Thursday, October 10, 2013

ရွှေ့ပြောင်းဆယ်တန်း ပထမအစမ်း


အောက်တိုဘာ ၁၀ ရက် ၊ နေ့သစ်

 မြန်မာပြည် ပညာရေးစနစ် ဆယ်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ့် ထိုင်းနိုင်ငံ မဲဆောက်မြို့ မြန်မာရွှေ့ပြောင်းကျောင်းတွေက ကျောင်းသား ၁၃၈ ဦး ပထမအစမ်းစာမေးပွဲကို ဒီကနေ့ မဲဆောက်မြို့ရှိ ဆာသူလေကျောင်းမှာ ဖြေဆိုခဲ့ကြပါတယ်။

ဒီမနက် ဆာသူလေကျောင်းကိုရောက်တော့ ကလေးတော်တော်များများကို တွေ့လိုက်ရတာက စာအုပ်ကလေးတွေပိုက် မျက်လုံးလေးတွေမှိတ်ပြီး ပါးစပ်က စာတွေ တတွတ်တွတ်ရွက်နေတာတွေ၊ စာရွက်ကလေးတွေကိုင်ပြီး စာဖတ်နေတဲ့သူတွေကနဲ့၊ တချို့က နှစ်ယောက်တတွဲ သုံးယောက်တတွဲ စာတွေကို အလွတ်ရွတ်ဆိုနေကြတယ်။ တချို့ကတော့

ခုံနံပတ်ရေးထားတဲ့ ခုံတွေ လိုက်ရှာနေကြတယ်။

ဆာသူလေကျောင်းက ကျောင်းဆရာတဦးဖြစ်တဲ့ ဆရာဦးဌေးလှိုင်း က “မနှစ်က ကျနော်တို့ကလေး ၅၀ လောက်ဟာ မြန်မာပြည် ၁၀ တန်း အတန်းတင်စာမေးပွဲကြီးကို ဝင်ဖြေတုန်းက ကလေးတဦးပဲ အောင်ခဲ့တယ်။ ဒီနှစ်တော့ အတန်းတင်စာမေးပွဲဖြေရင် ကျနော်တို့ ကလေးတွေ အခြေအနေကောင်းမယ်လို့ မြင်တယ်။”

ဒီကလေးတွေဟာ ဆယ်တန်းစာမေးပွဲအောင်ပြီးလို့ တက္ကသိုလ်ပညာရေးကို ဘယ်ပုံဘယ်နည်းနဲ့ ဆက်သွားကြမလဲဆိုတာကို မဲဆောက် စက်မှုလက်မှုကျောင်း တာဝန်ခံ ဆရာ ကိုကျော်ဝင်းအောင် ကို မေးကြည့်တဲ့အခါ

“အဓိက က ကလေးတွေရဲ့ အရည်အချင်း၊ ရမှတ်နဲ့ ဆိုင်မယ်။ နောက်တခုက၊ ပြည်နယ် နယ်စပ်ရေးရာ တာဝန်ရှိသူတဦး အကြံပေးလာတာကတော့၊ စစ်ကိုင်းတိုင်း ရွာသာကြီးမှာရှိတဲ့ တိုင်းရင်းသားများတက္ကသိုလ်ကို လျှောက်ထားကြည့်ဖို့ အကြံပေးပါတယ်”

ဆယ်တန်းအောင်ပြီးသွားရင် ဘယ်လိုရည်မှန်ချက်တွေထားလဲ ဘာဝါသနာပါလဲလို့ စာမေးပွဲဝင်ဖြေမယ့် ကျောင်းသားတဦးကို မေးကြည့်ရမှာ..

“ကျနော်တို့က ဒီဘက်မှာ တောက်လျောက် ပုံမှန် အကဲဖြတ် အမှတ်ပေးနဲ့ သင်လာခဲ့ကြတာ အခုလို အလွတ်ကျက် အချိန်နာရီပိုင်းနဲ့ အဆုံးအဖြတ်ပေးမှာဆိုတော့ စာမေးပွဲဝင်ဖြေတဲ့အခါ နဲနဲတော့ စိတ်ပူတယ် စိတ်လှုပ်ရှားတယ်။ ကျနော်ကတော့ ဆယ်တန်းအောင်ပြီးသွားရင် လေကြောင်းသိပ္ပံတက်ချင်တယ်။ လေယာဉ်မောင်းချင်တယ်။ ကျနော် မောင်းချင်တာ ဗုံးကျဲတဲ့လေယာဉ်ပျံတွေ မောင်းချင်တာမဟုတ်ဘူးနော်” လို့ ပြောပြသွားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းပေါင်း ၁၃၀ ကျော်ရှိပြီး ကျောင်းသား ကျောင်းသူ လေးသောင်းနီးပါးကို ဆရာ၊ ဆရာမ နှစ်ထောင်လောက်က ပညာသင်ကြားပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

No comments: