Saturday, September 14, 2013

စက်မှုဖွံ့ဖြိုးခြင်းနဲ့ တိုင်းပြည်ချမ်းသာခြင်း


နိုနနိုင်ငံတခုဟာ စက်မှုဖွံ့ဖြိုးတိုးတက်မှ ပိုမိုချမ်းသာကြွယ်ဝ လာနိုင်မယ်လို့ ဆိုပါတယ်။ ဒီအဆိုဟာ လက်တွေ့အားဖြင့်လည်း မှန်နေပါတယ်။ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတခုထဲကို အားထားနေယုံနဲ့ တိုင်းပြည်တခုဟာ ရုပ်ပိုင်းဆိုင်ရာအရ ကြိကြိတက် ချမ်းသာကြွယ်ဝ လာဖို့ဆိုတာ ခက်ခဲပါတယ်။ တဖက်မှာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာလောက်ကထဲက စက်မှုတော်လှန်ရေး အကျိုးဆက်ကြောင့် ချမ်းသာဖွံ့ဖြိုး လာခဲ့တဲ့ အနောက် နိုင်ငံများရှိနေသလို

နှစ်ဆယ်ရာစု နှစ်များအတွင်းမှာ စက်မှုဖွံ့ဖြိုးလာတာကြောင့် ချမ်းသာလာတဲ့ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ မလေးရှား၊ တရုတ်၊ ထိုင်းနိုင်ငံ စတဲ့ အရှေ့တိုင်း နိုင်ငံများလည်း ရှိနေကြပါတယ်။ ဒါကြောင့် ဆင်းရဲတဲ့ နိုင်ငံများဟာ ချမ်းသာကြွယ်ဝရေးအတွက် အဆိုပါနိုင်ငံများလို စက်မှုဖွံ့ဖြိုးလာဖို့ နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး ကြိုးစားလာကြပါတယ်။ မြန်မာနိုင်ငံဟာလည်း အခုအချိန်မှာ စက်မှုဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ကြိုးစားနေပါတယ်။ အဲဒါရဲ့ နောက်ဆက်တွဲ ကြိုးပမ်းမှုအဖြစ် တနင်္သာရီတိုင်းထဲက ထားဝယ်ဒေသမှာ အကြီးစားစက်မှုဇုံတခုနဲ့ ပင်လယ်ရေနက်ဆိပ်ကမ်းတခု တည်ဆောက်ဖို့ စိုင်းပြင်းနေတာကို ကြားသိရပါတယ်။ သီလဝါစက်မှုဇုံ တည်ဆောက်မယ်ဆိုတာကလည်း ဒီရည်ရွယ်ချက်ပါပဲ။ ပြောရရင် စက်မှုဇုံ မြို့တော်ကြီးတွေ တည်ဆောက်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ တွက်ချက်တိုင်းထွာ ကြည့်ရမယ့်ကဏ္ဍက ဘာလဲဆိုတော့ မြန်မာနိုင်ငံဟာ စက်မှုနိုင်ငံအဖြစ် တဟုန်ထိုး ပြောင်းလဲဖို့ အဆင်သင့် ဖြစ်ပြီလားဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ မိမိရဲ့နိုင်ငံဟာ စက်မှုနိုင်ငံအဖြစ် ပြောင်းလဲဖို့ ဘက်စုံထောင့်စုံ အဆင်သင့် မဖြစ်သေးရင် အဲသလို တည်ထောင်လိုက်တဲ့ စက်မှုလုပ်ငန်းတွေကနေ ရရှိလာမယ့် အကျိုးအမြတ်ကို တိုင်းသူပြည်သားအများစု ပြည့်ပြည့်ဝဝ ခံစားရဖို့ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံအတွင်းကို ဝင်လာမယ့် စက်မှုလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုတ်နှံမှုတွေဟာ ပြင်ပကပိုင်ဆိုင်တဲ့ ငွေတွေနဲ့ ပြင်ပကပိုင်ဆိုင်တဲ့ နည်းပညာတွေသာ ဖြစ်နေလို့ပါ။ ကိုယ့်ဘက်မှာက ဘာမှမရှိလေတော့ ကာယကံရှင်နိုင်ငံဟာ မြေငှားစားရတဲ့ အဆင့်မှာပဲ ရှိနေပါလိမ့်မယ်။

နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ အကြီးစား စက်မှုလုပ်ငန်းတွေက ရရှိလာတဲ့ အကျိုးစီးပွားနဲ့ သဘာဝပတ်ဝန်းကျင် ပျက်သုဉ်းတာ၊ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်လာတာဟာ မကာမိဘူး ဖြစ်နေမယ်ဆိုရင်လည်း ရေရှည်အတွက် ဆိုးကျိုးတွေကို သယ်ဆောင်လာပါလိမ့်မယ်။ ဒါနဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာ လက်ရှိမှာလည်း ဖြစ်နေတာတွေကို လေ့လာပြီး သင်ခန်းစာယူဖို့ တင်ပြလိုပါတယ်။

ထိုင်းနိုင်ငံမှာ "မဲ့တဖွတ်" လို့ ခေါ်တဲ့ အကြီးစားစက်မှုဇုံ တခုရှိပါတယ်။ အဲဒီ စက်မှုဇုံဟာ စတုရန်းကီလိုမီတာ ၁၂ဝ ကျယ်ဝန်း ပါတယ်။ အဲဒီ စက်မှုဇုံအတွင်းက စက်ရုံကြီးတွေကနေ ပလပ်စတစ်၊ ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊ ပိုးသတ်ဆေးနဲ့ အခြားသော ဓာတုဗေဒ ပစ္စည်းများ ထုတ်လုပ်ပါတယ်။ အဲတာအပြင် သံနဲ့သံမဏိ ထုတ်လုပ်တဲ့ စက်ရုံကြီးများလည်း ရှိပါသေးတယ်။ ဒီအကြီးစား စက်မှုဇုံကို စတင်ထူထောင်တုန်းက ဒေသခံ ထိုင်းပြည်သူတွေအနေနဲ့ သူတို့ဒေသမှာ စက်မှုထွန်းကားတော့မယ်၊ ဒေသခံတွေလည်း အလုပ်အကိုင် ပေါပေါများများ ရလိမ့်မယ်ဆိုပြီး မျှော်လင့်ချက်နဲ့ ဝမ်းသာကြိုဆိုခဲ့ ကြပါတယ်။ သို့သော်လည်း အဆိုပါ စက်ရုံကြီးတွေဟာ မြင့်မားတဲ့နည်းပညာတွေနဲ့ လည်ပတ်တဲ့ စက်ရုံကြီးတွေဖြစ်နေပြီး ဒေသခံတွေဟာ အဲသလောက် အဆင့်မြင့်တဲ့ ပညာရပ်တွေကို မတတ်ကျွမ်းတာမို့ သာမန်စက်ရုံလုပ်သား၊ ပန်းရံလုပ်သား၊ သန့်ရှင်းရေးလုပ်သား၊ ဂိုဒေါင်စောင့် အစရှိတဲ့ ဝင်ငွေနိမ့်ကျတဲ့ အလုပ်များကိုသာ ရရှိပါတယ်။

တဖက်မှာလည်း စက်ရုံကြီးတွေမှာ ရေကိုအလွန်အကျွံ အသုံးပြုရတဲ့အတွက် ဒေသအတွင်းကထွက်တဲ့ ရေပမာဏဟာ ဒေသခံတွေ အလုံအလောက်သုံးစွဲဖို့ထက် စက်ရုံကြီးတွေကို ဦးစားပေးလာရပါတယ်။ ဒါကြောင့် သောက်ရေ၊ သုံးရေ ရှားပါးမှုနဲ့ ရင်ဆိုင်ရပါတယ်။ နောက်တချက်တော့ အဆိုပါ စက်ရုံကြီးတွေက ထုတ်လိုက်တဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် ရေချိုငါး မျိုးတုန်းခြင်းကို ရင်ဆိုင်ရတဲ့အတွက် ရေချိုငါးဖမ်းလုပ်ငန်း လုပ်ကိုင်တဲ့ ဒေသခံတွေ ဒုက္ခရောက်ကြရပါတယ်။ တခါ စက်ရုံကြီးတွေက ထုတ်လွှင့်တဲ့ အန္တရာယ်ရှိတဲ့ အခိုးအငွေ့တွေကြောင့် မိုးရေဟာ အက်ဆစ်မိုးဆန်ဆန် ဖြစ်လာပါတယ်။ ဒါကြောင့် စိုက်ပျိုးရေး လုပ်ငန်းတွေမှာပါ ထိခိုက်တဲ့အတွက် စိုက်ပျိုးရေးသမားတွေ ဝင်ငွေကြဆင်းလာတာနဲ့ ရင်ဆိုင်ရပါတယ်။ အဆိုးဝါးဆုံး အဖြစ်အပျက်ကတော့ နှစ်ကြာလာတာနဲ့အမျှ အဲဒီဒေသက ဒေသခံ ထိုင်းပြည်သူတွေဟာ ကင်ဆာရောဂါ အပါအဝင် အခြားသော ရောဂါမျိုးစုံတွေ ခံစားလာရပါတယ်။ အဲသလို ရောဂါ ဖြစ်ပွားတာအတွက် လိုအပ်တဲ့ ဆေးဝါးကုသမှုကို စက်ရုံပိုင်ရှင် နိုင်ငံခြားရင်းနှီးမြုတ်နှံသူများက ငွေကြေးစိုက်ထုပ်ပြီး ကုသပေးခြင်း မရှိပါဖူး။ ကိုယ်ဖြစ်ကိုယ်ခံ ဆိုတဲ့သဘောမျိုးပါပဲ။

နောက်ဆုံးမှာတော့ ထိုင်းပြည်သူတွေအနေနဲ့ အဲဒီစက်ရုံကြီးတွေ ရပ်ဆိုင်းဖို့ အစိုးရကို ဆန္ဒပြ ဖိအားပေးလာကြပါတယ်။ အဲတာကြောင့် ထိုင်းအစိုးရက မဲ့တဖွတ် စက်မှုဇုံကို ရွှေ့ပြောင်းဖို့ စီစဉ်လာရပါတယ်။ ရွှေ့ပြောင်းမယ့် နေရာကတော့ တခြားမှဟုတ်ပါ မြန်မာနိုင်ငံက ထားဝယ်ဒေသပဲ ဖြစ်ပါတယ်။ တည်ဆောက်ဖို့ ရည်စူးထားတဲ့ ထားဝယ်စက်မှုဇုံဟာ မဲ့တဖွတ် စက်မှုဇုံထက် နှစ်ဆကျော်ကျော် ပိုကြီးမားလိမ့်မယ်လို့ ကြားသိရပါတယ်။ အဲတာအပြင် ထားဝယ် အကြီးစားစက်မှုဇုံ တည်ဆောက်တော့မယ်ဆိုရင် စက်မှုဇုံအတွင်းမှာ တိုက်ရိုက် ရွှေ့ပြောင်းခံရမယ့် ရွာပေါင်းက ၁၉ ရွာရှိနေပြီး လူဦးရေအားဖြင့် စုစုပေါင်း သုံးသောင်း လေးထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်တုန်းကလည်း ထားဝယ်ဒေသဖက်က ကျေးရွာအတော်တော်များမှာ လယ်မြေတွေ၊ ကွမ်းခြံတွေ၊ ရော်ဘာခြံတွေ အသိမ်းခံခဲ့ရပါတယ်။ အဲဒီတုန်းကလည်း ဒီပြဿနာဟာ မြေကြီးပေါ်မှာတင် မကဘဲ ပင်လယ်ထဲအထိ အကျိုးဆက် သက်ရောက်ခဲ့ပါတယ်။ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းက ပင်လယ်ထဲကနေ ဖြတ်လာတာ ဖြစ်ပါတယ်။ ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးအရ မြန်မာစစ်အစိုးရက (အခုတော့ အရပ်သားအစိုးရ) ပိုက်လိုင်းတလျှောက် ပိုက်လိုင်းရဲ့ ညာဖက်ခြမ်း သုံးမိုင်၊ ဘယ်ဖက်ခြမ်း သုံးမိုင်အတွင်း ဒေသခံတံငါသည်တွေ ငါးဖမ်းခြင်း၊ ပုဇွန်းဖမ်းခြင်း မပြုလုပ်ရလို့ အမိန့်ထုတ်ခဲ့တာ အခုအထိပါပဲ။ ဆိုးကျိုးအဖြစ် အချို့သော ကျေးရွာတွေက အသေးစား ငါးခြောက်၊ ပုဇွန်ခြောက် လုပ်ငန်းတွေ ရပ်ဆိုင်းကုန်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ အဲဒီဒေသက လူတွေ ထိုင်းနိုင်ငံဖက်ကို သွားပြီး အလုပ်အကိုင် ရှာဖွေကြရပါတယ်။

အခု ထားဝယ်ဒေသမှာ တည်ဆောက်မယ့် အကြီးစားစက်မှုဇုံဟာ ဒေသခံပြည်သူတွေအတွက် ရေရှည်မှာ ကောင်းကျိုးကို သယ်ဆောင်လာမလား၊ ဆိုကျိုးကို သယ်ဆောင်လာမလားဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။ အဲဒီ စက်မှုဇုံ မြို့တော်ကြီးက စက်ရုံကြီးတွေမှာ ထားဝယ်ဒေသက ပြည်သူတွေဟာ ဝင်ငွေနည်းပါးတဲ့ အောက်ခြေသိမ်း အလုပ်တွေကိုသာ ရမှာဖြစ်ပါတယ်။ စက်ရုံကထုတ်လွှတ်တဲ့ အန္တရာယ်ရှိတဲ့ အခိုးအငွေ့တွေကြောင့် ရောဂါဘယ ပေါင်းစုံကိုလည်း ရင်ဆိုင်ရပါလိမ့်မယ်။ ဒါ့အပြင် အလုပ်အကိုင် ရှားပါးမှု၊ ဝင်ငွေနိမ့်ကျမှုရဲ့ လူမှုရေးနောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ပြည့်တန်ဆာလုပ်ငန်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းနဲ့ ရာဇဝတ်မှုမျိုးစုံ အစရှိတဲ့ အရာတွေလည်း ကပ်ပါလာနိုင် ပါသေးတယ်။

စက်မှုဖွံ့ဖြိုးအောင် ဆောင်ရွက်မယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းကတော့ ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် စက်မှုလုပ်ငန်းကနေ ရလာမယ့် အကျိုးအမြတ်ဟာ လူတစုအတွက်ပဲ ဖြစ်နေပြီး ဒေသခံပြည်သူတွေအနေနဲ့ အဲဒီ အကျိုးအမြတ်ကို မခံစားရဘူးဆိုရင် ဒါဟာ တရားတယ်လို့ မဆိုနိုင်ပါဘူး။ နောက်တချက်ကတော့ အကြီးစား စက်မှုဇုံ တည်ဆောက်မယ့်အပေါ်မှာ ဒေသခံ ပြည်သူတွေအနေနဲ့ ဘယ်လို သဘောထားသလဲ ဆိုတာကိုလည်း စစ်တမ်းကောက်ပြီး ဒေသခံပြည်သူတို့ရဲ့ သဘောထားကို ရယူဖို့ လိုအပ်ပါတယ်။

စစခြင်းမှာ ပြောခဲ့သလို တိုင်းပြည်ချမ်းသာကြွယ်ဝလာဖို့ စက်မှုဖွံ့ဖြိုးရမယ်ဆိုတဲ့ အယူအဆကြောင့် ဒုတိယကမ္ဘာစစ် အပြီး နှစ်ဆယ်ရာစု အလယ်ပိုင်းလောက်ကနေ ကြိုးစားလာခဲ့တဲ့ နိုင်ငံများမှာ ဘယ်နှစ်နိုင်ငံ စက်မှုထွန်းကားပြီး ချမ်းသာလာသလဲဆိုတာ လေ့လာသင့်ပါတယ်။ အကြမ်းဖျဉ်းပြောရရင် အာဖရိကတိုက်က နိုင်ငံတွေ တနိုင်ငံမှ စက်မှုတိုးတက်လာပြီး ကြီးပွားချမ်းသာလာတယ်ဆိုတာ အခုထက်အထိ မတွေ့ရသေးပါဘူး။ တောင်အမေရိကတိုက်က နိုင်ငံတွေလည်း အလားတူပါပဲ။ တောင်အာရှမှဆိုရင် ပါကစ္စတန်ဟာ နိုင်ငံရေး ပြဿနာသောင်းခြောက်ထောင်ထဲက ရုန်းမထွက်နိုင်သေးပါဘူး။ အိန္ဒိယကတော့ စက်မှုဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန်နဲ့ သွားနေပါတယ်။ အရင်ကထက်စာရင် ချမ်းသာတဲ့ လူတန်းစားများလာတယ်လို့ ဆိုနိုင်ပေမယ့် အများစုသော အိန္ဒိယနိုင်ငံသားတွေကတော့ ပညာမတတ်ဘဲ ဆင်းရဲမွဲတေနေတုန်းပါ။ အရှေ့တောင်အာရှမှာတော့ ထိုင်းနိုင်ငံနဲ့ မလေးရှားတို့က ထောင်တက်သွားတယ်လို့ ပြောနိုင်ပါတယ်။ အင်ဒိုနီးရှားလည်း တဖြေးဖြေး တိုးတက်လာနေပါတယ်၊ သို့သော် လူများစုကတော့ ဆင်းရဲနေဆဲပါ။ အာရှတိုက်အတွင်းမှာ ဒုတိယကမ္ဘာစစ် အပြီးကာလကစလို့ အခုအချိန်အထိ စစ်စစ်မှန်မှန် စက်မှုဖွံ့ဖြိုးပြီး ငေးယူရလောက်အောင် ချမ်းသာသွားတဲ့ နိုင်ငံနှစ်ခုကတော့ ဂျပန်နဲ့ တောင်ကိုရီးယားသာ ဖြစ်ပါတယ်။

စက်မှုဖွံ့ဖြိုးအောင် ဆောင်ရွက်နေတဲ့ကြားက ဘာဖြစ်လို့ နိုင်ငံအတော်များများ တိုးတက်ချမ်းသာမလာတာလည်း ဆိုတာကို ပြန်ကြည့်လိုက်ရင် အကြောင်းအရင်း တချို့ကို တွေ့ရပါတယ်။ ဘာတွေလဲဆိုတော့ အာဏာရှင် အုပ်ချုပ်တဲ့ တိုင်းပြည်၊ အာဏာရှင် တပိုင်းတစအုပ်ချုပ်တဲ့ တိုင်းပြည်၊ အာဏာရှင်ကနေ အရပ်သားအစိုးရအသွင် ပုံဖျက်အုပ်ချုပ်နေတဲ့ တိုင်းပြည်၊ နောက်တခါ အရပ်သားအစိုးရ အုပ်ချုပ်တယ် ဆိုပေမယ့် အလွန်အမင်း အကျင့်ပျက် လာဘ်စားမှု ကြီးမားလွန်းတဲ့ တိုင်းပြည် စတာတွေ ဖြစ်ပါတယ်။ အဲသလို တိုင်းပြည်များမှာ စက်မှုလည်း တကယ်တန်း ဖွံ့ဖြိုးတိုးတက်မလာပေမယ့် လူနည်းစုကတော့ ချမ်းသာလာပါတယ်။ တချိန်ထဲမှာလည်း လူများစု နိုင်ငံသားတွေကတော့ နက်လှတဲ့ ဆင်းရဲတွင်းထဲမှာ ဆက်လက် နေထိုင် နေရဆဲ ဖြစ်ပါကြောင်း။

ဇော်မင်း
၁ဝ ရက်၊ စက်တင်ဘာလ၊ ၂ဝ၁၃ ခုနှစ်

ရွက်မွန်ဘလော့ခ်မှ …

No comments: