ) ရဟတ်ယာဉ်မှူးများ

စစ်ဆင်ရေးစတင်၍၀င်ရောက်ချိန်တွင်တပ်မတော်ကြည်းစစ်သည်များသည်ခရစ္စတီးကျွန်းနှင့် ပတ်ဝန်းကျင်ကျွန်း များကိုဖြန့်ခွဲရှင်းခဲ့ရာ လက်နက်ကိုင် (၄) ဦးနှင့်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ၀ှက်ထားသောလက်နက် (၄၀) ကျော် ကို အလောင်းများနှင့်အတူ သိမ်းဆီးရမိခဲ့ပါသည်။ တစ်ပြိုင်တည်းမှာပင် ကော့သောင်အနီး ရွာများမှ ထင်းခုတ်ပြီး အသက်မွေးဝမ်းကြောင်းရှာစားနေသော မိသားစုများကို မသင်္ကာမှုဖြင့် ခရစ္စတီးကျွန်း ဗိုလ်မှူးကြီးဇော်မင်း (ကြည်း) ကွပ်ကဲမှုရုံးသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပါသည်။ ဖမ်းဆီးခေါ်ဆောင်လာ သူမိသားစုများတွင် မွေးကင်းစခလေးငယ်နှင့်မိခင်၊ အသက် ၃/၄ နှစ်အရွယ်ခလေး ၂ ဦး နှင့် အမျိုးသမီးများအပါဝင် အရပ်သား(၅၉)ဥိးဖြစ်ပါသည်။ ၎င်းတို့အားစစ်ဆေးမေးမြန်းချက်အရ လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်မှုမရှိဘဲ နှစ်ပေါင်းကာလများစွာကတည်းက ထင်းခုတ်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြု နေထိုင်စားသောက်ရသော ဆင်းရဲသားများဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ ထို့ကြောင့် စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ အနေဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း မပြုဘဲ ခရစ္စတီးကျွန်းတွင် ဆက်လက်နေထိုင်ခွင့်ပြုပြီး ခွင့်ပြုချက်မရဘဲ ကျွန်းမှထွက်မသွားရန်သာ ဗိုလ်မှူးကြီးဇော်မင်း (ကြည်း) (တာဝန်ခံ) စစ်ဗျူဟာမှူး၊ ကော့သောင်အခြေချစစ်ဗျူဟာအဖွဲ့အား ညွှန်ကြားခဲ့ပါသည်။

စာရေးသူသည် ဗဟိုကွပ်ကဲရေးအဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းခရစ္စတီးကျွန်းကို (၂) ကြိမ် သွားရောက် စစ်ဆေးစဉ်အချိန်တွင်လဲ အဆိုပါခလေးငယ်များနှင့် အရပ်သားများကိုတွေ့မြင်ခဲ့ဖူးပြီး ပါသွားသော မုန့်များကိုပင် ခလေးများသို့ပေးခဲ့ကြပါသည်။ ဗဟိုကွပ်ကဲရေးအဖွဲ့ အနေဖြင့် စစ်ဆင်ရေးအခြေအနေများ ဖမ်းဆီးခေါ်ဆောင်လာ သူမိသားစုများတွင် မွေးကင်းစခလေးငယ်နှင့်မိခင်၊ အသက် ၃/၄ နှစ်အရွယ်ခလေး ၂ ဦး နှင့် အမျိုးသမီး များအပါဝင် (၅၉)ဥိးကိစ္စ ကို ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရုံးမှ စစ်ဦးစီး(ဗိုလ်မှူးချုပ်) ဗိုလ်မှူးချုပ်မြင့်ဆွေ( နောင် အရှေ့တောင်တိုင်း တိုင်းမှူး၊ ရန်ကုန်တိုင်း တိုင်းမှူး၊ ကာကွယ်ရေးစစ်ဆင်ရေး အထူးအဖွဲ့မှူး(ရန်ကုန်တိုင်း) ၊ လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ်) မှတစ်ဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံအစီရင်ခံတင်ပြခဲ့ကြပါသည်။

ဗဟိုကွပ်ကဲရေးအဖွဲ့ ကြည်း၊ ရေ၊ လေ ခေါင်းဆောင်များအနေဖြင့်လည်း အဆိုပါအပြစ်မဲ့အရပ်သူအရပ်သားများကို ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးရလိမ့်ဟုထင်မြင်ခဲ့ကြပါသည်။ သို့သော် (၁) လ ကျော်ကြာမှ မေလ ၏ ညတစ်ည (၉) နာရီခန့်တွင် ကက (ကြည်း) မှ ညွှန်ကြားချက်အမိန့် ကြေးနန်း တစောင် စစ်ဆင်ရေးဗဟိုကွပ်ကဲရေးအဖွဲ့သို့ ပေးပို့ခဲ့ပါသည်။ အဆိုပါ ကြေးနန်း ရရခြင်း အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်(ယာယီ) ကြည်မင်း (ရေ)သည် ဇာဒတ်ကြီးရေတပ်စခန်းရုံးခမ်းမတွင် အဖွဲ့ဝင်များနှင့်ဦးစီးအရာရှိများ ကိုခေါ်၍ ကြေးနန်းအကြောင်းအရာကိုရှင်းပြခဲ့ပါသည်။ စာပါအကြောင်းအရာမှာ ထိန်းသိမ်းထားသော အရပ်သားအားလုံးကို ရထားပုလဲ (ရှင်းပစ်) (သတ်ပစ်) ရန် ဖြစ်ပါသည်။ ဗိုလ်မှူးချုပ် (ယာယီ) မြင့်အောင် (ကြည်း) မှအပ ကျန် ရေနှင့်လေ ဗိုလ်ချုပ်များအတော်တုံလှုပ်သွားကြပါသည်။ အထူးသဖြင့် ဗိုလ်မှူးချုပ် (ယာယီ) မြင့်ဆွေ (လေ) (အဖွဲ့ဝင်) စစ်ဦးစီးအရာရှိချုပ် (လေ) သည် စိတ်ပုတီးကိုင်လျက်သားနှင့် အပစ်မဲ့ခလေးငယ်များနှင့်အရပ်သားများကို ထပ်ဆင့်သတ်မိန့်ပေးရမည့် အခြေအနေမျိုးဖြစ်၍နေပါသည်။

ထိုကြောင့် ကြေးနန်းပါအမိန့်နှင့်ပတ်သက်၍ ဗိုလ်မှူးချုပ် (ယာယီ) မြင့်အောင် မှ အမိန့်အတိုင်းလုပ်ရန်ပြောသော လည်းကျန် ဗိုလ်ချုပ်များမှ ညအချိန် ဗိုလ်ချုပ်ကြီးမောင်အေး အရက်မူးမူးနှင့် အမိန့်ပေးတာဖြစ်နိုင်သောကြောင့် နောက်တနေ့နံနက်တွင် ကြေးနန်းပါအမိန့်နှင့်ပတ်သက်၍ အတည်ပြုနိုင်ရန် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် (ယာယီ) ကြည်မင်း (ရေ) မှ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံးမှ စစ်ဦးစီး (ဗိုလ်မှူးချုပ်) ဗိုလ်မှူးချုပ်မြင့်ဆွေ ကို စက်နှင့်စကားပြောပြီး မေးမြန်းရန် ဆုံးဖြတ်ခဲ့ကြပါသည်။

နောက်တစ်နေ့နံနက် (၉) နာရီ ခန့်တွင် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်(ယာယီ) ကြည်မင်း (ရေ) နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံးမှ စစ်ဦးစီး (ဗိုလ်မှူးချုပ်) ဗိုလ်မှူးချုပ်မြင့်ဆွေ ကို စက်နှင့်စကားပြောပြီးနောက် “အဘကြီးထံကလာသော အမိန့်” ဖြစ်သည် ဗိုလ်ချုပ်ကြီးမောင်အေး အရက်မူးမူးနှင့် အမိန့်ပေးတာမဟုတ် ဆက်လက်ဆောင်ရွက်ရန်သာ ညွှန်ကြားခဲ့သည်ဟု သိရပါသည်။ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို အဘကြီး ဟုခေါ်ပါသည်။ နေ့တွင်းချင်းမှာပင် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် (ယာယီ) ကြည်မင်း (ရေ) သည် ခရစ္စတီးကျွန်းရှိ ရှေ့တန်းစစ်ဆင်ရေးတာဝန်ခံ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်း (ကြည်း) ကို မွေးကင်းစခလေးငယ်နှင့်မိခင်၊ အသက် ၃/၄ နှစ်အရွယ်ခလေး ၂ ဦးနှင့် အမျိုးသမီး များအပါဝင် အရပ်သား (၅၉) ဦးကို ရှင်းပစ်ရန် ထပ်ဆင့်အမိန့်ပေးခဲ့ပါသည်။

ဗိုလ်မှူးကြီးဇော်မင်း သည် အမိန့်ရလျှင်ရချင်း ရှေ့တန်းကွပ်ကဲရေးအဖွဲ့ဝင်များကိုခေါ်၍ အားလုံးကိုသတ်ပစ်ရန် ခြေလျင်တပ်ရင်းမှူး ၂ ဦးအား ဆက်လက်အမိန့်ပေးခဲ့ပါသည်။ နောက်တနေ့တွင် တပ်ရင်းမှူး ၂ ဦးမှ တာဝန် ပေးထားသော အရာရှိ စစ်သည်များသည် ခလေး၊ မိန်းမပါမကျန် အပစ်မဲ့အရပ်သား ၅၉ ဦးစလုံးကို ပင်လယ် သောင်ပြင်စပ်သို့ လှည့်ဖျားခေါ်လာပြီး တန်းစီထိုင်ခိုင်ပြီး ရုတ်တရက် သေနတ်များဖြင့် အတွဲလိုက် မသေမချင်း ပစ်သတ်ခဲ့ပြီးနောက် သောင်ပြင်တွင် အလောင်းများကိုမြုပ်နှံခဲ့ကြပါသည်။ (စာရေးသူ သတင်းရသည်ကတော့ အဆိုပါအလောင်းအရိုးစုများကို ၂၀၀၈ ခုနှစ် စာရေးသူ VOA နှင့် Interview ပြုလုပ်ပြီးနောက် ချက်ချင်းဆိုသလို ဖျောက်ဖျက်ပစ်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မှ အမိန့်ပေးခဲ့သည်ဟု သိရပါသည်။ စစ်သည်များကိုအရပ်ဝတ်ဖြင့် ခရစ္စတီးကျွန်းသို့စေလွှတ်ပြီး အလောင်းများကိုဖျောက်ဖျက်ပစ်ခဲ့ကြောင်း ခိုင်လုံသော သတင်းရရှိခဲ့ပါသည်။)
ကျွန်းပေါ်ရှိအရပ်သားများကိုသတ်ပြီး မကြာခင် ၄/၅ ရက်ခန့်တွင် ဗိုလ်မှူးကြီးဇော်မင်း ၏ကွပ်ကဲမှုအောက်ရှိ ရှေ့တန်း စစ်ရေယာဉ် ၄၄၃ - ၄၄၅ (တရုတ်နိုင်ငံလုပ်ကမ်းခြေစောင့်သင်္ဘော) မှ ရခိုင်ဘက်မှလာသော တရားဝင် မှတ်ပုံတင်ထာသော ငါးဖမ်းစက်လှေတစ်စီးကို စစ်ဆင်ရေး နယ်မြေအတွင်းဝင်ရောက်လာ၍ ထိုင်း၊ မြန်မာလှေသား (၂၂) ဦးနှင့်အတူ ဖမ်းဆီးခဲ့ပါသည်။ စစ်ဆေးမေးမြန်းချက်အရ တရားဝင် မှတ်ပုံတင်ထာသော ထိုင်းငါးဖမ်းစက်လှေ သည်ဖမ်းမိလာသော ငါးများကို ထိုင်းနိုင်ငံ ရနောင်းမြို့ပို့ရန် ယခင်သွားနေကြ  လမ်းကြောင်းအတိုင်းသွားခြင်းဖြစ်ကြောင်း စစ်ဆင်ရေး လုပ်နေမှန်းလည်း ၎င်းတို့မသိကြောင်း သိရပါသည်။ စစ်ဆေးမေးမြန်းချက် အစီရင်ခံစာကို ကကကြည်းသို့ ဆက်လက်တင်ပြရာတွင် ယခင် အရပ်သားများအတိုင်းရှင်းပစ်ရန် အမိန့်ပေးခဲ့ပါသည်။

စစ်ဆင်ရေးဗဟိုကွပ်ကဲမှုမှ ဗိုလ်မှူးကြီးဇော်မင်း ကို ဆက်လက်ညွှန်ကြားခဲ့ပြီး ဗိုလ်မှူးကြီးဇော်မင်းမှ ၎င်းစက်လှေနှင့် လှေသားများကို လက်စဖျောက်ပစ်ရန် စစ်ရေယာဉ်မှူး အားအမိန့်ပေးခဲ့ပါသည်။ စစ်ရေယာဉ်မှူးသည် ရေတပ်စစ်သည်များကို လှေသားများအား သေနတ်နှင့်ပစ်သတ်ခိုင်းပြီး လှေကိုမီးရှို့ပြီး ပင်လယ်တွင်းမြုပ်ပစ်ရန် အမိန့်ပေးခဲ့ပါသည်။ စက်လှေသည်မီးလောင်ပြီး တပတ်ခန့်ကြာမှ ပင်လယ်တွင်မြုပ်သွားခဲ့ပါသည်။

စာရေးသူအနေဖြင့် ထိုစဉ်ကဖြစ်ပျက်ခဲ့သောဖြစ်စဉ်များကို မတားဆီးနိုင်ခဲ့၍လည်း ကိုယ်ကိုကိုယ်အပစ်တင်နေ မိခဲ့သည်။ သတ်ချင်ဖြတ်ချင်သရဲစီးနေသော ဗိုလ်မှူးချုပ် (ယာယီ) မြင့်အောင် (ကြည်း) ၊ ဗိုလ်မှူးကြီးဇော်မင်း တို့လို လက်မရွံ့လူသတ်သမားများကို မလှန်နိုင်၍ ရေ၊ လေ ဗိုလ်ချုပ်များပင်ငြိမ်နေကြ၍ စာရေးသူလိုအရေးမပါ သူတဦးအနေဖြင့် မလှန်နိုင်ခဲ့ပါ။ သို့သော် စာရေးသူအနေဖြင့်လည်း ဒီအဖွဲ့ထဲပါနေ၍ အပစ်မကင်းပါ။ ဘာမျှမတတ်နိုင်ခဲ့ပါ။ စစ်ရုံးချုပ်ပြန်ရောက်တော့ ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူးမြင့်ဦး လျှို့ဝှက်ရိုက်ထားသည့် အရပ်သားတွေကိုသတ်သည့် ဓါတ်ပုံတွေကိုင်ပြီး နေ့စဉ်ထောက်လှမ်းရေး ညှိနှိုင်းအစည်းအဝေးမှာ ခရစ္စတီးကျွန်း လူသတ်ပွဲကို ဗိုလ်ချုပ်ကြီးခင်ညွန့်ကို တင်ပြခဲ့သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့် က ဘာမှတ်ချက်မှ မပေးဘူးဘေးနားက ဌာနမှူးကြီးက လက်ကုတ်လို့ပြောချင်တာတွေ ကုန်အောင်မတင်ပြလိုက်ရပါ။

စာရေးသူ၏စိတ်ထဲတွင် ငါတနေ့နေ့လုပ်ပေးနိုင်ရင် ခရစ္စတီးကျွန်းတွင် အပစ်မဲ့သေသွားကြရသော ခလေးလူကြီးများအတွက် အရိုးကပြန်တွန်အောင် တာဝန်ရှိသူတွေကို ပြန်အရေးယူနိုင်အောင် လုပ်ရမည် ဟုသံဓိဋ္ဌာန်ချထားပါသည်။ စာရေးသူအနေဖြင့် စစ်ရုံးချုပ်တွင် တာဝန်ထမ်းစဉ် အလားတူဖြစ်စဉ်များကို ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့တွင် ထောက်လှမ်းရေးသတင်းများ ရရှိခဲ့သော်လည်း တပ်မတော်သည် ဒီလောက်မဆိုးလောက်ပါဘူး ချဲ့ကားပြောနေသည်ဟု ထင်မြင်မိခဲ့ပါသည်။ ကိုယ်တွေ့ကြုံရသောအခါမှပင် ဒီထက်တောင်ပိုဆိုးနေ သေးသည်ဟု မှတ်ချက်ပြုမိပါသည်။ စစ်ရုံးတွင် ထိုအချိန်က အချို့တိုင်းမှူးများပါးစပ်မှ ထွက်လာသော အရပ်သားတွေ ပြောတာခိုင်းတာမလုပ်ရင် “အစိပ်သားတောင်မချန်နဲ့” စကားကိုတကယ်ပဲ တပ်မတော်သည် ထိုစဉ်က အမှန်တကယ် ကျင့်သုံးနေမှန်း သိရတော့သည်။

ပွင့်ပွင့်လင်းလင်း ပြောရရင် ခရစ္စတီးကျွန်းစစ်ဆင်ရေးကပြန်လာပြီး နောက်စစ်တပ်ထဲနေချင်စိတ်မရှိတော့ဘူး။
လက်ရှိ မြန်မာ့တပ်မတော်အနေဖြင့် အတိတ်မှအမွေဆိုးများကို ပစ္စုပ္ပန်ကိုမယူလာဘို့ လိုပါသည်။ တိုင်းရင်းသား ပြည်သူတွေရဲ့ အားကိုးယုံကြည်ရသည့် စစ်တပ်ဖြစ်ဘို့ လိုပါသည်။
“တပ်မတော်သာအမိ တပ်မတော်သာအဖ” မဟုတ်ပါ
“ပြည်သူသာလျှင်အမိ ပြည်သူသာလျှင်အဖ” ဆိုတာ မမေ့ဘို့လိုပါသည်။

ဗိုလ်မှူး အောင်လင်းထွဋ်
၂၀၁၃ စက်တင်ဘာလ (၁၃) ရက်
ဝါရှင်တန်ဒီစီ မြို့

Ref: http://aunglynnhtut.blogspot.co.uk

No comments: