ကြုံတုန်း ပြောပြချင်တာ တခုတော့ ရှိသည်။ တချို့ ပြည်သူ အများစုက ကြံ့ခိုင်ရေးနှင့် စွမ်းအားရှင် အတူတူပဲလို့ ထင်မြင်နေကြပြီး ကြံ့ခိုင်ရေးကို အမုန်းကြီး မုန်းနေခဲ့ကြသည်။ တခြား စီပင်။ စွမ်းအားရှင်ဆိုသည်က အဲဒီတုန်းက အုပ်ချုပ်ရေးပိုင်းမှ နေ့တွက်ပေးပြီး လိုက်ရဲ လုပ်ရဲ ကိုင်ရဲ သူများကို ကြိုတင် စီစဉ်ထား၍ ခေါ်လာကြသူများ ဖြစ်သည်။
(နောင်တရတယ်တာဆိုတယ် .. ကျေးဇူးရှင် ပါတီကိုတော့ လော်ဘီလုပ်လိုက်သေး)
----------------------------------
တွေ့ကြုံဖြတ်သန်းခဲ့ရသော ကြံ့ခိုင်ရေးသတင်းပေး၏ ရွှေဝါရောင်တော်လှန်ရေး နေ့ရက်မှတ်တမ်းများ (တာမွေအောင်ကို)
ထောက်လှမ်းရေးတစ်ပိုင်း၊ ကြံ့ခိုင်ရေးတပိုင်းနှင့် ရဟန်းသံဃာများ၏ လှုပ်ရှားမှုသတင်းများရယူခဲ့ရာတွင် မိမိဘယ်လောက်ထိ တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသည်မသိ “ကြံ့ခိုင်ရေး ဖက်တီး” ဟု
နာမည်ရလိုက် …
တချိန်က ရွှေဝါရောင် တော်လှန်ရေး အရေးတော်ပုံ နေ့ရက် များသည် ယနေ့အချိန်အခါ၌ (၆) နှစ်မြောက် ရှိခဲ့လေပြီ ဖြစ်သည်။ အသင်းကြီးတွင် ပါဝင်ခဲ့စဉ် ရွှေဝါရောင်ကာလတွင် မိမိတို့ ပြုမူ ဆောင်ရွက်ခဲ့သည်များအားလည်း သတိရ နေမိသည်။
လိမ္မော်သီးတွေ ဘယ်နှလုံး တာမွေ ရွှေဗဟို ရုပ်ရှင်ရုံနားမှာ မေတ္တာညွန့်ဘက်က လိမ့်လာသည်။ တာမွေ အဝိုင်းကြီး ထိပ်မှာ (၁၅) လုံး၊ ခြောက်ထပ်ကြီး ဘုရားဘက်ထွက်သွားသည်။ ရွှေတိဂုံ အရှေ့ဘက်မုခ်ကြား တောရလမ်း၊ ကြေးသွန်း ဘုရားရှေ့ လိမ္မော်သီးတွေ ခြင်းအပြည့် အင်အားများသည် သုံးလုံး၊ နှစ်လုံးတွေလည်း အနည်းငယ်ပါသည်။ လင်းယုန် ၁ ကြားလား၊ လင်းယုန် ၁ ကြားလား ထူးခြားမှုရှိ မြေပြင်မှာ ရှိနေမည်။ အသင်းရုံး၌ အသင့်အနေအထားနှင့် ရှိနေကြစဉ် ဝေါ်ကီတော်ကီ စကားပြောစက်အတွင်း ဝင်ရောက်လာသော သတင်းပေးပို့သည့် အသံများဖြစ်သည်။ မိမိကလည်း လိမ္မော်သီးတွေနောက် သေချာလိုက်၊ မှတ်တမ်းဓာတ်ပုံရအောင်ယူ၊ လင်းယုန် ၂ ကြားလား ကြားလား မြေပြင်မှာ ဆုံမည် ကြားလျှင်အကြောင်းပြန် အကြောင်းပြန် သတင်းစကား အသုံးအနှုန်းများဖြင့် ရဟန်း သံဃာတော်တွေကို လိမ္မော်သီးဟုလည်းကောင်း NLD ကို သုံးလုံး၊ (၈၈) ကျောင်းသားတွေကို နှစ်လုံး ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်သည်။
အဲဒီအချိန် ကာလများ၌ ဝေါ်ကီတော်ကီ လမ်းလျှောက် စကားပြောစက်များဖြင့် မိမိတို့ အရမ်းတက်ကြွနေသော အချိန် ကာလများ ဖြစ်သည့်အတွက် ငရဲလည်း မကြောက်၊ အဝီစိကျမှာလည်း မတွေးမိ၊ ဗုဒ္ဓမြတ်စွာဘုရား၏ သားတော် ရဟန်း သံဃာတော်များကိုပင် လိမ္မော်သီးဟု ခေါ်ဆို သုံးနှုန်းခဲ့ကြသည်။ ၂ဝဝ၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးကာလ သတင်းများရယူရာတွင် သတင်းစာသင်တန်းဆင်းများအား သတင်းစုဆောင်းရေးအဖွဲ့များ ဖွဲ့စည်း၍ ရပ်ကွက်များရှိ ရပ်စည်း အမှုဆောင်များနှင့် သတင်းအမာခံများပေးပို့သော သတင်းအချက်အလက်များကို ရယူ၍ အထက်အဖွဲ့အစည်း အဆင့်ဆင့်သို့ တာဝန် တရပ်အနေဖြင့် နေ့စဉ်ပို့ဆောင်ခဲ့ရသည်။ ထောက်လှမ်းရေးတပိုင်း၊ ကြံ့ခိုင်ရေး တပိုင်းနှင့် ရဟန်း သံဃာများ၏ လှုပ်ရှားမှုသတင်းများရယူခဲ့ရာတွင် မိမိ ဘယ်လောက်ထိ တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသည် မသိ “ကြံ့ခိုင်ရေး ဖက်တီး ” ဟု နာမည် ရလိုက် သေးသည်။ ခြောက်ထပ်ကြီးဘုရား၌ ဖြစ်သည်။ သံဃာ ရွှေဝါရောင် တော်လှန်ရေးအပြီး မြို့နယ် EC ဦးကျော်တင့်၏ သားဖြစ်သူ ရဟန်းခံရာတွင် မှတ်တမ်း ဓာတ်ပုံရိုက်ပေးရန် အကူအညီ တောင်းသဖြင့် ဓာတ်ပုံ လိုက်ရိုက် ပေးစဉ် သံဃာတော်အချို့က မိမိအား မှတ်မိသည်။ ဟိုမှာ “ကြံ့ခိုင်ရေး ဖက်တီး” ဟု ပြောဆိုနေကြရာ ဦးကျော်တင့်ကကြား၍ ခင်ဗျားကို သိနေကြတယ်။ ခင်ဗျားတော့ နာမည်ကြီးနေပြီဟု နောက်ခဲ့ သေးသည်။
ခြောက်ထပ်ကြီးဆိုလို့ မှတ်မိသေးသည်။ အမြဲအမှတ်ရစေခဲ့သည့် ဖြစ်စဉ်တခု ရွှေဝါရောင်ကာလအတွင်း၌ပင် ဖြစ်လိမ့် မည် ထင်သည်။ NLD ပါတီဝင် အင်အား (၅ဝ) ခန့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပွဲ ခြောက်ထပ်ကြီး ဘုရား၌ ပြုလုပ် ကြမည်ဟု သတင်းရရှိ၍ မိမိ အမာခံအင်အားစုများစု၍ ဗဟန်းအဖွဲ့နှင့် ပူးပေါင်းကာ ခြောက်ထပ်ကြီးဘုရားသို့ သွားရောက်ကြရာ ရွှေသာလျောင်း ဘုရားကြီးရှေ့တွင် NLD အဖွဲ့က အောင်သပြေပန်းများ ကိုင်ဆောင်လျက် ဦးစွာရောက်ရှိနေပြီး အဖွဲ့ခေါင်းဆောင်က ဟန်းစပီကာဖြင့် ရှေ့ကတိုင်ပေးကာ နောက်ကလိုက်ဆို နေကြပြီး ဆုတောင်းဝတ်ပြုနေကြသည်။ မိမိတို့အဖွဲ့ကလည်း ၎င်းတို့ဘေးမှ တန်းစီ၍ဝင်ထိုင်ပြီး မိမိခေါင်းဆောင်က နင်က အသံကောင်းတယ် ရသမျှ ဘုရားစာတွေ အော်ဆို၊ ငါတို့ နောက်ကနေ လိုက်ဆိုမယ်။ မိမိလည်း ရသမျှ ဘုရားရှိခိုး အမျိုးမျိုးကို ဟန်းစပီကာ အသံနှင့် ယှဉ်၍ အသံကုန် ဟစ်အော်နေမိတော့သည်။ ဘုရားရှိခိုး အမျိုးမျိုးသာ ကုန်သွားသည်။ တဖက် NLD မှ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းနေသည်မှာ မပြီးသေး၊ မိမိတို့ကလည်း အစမှ ပြန်ရွတ်၊ နောက်ဆုံး အသံဝင်သွားပြီး အသံမထွက်တော့မှ မိမိခေါင်းဆောင်က ရှေ့မှဆက်တိုင်ပေးနှင့် ဘုရား ဝန်းကျင်တခုလုံး ဆူညံသွားသည်။ ဘုရားဖူးလာသူများနှင့် နိုင်ငံခြားဧည့်သည်များမှာလည်း အလန့်တကြားဖြစ်၊ နိုင်ငံခြားဧည့်သည်များက ဓာတ်ပုံ ရိုက်သွားကြပြီး NLD အဖွဲ့ကလည်း မိမိတို့အဖွဲ့အား ဓာတ်ပုံပြန်ရိုက်၊ မိမိတို့ ဘက်ကလည်း ဓာတ်ပုံ ပြန်ရိုက်၊ ဘုရားဂေါပကအဖွဲ့လည်း အသံချဲ့စက်မှနေ၍ မေတ္တာရပ်ခံ၊ အေးချမ်းစွာ ဘုရားဖူးလာ သူများ အနှောင့်အယှက် ဖြစ်စေပါသည်။ ယခုလို ပြုမူကြတာ မကောင်းပါ။ တော်ကြပါဟု မေတ္တာရပ်ခံ တောင်းပန်ရသည်အထိ ဖြစ်ခဲ့သည်။ ပြန်တွေးကြည့်လျှင် ရှက်ဖို့အလွန်ကောင်းနေပေသည်။ ဘုရားပေါ်တွင်လည်း မရှောင် ဘာသာ သာသနာကို စော်ကားသလို ဖြစ်ခဲ့သည်။ ဘုရားရှေ့မှာ တောင်သွားပြီး သူများဆုတောင်းဝတ်ပြု နေတာကို ဘာရယ်မသိ ဘယ်လို အဓိပ္ပာယ်မှန်းလဲမသိ အနှောင့်အယှက် ပေးခဲ့လေသည်။ ဘယ်သူ့မှာ အပြစ်ရှိသလဲ၊ ဘယ်သူ့မှာ တာဝန်ရှိသလဲ အရှင်ဘုရား တပည့်တော်တို့၏ အမှားများကို ခွင့်လွှတ်တော်မူပါဟုသာ အကြိမ်ကြိမ် ဆုတောင်းနေမိသည်။
တွေ့ကြုံခဲ့ရ တာတွေ ပြောရ ရေးရလျှင် ကုန်မည်မထင်၊ စက်တင်ဘာ ၁၉ ရက် ရွှေဝါရောင်တော်လှန်ရေးကာလ အတွင်းက ဖြစ်သည်။ စက်သုံးဆီ ဈေးနှုန်း၊ ကုန်ဈေး နှုန်းကိစ္စများနှင့်ပတ်သက်၍ မကျေနပ်သဖြင့် ဆန္ဒပြသည့် ထောင်သောင်းမကသော သံဃာတော်များနှင့် ပြည်သူလူထုကြီး တာမွေဘက်သို့ ချီတက်လာနေကြောင်း၊ မင်္ဂလာဈေး ဘက်ကနေ မိမိတို့ ရုံးရှိရာ ဗညားဒလလမ်းအတိုင်း လာနေပြီဖြစ်ကြောင်း သတင်းဝင်လာသဖြင့် ရုံး၌ရှိနေကြသော လူများအားလုံး စိုးရိမ်စိတ်များ မျက်နှာပေါ်တွင် မြင်နေရသည်။ ချီတက်လာသည့် လူအုပ်ကြီးက ရုံးနားရောက်တော့ မည်။ ဘုရင့်နောင် ရုပ်ရှင်ရုံ ရှေ့ရောက်နေပြီး လူအုပ်ကြီးက လမ်းအပြည့် မိမိတို့ ရုံးတံခါးသော့ခတ်၍ အထဲထဲ နေသူ ကနေ၊ လာကြည့် နေကြသည့် လူအုပ်ထဲ သွားပြီး နေသူကနေ၊ ကြောက်သည်ဟုပဲ ဆိုဆို၊ မိမိတို့ သတင်းအဖွဲ့ကတော့ ရုံးအပေါ် တက်၍ မှတ်တမ်း ဓာတ်ပုံရိုက်ယူ နည်းတဲ့ လူအုပ်ကြီးမဟုတ်ဘူး။ ရုံးရှေ့က ဖြတ်သွားပြီး ရုံးကိုကြည့်၍ သွားကြကာ စက်သုံးဆီ ကျဆင်းရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး အော်ဟစ်တောင်းဆိုကြပြီး သံဃာတော်များကတော့ မေတ္တာပို့ အမျှပေးသွားကြသည်။ မိမိတို့ ရုံးကို ဘာမှ အန္တရာယ်မပေးသွား၍ တော်သေးသည်။ လူအုပ်ကြီးက တော်တော်နှင့်မပြတ်၊ လူအုပ်ကြီး လွန်သွားမှ သက်ပြင်းချမိတော့သည်။
စွမ်းအားရှင်ဆိုသည်က အဲဒီတုန်းက အုပ်ချုပ်ရေးပိုင်းမှ နေ၍ နေ့တွက်ပေးပြီး လိုက်ရဲ လုပ်ရဲ ကိုင်ရဲသူများကို ကြိုတင်စီစဉ်ထား၍ ခေါ်လာကြသူများဖြစ် …
မှတ်မိသေးသည်။ စက်တင်ဘာ ၂၁ ရက် ညနေ မှောင်ရီပျိုးစ ၆ နာရီ အချိန်လောက် အသင်းရုံး၌ အခြး မည်သူမျှ မရှိ။ မိမိနှင့် ကျားကွက်သစ်ရပ်ကွက် ရပ်စည်း ကိုမျိုး (ကိုမျိုးသက်နိုင်) နှစ်ယောက် နေ့စဉ် သတင်းဖက်စ်ပို့ရန်၊ သတင်းရေး၊ နေ့စဉ် ဖုန်းဝင်လာသည် သံဃာ (၇ဝ) ခန့် ကျောက်မြောင်းမီးပွိုင့်မှ ရုံးဘက်သို့ စီတန်းလှည့်လည်လာနေပြီ ဘာလုပ်ရ မည်လဲ၊ ဘယ်လို လုပ်ရမည်မသိ၊ နောက်ဆုံး အပြင်ထွက်၍ ရုံးတံခါး အမြန်ပိတ်ကာ ရုံးဘေးရှိ ဆံပင်ညှပ်ဆိုင် ရှေ့ မသိမသာ ထိုင်နေလိုက်ကြသည်။ မိမိတို့ ထိုင်နေသည့် ရှေ့မှ ဖြတ်သွားပြီး မိမိတို့အား ဘာအန္တရာယ်မှ ပေးမသွားသည့် အပြင် မေတ္တာပို့ အမျှဝေသွားသည့် သံဃာတော်များကိုသာ စိတ်ထဲ လက်အုပ်ချီ ရှစ်ခိုးဦးချလိုက်မိလေတော့သည်။ နောက်တော့သိရသည်မှာ ဘိုးလိန်းအောင် မင်္ဂလာရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များ စီတန်း လှည့်လည် မေတ္တာပို့ ဆုတောင်းအပြီးအပြန် ရုံးရှေ့မှ ဖြတ်ပြန်ကြခြင်းဖြစ်ကြောင်း သိရသည်။
တကယ်ကို အားမလို အားမရ ဖြစ်ခဲ့မိတာက မိမိတို့ အားကိုးအားထား ရှိခဲ့သည့် အဲဒီတုန်းက အစိုးရပင် ဖြစ်သည်။ ဖြစ်ပေါ်နေသော ဆန္ဒပြမှုများ အချိန်အတော်ကြာသွားသည်။ အခြေအနေ အလွန်ဆိုးဝါးသွားပြီး ရှစ်လေးလုံး ပုံစံမျိုး ရောက်လုမတတ် ဖြစ်ခဲ့သည်။ မိမိတို့ အိမ်ရှိ မိသားစုများကို ပစ်ပြီး အသင်းရုံးကြီးအား အချိန်ပြည့် နေ့ည ဂျူတီများ စောင့်၍ နေခဲ့ကြရသည်။ ပုဇွန်တောင်ဈေးမှာ လောက်စာလုံး၊ လေးခွ၊ မြက်ခုတ် ဓားတွေ သွားဝယ်ခဲ့ရသေးသည်။ အဲဒီ ရွှေဝါရောင် အရေးအခင်း ကာလတစ်လျှောက် မျက်မှန်ကြီး တပ်ပြီး ရုပ်ဖျက်ထားသည့် သူတွေလည်းရှိသေးသည်။ တရားကျစရာတော့ ကောင်းပါသည်။ မကျေနပ်သည့် သူများက မိမိနေအိမ်နှင့် မြို့နယ် EC တချို့တို့၏ နေအိမ်များကို လာရောက် စောင်းမြောင်း ကြိမ်းမောင်း ဆဲဆိုတာတွေ ခံခဲ့ရသေးသည်။ ကြုံတုန်းပြောပြချင်တာ တခုတော့ရှိသည်။ တချို့ ပြည်သူအများစုက ကြံ့ခိုင်ရေးနှင့် စွမ်းအားရှင် အတူတူပဲလို့ ထင်မြင်နေကြပြီး ကြံ့ခိုင်ရေးကို အမုန်းကြီး မုန်းနေ ခဲ့ကြသည်။ တခြား စီပင်။ စွမ်းအားရှင်ဆိုသည်က အဲဒီတုန်းက အုပ်ချုပ်ရေး ပိုင်းမှ နေ၍ နေ့တွက်ပေးပြီး လိုက်ရဲ လုပ်ရဲ ကိုင်ရဲ သူများကို ကြိုတင် စီစဉ် ထား၍ ခေါ်လာ ကြသူများ ဖြစ်သည်။ အိမ်ရှိ မိသားစုများကတော့ စိတ်ထဲ ဘယ်လို နေသည် မသိ၊ မိမိဇနီး၏ မျက်လုံးထဲမှာ ပေါ်နေတာကတော့ ရှင့်ကို “မပြောချင်လို့ ကြည့်နေတာ ကြာပြီ” ဟု အဓိပ္ပာယ် ဖွင့်ဆိုလျက် ရှိနေပေသည်။
ဒီအကြောင်း အရာများ ရေးရခြင်း အဓိက ရည်ရွယ်ချက်ကတော့ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးကာလတွင် မိမိအနေဖြင့် ဗုဒ္ဓဘုရားရှင်၏ သားတော်များဖြစ်သော ရဟန်း သံဃာတော်များအား ကိုယ်နှုတ်စိတ်အမူ အရာတို့ဖြင့် ပြစ်မှားခဲ့သည်များ ရှိခဲ့လျှင် ခွင့်လွှတ်ပေးတော်မူပါ သံဃာတော်အရှင်မြတ်တို့ ဘုရားဟု ရှိခိုးဦးချ တောင်းပန်ချင်၍ ဖြစ်ပြီး မိမိအမှားကိုသိ၍ အမှန်ပြင်၊ ဝန်ခံခြင်းသည် မင်္ဂလာတပါးဖြစ်သည်ဟု ဆိုရိုးစကားရှိခဲ့ လေသည် မဟုတ်ပါတကား။
တာမွေအောင်ကို
(မြန်မာသံတော်ဆင့်)
No comments:
Post a Comment